News

POST TYPE

PERSPECTIVE

ပြေးပြေးလွှားလွှား သုံးနိုင်ငံ ကိုယ်စားလှယ်များ
08-Oct-2020


ရန်ပိုင်။ ။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း အောက်တိုဘာလ ၅ ရက်နေ့ကလာရောက်ခဲ့တဲ့အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့သတင်းနဲ့ ဆက်စပ်ပြီး ဘာကိုသတိထားမိသလဲဆိုတော့၊ ကိုဗစ်ကာလ သုံးလအတွင်းမှာ အိန္ဒိယနိုင်ငံအပါအဝင် တရုတ်၊ ဂျပန်စတဲ့နိုင်ငံတွေက လာရောက်ခဲ့တဲ့ဖြစ်စဉ်းများကို ဆက်စပ်တွေးတောမိတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်ကြတာမှာ၊ သြဂုတ်လ ၂၅ ရက်နေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး။ စက်တင်ဘာလ ၂ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နဲ့ ၊ ယခုအိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန်တို့ဖြစ်ပါတယ်။ ဦးစွာထင်မြင်ချက်ကို ပြောပါဆို၊ ခုလိုကာလကပ်ရောဂါကာလအတွင်း ခရီးလာရောက်တယ် ဆိုကတည်းက ဒီခရီးစဉ်တွေက ဘယ်လောက်ထိအရေးပါတယ်ဆိုတာ တွက်ဆလို့ရတယ်ခင်ဗျ။

ရန်နိုင်။ ။ သုံလအတွင်း သုံးနိုင်ငံလာရောက်ခဲ့သလို၊ လာရောက်တဲ့နိုင်ငံတွေအားလုံးကလည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတွေလည်းဖြစ်ပါတယ်။ ဦးစွာလာရောက်ခဲ့တဲ့ နိုင်ငံအလိုက် လုပ်ဆောင်တာတွေပြောရရင်၊ သြဂုတ်လ ၂၅ ရက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ တရားဝင် ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်၊ မြန်မာတွေ့ဆုံမှုမှာ ကိုဗစ်-၁၉ ဆိုင်ရာအကူအညီပေးရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအကူအညီပေးမှု၊ ဒီမိုကရေစီအသွင်ကူးပြောင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ကိုဗစ်အလွန် မြန်မာစီပွားရေးပြန်လည်ဦးမော့စေရန် နှစ်ဖက်ပူးပေါင်ဆောင်ရွက်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ဆက်လက်တိုးချဲ့ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို ဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေး မလာရောက်မီ သြဂုတ်လ ဒုတိယပတခန့်က နိုင်ငံခြားဆက်သွယ် စီးပွားရေးဝန်ကြီး ဦးသောင်းထွန်းနဲ့ ဂျပန်ကုမ္ပဏီ ၁၀၀၀ ကျော်အွန်လိုင်းဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အမှားစကားပေးပို့ ပြောကြားခဲ့တယ်။ ဆွေးနွေးပွဲမှာ မွန်ပြည်နယ်မှာ အထူးစီးပွားရေးဇုန်သစ်ကြီးတစ်ခုဖေါ်ဆောင်မယ်လို စတဲ့လုပ်ငန်းမိတ်ဆက်များ ပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံ့မှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲပြီးနောက် အခုလိုလာရောက်ခဲ့တဲ့အတွက် စီးပွားရေးဆိုင်ရာ အထူးကိစ္စတွေ ဆွေးနွေးခဲ့မယ်လို့မှတ်တယ်။ ဂျပန်နိုင်ငံဟာ မြန်မာအတွက် မိတ်ဆွေကောင်းဆိုတဲ့ပုံရိပ် ပြည်သူလူထုရင်ထဲရှိနေတာကအမှန်ပါ။ အထူးသဖြင့် အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်း မော်လမြိုင်၊ ဒါနန်း သမုဒ္ဒရာနှစ်စင် ဗျူဟာနဲ့ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမ အောက်တရုတ် မြန်မာစီးပွားရေးစင်္ကြံကို ထိန်းညှိနှိုင်ရန်အားထုတ်လာတယ်လို့ မြင်မိပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အပြီး တစ်ပတ်အကြာ ၊ စက်တင်ဘာ ၂ ရက်နေ့မှာတရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မြန်မာနိုင်ငံသို့ရောက်ရှိလာပါတယ်။ အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးချက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး နှင့်ငြိမ်းချမ်းရေးတွင် အပြုသဘောဆောင်ကူညီရေး။ ကိုဗစ်ရောဂါ ကာကွယ်ဆေးစတင်ဖြန့်ဝေတဲ့အချိန်မှာ မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေးတွေပါရှိပါတယ်။ အဓိကလာရောက်တဲ့ကိစ္စလို့ ယူဆဖွယ်ရှိတာကတော့ ၂၀၂၀ ဇန်နဝါရီလအတွင်း လာရောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှိကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်ရရှိခဲ့တဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်ရေးပါပဲ။ အဲဒီကိစ္စဟာ ဤခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်သာဖြစ်ပါလိမ့်မယ်။  အရှိန်အဟုန်နဲ့ နေနရာယူလာနေတဲ့ ဂျပန်နိုင်ငံရဲ့ ခြေလှမ်းစိတ်လာတာတွေအပေါ် တရုတ်နိုင်ငံအဖို့ စိုးရိမ်ပူပန်စရာတွေ သေချာပေါက်ရှိမှာပါပဲ။

အောက်တိုဘာ ၅ ရက်နေ့မှာ ပူပူနွေးနွေး လာရောက်ခဲ့သည်က အိန္ဒိယနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန်နှင့် အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်တို့ဖြစ်သည်။ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အိန္ဒိယကြည်းတပ်ဦးစီးချုပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ကလက်ခံတွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးပွဲအဓိကအချက်တွေကတော့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေပါပဲ၊ ဥပမာသန်လျင်ဘက်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံခန့်တန် ရေနံချက်စက်ရုံးစီမံကိန်း၊ ကုလာတန်မြစ်ဝှမ်းစီမံကိန်း၊ မြန်မာကိုဖြတ်ပြီး အာဆီယံကိုချိတ်ဆက်မည့် အဝေးပြေးလမ်းနှင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်အခြေပြုလှုပ်ရှားနေတဲ့ အိန္ဒိယလက်နက်ကိုင် သူပုန်များအရေးတို့ပဲဖြစ်ပါတယ်။ ချုပ်ရမယ်ဆိုလ ျှင် စီးပွားရေးနဲ့ စစ်ရေးကိစ္စတွေပါ။ ခရီးစဉ်ရဲ့ ထူးခြားမှုက ကိုဗစ်-၁၉ ကုသဆေး ထိုးဆေး Remdesivir အလုံး 3000 ပေးအပ်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှ စမ်းသပ်ထုတ်လုပ်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေး အောင်မြင်ပါက မြန်မာနိုင်ငံနှင့်ပူးပေါင်းထုတ်လုပ်သွားမယ်ဆိုတဲ့ တန်ဖိုးရှိတဲ့ စကားလက်ဆောင်တစ်ခုကို ယူဆောင်လာခြင်းပဲဖြစ်ပါတယ်။  Remdesivir  ဆေးတစ်စုံလျှင် ဈေးနှုန်းအမျိုးမျိုးကွဲပြားမှုရှိပါတယ်။ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်မှ ၅၀၀၀ ကျော်ထိ ဈေးရှိပါတယ်။ အိန္ဒိယနိုင်ငံအဖို့ တရုတ်နိုင်ငံနှင့် ပူပူနွေးနွေးဖြစ်ပွားထားတဲ့ လာဒါးဒေသ တရုတ်၊ အိန္ဒိယ နယ်စပ်ပြဿနာကြောင့် အိန္ဒိယနိုင်ငံ၏ နယ်စပ်ဒေသများတည်ငြိမ်ရေးမှာ မြန်မာနိုင်ငံဟာ ပိုမိုအရေးပါလာတဲ့သဘောရှိပါတယ်။ မကြာသေးမီက မြန်မာ၊ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အနီး တရုတ်ဘက်မှာ ခြံစည်းရိုးကာရံနေမှုတွေ မြန်မာအတွက် သတိပြုရမည့်အခြေအနေများလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာ့မြေပေါ် နိုင်ငံတကာ ကစားကွက်တွေထဲမှာ ရှေ့လျှောက် အိန္ဒိယနိုင်ငံဟာ ပိုမိုပါဝင်လာဖွယ်လည်း ရှိနေမယ်ထင်ပါတယ်။

ရန်ပိုင်။ ။ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဘန်ဒေါင်းမူကြီး ၅ ရပ်နှင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမှုဝါဒအတိုင်း မတူကွဲပြားမှုများကို ချဉ်ကပ်မှုပုံစံသစ်နှင့် ပထဝီနိုင်ငံရေးအရ တည်ရှိနေမှုကို ပါနပ်စွာကျင့်သုံးလျှက်ရှိနေတယ်လိုမြင်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ့ပထဝီနိုင်ငံရေး ဆုံချက်လိုဖြစ်နေတဲ့အတွက် အဲဒီအားသားချက်တွေကို မှန်ကန်စွာ အသုံးချပြီး မြန်မာနိုင်ငံ အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကိုရယူ နိုင်ပါစေကြောင်းပါပဲ ခင်ဗျာ။

ချမ်းမြသာယာရှိကြပါစေ
အဂ္ဂ