News

POST TYPE

PERSPECTIVE

ဒီဂျစ်တယ်ကမ္ဘာက သံတမန်ရေးရာ
14-Sep-2020


၁၈၆၀ ခုနှစ်က ကမ္ဘာ့ပထမဆုံးကြေးနန်းသတင်းကို လက်ခံရရှိ လိုက်ရချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် လော့ဒ်ပေါမာစတန် (Lord Palmerston)  က "ဒီပလိုမေစီ နိတ္ထိတံလေပြီ"လို့ ပြောခဲ့ဖူးတယ်။  ဗြိတိန်ဝန်ကြီးချုပ်က ဘာကြောင့် ဒီလိုပြောခဲ့တာလဲ။

နိုင်ငံတိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး စတာတွေနဲ့ ဆက်စပ် နေတဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ကိုယ်စီရှိကြပါတယ်။ ဒီအကျိုးစီးပွား တွေကို နိုင်ငံတကာမှာ ကာကွယ်၊ မြှင့်တင်ဖို့အတွက် နိုင်ငံခြားရေးမူဝါဒ ဆိုတာ ကို ချမှတ်ရပါတယ်။ အဲဒီနိုင်ငံခြားရေးမူဝါဒကို တကယ်လက်တွေ့  အကောင်အထည်ဖော်တဲ့ နည်းနာနိဿယကို ဒီပလိုမေစီလို့ ခေါ်ပါတယ်။ ဒီပလိုမေစီဟာ နိုင်ငံခြားရေးမူဝါဒကို လိုရာပို့ပေးရတဲ့ယာဉ်ဆို သံတမန်တွေ ကတော့ အဲဒီယာဉ်ကို မောင်းနှင်ထိန်းကျောင်းသူတွေ ဖြစ်ကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သံတမန်တွေဟာ ပြည်ပနိုင်ငံတွေမှာ နှစ်ရှည်လများ သွားရောက်ပြီး မိမိနိုင်ငံရဲ့ ဒီပလိုမေစီကို အကောင်အထည်ဖော်ကြရလို့ ပါပဲ။ ဒါဟာ အစဉ်အလာ ဒီပလိုမေစီရဲ့ သဘောသဘာဝပါပဲ။ လော့ဒ်ပေါ မာစတန်က "ဒီပလိုမေစီ နိတ္ထိတံလေပြီ" လို့ ပြောလိုက်တာဟာ ကြေးနန်းစနစ်ကြောင့် နိုင်ငံအစိုးရတွေ အချင်းချင်း မြန်မြန်ဆန်ဆန် တိုက်ရိုက်ဆက်ဆံ နိုင်ပြီဖြစ်လို့ အစဉ်အလာ ဒီပလိုမေစီရဲ့အခန်းကဏ္ဍဟာ မှေးမှိန်သွားစရာ ရှိကြောင်း ပြောချင်တာလို့ မှန်းဆကြည့်နိုင်ပါတယ်။ 

လက်တွေ့မှာ အစဉ်အလာဒီပလိုမေစီ "နိတ္ထိမတံ"ခဲ့ပါဘူး။ ဆက်ရှိ နေခဲ့ပါတယ်။ သံတမန်တွေကတစ်ဆင့် အစိုးရချင်းဆက်ဆံရေးဟာလည်း အရင်ကလိုပဲ ဆက်အရေးပါနေခဲ့ပါတယ်။ ဒါပေမဲ့ ကြေးနန်းနည်းပညာက စလိုက်တဲ့ တယ်လီဖုန်း၊ ရေဒီယို၊ ရုပ်မြင်သံကြား စတဲ့ ဆက်သွယ်ရေးနည်း ပညာပြောင်းလဲလာမှုနဲ့အတူ နိုင်ငံခြားရေးမူဝါဒရဲ့ ဆင့်ကဲတိုးတက်မှုတို့ ကြောင့် အစဉ်အလာဒီပလိုမေစီဟာ အသွင်လက္ခဏာသစ်တစ်ရပ်ဆောင် လာပါတယ်။ 

ယခင်က သံတမန်တွေဟာ ဒီပလိုမေစီကို အကောင်အထည်ဖော်တဲ့ နေရာမှာ လူချင်းတွေ့ဆုံ ဆက်သွယ်တဲ့နည်းလမ်းနဲ့ စာရေးသားဆက်သွယ် တဲ့နည်းလမ်းကိုသာ အဓိက အသုံးများခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံဆက်သွယ် ကြရာမှာလည်း အစိုးရချင်း၊ အစိုးရအသိုင်းအဝိုင်းချင်းသာ အဓိက ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံခြားရေးမူဝါဒရဲ့ ဦးတည်မျှော်မှန်း ချက်တွေက ကျယ်ပြန့်လာပါတယ်။ နိုင်ငံတကာမှာ မိမိတို့နိုင်ငံရဲ့ပုံရိပ် ကောင်းထွက်ဖို့၊ မိမိတို့အကျိုးစီးပွားနဲ့ ယုံကြည်မှုစံနှုန်းတွေကို နိုင်ငံခြား တိုင်းပြည်တွေက လူထုတွေကြားမှာ ထောက်ခံမှုတစ်စုံတစ်ရာရလာအောင် ကြိုးပမ်းလာကြပါတယ်။ ဥပမာ-စစ်အေးခေတ်က ဒီမိုကရေစီယဉ်ကျေး မှုနဲ့ စည်းမျဉ်းအခြေခံ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်းမြင်လက်ခံ လာအောင် ကြိုးပမ်းခဲ့ကြတာမျိုး ဖြစ်ပါတယ်။ ဒီထက်ပိုပြီး နည်းနည်း စောတဲ့ဥပမာကတော့ ဗြိတိန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်မှာ အမေရိကန် နိုင်ငံကို စစ်ထဲဝင်ပါစေဖို့ နာဇီဂျာမနီနဲ့ ဖက်ဆစ်ဝါဒရဲ့အန္တရာယ်ကို အမေ ရိကန်လူထုက အမှန်တကယ် နားလည်လာအောင် အသိပေးဆွဲဆောင်တာပါပဲ။ ဒါကို လူထုဒီပလိုမေစီ (Public Diplomacy/ People’s Diplomacy) လို့ ခေါ်ပါတယ်။ လူထုဒီပလိုမေစီကို ကျင့်သုံးခဲ့ရာမှာ လူ အများဆီကိုရောက်မယ့် ဆက်သွယ်ရေးပုံစံကို အသုံးပြုကြပါတယ်။ ဒါကြောင့် စာနယ်ဇင်း၊ ရေဒီယို၊ တီဗီအစီအစဉ် စတာတွေဟာ လူထုဒီပလိုမေစီ အတွက် အဓိကဆက်သွယ်ရေးမဏ္ဍိုင်တွေ ဖြစ်လာပါတယ်။

ဒစ်ဂျစ်တယ်စနစ်သုံး ဆက်သွယ်ရေးနည်းပညာထွန်းကားလာတဲ့ အခါမှာ လူမှုဆက်ဆံရေးပုံစံ ပြောင်းလာပါတယ်။ စစ်တမ်းတစ်စောင်အရ အသိမိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့နဲ့ သတင်းကြည့်ဖို့အတွက် စမတ်ဖုန်း အသုံးပြုသူတစ်ဦးဟာ သီတင်းတစ်ပတ်ကို အနည်းဆုံး ၃.၁ နာရီ အင် တာနက်၊ လူမှုကွန်ရက်တွေကို အသုံးပြုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အရွယ်ရောက်သူ ၇၀ ရာခိုင်နှုန်းခန့်ဟာ သတင်းအချက်အလက်တွေကို ဖေ့စ်ဘွတ်ခ်ကနေပြီး ရယူနေပြီး ၃၆ ရာခိုင်နှုန်းက တွစ်တာကနေ ရယူနေ ကြပါတယ်။ The Hague Journal of Diplomacy က ဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြထားတာကတော့ ၂၀၂၅ ခုနှစ်ရောက်ရင် လူပုဂ္ဂိုလ်တစ်ယောက် ဟာ ဆက်သွယ်ဖို့နဲ့ အချက်အလက်ရယူဖို့အတွက် ဒစ်ဂျစ်တယ်ဆက် သွယ်ရေးပစ္စည်း အသုံးပြုမှုနှုန်းဟာ အခုလက်ရှိကနေ အဆနှစ်ဆယ်တိုး လာမယ်လို့ ခန့်မှန်းကြပါတယ်။ ဆိုလိုတာက ၁၈ စက္ကန့်တိုင်းမှာ လူတိုင်းဟာ ဒစ်ဂျစ်တယ်ပစ္စည်း တစ်ခုခုအသုံးပြုနေလိမ့်မယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ဒေတာလွှမ်းခြုံမှုဟာ လက်ရှိကနေ ၁၆၃ ဇက်တာဘိုက်တ် (Zettabytes)  ဖြစ်လာမှာဖြစ်လို့ ဧရာမအွန်လိုင်းပတ်ဝန်းကျင်တစ်ခု ဖြစ် လာမယ့်သဘောပါပဲ။ ဂူးဂဲလ်ရဲ့ အလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့ဖူးတဲ့ အဲရစ်ရှမစ်တ် (Eric Schmidt) ပြောတာကတော့ နှစ်ရက်ကြာတိုင်း လူသားတွေ ဖန်တီးထုတ်လုပ်ဖြစ်တဲ့ သတင်းအချက်အလက်တွေဟာ လူ့ယဉ်ကျေးမှုအစကနေ ၂၀ဝ၃ ခုနှစ်အထိ ထုတ်လုပ်ဖန်တီးခဲ့သမျှ သတင်းအချက်အလက် အားလုံးပေါင်းသလောက်ရှိတယ်တဲ့။

ဒီတော့ ကျွန်တော်တို့ရဲ့ အစဉ်အလာလူချင်းတွေ့ လူမှုဆက်ဆံရေးဟာ ဆင့်ကဲပြောင်းလဲပြီး အွန်လိုင်းပေါ် ရောက်လာနေတဲ့သဘောပါပဲ။ အပြင်လောကမှာလိုပဲ အွန်လိုင်းပေါ်မှာ အချင်းချင်း အပြန်အလှန်ပြောဆို ဆက်သွယ်လာနိုင်ပါတယ်။ သတင်းအချက်အလက်ဝေမျှလာနိုင်ပါတယ်။ ကိုယ့်ထင်မြင်ယုံကြည်ချက်ကို ထုတ်ဖော်ရင်း စိတ်တူကိုယ်တူချင်း အလွယ် တကူစုဖွဲ့လာနိုင်ကြပါတယ်။ ခပ်တိုတိုပြောရရင် လူ့အရေးအရာကိစ္စတွေ အားလုံးဟာ အွန်လိုင်းပေါ်ရောက်လာနေပါတယ်။ နောက်ပြီး ဒီလူမှုဆက်ဆံ ရေးပုံစံသစ်မှာ နေရာဒေသ အရံအတားမရှိတော့ဘဲ ကမ္ဘာ့ဒေသ အသီးသီးက လူတန်းစား အလွှာပေါင်းစုံပါဝင်လာနိုင်တာကြောင့် ကမ္ဘာ့ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်းကြီးလို့တောင် ဆိုလာကြပါတယ်။

ဒီလို ဒစ်ဂျစ်တယ်နည်းပညာကြောင့် လူမှုဆက်ဆံရေးပြောင်းလဲ လာမှုက လူထုဒီပလိုမေစီကိုလည်း အသွင်သဏ္ဌာန်သာမက အနှစ်သာရ ပိုင်းမှာပါ တော်လှန်ပြောင်းလဲမှုတွေဖြစ်စေပါတယ်။ အွန်လိုင်းပေါ်ရောက် လာတဲ့ ကမ္ဘာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ ထိတွေ့ဆက်ဆံပြီး မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်ဖို့ဆိုတာမှာ ဒစ်ဂျစ်တယ် ဆက်သွယ်ရေးစနစ်ဟာ မရှိမဖြစ် ကြားခံဖြစ်လာပါတယ်။ ဒါကြောင့် အွန်လိုင်း ပေါ်၊ လူမှုကွန်ရက်တွေပေါ်ကတစ်ဆင့် လူထုဒီပလိုမေစီကို အကောင်အထည် ဖော်တာကို ဒစ်ဂျစ်တယ်ဒီပလိုမေစီ (Digital Diplomacy) လို့ခေါ်လာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ လူထုဒီပလိုမေစီထက် ဒစ်ဂျစ်တယ်ဒီပလိုမေစီ က ပိုကျယ်ပြန့်ပါတယ်။ ဒစ်ဂျစ်တယ်ဒီပလိုမေစီမှာ အစဉ်အလာဒီပလိုမေစီ ဖြစ်တဲ့ အစိုးရချင်းဆက်ဆံရေး၊ အစိုးရနဲ့လူထု ဆက်ဆံရေးကနေ နည်းပညာကြောင့် တစ်နွယ်ငင်တစ်စင်ပါပေါ်လာတဲ့ ဆက်ဆံရေးနယ်ပယ်သစ်တွေအထိ ပါဝင်လာပါတယ်။ 

ဒစ်ဂျစ်တယ်ဒီပလိုမေစီဟာ အစဉ်အလာ ဒီပလိုမေစီရဲ့ ပင်မတာဝန် တစ်ခုဖြစ်တဲ့ အစိုးရချင်းဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးဖို့အတွက် အစဉ်အလာ မဟုတ်တဲ့ တံခါးသစ်ဖွင့်ပေးပါတယ်။ သမ္မတအိုဘားမားလက်ထက်မှာ အမေရိကန်နဲ့ ကျူးဘားနိုင်ငံဆက်ဆံရေး ပြန်စတော့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကျူးဘားအစိုးရရဲ့ တွစ်တာစာမျက်နှာကို ၂၀၁၅ ခုနှစ် မေလ ၂၆ ရက်နေ့မှာစပြီး Like လုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျူးဘား အစိုးရကလည်း အလားတူတုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံတရားဝင် မိတ်ဆွေ ဆက်ဆံရေးပြန်ပြီးမထူထောင်ခင် နှစ်လအလိုမှာဖြစ်ပါတယ်။ တွစ်တာမှာ အပြန်အလှန် Likeမလုပ်ခင်ကတည်းက မိတ်ဆွေဆက်ဆံ ရေး ပြန်စဖို့ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုတွေရှိပေမယ့်လည်း တွစ်တာဟာ တခြားတစ်ဖက်ကနေ အဲဒီလုပ်ငန်းစဉ်ကို ပိုပြီးအရှိန်မြှင့်တွန်းအားပေးနိုင် တာကတော့ အသေအချာပါပဲ။ ဒါ့အပြင် ၂၀၁၃-၂၀၁၅ ခုနှစ်အတွင်း ကုလ သမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနဲ့ အီရန်နိုင်ငံ (P5+1)  နျူကလီးယားဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အဲဒီအချိန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇဲရစ် (Mohammad Javad Zarif) တို့ တွစ်တာကတစ်ဆင့် ဆက်သွယ်မှုတွေဟာ နျူကလီးယား သဘောတူညီချက်ရရှိရေးမှာ အများ ကြီးအထောက်အကူပြုခဲ့ပါတယ်။ 

ဒါကို တွစ်တာသုံးတဲ့ဒီပလိုမေစီ (Twiplomacy) လို့ ပညာရှင်တွေ သမုတ်ကြပါတယ်။ တွစ်တာ ဒီပလိုမေစီမျိုးဟာ နိုင်ငံငယ်လေးတွေအတွက် ကမ္ဘာအရပ်ရပ်က အခြားနိုင်ငံတွေနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးထူထောင် ဖို့အတွက် လွယ်ကူထိရောက်တဲ့ နည်းလမ်းသစ်တစ်သွယ်လည်း ဖြစ်ပါ တယ်။ ဥပမာ-ပီရူးနိုင်ငံဟာ တွစ်တာမှာ ကမ္ဘာ့ခေါင်းဆောင် ၅၀၉ ဦးကို င်္သူသတ လုပ်ထားပါတယ်။ အာရှမှာဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာနဟာ ၂၀၁၀ ခုနှစ်မှာ တွစ်တာကို တရားဝင် စတင်အသုံးပြု ပါတယ်။ အခုအခါမှာတော့ နိုင်ငံအများစုရဲ့  နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ သံရုံးတွေမှာ အများပြည်သူနဲ့ အပြန်အလှန်တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်စ်၊ အင်စတာဂရမ်၊ တွစ်တာ စတာတွေ ရှိနေကြပြီဖြစ်ပါတယ်။ စစ်တမ်းတစ်ခုအရ နိုင်ငံပေါင်း ၁၈၄ နိုင်ငံရဲ့ နိုင်ငံ အစိုးရတွေနဲ့ နိုင်ငံခေါင်းဆောင်တွေဟာ လူမှုကွန်ရက်ကို တရားဝင်သုံးနေ ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ၉၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံပေါင်း ၁၅၃ နိုင်ငံက နိုင်ငံအကြီး အကဲတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး ၉၀ ဦးဟာ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့် ကို အသုံးပြုကြပါတယ်။

ဒီလို လူမှုကွန်ရက်တွေကတစ်ဆင့် ကမ္ဘာ့နိုင်ငံအစိုးရတွေ၊ ခေါင်း ဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေဟာ ပြည်ပရောက်နိုင်ငံသား တွေ၊ ပြည်ပလူထုပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလာကြပြီး မိမိတို့နိုင်ငံ၊ အစိုးရရဲ့ မူဝါဒ၊ ရပ်တည်ချက်တွေကို ထောက်ခံမှုများအောင် စည်းရုံးဆွဲဆောင်တာတွေ လုပ်လာကြပါတယ်။ ဥပမာ ဒစ်ဂျစ်တယ်နည်း ပညာနဲ့ ဒီပလိုမေစီကို စတင်ပေါင်းစပ်တဲ့နိုင်ငံလို့ဆိုကြတဲ့ အမေရိကန်နိုင်ငံက ဟီလာရီကလင်တန်လက်ထက် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာန မှာ ဒစ်ဂျစ်တယ်ဒီပလိုမေစီဆိုင်ရာ အဖွဲ့သစ်တွေဖွဲ့စည်းပြီး ကမ္ဘာ့ဘာသာ စကား ၁၀ဝ ကျော်လောက်နဲ့တင်နေတဲ့ သတင်းအချက်အလက်တွေကို နေ့စဉ်ကြည့်ရှုလေ့လာ ခွဲခြမ်းစိတ်ဖြာပါတယ်။ ထင်မြင်ချက်အမျိုးမျိုးအပေါ် မှာ လိုအပ်တဲ့ တုံ့ပြန်ဆက်သွယ်မှုတွေလုပ်ပါတယ်။ ဒါဟာ အစဉ်အလာ အစိုးရချင်းဆက်ဆံရေးကိုကျော်ကာ တစ်ကမ္ဘာလုံးကလူထုနဲ့ ထိတွေ့ဆက် သွယ်လိုပြီး အမေရိကန်ကို လိုလားထောက်ခံမှုရအောင် ဆောင်ရွက်လို တဲ့ ဟီလာရီကလင်တန်ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။ အလားတူ ဗြိတိန် နိုင်ငံခြားရေးအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ဝီလီယံဟိတ်ဿ် ဟာ သူ့ရဲ့ တွစ်တာကတစ်ဆင့် "နိုင်ငံခြားရေးအတွင်းဝန်နဲ့တွေ့ပါ"(Meet the Foreign Secretary) အစီအစဉ်နဲ့ ပြည်တွင်း၊ ပြည်ပက လူထုတွေ နဲ့ဆက်သွယ်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဦးစားပေးစဉ်းစား မူဝါဒချမှတ်ရမယ့်ကိစ္စတွေအတွက် အကြံပြုချက်၊ ထင်မြင်ချက် စတာ တွေကို တောင်းခံပါတယ်။ လီသူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ပြော ဖူးတာရှိပါတယ်။ ပြည်ပရောက်နိုင်ငံသားတွေနဲ့ ထိတွေ့ဆက်သွယ်ဖို့ အတွက် ဒစ်ဂျစ်တယ်ဒီပလိုမေစီဆိုင်ရာ မဟာဗျူဟာမှာ ဖေ့စ်ဘွတ်ခ်ဟာ ဗျူဟာနံပါတ်တစ် ဖြစ်ပါတယ်တဲ့။ 

သာမန်ပြည်သူလူထုတွေအပြင် ဒစ်ဂျစ်တယ်လောကကို ဖန်တီး ပုံဖော်သူတွေနဲ့ ဆက်ဆံရေးကလည်း ကဏ္ဍသစ်တစ်ရပ်အနေနဲ့ အရေးပါ လာပါတယ်။ ဥပမာ-ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ်တို့လိုအဖွဲ့အစည်းတွေရဲ့ ပရိသတ် ပမာဏနဲ့ လူတွေရဲ့အမြင်တွေအပေါ်မှာ လွှမ်းမိုးနိုင်မှုဟာ သာမန်နိုင်ငံ တစ်နိုင်ငံရဲ့ ဒီပလိုမေစီ ထိုးဖောက်ဝင်ရောက်နိုင်မှုနဲ့ နှိုင်းယှဉ်ကြည့်ဖို့ မဖြစ် နိုင်ပါဘူး။ ဒီလိုနည်းပညာကုမ္ပဏီကြီးတွေရဲ့ သြဇာတိက္ကမဟာ နိုင်ငံတွေ ရဲ့နယ်နိမိတ်တွေကို ကျော်လွန်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီကုမ္ပဏီကြီး တွေဟာ အစိုးရတွေရဲ့ မူဝါဒချမှတ်ရေးအပိုင်းမှာ အထူးသဖြင့် စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒတွေမှာပါ လွှမ်းမိုးအရိပ်ထိုးလာနေပါတယ်။ 

ဒီအချက်ကို ထင်ရှားစေတဲ့ ဥဒါဟရုဏ်ကတော့ ဒိန်းမတ်နိုင်ငံဟာ အမေရိကန်နိုင်ငံက စီလီကွန်တောင်ကြား  (Silicon Valley) နဲ့ ၂၀၁၆ ခုနှစ်မှာ ပထမဦးဆုံး သံတမန်အဆက်အသွယ်ထူထောင်လိုက်တာပါပဲ။  နည်းပညာသံတမန် (Tech Ambassador) အဖြစ် သံတမန်တစ်ဦးဖြစ်တဲ့ ကတ်စပါကလန့်ချ် (Casper Klynge) ကို ပထမဦးဆုံး စတင်ခန့်အပ်ခဲ့ပါ တယ်။ ဒီလိုသံတမန် ခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ဒိန်းမတ်နိုင်ငံခြား ရေးဝန်ကြီးက ဂူးဂဲလ်၊ အိုင်ဘီအမ်၊ ဖေ့စ်ဘွတ်၊ အက်ပဲလ်၊ မိုက်ခရိုဆော့ဖ်  စတဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့  ဓနအင်အားနဲ့ သြဇာသက်ရောက်မှုဟာ  နိုင်ငံအစိုးရတွေရဲ့ သမားရိုးကျသံရုံးတွေထက် သာလွန်နေပြီလို့ ပြောခဲ့ပါ တယ်။ ဥပမာ-ဖေ့စ်ဘွတ်ခ်ရဲ့ စုစုပေါင်း တစ်နှစ်ဝင်ငွေဟာ နိုင်ငံအချို့ရဲ့  စုစုပေါင်းတိုင်းပြည်ဝင်ငွေထက် များနေတဲ့အချက်နဲ့တင် နိုင်ငံခြားရေး ဝန်ကြီးရဲ့စကားအတိမ်အနက်ကို ကောင်းကောင်းမှန်းဆလို့ရနိုင်ပါတယ်။ Business Insider ရဲ့ ၂၀၁၈ ခုနှစ် နှိုင်းယှဉ်ချက်မှာ ဖေ့စ်ဘွတ်ခ်သာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့မယ်ဆို စုစုပေါင်းတိုင်းပြည်ဝင်ငွေအရ ကမ္ဘာ့အဆင့် ၉၀ ဖြစ်နေလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၇ ခုနှစ်မှာ ပြင်သစ် နိုင်ငံကလည်း ဒစ်ဂျစ်တယ်ရေးရာ သံအမတ်ကြီးဆိုတဲ့ရာထူးနဲ့ ဒေးဗစ်မာ တင်နွန် (David Martinon) ကို စီလီကွန်တောင်ကြားမှာပဲ သံအမတ် ခန့်ခဲ့ပြန်ပါတယ်။ ဒါဟာ ဒစ်ဂျစ်တယ် ဒီပလိုမေစီမှာ ပေါ်ပေါက်လာတဲ့ ဆက်ဆံရေးမျက်နှာစာသစ်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းပညာ ဆန်းသစ်လာမှုဟာ အစဉ်အလာဒီပလိုမေစီကို အသွင်သဏ္ဌာန်သာမက အနှစ်သာရပိုင်း မှာပါ ပြောင်းလဲနေပြီပဲ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွေနဲ့ သံရုံး  တွေဟာ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနည်းပညာကိုသုံးပြီး ပြည်တွင်း၊ ပြည်ပက လူပေါင်းများစွာနဲ့ အလွယ်တကူဆက်ဆံနိုင်ပြီး၊ နိုင်ငံချင်းကုန်သွယ်ရေး၊ ချစ်ကြည်ရေး၊ နိုင်ငံတကာ အကျပ်အတည်းတွေကို ဖြေရှင်းရေးတို့ အတွက် ပိုမိုထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ကြပါတယ်။ ဒီနေရာ မှာ ၂၀၁၅-၂၀၁၆ ခုနှစ်တုန်းက ဖြစ်ရပ်တစ်ခုကို သတိရမိပါတယ်။ ဇီကာရောဂါကြောင့် ဘရာဇီးနိုင်ငံရဲ့ ၂၀၁၆ အိုလံပစ်ပွဲကို ရွှေ့ဆိုင်းဖို့ ကျန်းမာရေး ပညာရှင်တွေက ဘရာဇီးအစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ဘရာဇီး အစိုးရဟာ ကိုယ်ပိုင်ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်တွေကနေတစ်ဆင့် ပွဲတော် အတွက် အကောင်းဆုံး ပြင်ဆင်ဆောင်ရွက်နေပုံတွေကို နိုင်ငံတကာကို ဖြန့်ဝေသတင်းပါးခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ ယုံကြည်ကိုးစားမှုရရှိလာပြီး အိုလံပစ်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံအစိုးရချင်း၊ ပြည်သူချင်း၊ အဖွဲ့အစည်းချင်း ချိတ်ဆက်ဆောင်ရွက်မှုမှန်သမျှဟာ အွန်လိုင်းပေါ်ကို တစစရောက်လာနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် ဒီပလိုမေစီဟာ အရင်ကထက် ပိုမိုအရေးပါ၊ ရှေ့တန်းရောက်လာစရာရှိပါ တယ်။ 

သတိပြုရမယ့်အချက်ကလည်း နည်းပညာဟာ နှစ်ဖက်သွားဓားလို အကောင်း၊ အဆိုး ဒွန်တွဲနေတတ်တာပဲ ဖြစ်ပါတယ်။ ဥပမာ-ဝီကီလိခ် ကတစ်ဆင့် နိုင်ငံအစိုးရတွေနဲ့ သံတမန်တွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ  ပေါက်ကြားတဲ့ကိစ္စ၊ တစ်ဖက်နိုင်ငံရဲ့ ရပ်တည်ချက်၊ ပုံရိပ်ကျဆင်းစေဖို့ ရည်ရွယ်ချက်ရှိရှိ သတင်းမှားဖြန့်ချိတဲ့ကိစ္စ၊ ဆိုက်ဘာတိုက်ခိုက်မှု စတဲ့ နိုင်ငံ အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေကြားမှာ အပြန်အလှန် စွပ်စွဲပြစ်တင်၊ အမုန်း ပွားစရာဖြစ်မယ့်ကိစ္စတွေလည်း ရှိနေပါတယ်။ ဒီကိစ္စတွေဟာ ဒစ်ဂျစ်တယ် နည်းပညာကြောင့် ပေါ်လာရတဲ့ စိန်ခေါ်မှုအသစ်တွေပဲဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနတွေနဲ့ သံရုံးတွေ လျစ်လျူရှုထားလို့မရနိုင်ပါဘူး။ လတ်တလော ပညာရှင်တွေ ပြောဆိုနေကြတာမှာလည်း ကမ္ဘာမှာ ဒစ်ဂျစ်တယ်နည်းပညာ အပေါ်မှာမူတည်ပြီး အကျိုးကျေးဇူး ခံစားရတဲ့လူ့အဖွဲ့အစည်းနဲ့ အကျိုး ကျေးဇူးမခံစားရတဲ့ လူ့အဖွဲ့အစည်း၊ အသိပညာအခြေခံတဲ့ လူတန်းစားနဲ့ အသိပညာအခြေမခံတဲ့ လူတန်းစား ဆိုပြီးကွဲပြားလာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် အရင်က နိုင်ငံတစ်နိုင်ငံရဲ့ ပထမဆုံးခံစစ်စည်းလို့ တင်စားခံခဲ့ရတဲ့ ဒီပလိုမေစီဟာ အခုအချိန်မှာလည်း ပထမဆုံးခံစစ်စည်းအဖြစ် ဆက်ရှိ နေဆဲပါပဲ။ ဒါပေမဲ့ ခံစစ်စည်းဟာ ပြင်ပလောကမှာတင် မဟုတ်တော့ဘဲ ပုံရိပ်ယောင် ဒစ်ဂျစ်တယ်လောကအထိပါ နယ်ပယ်ကျယ်ပြန့်လာနေပါ တော့တယ်။

နေလင်းဦး

ကိုးကား - Atin Prabandari and Viyasa Rahyaputra (January, 2018). What is digital diplomacy and why Indonesia should embrace it? https://theconversation.com/what-is-digital-diplomacy-and-why-indonesia-should-embrace-it-89327