News

POST TYPE

PERSPECTIVE

Covid-19 ကပ်ရောဂါက ကလေးများကို ပိုမိုထိခိုက်နေသလား
15-Sep-2020


ကိုဗစ် - ၁၉ ကပ်ရောဂါသည် စတင်ဖြစ်ပွားစဉ်ကတည်းက ထိခိုက်လွယ်သည့် အသိုက်အဝန်းများနှင့် ကလေးများအပေါ် ဆိုးကျိုးပိုမိုသက်ရောက်စေလျက်ရှိကြောင်း လေ့လာမှုစစ်တမ်းများက ဖော်ပြလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးက ကိုဗစ်-၁၉ ကို ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာပြီးနောက် ၆ လအကြာတွင် ကလေးများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (Save the Children) သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ကလေးငယ်များနှင့် အရွယ်ရောက်ပြီးလူငယ် ၂၅၀ဝ၀ ကျော်ထံမှ သတင်းအချက်အလက်များ စုဆောင်းကာ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကလေးများ၏ဘဝအပေါ် မည်သို့မည်ပုံ ဆိုးကျိုးသက်ရောက်နေကြောင်းကို သုတေသနပြုခဲ့သည်။

လေ့လာသုတေသနပြုချက်များအရ ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆင်းရဲနွမ်းပါးသူများအား ပိုမိုဆင်းရဲလာစေခြင်း၊ နာမကျန်းသူများအား ပိုမိုဆိုးရွားလာစေခြင်း၊ အကြမ်းဖက်မှုအန္တရာယ်များ ပိုမိုများပြားလာစေခြင်း၊ ပညာသင်ယူခွင့်ဆုံးရှုံးစေခြင်းတို့ကိုဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ထိခိုက်လွယ်သည့် အသိုက်အဝန်းများတွင် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆိုးဆိုးရွားရွား ဆုံးရှုံးစေလျက်ရှိသည်။ မိန်းကလေးငယ်များသည် ယောကျာ်းလေးများထက်ပိုမို ထိခိုက်နစ်နာလျက်ရှိပြီး မိန်းကလေးငယ် သုံးပုံ၊ နှစ်ပုံသည် အိမ်မှုကိစ္စများ  လုပ်ဆောင်နေကြရပြီး ၅၀ ရာခိုင်နှုန်းကျော်သည် ကလေးထိန်းရင်း အချိန် ကုန်နေရသည်ဟုဆိုသည်။ ထို့အပြင် မိန်ကလေးငယ်များစွာသည် အချိန် ပြည့် ပညာသင်ယူခွင့် အခွင့်အလမ်းများဆုံးရှုံးလျက်ရှိပြီး လာမည့် ၁၀ နှစ် ကျော်ကာလအတွင်း အရွယ်မရောက်သေးမီ လက်ထပ်သည့်အရေအတွက်သည် ၁၃ သန်းကျော်အထိရှိလာမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားရှိသည်။

"ကျွန်မအနေဖြင့် နောက်ထပ် ကျောင်း ၅ နှစ်တက်ရမည်ဖြစ်သော် လည်း  မည်သည့်အချိန်တွင် ကျောင်းပြန်တက်ရမည်ဆိုသည်မှာ မသေချာ၊ မရေရာဖြစ်နေကြောင်း၊ ကိုဗစ်-၁၉ ကြောင့် အမျိုးသမီးငယ်များ ကိုယ်ဝန် ရလာမည်ကို စိုးရိမ်ပူပန်မိကြောင်း" ၁၅ နှစ်အရွယ် ကင်ညာမိန်းကလေး ငယ်တစ်ဦးက ပြောကြားသွားသည်။ ထို့အပြင် အိန္ဒိယ မိန်းကလေးငယ်တစ်ဦး ကလည်း "ကျွန်မတို့၏ပညာသင်ကြားရေးသည် တဖြည်းဖြည်း ထိခိုက် လာပြီးဖြစ်သောကြောင့် ကျောင်းများပြန်ဖွင့်ပေးသင့်ကြောင်း၊ ကျွန်မတို့ အနေဖြင့် အိမ်တွင်းမှာပင် ပိတ်လှောင်ခံထားရသဖြင့် တဖြည်းဖြည်း  ငြီးငွေ့လာပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကျွန်မတို့ဘဝ ဘေးကင်းလုံခြုံမှု အတွက် တစ်ခုခုလုပ်ဆောင်ပေးသင့်ကြောင်း" ပြောကြားသွားပါသည်။

ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် ကျောင်းများပိတ်ထားရမှုကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်များအပေါ် လေ့လာသုတေသနပြုခဲ့ရာ အိမ်တွင်းအကြမ်းဖက်မှုများသည် ယခင်ကထက် နှစ်ဆခန့်မြင့်တက်ခဲ့ကြောင်း၊ ကျောင်းများဖွင့်ထားသည့်အချိန်တွင် ကလေးများအပေါ် အကြမ်းဖက်မှု ၈ ရာခိုင်နှုန်းသာရှိနေရာမှ ကျောင်းများပိတ်ထားရသဖြင့်  ကလေးများအပေါ် အကြမ်းဖက်မှု ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း  တွေ့ရှိခဲ့သည်။ ထို့ကြောင့် လက်ဘနွန်နိုင်ငံမှ ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးက "ကျွန်မတို့ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရေးအတွက် လူသားတစ်ဦးလို သဘောထားပြီး အကူအညီပေးကြပါ"လို့ တောင်းဆိုထားရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကလေးများကို တိုက်ရိုက်ဒုက္ခပေးနေ ခြင်းမရှိသော်လည်း ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့်       အချိုးအစားမမျှတသည့် သက်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါ၏ သွယ်ဝိုက်သက်ရောက်မှုများကြောင့် ကလေးငယ် ၁၀ သန်း ခန့်သည် ၂၀၂၀ ပြည့်နှစ်အတွင်း ကျောင်းတက်နိုင်တော့မည်မဟုတ်ချေ။  ထို့ကြောင့် ၎င်းတို့ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတွင်အလုပ်အကိုင် အခွင့်အလမ်းရရှိရေးတို့အပေါ် ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေလျက် ရှိသည်။ ဒုက္ခသည်များ၊ လူနည်းစုများ သို့တည်းမဟုတ် ပဋိပက္ခဖြစ်ပွားရာ  ဒေသများတွင် နေထိုင်လျက်ရှိသည့်ကလေးများလို ထိလွယ်ရှလွယ်ဖြစ်နေသည့်ကလေးများသည် စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ဘေးကင်းလုံခြုံမှုကဲ့သို့သော အခြေခံအခွင့်အရေးများ ဆုံးရှုံးကြရလျက်ရှိသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိနီယိုဂူတာရက်စ်က တစ် ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရန် ပန်ကြားထားသောကြောင့် ကမ္ဘာ့နိုင်ငံ များသည် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်အပေါ် အလေးထား ဆောင်ရွက်နိုင်ခဲ့သော်လည်း ယီမင်မှသည် အာဖဂန်နစ္စတန်၊ ဘာကီနာဖူ ဆိုမှသည် မြန်မာနိုင်ငံအထိ ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများသည် ကလေးငယ်များကို ဆက်လက်သတ်ဖြတ်နေဆဲ၊ ထိခိုက်အနာတရဖြစ်ပေါ်နေဆဲပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် လူသားဆိုသော မိသားစုကြီး တစ်ခုတွင် နေထိုင်နေခြင်းဖြစ်ကြောင်းနှင့် ကပ်ရောဂါသည် ကျွန်ုပ်တို့၏ နိုင်ငံရေးနှင့် အတွေးအခေါ်အယူအဆများအပေါ် ကုစားနေခြင်းဖြစ်ကြောင်း ကို မည်သည့်အချိန်ရောက်မှ နားလည်သဘောပေါက်ကြမည်နည်း။

"စစ်ပွဲများ အဆုံးသတ်သင့်ပြီဖြစ်ကြောင်း၊ ကလေးငယ်များ စာသင်ကျောင်းသို့ ရောက်ရှိသင့်ပြီဖြစ်ကြောင်း၊ ကျွန်မတို့အနေဖြင့် စစ်ပွဲ များနှင့် ရန်လိုမှုများကို စိတ်ကုန်နေပြီဖြစ်ကြောင်း" အသက် ၁၃ နှစ် အရွယ် အာဖဂန်အမျိုးသမီးငယ်တစ်ဦးက ပြောကြားသွားသည်။ ဖိလစ် ပိုင်ဆယ်ကျော်သက်ရွယ်တစ်ဦးကမူ "ကျွန်မတို့အနေနှင့် ပိုမို တိုးတက်  ကောင်းမွန်သောဘဝကို တည်ဆောက်သွားရမှာဖြစ်ကြောင်း၊ ကပ်ဘေး  ဆိုက်နေချိန်တွင် စည်းစည်းလုံးလုံးရှိနေရန် လိုအပ်ကြောင်း၊ လက်ရှိအချိန် တွင် နိုင်ငံရေးဆိုင်ရာမတူကွဲပြားမှုများကို ရှောင်ရှားသွားသင့်ကြောင်း"ပြောကြားသွားပါသည်။

ဆိုရလျှင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ဆင်းရဲ၊ ချမ်းသာနှင့် ကျား၊ မ ခွဲခြားမှုများကို ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်။ အလယ်အလတ်အဆင့်ရှိ လူတန်းစားများသည် ဝင်ငွေဆုံးရှုံးမှု ၇၀ ရာခိုင်နှုန်း ထိခိုက်နေသည့် အချိန်တွင် ဆင်းရဲချို့တဲ့သောလူတန်းစားများသည် ဝင်ငွေဆုံးရှုံးမှု ၈၀  ရာခိုင်နှုန်းအထိရှိနေသည်။ ဝင်ငွေမရှိသောကြောင့် ထိလွယ်ရှလွယ်ဖြစ် နေသည့်မိသားစုများသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျ စရိတ်ကျခံနိုင်ခြင်းမရှိတော့ပေ။

ကျောင်းပိတ်ရက်ကာလများတွင် ကလေးငယ် ၁၀ ဦးလျှင် ၈ ဦး သည် ကျောင်းစာလေ့လာသင်ယူမှု အနည်းငယ်သာလုပ်ဆောင်နိုင်ပြီး တချို့သောကလေးများသည် လုံးဝစာမလေ့လာကြတော့ကြောင်း၊ ထို့အပြင် ချို့တဲ့သောမိသားစုများတွင် အွန်လိုင်းပညာသင်ယူနိုင်သည့် ကလေးအရေအတွက်မှာ တစ်ရာခိုင်နှုန်းပင်မပြည့်ကြောင်း၊ ထို့ကြောင့်  ကိုဗစ်-၁၉ ကပ်ရောဂါသည် ဒစ်ဂျစ်တယ်ခေတ်တွင် လူတန်းစား ခွဲခြားမှုကို နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်စေလျက်ရှိကြောင်း သုတေသနပြုချက်၌ ဖော်ပြ ထားရှိသည်။

"မမျှတမှုများ တိုးမြှင့်ဖြစ်ပေါ်လာသောကြောင့် ဆင်းရဲမွဲတေမှု ပိုမိုမြင့်မားလာကြောင်း၊ အစိုးရအနေနှင့် ကွာရာတင်းဝင်နေရသူများ အတွက် စားနပ်ရိက္ခာစီစဉ်ပေးသင့်ကြောင်း" ၁၇ နှစ်အရွယ် နီပေါလူငယ်  တစ်ဦးက ပြောကြားသွားပါသည်။ အမှန်တော့ ကလေးငယ်များသည် ၎င်းတို့၏ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလေ့ရှိသည်။  ၂၀၁၉ ခုနှစ်အတွင်းကလည်း ရာသီဥတုပြောင်းလဲမှုပြဿနာအပေါ် ကိုင် တွယ်ဖြေရှင်းပေးရေးအတွက် ကျယ်လောင်စွာ ကန့်ကွက်ပြောဆိုခဲ့ကြ သည်။ ထိုစဉ်က ရာသီဥတုပြောင်းလဲမှုပြဿနာအပေါ် အရေးယူဆောင် ရွက်ပေးရန် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရာကမ္ဘာ့နေရာပေါင်းစုံမှ လူငယ်သန်း ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် လူကြီးများသည် လူငယ် များ၏အသံကို နားထောင်သွားရမည်ဖြစ်သည်။

ထို့ကြောင့် မျိုးဆက်သစ်ကလေးငယ်အားလုံး ကျန်းမာရေးစောင့် ရှောက်မှုရရှိစေရန်နှင့် တည်ငြိမ်မှုရှိသော အနာဂတ်မဆုံးရှုံးစေရေအတွက် ကာကွယ်စောင့်ရှောက်သွားနိုင်ရေးမှာ ကမ္ဘာကြီးသည် ဝင်ငွေနည်းပါး သည့်နိုင်ငံများနှင့် ထိလွယ်ရှလွယ်နိုင်ငံများအပေါ်တွင် တင်ရှိနေသည့် ကြွေးမြီများကို ချက်ချင်းလျှော့ချပေးသွားရန် လိုအပ်သည်။ သို့မှသာလျှင် ဆင်းရဲတွင်းနက်နေသည့်နိုင်ငံများသည် ကလေးများ၏ဘဝအတွက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် ကလေး များ၏လိုအပ်ချက်နှင့် ၎င်းတို့၏အမြင်သဘောထားများကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လက်လွတ် ဆုံးရှုံးခဲ့ရသည့်အစီအမံများကို ပြန်လည်ကုစားပေးသွားရန်လိုအပ်သည်။ သို့မှသာလျှင် ကလေးငယ်များသည် ပေးဆပ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများ ကို ပြန်လည်အစားထိုးကုစားနိုင်မည် ဖြစ်သည်။

မည်သို့ပေဆိုစေ ကြီးမားသောပြဿနာများအတွက် ကျိုးကြောင်း ဆီလျော်သောအဖြေများ ရှိနေရန်လိုအပ်ပါသည်။ ပြဿနာတစ်ခုကို အဝန်း အဝိုင်းပြင်ပမှပုဂ္ဂိုလ်များက ကြံဆဖြေရှင်းနေသည်ထက် ထိုပြဿနာနှင့် တိုက်ရိုက်သက်ဆိုင်ပြီး အနာဂတ်တွင် ကမ္ဘာကြီးကိုစီမံခန့်ခွဲသွားမည့်မျိုး လူငယ်များကိုယ်တိုင် တွေးတောကြံဆ ဖြေရှင်းခြင်းသည်သာလျှင် အကောင်းဆုံးပင်ဖြစ်သည်။ 

ဆိုရလျှင် လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ပြောမပြ နိုင်လောက်အောင် ဒုက္ခပေးနေပြီး ကမ္ဘာကြီးသည် အလူးအလဲခံစားနေ ရပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့လူမှုအဖွဲ့အစည်းပုံစံများနှင့် နိုင်ငံရေး အလေ့အထများကို ပြန်လည်ပုံဖော်တည်ဆောက်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်သွားဖို့ လိုအပ်နေပြီဖြစ်သည်။ အထူးသဖြင့် လက်ရှိမညီမျှမှုများနှင့် ဆင်းရဲ၊ ချမ်းသာကွာဟမှုများကို အပြုသဘောဆောင်သည့် ပြောင်းလဲမှုအတွက် ကြီးမားသောအခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချသွား ကြပါစို့ဟု တိုက်တွန်းအကြံပြုသွားလိုပါသည်။

မောင်သောင်းဝင်း(တမန်ဟောင်း)