News

POST TYPE

PERSPECTIVE

နီးကပ်လာပြီဖြစ်သော ရွေးကောက်ပွဲ
12-Oct-2020


နိုင်ငံရေးပါတီပေါင်းစုံ ဝင်ရောက်အရွေးချယ်ခံကြမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးနီးလာပြီ၊ ဥပဒေ နှင့်ညီညွတ်ပြီး၊ မဲစာရင်းတွင်ပါဝင်သူ မဲဆန္ဒရှင်ပြည်သူတွေမဲပေးကြရတော့မည်။မဲစာရင်းများလည်း နှစ်ကြိမ်တိုင်တိုင် ကြေညာလို့ပြီးပါပြီ။ မဲစာရင်းတွင် အမည်ပါသူတွေပါကြ၍ မပါသူတွေ မပါကြပါ။ အချို့အမည်ပါသော်လည်း အချက်အလက်များမှားယွင်းကြသည်။ ပထမအကြိမ်ပြင်ဆင်ချက်တင်ပြပြီးသော်လည်း ဒုတိယအကြိမ် ထပ်မံ၍ မှားကြသည်ဟု အချို့ကဆိုသည်။ပထမအကြိမ်မဲစာရင်းတွင်ပါပြီးသော်လည်း ဒုတိယအကြိမ် ကြေညာရာတွင် မပါလာသူများရှိကြသည်။ Online တွင် ဝင်ရောက်ကြည့်ရှု၍ရကြောင်း Website လိပ်စာနှင့်တကွ ကြေညာထားသော်လည်း အမှန်တကယ်ဝင်ရောက်ကြည့်ရှုကြရာတွင် အခက်အခဲများရှိကြောင်း အချို့ကဆိုကြသည်။

အချို့မှာ ပထမအကြိမ် လူကိုယ်တိုင်သွားရောက်ကြည့်ရှုစဉ်ကပါဝင်သော်လည်း ယခု Online မှကြည့်ရှုရာတွင် မိမိအမည်မပါဝင်ဟု ဆိုကြသည်များကိုလည်း ကြားသိရသည်။ နည်းပညာအခက်အခဲ သို့မဟုတ် ဝင်ရောက်ကြည့်ရှုသူ၏ မကျွမ်းကျင်မှုကြောင့်လည်း ဖြစ်နိုင်သည်။ တောသူတောင်သားများအတွက်ဆိုလျှင် ပိုမို၍ အခက်အခဲရှိနိုင်သည်။ အချို့ဒေသများတွင် ပညာပေးမှုများဆောင်ရွက်နေသည်ဟုလည်း ကြားသိရသည်။ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ပါသည်။

ရွေးကောက်ပွဲနီးမှ ကြေညာမည်ဆိုသော နောက်ဆုံးအကြိမ်တွင် မပါလာပါက မည်သို့ဆောင်ရွက်ရမည် မသိ။ ဆန္ဒမဲပေးရာတွင် နိုင်ငံသားမှတ်ပုံတင်ရှိပြီး၊ အိမ်ထောင်စုစာရင်းတွင်အမည်ပါရှိလျှင် မဲပေးခွင့်ပြုမည်ဟု ဆိုထားသော်လည်း အချို့ဒေသများတွင် ဝန်ထမ်းကတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင် တစ်ခုခုရှိလျှင် ရသည်ဟုလည်း ဆိုထားသည်။ တစ်ဖက်တွင်လည်း မဲစာရင်းတွင် အမည်မပါရှိပါက မဲပေးခွင့်မရှိဟု ဆိုထားပြန် သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကမူ ပြည်သူများဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရဟူ၍ အာမခံထားသည်။ တွေးကြည့်လျှင် ခေါင်းမှာခြာခြာလည်သည်။ ရွေးကောက်ပွဲကျင်းပရန်ကလည်း တစ်လခန့်သာလိုတော့သည်။ သေခြာတာတစ်ခုကတော့ ယခုအခါ ကိုဗစ်-၁၉ ရောဂါဆိုးကြောင့် မဲရုံများသို့လာရောက်၍ ဆန္ဒမဲပေးကြမည့်သူများ နည်းနိုင်သည်ဆိုသောအချက်ပင်ဖြစ်သည်။ သက်ကြီးရွယ်အိုများကို ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ် ထားသည်ဟုလည်း သိရသည်။ ကောင်းမွန်သော စီစဉ်ဆောင်ရွက်မှုဖြစ်သည်။ သို့ရာတွင်၊ တစ်ခါတစ်ရံ အထက်ကညွှန်ကြားသည်နှင့် အောက်ကလုပ်ဆောင်သည်တို့ တလွဲစီဖြစ်တတ်သည်။ အထက်ကညွှန်ကြားသည်ကို အောက်ကမသိ။ အထက်ကညွှန်ကြားချက်သည် အောက်ခြေသို့မရောက်။ အထက်က လူကြီးမှာ နိုင်ငံတကာမှမေးမြန်းသည်တို့ကို ဖြေကြားသည့်အခါ၊ မီဒီယာများကမေးမြန်းသည်တို့ကို ဖြေကြားသည့်အခါ စကားလုံးလှအောင်၊ အမြင်ကောင်းအောင်၊ အကြားကောင်းအောင် ဖြေကြားသည်များရှိသည်။ ဤသည်ကို ညွှန်ကြားချက်အဖြစ်မှတ်ယူရမည်လား။ အောက်ခြေ
ရပ်ကျေးကော်မရှင်များ၊ မဲရုံမှူးများက ကျွန်တော်တို့မသိပါ၊ကျွန်မတို့မသိပါ၊ ကျွန်တော်-ကျွန်မတို့ကို ညွှန်ကြားမထားပါဟုဆိုသော် မည်သို့လုပ်ရပါအံ့နည်း။ မိုးနတ်မင်းကယ်ပါ ဟုပင် အော်ရတော့မည်ဖြစ်သည်။

သို့သော်မိုးနတ်မင်းလည်းကယ်မနိုင်မည်မဟုတ်ပါ။ လာမည့်ရွေးကောက်ပွဲအတွက် မဲလက်မှတ်များကို သက်ဆိုင်ရာမဲဆန္ဒနယ်မြေ(မြို့နယ်)များသို့ ဖြန့်ဝေပေးပို့ ခြင်း၊ သယ်ယူပို့ဆောင်ခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မဲလက်မှတ်များမှားယွင်းပို့ဆောင်နိုင်ခြင်း၊ မဲလက်မှတ်များတွင် မဲဆန္ဒရှင်များ ဆန္ဒပြုရမည့်နေရာ၌ သက်ဆိုင်ရာပါတီ/ကိုယ်စားလှယ်လောင်း၏ အမည်မပါလာခြင်း စသည်တို့ ရှိနိုင်သည့်အတွက် သက်ဆိုင်ရာ မြို့နယ်၊
ရပ်-ကျေး ကော်မရှင်များနှင့် မဲရုံမှူးများသည် မိမိတို့ထံရောက်ရှိလာသည့် မဲလက်မှတ်များကို မဲပေးမည့်နေ့မတိုင်မီ ကြိုတင်စစ်ဆေးသင့်သည့်အကြောင်းနှင့် ထိုသို့စစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်ကိုပါ ပါဝင်စစ်ဆေးခွင့်ပြုသင့်ကြောင်း အကြံပြုဆောင်း ပါးတစ်စောင်ကို ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကလည်း ကျွန်တော်ရေးသားခဲ့ပါသည်။

ထိုစဉ်က နိုင်ငံခြားရောက်မဲဆန္ဒရှင်များထံ မဲစာရင်းနှင့်မဲလက်မှတ်များပေးပို့ရာ၌ မဲစာရင်းတွင် မိမိအမည်မပါလာသည့်အဖြစ်များ ကြုံတွေ့ရသည်။ မဲစာရင်းတွင်အမည်ပါဝင်၍ မဲပေးရန်အတွက် ဆန္ဒမဲလက်မှတ်ထုတ်ယူသောအခါတွင်ကား ဆန္ဒမဲလက်မှတ်တွင် မိမိဆန္ဒပြုမဲပေးလိုသူ၏ ပါတီ/အမည်ကပါမလာ၊ အချို့က မိမိနေထိုင်ခဲ့ရာ မဲဆန္ဒနယ်တစ်ခုလုံး၏ ဆန္ဒမဲလက်မှတ်များ ပါမလာသည်ကိုကြုံတွေ့ရသလို အချို့မှာမဲလက်မှတ်ပါရှိသော်လည်း လွှတ်တော်သုံးရပ်အတွက် အပြည့်အစုံမပါရှိခြင်း၊ လွှတ်တော်တစ်ခုအတွက် ကျန်ရစ်ခဲ့သည်မျိုးလည်းကြုံတွေ့ရသည်။ ယခုတစ်ကြိမ်တွင်မူ
နိုင်ငံရပ်ခြားမဲပေးမှုများ၌ ထိုကဲ့သို့သောအသံများ မကြားသိရသည့်အတွက် အဆင်ပြေသည်ဟု ထင်မြင်ယူဆပါသည်။ ကော်မရှင်၏ဆောင်ရွက်ချက်
ကောင်းမွန်သည်ဟုလည်း သုံးသပ်မိပါသည်။

သို့ရာတွင် ပြည်တွင်းတွင်ပြုလုပ်မည့် ဆန္ဒမဲပေးခြင်းများ၌လည်း ထိုကဲ့သို့မဖြစ်ပေါ်စေရန် မဲလက်မှတ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ(မြို့နယ်) များသို့ ဖြန့်ဝေပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်းစသည်တို့ ပြုလုပ်ကြရာတွင် မဲလက်မှတ်များမှားယွင်းပို့ဆောင်နိုင်ခြင်း၊ မဲလက်မှတ်များတွင်
မဲဆန္ဒရှင်များ ဆန္ဒပြုရမည့်နေရာ၌ သက်ဆိုင်ရာပါတီ/ကိုယ်စားလှယ်လောင်း၏ အမည်မပါလာခြင်း စသည်တို့ ရှိနိုင်သည့်အတွက် သက်ဆိုင်ရာ မြို့နယ်၊ ရပ်-ကျေး ကော်မရှင်များနှင့် မဲရုံမှူးများသည် မိမိတို့ထံရောက်ရှိလာသည့် မဲလက်မှတ်များကို မဲပေးမည့်နေ့မတိုင်မီ ကြိုတင်စစ်ဆေးသင့်ပါသည်။

ထိုကဲ့သို့ မှားယွင်းမှုများ အနီးကပ်အချိန်ကျမှ ဖြစ်ပေါ်မလာရေးအတွက် အဆင့်ဆင့်သောကော်မရှင် အဖွဲ့ဝင်များ၊ မဲရုံတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်မည့် အရပ်ဘက်အဖွဲ့အစည်းများအားလုံးတို့သည် တက်ညီလက်ညီ စုပေါင်းဆောင်ရွက်ကြမှသာလျှင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးသည် အမှားအယွင်းမရှိ အောင်မြင်စွာကျင်းပနိုင်လိမ့်မည် ဖြစ်ပါသည်။
                                                                        
သိန်းထက်အောင်