News

POST TYPE

PERSPECTIVE

ပါတီတွေ ဘာဆက်လုပ်ကြမလဲ
19-Nov-2020


၂၀၂၀ ရွေးကောက်ပွဲကြီးကား နိုဝင်ဘာလ ၈ ရက်နေ့က အောင်မြင် စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ကိုဗစ် - ၁၉ ခေါ် ကမ္ဘာ့ ကပ်ရောဂါဘေးကြီးဖြစ်ပွားနေသဖြင့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုများ၊ ကန့်ကွက်မှုများ အမျိုးမျိုးရှိနေသည့်အကြားမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဆင့်ဆင့်၊ ဝိုင်းဝန်းကူညီကြသောအုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်နှင့်  ဌာနဆိုင်ရာဝန်ထမ်းများ၊ မဲရုံဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် မဲဆန္ဒရှင်ပြည်သူတို့၏ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးမှုများကြောင့် အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ရွေးကောက်ပွဲကျင်းပပြီးစီးသည့်အခါတွင်လည်း နိုင်သူတွေက အောင်ပွဲခံပြီး ပျော်ရွှင်ကြသကဲ့သို့ ရှုံးနိမ့် သူတွေကလည်း ရွေးကောက်ပွဲ သည် လွတ်လပ်၍တရားမျှတမှု မရှိဟူ၍လည်းကောင်း၊ မဲလိမ်မဲခိုးမှုများ ရှိသည်ဟူ၍လည်းကောင်း၊ တရားမဲ့ပြုကျင့်မှုများရှိသည်ဟူ၍လည်း ကောင်း အမျိုးမျိုးသော ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ သို့ရာတွင်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရဲအရေးပိုင်သောအမှုများ ဆိုလျှင် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းများသို့လည်းကောင်း၊ တရားမဲ့ ပြုကျင့်မှုများဆိုလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လည်းကောင်း အထောက်အထားခိုင်လုံစွာဖြင့် တင်ပြတိုင်ကြားနိုင်ကြောင်း ပြောဆို ရှင်းလင်းခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြီးသတ်စာရင်း ထုတ်ပြန်ခဲ့ရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၁ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၁၂ နယ်နှင့် တိုင်း/ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ နယ်တွင်ကျင်းပခဲ့ကြောင်း ထုတ်ပြန်ကြေညာ ထားပါသည်။

အဆိုပါ မဲဆန္ဒနယ်များအနက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၂၅၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီက ၂၆ ဦးနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၁၃ ဦး အသီးသီးရွေးကောက်တင်မြှောက်ခံရကာ ကျန်ပါတီများက အနည်းစု ရွေးကောက်တင်မြှောက်ခံရပါသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၁၃၈ ဦး၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ၇ ဦးတို့ ရွေးကောက်တင်မြှောက်ခံရကာ ကျန်ပါတီများက အနည်းစု ရွေးကောက်တင်မြှောက်ခံရပါသည်။

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၅၀၁ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီက ၃၈ ဦးနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၇ ဦး၊ ရခိုင်အမျိုးသားပါတီ၊ တအာဝ်း (ပလောင်)အမျိုးသားပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့က ၇ ဦးစီနှင့် မွန်ညီညွတ်ရေးပါတီက ၆ ဦး အသီးသီးရွေးကောက်တင်မြှောက်ခံရပြီး ကျန်ပါတီများက အနည်းစုရွေးကောက်တင်မြှောက်ခံရပါသည်။ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၃ ဦးရွေးကောက်တင်မြှောက်ခံရပြီး ပုဂ္ဂလိက ကိုယ်စားလှယ် ၂ ဦး ရွေးကောက်တင်မြှောက်ခံရပါသည်။ ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပါတီပေါင်း ၈၇ ပါတီအနက် ၁၉ ပါတီမှ ကိုယ်စားလှယ် ပေါင်း ၁၁၁၃ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦးတို့ ရွေးကောက် တင်မြှောက်ခံခဲ့ရပါသည်။ ယင်းတို့အနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၉၂၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ၇၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၁၅ ဦး၊ တအာဝ်း(ပလောင်)အမျိုးသားပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့က ၁၂ ဦးစီ ရွေးကောက်တင်မြှောက်ခံရကာ ကျန်ပါတီများက အနည်းစု ရွေးကောက်တင်မြှောက်ခံရပါသည်။

ပါတီတွေ ဘာဆက်လုပ်ကြမှာလဲ 

လတ်တလောအနေအထားအားဖြင့် နိုင်ငံရေးပါတီများကို အမျိုး အစားအားဖြင့် သုံးမျိုးသုံးစား ခွဲခြားရမည် ဖြစ်ပါသည်။ ပထမတစ်မျိုးမှာ ရွေးကောက်ပွဲတွင် မဲအများစုဖြင့်အနိုင်ရပြီး အစိုးရဖွဲ့နိုင်သော ပါတီ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မဲအများစုမရရှိသော်လည်း ကိုယ်စားလှယ် အထိုက်အလျောက် ရွေးကောက်တင်မြှောက်ခံရသောပါတီ ဖြစ်သည်။ တတိယတစ်မျိုးမှာ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦး တစ်ယောက် မျှ ရွေးကောက်တင်မြှောက်ခြင်းမခံရသော ပါတီမျိုးဖြစ်သည်။

အဆိုပါပါတီများအနက် ပထမအမျိုးအစားဖြစ်သော ပါတီသည် အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ မိမိ၏မူဝါဒများ၊ ရည်မှန်းချက် များကို အကောင်အထည်ဖော်ပေးနိုင်မည့် ပုဂ္ဂိုလ်များကို ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များအဖြစ် ခန့်အပ်တာဝန် ပေးအပ်မည်ဟုယူဆရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ -၂ ဖြစ်သူက လာမည့်ငါးနှစ်အတွက် ပြည်ထောင်စုဝန်ကြီး များကိုရွေးချယ်ရာတွင် ပြီးခဲ့သည့်ငါးနှစ်ထက် ပိုမို၍စွမ်းရည်ထက်မြက် သူများကိုရွေးချယ်၍ တာဝန်ပေးအပ်သွားမည်ဟု ပြောကြားသွားသည့်အတွက် ဝမ်းသာအားရဖြစ်ရပါသည်။ ၎င်းက ဆက်လက်ပြောကြားရာ တွင် ပြီးခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း အစိုးရ၏လုပ်ကိုင်ဆောင်ရွက် မှုများကို အားမလိုအားမရဖြစ်ရခြင်းနှင့်အတူ ပြည်သူတို့၏ဝေဖန်ပြောဆို သံများကို ကြားသိရသည့်အတွက် လာမည့်သက်တမ်းကာလတွင် ပြည်သူ တို့၏အသံများကို ပိုမိုနားထောင်သွားမည်ဟုဆိုပါသည်။ ထို့အပြင် တိုင်းရင်းသားပါတီများနှင့်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဟုဆိုထားရာ ပို၍ပင်ဝမ်းမြောက်ဝမ်းသာဖြစ်စရာကောင်းပါသည်။
အထူးသဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို ရွေးချယ်တာဝန်ပေးအပ်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များကို လုပ်ပိုင်ခွင့်ပိုမိုပေးအပ်ခြင်းအားဖြင့် တိုင်းရင်းသားတို့၏ ကျေနပ်နှစ်သိမ့်မှုရရှိခြင်းနှင့်အတူ ဖက်ဒရယ်စနစ်သို့ ဦးတည်ရာလမ်းကြောင်း၏အစကို အကောင်အထည်ဖော်ဆောင်ခြင်း ပင်ဖြစ်ပါသည်။ ဤနေရာတွင် တစ်ခုအကြံပြုပြောကြားလိုသည်မှာ အာဏာရပါတီအနေနှင့်လည်းကောင်း၊ အခြားသောတိုင်းရင်းသားပါတီများအနေနှင့်လည်းကောင်း သူ့ပါတီကလူဖြစ်ရမည်၊ ငါ့ပါတီကလူ ဖြစ်ရမည်ဟူ၍  ပါတီစွဲများကို မထားစေချင်ပါ။ မည်သည့်ပါတီက လူပင် ဖြစ်ပါစေ မိမိတို့တိုင်းရင်းသားလူမျိုးဖြစ်ပြီးလျှင် မိမိတို့ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်မည့် အရည်အချင်းရှိသူဖြစ်လျှင် လက်ခံကြဖို့ လိုပါသည်။
ဒုတိယအမျိုးအစားပါတီများဖြစ်သည့် ပါတီတို့သည် အစိုးရဖွဲ့နိုင် သည့် အနေအထားမရှိသော်လည်း လွှတ်တော်ထဲတွင် အထိုက်အလျောက် နေရာများရရှိကြမည်ဖြစ်ပါသည်။ အဆိုပါပါတီတို့ကို အတိုက်အခံပါတီဟု ခေါ်ဆိုသုံးနှုန်းကြပါသည်။ သို့ရာတွင် ထိုအဓိပ္ပာယ်သည် အရာရာကို အတိုက် အခံပြုရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှ၊ အစိုးရက တင်သွင်းသည့်အဆိုမှန်သမျှ၊ အစိုးရက တင်သွင်းသည့် ဥပဒေမှန်သမျှကို အတိုက်အခံပြု၍ ကန့်ကွက်နေရမည်မဟုတ်ပါ။ အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများ၊ အစိုးရကတင်သွင်းသည့် အဆိုများနှင့် ဥပဒေများတို့သည် နိုင်ငံနှင့် ပြည်သူတို့၏အကျိုးစီးပွားကို အမှန်တကယ်  အကျိုးပြုသည်ဆိုလျှင် ထောက်ခံအားပေးဖို့လိုပါသည်။

ပြီးခဲ့သည့် ငါးနှစ်သက်တမ်းကာလအတွင်း အာဏာရပါတီနှင့် အစိုးရတို့က ဆောင်ရွက်ခဲ့သည့် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့်လုပ်ငန်းစဉ်များသည် နိုင်ငံနှင့်တိုင်းရင်းသားပြည်သူတို့၏အကျိုးစီးပွားကို အမှန်တကယ်အကျိုးပြုသည့် လုပ်ငန်းများဆိုပါက သူ့ပါတီ ငါ့ပါတီ မခွဲခြားဘဲ ပါတီအားလုံးက တက်ညီလက်ညီနှင့် ဝိုင်းဝန်း စုပေါင်းအကောင်အထည်ဖော်ကြဖို့လိုအပ်ပါသည်။ သို့မှသာလျှင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေသည့် ငြိမ်းချမ်း သာယာပြီး ဖွံ့ ဖြိုးတိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ကို အောင်မြင်စွာတည်ဆောက်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါ သည်။

ပါတီသစ် / ပါတီငယ်များ            

တတိယအမျိုးအစားပါတီများသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မျှ ရွေးကောက်တင်မြှောက်ခြင်း မခံခဲ့ ကြရပါ။ ထိုကဲ့သို့ ရွေးကောက်တင်မြှောက်မခံရခြင်းမှာ ပါတီသစ်များ၏ ဖွဲ့စည်းတည်ဆောက်မှုကာလမှာ မကြာမြင့်သေးခြင်း၊ ငွေရေးကြေးရေး အင်အားနှင့် ပါတီဝင်အင်အားအရ ပါတီကြီးများကို မယှဉ်နိုင်သေးခြင်း နှင့် မိမိတို့၏စည်းရုံးနယ်ပယ်မှာ တိုင်းနှင့်ပြည်နယ်အနှံ့သို့ မပျံ့နှံ့သေးခြင်း၊  ကိုဗစ်ကာလတွင် ပါတီ စည်းရုံးရေး/မဲဆွယ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ရခြင်းဖြစ်သည့်အတွက် မိမိတို့ပါတီ၏ မူဝါဒနှင့် ရည်မှန်းချက်များကို ပြည်သူတို့ကကောင်းစွာမသိရှိသေးခြင်းနှင့် မိမိတို့ပါတီကိုယ်စားပြုကိုယ်စားလှယ်လောင်းများကိုလည်း ပြည်သူတို့က ကောင်းစွာမသိ်ရှိခြင်းစသည့်အချက်များကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ပါတီသစ်/ပါတီငယ်များအနေနှင့် လာမည့်ငါးနှစ် အတွင်း  မိမိတို့ပါတီကို ကောင်းစွာအချိန်ယူ ပြင်ဆင်ရမည်ဖြစ်ပါသည်။ ထိုကာလအတွင်း ပါတီဝင်အင်အားတိုးပွားအောင် စည်းရုံးခြင်း၊ ငွေကြေး ရန်ပုံငွေအင်အား တောင့်တင်းရန်လုပ်ဆောင်ခြင်း၊ မိမိတို့ပါတီ၏ မူဝါဒနှင့် ရည်မှန်းချက်များကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် စေရန် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်သင့်ပါသည်။ ထို့အပြင် အာဏာရ ပါတီနှင့် လွှတ်တော်တွင်းရောက်ပါတီတို့၏လုပ်ဆောင်ချက်များသည် မိမိတို့ပါတီ၏မူဝါဒများနှင့်ကိုက်ညီပါက လွှတ်တော်ပြင်ပမှနေ၍ ထောက်ခံ အားပေးခြင်းဖြင့် မိမိတို့ပါတီကိုလည်း လူသိများထင်ရှားလာကာထောက်ခံမှုများ ရရှိလာမည်ဖြစ်ပါသည်။

ထို့အပြင် ရွေးကောက်ပွဲစနစ်တွင် ဆန္ဒမဲလက်မှတ်များပေါ်၌ ရိုက်နှိပ်ထားသည့် ပါတီတံဆိပ်နှင့် ပါတီအမည်များမှာ မဲလက်မှတ် အရှည်ကြီးပေါ်တွင် တန်းစီ၍ ရိုက်နှိပ်ထားသည့်အတွက် ဆန္ဒမဲပေးသူများ အဖို့ အချိန်ယူ၍ ရွေးချယ်ရန် ခက်ခဲပါသည်။ ထို့ကြောင့် မဲပေးသူများသည် အချိန်ကြန့်ကြာမှုမဖြစ်စေရန်အလို့ငှာ မိမိတို့နှစ်များစွာ ရင်းနှီးကျွမ်းဝင် ထားသည့် တံဆိပ်နှင့်ပါတီကိုသာ ရွေးချယ်ဆန္ဒမဲပေးခဲ့ကြခြင်းသည်လည်း ပါတီသစ်/ပါတီငယ်များအတွက် အားနည်းချက်တစ်ခု ဖြစ်စေခဲ့ပါသည်။

ထို့ကြောင့် ပါတီသစ်/ပါတီငယ်များအနေနှင့် ယခုလာမည့် ငါးနှစ်တာ ကာလအတွင်း မိမိတို့၏ ပါတီတံဆိပ်ကို လူသိများစေရန်ပြုလုပ်ခြင်း သို့မဟုတ် ထင်ရှားသိသာစေသည့်တံဆိပ်အဖြစ် ပြောင်းလဲအသုံးပြုခြင်း တို့ကို လုပ်ဆောင်သင့်ပါသည်။ ထိုနည်းတူစွာပင် ပါတီ၏အမည်ကိုလည်း အခြားပါတီများ၏အမည်နှင့်ဆင်တူရိုးမှား မဖြစ်စေဖို့ လိုအပ်ပါသည်။ ယခုအခါ ပါတီအများစု၏အမည်များမှာ ဆင်တူရိုးမှာ ဖြစ်နေသည့် အတွက် သာမန်ပြည်သူများအဖို့ ရောထွေးနေပါသည်။ ပါတီတိုင်း၏အမည်တွင် 'ပြည်သူ' ဆိုသည့် စကားလုံးများ ထပ်နေသကဲ့သို့ 'ဒီမိုကရေစီ'သို့မဟုတ် 'ဒီမိုကရက်တစ်' စသည့် ဝေါဟာရများကလည်း ပါတီအများစု၏အမည် များတွင်ပါရှိနေပါသည်။

မဲဆန္ဒရှင်ပြည်သူများသည် မိမိတို့လိုလား/ထောက်ခံသည့်ပါတီ ကို အဓိကထား၍ ထောက်ခံဆန္ဒမဲပေးကြသည်မှန်သော်လည်း မိမိ နောက်တွင် တန်းစီနေသူများကို ထောက်ထား၍ ထင်သာမြင်သာသည့် ပါတီ၏တံဆိပ်နှင့် အမည်ပေါ်တွင်အလျင်အမြန်တံဆိပ်တုံးထုကြသူများ လည်း အများအပြားရှိကြမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီ သစ်/ပါတီငယ်များအနေနှင့် ယခုတစ်ကြိမ် ရွေးကောက်တင်မြှောက်မခံရခြင်းအပေါ် စိတ်အားငယ်/ စိတ်ဓာတ် ကျဆင်းမနေကြဘဲ နောင်လာ မည့်ရွေးကောက်ပွဲများတွင် အနိုင်ရရှိရေးအတွက် မိမိတို့ပါတီ၏စည်းရုံးရေး စွမ်းရည်၊ နိုင်ငံရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ ထက်မြက် အောင်ကြိုးစားကြ၍ ပြင်သင့်တာကို ပြင်ဆင်ကြခြင်းအားဖြင့် နောင်လာ မည့်ကာလများတွင် လွှတ်တော်အတွင်းရောက်ရှိကာ နိုင်ငံအကျိုးပြည်သူ အကျိုးတို့ကို ပိုမိုဆောင်ရွက်လာနိုင်ကြမည်ဖြစ်ပါသည် ...။   ။

သိန်းထက်အောင်