News

POST TYPE

PERSPECTIVE

အရည်အသွေးရှိတဲ့ အစိုးရ
19-Nov-2020


အာဏာရ NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြီးခဲ့တဲ့ အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ အစိုးရဲ့ လုပ်ပုံကိုင်ပုံတွေကို ပြည်သူ တွေက အားမလို အားမရဖြစ်ခဲ့ကြတာကြောင့် အခုဖွဲ့စည်းမယ့် အစိုးရ သစ်ဟာ စွမ်းဆောင်ရည်ရှိတဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ စွမ်းရည်ထက်မြက်တဲ့ ဝန်ကြီးတွေကို ရွေးချယ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆက်ပြီးတော့လည်း နိုင်ငံရေးအတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံတော်တည်ဆောက်ရေးကာလအတွက် လိုအပ်တဲ့ပညာရှင်တွေနဲ့ အစိုးရအဖွဲ့ ကို အချိုးညီညီ ဖွဲ့ စည်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို သဘောထားကို အများစုက သဘောကျနိုင်လိမ့်မယ် ထင်ပါတယ်။ ကြောင်းကျိုးညီညွတ်ပြီး ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့အတွက် ကြောင့်မို့ပါ။ 

နိုင်ငံတစ်နိုင်ငံ တိုးတက်ကြီးပွားဖို့မှာ အစိုးရဟာ အဓိကအရေးအပါ ဆုံးဖြစ်ပါတယ်။ ဘယ်လိုအစိုးရအမျိုးအစားပဲဖြစ်ဖြစ် နိုင်ငံရဲ့ အကောင်း၊ အဆိုး ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့အာဏာ သူတို့လက်ထဲမှာ ရှိနေပါ တယ်။ အစိုးရတစ်ရပ်ဟာ အမြော်အမြင်ရှိပြီး စီမံအုပ်ချုပ်မှုကောင်း မယ်ဆိုရင် နိုင်ငံတိုးတက်မှာပါပဲ။ ပြည်သူတွေ သုခချမ်းသာကို ခံစားကြရမှာပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ စွမ်းရည်ထက်မြက် ပြီး အားကောင်းမောင်းသန် အစိုးရတစ်ရပ်ရဲ့ အရသာကို ခုထိ တင်းပြည့် ကျပ်ပြည့် မခံစားရသေးပါဘူး။ ဒီမိုကရေစီသက်တမ်းနဲ့ အရပ်သား အစိုးရသက်တမ်းက နုနယ်သေးတဲ့အတွက်ကြောင့် အဓိကဖြစ်ပါ တယ်။ ဒါကို အာဏာရပါတီ NLD အနေနဲ့ အလေးထားပြုပြင်သွားနိုင်မယ် ဆိုရင် သိပ်မဝေးတဲ့ အနာဂတ်မှာ ငြိမ်ချမ်းပြီး ဖွံ့ ဖြိုး စည်ပင်မှုရဲ့အရသာကို ကျွန်တော်တို့ပြည်သူတွေ မုချခံစားကြရမှာဖြစ်ပါတယ်။ 

ကျွန်တော်တို့ ဘာလို့ အစိုးရကောင်းနဲ့ လွဲနေသေးတာလဲ။ ကိုလိုနီ ခေတ်ရဲ့ ဟိုဘက်ကို ခဏထားပြီး ကိုလိုနီခေတ်နောက်ပိုင်းကို ပြန်ကြည့် ရင်ပဲ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအဆောက်အအုံဟာ ခေတ်နဲ့အညီလိုက်ပြီး တိုးတက်မလာဘဲ ယေဘုယျပြောရရင် ကျောက်ခေတ်မှာ ကျန်ရစ် ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါကို ချဲ့ကားပြောတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါကြောင့် အစိုးရစနစ် ဆင့်ကဲတိုးတက်လာပုံအကြောင်းကို အနည်းငယ်ဆွေးနွေးလိုပါတယ်။ 

အစောပိုင်းကာလတွေမှာ လူအဖွဲ့အစည်းအားလုံးရဲ့ နိုင်ငံရေးစနစ် ဟာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းအုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒါကို ဂျာမန် လူမှုဗေဒပညာရှင် မက်ခ်စ်ဝက်ဘာ (Max Weber)  က  'Patrimonial' လို့ခေါ်ပါတယ်။ စာနယ်ဇင်းသမားနဲ့ နိုင်ငံရေး လေ့လာသုံး သပ်သူ ဖရိဇကာရီယာ (Fareed Zakaria) က အားကြီးသူ (Strongman) အုပ်ချုပ်တဲ့စနစ်လို့ ဆိုပါတယ်။ အဓိကကတော့ အပြန် အလှန် ယုံကြည်ကိုးစားမှု၊ အပြန်အလှန်အပေးယူတွေနဲ့ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေတွေကြား အာဏာကို ခွဲတမ်းချတဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်ဟာ လူ့သမိုင်းမှာ နှစ်ထောင်ချီပြီး တည်တံ့ခဲ့ပါတယ်။ 

ဒီလို အာဏာကို အမွေစားအမွေခံသဘောထားတဲ့ သက်ဦးဆံပိုင် အာဏာရှင်စနစ်ဟာ သက်ဆိုင်ရာ လူ့အဖွဲ့ အစည်းတွေအတွက် ကောင်းမွေထက်၊ ဆိုးမွေတွေသာ ပိုပြီးယူလာပေးတယ်ဆိုတာ အားလုံး သိကြတဲ့အတိုင်းပါပဲ။ ပြည်သူကို ကိုယ်စားမပြု၊အလုပ်အကျွေးမပြုဘဲ ကျွန်လိုသဘောထားတယ်။ အကျိုးစီးပွားဗဟိုပြုတယ်။ သောက်လေ သောက်လေ ငတ်မပြေနဲ့ အာဏာကို ငမ်းဖမ်းတယ်။ ဒီလိုနဲ့ အြွကင်းမဲ့ အာဏာတွေဟာ အြွကင်းမဲ့ ဖောက်ပြန်ခဲ့ကြပါတယ်။

ရာဇဝင်မှာပဲ ကြီးကျယ်ခမ်းနားခဲ့တဲ့ တိုင်းပြု၊ ပြည်ပြု မင်းတွေ လည်း ရှိပါတယ်။ အရည်အချင်းရှိပြီး အသိဉာဏ်နဲ့ အမြော်အမြင်ကြီးကြတယ်။ နှလုံးသားရှိကြတယ်။ ဒီလို အုပ်ချုပ်သူတွေ လက်ထက်မှတော့ တိုင်းပြည်ဟာ အေးချမ်းပြီး သာယာဝပြောပါတယ်။ ဒါပေမဲ့ လက်ရုံးရည်၊ နှလုံးရည်ရှိတဲ့ မင်းတွေ၊ ဧကရာဇ်တွေပင်လျှင် အာဏာရှင်စနစ်ကို လက်ကိုင်ပြုတာကြောင့် ပြည်သူတွေဟာ ထူးပြီးတော့ လွတ်လပ်ပြီး အကြောက်တရားကင်းမသွားကြပါဘူး။

ဒီလို ဘုရင်တွေရဲ့ အောင်မြင်မှုတွေအတွက်လည်း သူတို့ချည်း သက်သက် ကွက်ပြီး ချီးကျူးလို့မရပါဘူး။ သူတို့ကို ပံ့ပိုးထောက်ပံ့ပေးတဲ့ အစိုးရအဖွဲ့ကို တန်းတူညီမျှ ချီးကျူးဖို့ လိုပါတယ်။ အောင်မြင်တဲ့ ဘုရင် တွေရဲ့ အစိုးရအဖွဲ့ဟာ ထက်မြက်တဲ့လူတော်တွေ၊ နယ်ပယ်အသီးသီးက ပညာရှင်တွေ ဖြစ်လေ့ရှိပါတယ်။ ဒီလိုလူတော်တွေက အစိုးရအဖွဲ့ကို စွမ်းရည်ထက်ပြီး လုပ်ရည်ကိုင်ရည်တက်လာစေပါတယ်။ ဒီလိုအစိုးရ အဖွဲ့ကြောင့်သာ  ပြည်သူတွေ အကျိုးထူးပြီး တိုင်းပြည်တွေ တိုးတက် ကြီးပွားခဲ့ကြတာပါ။ ဒါကြောင့် အစိုးရအဖွဲ့ကို အရည်အချင်းရှိသူတွေ၊ ပညာရှင်တွေက ဦးစီးပဲ့ကိုင်ရေးဟာ အင်မတန်အရေးကြီးလှပါတယ်။ 

သာဓကတချို့ ထုတ်ပြရရင် အော်တိုမန်အင်ပါယာ ကြီးပွားစည်ပင် ခဲ့စဉ်တုန်းက အင်ပါယာအတွင်းမှာရှိတဲ့ နယ်ပယ်ဒေသအသီးသီးက သန်စွမ်းကျန်းမာတဲ့ လူငယ်လေးတွေကို သုံးလေးနှစ် တစ်ကြိမ် စုဆောင်းတဲ့ အလေ့ရှိခဲ့ပါတယ်။ အဲဒီလူငယ်လေးတွကို သက်ဆိုင်ရာမိဘ၊ ဆွေမျိုး သားချင်းတွေနဲ့ အဆက်အသွယ်ဖြတ်စေပြီး အကောင်းဆုံးပညာရေးနဲ့ အုပ်ချုပ်သူ လူတန်းစားတို့ တပ်အပ်တဲ့ အဋ္ဌာရသပညာရပ်တွေကို သင်ကြားပေးပါတယ်။ ဒီလူငယ်လေးတွေဟာ နောင်တစ်ချိန် အော်တိုမန် အင်ပါယာကို ပဲ့ကိုင်ထိန်းကျောင်းတဲ့ ထိပ်တန်းအစိုးရဝန်ထမ်းတွေ၊ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာကြပါတယ်။ ဒီလိုနဲ့ အရည်အချင်းရှိသူတွေ ဦးဆောင်ခဲ့တဲ့ အော်တိုမန် အင်ပါယာကြီးဟာ နှစ်ပေါင်း ၆၀ဝ ကျော် အဓွန့်ရှည် တည်တံ့ခဲ့ပါတယ်။ 

အော်တိုမန်အင်ပါယာ ပျက်သုဉ်းရခြင်းမှာ အကြောင်းအချက် များစွာရှိတဲ့အနက် အဓိကကျတဲ့အချက်တွေထဲမှာ ကနဦးက အရည်အချင်း အလိုက် ချီးမြှင့်မြှောက်စားခဲ့တဲ့စနစ်ဟာ နောက်ပိုင်း သာမြေးစဉ်ဆက် အာဏာကို ချုပ်ကိုင်တဲ့စနစ် (Patrimonialism) ဆီ ဦးတည်သွားခဲ့ တာကြောင့် ဖြစ်ပါတယ်။ ကောင်းစွာလေ့ကျင့်ပျိုးထောင်ပေးထားတဲ့ ဒီလို လူငယ်တွေဟာ အရွယ်ရောက်ပြီး ရာထူး၊ အာဏာကြီးမားလာတဲ့ နောက် သူတို့ရဲ့ သားသမီးတွေက ရာထူး၊ နေရာ ဆက်ခံပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေ တောင်းဆိုလာကြပါတယ်။ ဒါကို ခွင့်ပြုပေးလာတဲ့အခါ နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းတွေမှာ အညံ့အဖျင်းတွေ များလာတာကြောင့် အော်တိုမန် အင်ပါယာကြီး နေဝင်ခဲ့ရပါတယ်။ နပိုလီယံရဲ့ ပြင်သစ်ဟာလည်း ဒီနည်း နှင်နှင်ပါပဲ။ ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်ဘက်သားတွေကို ရာထူးရာခံ တွေပေးခဲ့တာဟာ ပျက်သုဉ်းခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ 

ဒီလို အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားတဲ့ ဗျူရိုကရေစီ စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ နေရာမှာ ရှေးအကျဆုံးကတော့ တရုတ် နိုင်ငံပဲ ဖြစ်ပါတယ်။ ဘီစီ ၂၂၁ မှာ စတင်ခဲ့တဲ့ ချင်မင်းဆက်ရဲ့ နိုင်ငံ တည်ဆောက်ရေးမှာ နိုင်ငံတစ်ဝန်းက အရည်အချင်းရှိ၊ ထက်မြက်တဲ့ ပညာရှင်တွေကို တိုင်းပြည်ရဲ့ ဗျူရိုကရေစီ အုပ်ချုပ်ရေးကဏ္ဍတွေမှာ ရာထူးတာဝန်ပေး ခန့်အပ်ခဲ့ပါတယ်။ ခန့်အပ်တဲ့နေရာမှာလည်း နိုင်ငံ့ဝန်ထမ်း စာမေးပွဲတွေကတစ်ဆင့် ထူးချွန်သူတွေကို ရွေးချယ်ပါတယ်။ ဒီလိုအရည်အချင်း ထက်မြက်တဲ့ဗျူရိုကရက်တွေကြောင့် အစိပ်စိပ်ကွဲနေတဲ့ တရုတ်ပြည်ကို တစ်စုတစ်စည်းတည်း စုစည်းပြီး ပထမဆုံး တရုတ်အင်ပါယာ တည်ထောင်ရေးနဲ့ အခြားပြုပြင်ပြောင်းလဲ ရေးတွေမှာ ချင်မင်းဆက်ရဲ့ ကြိုးပမ်းမှုတွေဟာ အောင်မြင်ရှေ့ရောက်ခဲ့တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ စာမေးပွဲနဲ့ အစိုးရဝန်ထမ်းရွေးချယ်တဲ့ တရုတ်နိုင်ငံရဲ့ စနစ်ဟာ ထိရောက်၊ အောင်မြင်မှုရှိလို့ ၁၈၅၈ ခုနှစ် အရှေ့အိန္ဒိယကုမ္ပဏီ ပြိုလဲပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံကတောင် အိန္ဒိယအစိုးရဝန်ထမ်း (Indian Civil Service) စာမေးပွဲတွေအတွက် စံနမူနာယူခဲ့ရပါတယ်။ 

ဒီလို ကမ္ဘာ့အင်ပါယာကြီးတွေလိုပဲ မြန်မာနိုင်ငံတော်ကို ထူထောင် ခဲ့တဲ့ မင်းတွေလက်ထက်မှာလည်း အစိုးရအဖွဲ့အတွင်းမှာ အရည်အချင်း ရှိသူတွေ ဦးဆောင်ခဲ့တာ တွေ့ကြရမှာပါ။ သူတို့ကြောင့်သာ မြန်မာမင်း တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတွေကို စိတ်ရှိတိုင်း လုပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အရည်အချင်းမရှိတဲ့မင်းတွေ နန်းတက်လာတဲ့ အခါမှာတော့ နိုင်ငံဟာ သူတစ်လူ၊ ငါတစ်မင်းနဲ့ အကွဲကွဲအပြားပြား ပြန်ဖြစ် ကြရပြန်ပါတယ်။ ဒါဟာ အာဏာရှင်စနစ်ရဲ့ ကျိန်စာတွေထဲကတစ်ခုပါပဲ။

အာဏာရှင်စနစ်မှာ အာဏာရှင်ကောင်းပေါ်လာပြီး အစိုးရကောင်း ဖွဲ့စည်းနိုင်ဖို့ဆိုတာဟာ မသေချာမရေရာတဲ့ ကိစ္စသာဖြစ်ပါတယ်။ အာဏာရှင်စနစ်ဟာ စဉ်ဆက်မပြတ် ခေါင်းဆောင်ကောင်းတွေ မွေးထုတ် ပေးဖို့ အာမခံချက်မပေးပါဘူး။ ဒါကြောင့် လူ့အဖွဲ့အစည်းအသီးသီးရဲ့ နိုင်ငံရေးစနစ်ဟာ လူတစ်သိုက်ကိုသာ ကိုယ်စားပြုတဲ့စနစ်ထက် လူအများကို ကိုယ်စားပြုပြီး လူအများရဲ့အကျိုးအတွက် အားလုံးရဲ့  ဆန္ဒနဲ့ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရစနစ်ဆီကို ဆင့်ကဲ ပြောင်းလဲလာတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကသာ အရည်အချင်း မရှိတဲ့ ခေါင်းဆောင်တွေကို ဖြုတ်ချနိုင်ပြီး အရည်အချင်းရှိသူတွေကို အာဏာအပ်နှင်းနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကသာ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်တာပါ။ လုပ်ရည်ကိုင်ရည်ရှိတဲ့ အစိုးရတွေ ပေါ်လာစေနိုင်တာပါ။ ဒါကြောင့်လည်း အခု ကမ္ဘာ့နိုင်ငံအများစုဟာ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်နေကြတာပါ။

ဒီတော့ ဆောင်းပါးအစနားမှာ ကျွန်တော်ပြောခဲ့တာ ပြန်ကောက် ရရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဆင့်ကဲပြောင်းလဲမှုဟာ ကျောက်ခေတ်မှာ ပြတ်ကျန်ခဲ့တယ်လို့ဆိုတာဟာ လွတ်လပ်ရေးရပြီး အိပ်မက်မက်သလို ခဏသာကြုံလိုက်ရတဲ့ ဒီမိုကရေစီစနစ်ကိုဖယ်လိုက်ရင် နောက်ပိုင်းဟာ တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အုပ်ချုပ်ရေးသာ ကြီးစိုးခဲ့တာဖြစ်ပါတယ်။ ဒါဟာ အဖွဲ့အစည်းတစ်ခု၊ လူတစ်စုက အာဏာကိုချုပ်ကိုင်တဲ့စနစ်ဖြစ်ပါတယ်။ မက်ခ်စ်ဝက်ဘာပြောတဲ့ ဏအေမငာသညငေူ သဘောပါပဲ။ တင်းပြည့် ကျပ်ပြည့် အရပ်သားအစိုးရသက်တမ်းဟာ အခုမှ ငါးနှစ်သားပဲရှိပါသေး တယ်။ ဒါကြောင့်လည်း NLD ပါတီရဲ့ ဒုဥက္ကဋ္ဌစကားဟာ ကြောင်းကျိုး ညီညွတ်ပြီး ခေတ်နဲ့လိုက်လျောညီထွေဖြစ်တယ်လို့ ပြောရတာပါ။

နောက်ပြီး အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေကို အချိုးညီညီပေါင်းစပ်ခန့်အပ်သွားမယ်ဆိုတာကိုလည်း ကြိုဆိုမိပါတယ်။ နိုင်ငံရေးပါးဝပြီး စိတ်ကောင်းစေတနာရှိတဲ့ နိုင်ငံရေးသမား တွေဟာ ပြည်သူတွေကို ကောင်းစွာဆွဲဆောင်စည်းရုံးနိုင်ကြမှာဖြစ်ပါတယ်။ လျှောက်သင့် လျှောက်ထိုက်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ဦးဆောင်ခေါ်သွားနိုင်ကြမှာပါ။ ကျယ်ပြန့်တဲ့ မူဝါဒပိုင်း၊ စည်းရုံးရေးပိုင်း၊ စိတ်ဓာတ်မြှင့်တင်ရေးပိုင်းတွေဟာ နိုင်ငံရေးသမားတွေရဲ့ ပင်မအလုပ် တွေဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကမ္ဘာကြီးမှာ သိပ္ပံ၊ နည်းပညာဟာ မယုံ ကြည်နိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ ဖွံ့ ဖြိုးတိုးတက်နေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ရဲ့ အခန်းကဏ္ဍာဟာ မရှိမဖြစ်အရေးပါလာပါတယ်။ ပညာရပ်အသီးသီးမှာ ကောင်းစွာလေ့ကျင့်သင်ကြားထားတဲ့ ပညာရှင်တွေကသာ နည်းပညာနဲ့ လူမှုစီးပွားဘဝ ရှုပ်ထွေးပွေလီစွာ အမှီသဟဲ့ပြုဆက်စပ်နေတဲ့ အခြေအနေတွေ၊ အခင်းအကျင်း တွေကို ကျင်လည်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြမှာပါ။ 

ဒါကြောင့် NLD ပါတီရဲ့ဒုဥက္ကဋ္ဌ (၂) ပြောတဲ့စကားကို အရည်အချင်း ရှိသူတွေ အစိုးရအဖွဲ့ အစည်းတွင်းမှာ နေရာပေးတဲ့စနစ် (Meritocracy)၊ ပညာရှင်တွေ ရွေးချယ်ခန့်ထားတဲ့စနစ် (Technocracy) တွေကို ပြောချင်တာလို့လည်း ကျွန်တော်နားလည်မိပါတယ်။ ဒါပေမဲ့ ထပ်ဖြည့် ပြောချင်တာကတော့ အစိုးရကောင်းဆိုတာ အာဏာကို အကန့်အသတ် နဲ့သာ ကျင့်သုံးရမယ်။ ဒါပေမဲ့ အာဏာခွဲဝေမှုမှာတော့ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုတယ်။ တစ်နည်းပြောရရင် သူ့လုပ်ပိုင်ခွင့်၊ ကိုယ့်လုပ်ပိုင်ခွင့် မရောတဲ့ ဗဟိုချုပ်ကိုင်မှုမရှိတဲ့ အဆင့်လိုက်မှာ ကိုယ့်ရဲ့ ကျိုးကြောင်း ဆင်ခြင်ဉာဏ်နဲ့ တာဝန်ယူအဆုံးအဖြတ်ပေးတာကို ခွင့်ပြုတဲ့စနစ်ဖြစ်ဖို့ လိုပါတယ်။ နောက် နိုင်ငံကို အလုပ်အကျွေးပြုလိုတဲ့၊ အများအကျိုးသယ်ပိုး ရတာကို ဂုဏ်ယူတဲ့၊ ထက်မြက်ပြီး စိတ်ရောကိုယ်ပါ မြှုပ်နှံနိုင်တဲ့သူတွေ ကို ရွေးချယ်စုဆောင်းသွားဖို့ပါ။ 

ဒီလို လူတော်တွေနဲ့ဖွဲ့စည်းထားတဲ့ အစိုးရကောင်းတစ်ရပ်ကိုတော့ နေ့ချင်းညချင်း တည်ဆောက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ အချိန်ယူရပါမယ်။ လေ့လာသင်ယူရပါမယ်။ မှီငြမ်းကိုးကားပြီး ကိုယ့်နိုင်ငံရဲ့ သမိုင်းနောက်ခံ၊ လူမှု့အသိုင်းအဝိုင်း၊ ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် အစိုးရတစ်ရပ်ကို ဖြည်းဖြည်းချင်း တည်ဆောက်ယူရပါလိမ့်မယ်။ ကျွန်တော်ကတော့ ပြည်သူတစ်ယောက်အနေနဲ့ NLD ဒုဥက္ကဋ္ဌ (၂) ရဲ့ စကားကို လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး လာမယ့် ငါးနှစ်သက်တမ်းမှာ ပိုမိုထိရောက်ကောင်းမွန်တဲ့ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံကို အကောင်းဆုံး ဦးဆောင်မှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လျက်ရှိကြောင်းပါ။

နေခင်စော