News

POST TYPE

PERSPECTIVE

ကျွန်တော်နားလည်သော သမိုင်းမှတ်တမ်းအမှန်များ
10-Aug-2020


၈၈ အရေးအခင်းကြီး နှစ်ပတ်လည်သည့် သြဂုတ်လ ၈ ရက်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၃၂ နှစ်က သမိုင်းဝင်ပုံရိပ်တွေကို ဆိုရှယ် မီဒီယာပေါ်မှာ အတော်များများ Share ခဲ့ကြပါသည်။ မြန်မာ့နိုင်ငံရေးကိုစိတ်ဝင်စားသူတွေအများစု၏ Wall ပေါ်မှာ ရှစ်လေးလုံးနှင့် ပတ်သက်သည့် အကြောင်းအရာများကို တွေ့ရပါသည်။ ဂျပန်သတင်းဌာနတစ်ခုက ရိုက်ကူးထားသည့် ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ ဗီဒီယိုဖိုင်တစ်ခုလည်းပါသည်။ 

'နောင် ဆူဆူပူပူလုပ်မယ်ဆိုရင် မလွယ်ဘူးသာမှတ်။ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်မပစ်ဘူး'

အာဏာရှင်စနစ်ကို မဖုံးမကွယ်အတိုင်းသာမြင်ရသည့် စကားတစ်ခွန်းပင်။ ယခုအခါ Youtube အပါအဝင် ဆိုရှယ်မီဒီယာပေါ်၌ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ကြပြီဖြစ်၍ ယင်းဗီဒီယိုဖိုင်အကြောင်း အထွေအထူး ရှင်းပြနေစရာမလိုတော့ဟု ထင်ပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ ဗီဒီယိုဖိုင်နှင့်အတူ ၈၈ သမိုင်းပုံရိပ်များကို မြင်တွေ့နိုင်သည့် အခြားဗီဒီယိုဖိုင်များလည်း တွေ့ရသည်။ အစိုးရဝန်ကြီးဌာနအလိုက် ဝန်ထမ်းတွေ၊ အမှုထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ဒီမိုကရေစီအရေးတော်ပုံတွင် ချီတက်ဆန္ဒပြမှုများပါဝင်သည့် မှတ်တမ်းများလည်းပါသည်။ နှစ်ပေါင်း ၂၆ နှစ်လောက်အတွင်း ဘယ်မှမရောက်၊ ဘာစီးပွားရေးဖွံ့ဖြိုးမှုတစ်ခုတလေမျှ မဖန်တီးပေးနိုင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ်ကြီးကို တစ်တိုင်းပြည်လုံး ဆန့်ကျင်ဆန္ဒပြသည့် နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုပင်။ 

နောက်ဗီဒီယိုဖိုင်တစ်ခုမှာ ဖွင့်လိုက်သည်နှင့် ကြက်သီးထစရာကောင်းလှသည့် စာသားများဖြင့်စလိုက်သော သီချင်းတစ်ပုဒ်ကိုကြားရ ပါသည်။ 

'ကမ္ဘာမကျေဘူး' ဆိုသည့်သီချင်း။

တေးရေးဆရာ (ကို)နိုင်မြန်မာ၏ စာသားများကား ဆိုးရွားခါးသီးလှသည့် ခေတ်စနစ်တစ်ခုအပေါ် ပြည်သူလူထု၏ မုန်းတီးမှုကို အပြည့်အဝဖော်ကျူးနိုင်သည်။ မူရင်းသီချင်းမှာ အမေရိကန်ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သော Kansas အဖွဲ့က ၁၉၇၇ ခုနှစ်တွင် ရေးစပ်သီဆိုခဲ့သောသီချင်းဖြစ်သည်။ 'Dust in the Wind'ဟု အမည်ရသည်။ 

အမှန်တိုင်းပြောရလျှင် ကျွန်တော်က အဲသည်သီချင်းကို ဂျာမန်ရော့ခ်ဂီတအဖွဲ့ The Scorpions တို့ဆိုသည်ဟုပင် သိထားသည်။ တေးရေး နိုင်မြန်မာနှင့် အင်တာဗျူးတစ်ခုကို မြင်တွေ့ပြီးနောက် Google တွင် သေသေချာချာ စပ်စပ်စုစုရှာကြည့်တော့မှ Kansas  အဖွဲ့သီဆိုထားမှန်း သိလိုက်ရခြင်းဖြစ်ပါသည်။ လွန်ခဲ့သည့် ၂၅ နှစ်လောက်ကမူ အဆိုပါ 'ကမ္ဘာမကျေဘူး' ဆိုသည့် အဆိုပါသီချင်းကို လက်ဖက်ရည်ဆိုင်များတွင်ဖွင့်ရန်၊ ယင်းသို့ အင်တာဗျူးလုပ်ရန်နေနေသာသာ၊ အိမ်ထဲတွင်ပင် ခပ်ကျယ်ကျယ်မဖွင့်ရဲခဲ့ကြပေ။ ဘီဘီစီမြန်မာ့အသံပိုင်း၏ ထုတ်လွှင့်တင်ဆက်မှုအချို့တွင်တော့ ကြိုးကြားကြိုးကြား ကြားခဲ့ရလေသည်။ 

ယခုတော့ ထိုသီချင်းသည် မြန်မာ့ဒီမိုကရေစီသမိုင်းတွင် ဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်လာပြီဟု ကျွန်တော်ထင်ပါသည်။ 

"ဒီစနစ်နဲ့ ဒီဝါဒကို တော်တော်ရွံမုန်းတဲ့စိတ်တွေ ကျွန်တော်တို့ ရင်ဘတ်ထဲမှာဖြစ်ခဲ့တာ။ ကိုယ်ရွံမုန်းတဲ့၊ ကိုယ်မနှစ်မြို့တဲ့အရာကို ဖယ်ရှားပစ် လိုတဲ့ဆန္ဒကနေ ဒီသီချင်းဖြစ်လာတာပဲ"ဟု အဆိုပါအင်တာဗျူးတွင် (ကို)နိုင်မြန်မာက ရှင်းပြပါသည်။ 

'၈၈ နဲ့ပတ်သက်တာတွေက ဒီလောက်ပဲလား' 
'မဟုတ်သေး၊ မကုန်နိုင်သေး၊ အများကြီးကျန်နေသေး'ဟု သာ ပြောရမည်ဟု ကျွန်တော်ထင်သည်။ 

ပြည်ပနိုင်ငံတွေမှာ၊ အထူးသဖြင့် အနောက်ဥရောပနိုင်ငံများတွင် သူတို့တိုင်းပြည်များ၏ အထင်ကရဖြစ်သော သမိုင်းကြောင်းများကို ပုံစံ အမျိုးမျိုးဖြင့် မှတ်တမ်းတင်ထားတတ်ကြသည်။ အချို့က အထိမ်းအမှတ်နေရာ၊ အချို့ပြတိုက်စသည်ဖြင့်။ ဥပမာ-ဘာလင်မြို့က နိုင်ငံခြားသံရုံးများရှိသည့် မြို့နယ်တစ်ခုတွင် ဒုတိယကမ္ဘာစစ်အတွင်း နာဇီစနစ်၏ သားကောင် ဖြစ်ခဲ့ရသော သန်းနှင့်ချီသည့် ဂျူးလူမျိုးများအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် အုတ်ဂူများသဖွယ် အထိမ်းအမှတ်များရှိသည်။ ယင်းအုတ်ဂူ တွေအောက်ဘက်တွင် ပြတိုက်ရှိသည်။ ရောက်ဖူးသူများ သိကြပါလိမ့်မည်။ 

ဂျပန်တွင်မူ ဟီရိုရှီးမားနှင့် နာကာဆာကီတို့၏ အဏုမြူဗုံးဒဏ်ခံခဲ့ရမှုအတွက် အထိမ်းအမှတ်နေရာများ အထင်ကရရှိပေသည်။ ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက်သော ပြတိုက်နှင့် အထိမ်းအမှတ်နေရာများပင်။ သို့မှသာ နှောင်းလူမျိုးဆက်သစ်တို့အနေနှင့် ရှေးလူတွေ ဘာတွေလုပ်ခဲ့ကြသည်၊ ဘယ်လိုတွေမှားခဲ့ကြသည်၊ ဘာတွေစတေးခဲ့ကြသည်ကို သိရှိနားလည်ပြီး သမိုင်းသင်ခန်းစာကောင်းများကို ရယူကာ အနာဂတ်တွင် ရှေးတုန်းကလို အမှားမျိုး ထပ်မမှားအောင် ပြုမူနေထိုင်တတ်ကြမည်ဟု ကျွန်တော်ယုံကြည်သည်။ 

'ကျွန်တော်တို့ရော ၈၈ ပြတိုက်တို့ ဘာတို့ မလုပ်သင့်ဘူးလော'

ကြိုးပမ်းခဲ့ဖူးတာတော့ ရှိပါသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့တို့ စီစဉ်ခဲ့ကြဖူးပါသည်။ ထိုစဉ်က အဲသည်သတင်းကြားရတော့ ကျွန်တော်အတော့်ကို သဘောကျခဲ့မိသည်။ 

'ဗိုလ်ချုပ်ရုပ်ရှင်လည်းရိုက်နေပြီ၊ ဟောနောက်ပြီး ရှစ်လေးလုံး ပြတိုက်လည်း ပေါ်လာဦးမယ်။ ဘယ်ဆိုးလို့လဲ'ဟု ဆိုသည့် အတွေးဝင်ခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းမှာ နေရာရွေးချယ်ရာတွင် အခက်အခဲတွေရှိသောကြောင့် ပြတိုက်ကိစ္စမှာ အကောင်အထည်ပေါ်မလာတော့ဟု ကြားသိရပါသည်။ အတော့်ကို စိတ်ပျက်မိပါသည်။ ကျွန်တော်ကတော့ နေရာကိစ္စတစ်ခုတည်းဟု မထင်ပေ။ အခြားအကြောင်းအရာတွေအများကြီးရှိနေနိုင်သေးသည်ဟု ထင်သည်။ 

ကျွန်တော်သည် ရုပ်ရှင်ပညာရပ်နှင့်ပတ်သက်ပြီး ဘာတစ်လုံးမှ နားလည်သူမဟုတ်ပေ။ သို့သော် ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုတော့ အခြားသူတွေကဲ့သို့ပင် နှစ်နှစ်ခြိုက်ခြိုက်ရှိသူတစ်ဦးဖြစ်သည်။ ဇာတ်ကားတစ်ကားကြည့်ပြီး အကြိုက်ချင်းတူသူ၊ မကြိုက်တာချင်းတူသူတစ်ဦးဦး နှင့်တွေ့လျှင် ဇာတ်လမ်းဇာတ်ကွက်တွေ ဝေဖန်ပြောဆို၍မဆုံးပေ။ ကိုယ်ကြိုက်သည့်ဇာတ်ကားဆိုလျှင် လေးငါးခါမက ပြန်ကြည့်ဖြစ်သည်။ အင်တာနက်နှင့် အိုင်တီနည်းပညာ၏ ကျေးဇူးကြောင့် ကိုယ်ကြိုက်သည့် ဇာတ်ကားတွေအားလုံးနီးပါးကို အချိန်မရွေးပြန်ကြည့်နိုင်၊ သိမ်းထားနိုင်ခွင့်ရှိလာသည်ကိုလည်း များစွာကျေနပ်မိပါ၏။ 

ယခု ရိုက်ကူးနေဆဲဖြစ်သည့် ဗိုလ်ချုပ်ရုပ်ရှင်ကြည့်ချင်သည့်စိတ် ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ၂၀၁၁ ခုနှစ်ကတည်းက စတင်စီစဉ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီး။ စီစဉ်ရိုက်ကူးနေတာလည်းကြာပြီ၊ ပြီးစီးလုနီး လောက်လည်းရှိပြီဆိုတော့ ပို၍ပင်ကြည့်ချင်နေမိသည်။ သို့သော်လည်း တစ်ဖက်တွင် အလွဲလွဲအချော်ချော်တွေမြင်လာရမှဖြင့်၊ ဒိုင်ယာလော့ခ်အမှားတွေပါလာမှဖြင့် ဒုက္ခဆိုသည့် စိုးရိမ်ပူပန်မှုလည်း ရှိနေပါသည်။ မီရှဲလ်ယိုး ပါဝင်သရုပ်ဆောင်ထားသည့် 'The Lady' ဇာတ်ကားဆိုလျှင် အလွဲလွဲအချော်ချော်တွေ အတော့်ကိုများပါသည်။ ပရိသတ်ချီးမွမ်းစရာထက် ပြောဆိုဝေဖန်စရာတွေက ပိုများခဲ့သည်။ 

ဖြစ်ရပ်မှန်တို့၊ သမိုင်းမှတ်တမ်းတို့ကို အခြေခံကာ ဇာတ်ကားရိုက်ကူးသည့်ကိစ္စမှာ အတော့်ကိုအန္တရာယ်များနိုင်ပါသည်။ သမိုင်းဆိုတာ Argument အငြင်းအခုံတစ်ခုဟု အချို့ကအဓိပ္ပာယ်ဖွင့်သည်။ ငြင်းခုံစရာဆိုကတည်းက ပြဿနာက ရှိနှင့်နေပြီဖြစ်သည်။ သို့အတွက်ကြောင့် အဲသည့်သမိုင်းဇာတ်ကားတွေ ရိုက်ကူးတော့မည်ဆိုပါက သမိုင်းထဲက နိုင်ငံရေးပြဿနာတွေကို ကျေကျေညက်ညက် ရှိထားရန်လည်း လွန်စွာအရေးကြီးသည်ဟု ထင်သည်။ သမိုင်းထဲက နိုင်ငံရေးပြဿနာတွေကို နားမလည်ဘဲ အချက်အလက်တစ်ခု နှစ်ခုအပေါ်သာအခြေခံပြီး ရိုက်ကူးမိပါက မိမိ၏ဆိုလိုရင်း ပြောင်းပြန်ဖြစ်နိုင်ရုံမျှမက မိမိလေးစားသည့် သမိုင်း ဝင်ပုဂ္ဂိုလ်များ ဂုဏ်သိက္ခာကျဆင်းရသည်အထိ ဖြစ်သွားနိုင်ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က အဆိုတော်တစ်ဦးရိုက်ကူးသည့် ဗီဒီယိုသီချင်း တစ်ပုဒ်ကြောင့် ပြည်သူများအကြား အုန်းအုန်းကျွက်ကျွက်ဖြစ်သွားသည့် ကိစ္စမှာ သင်ခန်းစာ အမြောက်အမြားရယူနိုင်သောကိစ္စဟု ကျွန်တော်ထင်ပါသည်။ ထားပါတော့။

သမိုင်းမှတ်တမ်းတင်သည့်၊ သမိုင်းရေးသည့်ကိစ္စသည် နိုင်ငံတစ်နိုင်ငံနှင့် လူ့အဖွဲ့အစည်းကြီးတစ်ခုအတွက် အလွန်တရာအရေးပါသည့် ကိစ္စဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်သိသလောက် ကျွန်တော်တို့ မျိုးဆက်အပါအဝင် မျိုးဆက်အများစုသည် မြန်မာ့နိုင်ငံရေး၏ စစ်မှန်သော သမိုင်းကြောင်းအားလုံးကို လေ့လာသင်ယူခွင့် အပြည့်အဝမရှိခဲ့ကြပေ။ ခေတ်အဆက်ဆက် ထိမ်ချန်ထားသောသမိုင်းကြောင်းများ၊ ဘုန်းတော်ဘွဲ့များဖြင့်သာ ကြီးပြင်းလာကြရသူက များပါသည်။ ဥပမာ- ၈၈ သမိုင်း နှင့်ပတ်သက်လျှင် ယနေ့ခေတ် အသက် ၄၀ နီးပါး လူလတ်ပိုင်းများအပါ အဝင် လူငယ်အတော်များများမှာ ဂဃနဏမသိကြသည်ကများသည်။ ၈၈ ကာလကိုဖြတ်သန်းဖူးသလို စာအုပ်များလည်း ရေးသားမှတ်တမ်းတင် ပေးခဲ့ကြသည့် စာအုပ်အချို့ကို လေ့လာမှအနည်းငယ်သိရှိနားလည်လာ ကြခြင်းဖြစ်ပေသည်။ အချို့သမိုင်းကြောင်းများမှာမူ လူကြီးမိဘများ၏ တစ်ဆင့်စကားမျှဖြင့်ကြားရသည်ဖြစ်ရာ ပါးစပ်ရာဇဝင်ဆန်ဆန်တွေဖြစ်နေပေသည်။  

'သမိုင်းရေးသားခြင်း(သမိုင်းမှတ်တမ်းတင်ခြင်း)၊ ရေးသားထားတဲ့ သမိုင်းတွေကို လေ့လာခြင်းဆိုတဲ့ Histo-riography ဆိုတာကို စိတ်ဝင်စားသင့်တယ်။ ဘာဖြစ်လို့လဲသိလား။ မြန်မာနိုင်ငံမှာ ကမ္ဘာကသိတဲ့ (ကမ္ဘာ့အဆင့်ဝင်တဲ့)သမိုင်းပညာရှင်တွေ အရမ်းကိုနည်းလာပြီ'ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ရင်လှိုင်က ကျွန်တော့်ကိုပြောဖူးပါသည်။ ပြီးခဲ့သည့် ၂၀ဝ၇ ခုနှစ်က လူမှုရေးသိပ္ပံနှင့်ပတ်သက်သော သုံးလသင်တန်းတစ်ခုတက်ရောက်ခဲ့စဉ် စာသင်ခန်းထဲမှာ သူက ပြောခဲ့ဖူးခြင်းဖြစ်သည်။  

"Anthropology ဘာသာရပ်နဲ့ကမ္ဘာသိတဲ့မြန်မာ့ပညာရှင်ဆို လုံးဝကိုမရှိဘူး"
"ဟုတ်လားဆရာ"
"အင်း။ အဲဒီ Anthropology လေ့လာချင်ရင်၊ စိတ်ဝင်စားရင်ပြော။Ph.D ဘွဲ့ရတဲ့အထိ ကျွန်တော်ကိုယ်တိုင် ပံ့ပိုးပေးမယ်"

အင်မတန် စိတ်မကောင်းဖြစ်စရာပင်။ ခေတ်စနစ်ဆိုးများကြောင့် ကျွန်တော်တို့တိုင်းပြည်တွင် စစ်ဗိုလ်၊ ဆရာဝန်၊ အင်ဂျင်နီယာတို့သည်သာ  ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်သာမက လူအများစု၏ မော့ကြည့်ခြင်း၊ အလေးပေးခြင်းခံရသည်။ ကျွန်တော့်ကို ၁၀ တန်းတုန်းက ပညာအခမဲ့ ဒါနပြုသည့်အနေနှင့် ကျူရှင်သင်ပေးခဲ့ဖူးသော ဆရာတစ်ဦးဆိုလျှင် 'မင်းတို့တွေ MC ဒါမှမဟုတ် RIT ဝင်မှဖြစ်မယ်၊ မဟုတ်ရင်တော့ Dust Bin ထဲရောက်ပြီသာမှတ်တော့' ဟုပင် သတိပေးခဲ့ဖူးသည်။ တပည့်တွေကို လူအများစု အလေးပေးမော့ကြည့်ခံစေလိုသော စေတနာဖြင့်သတိပေးပြောဆိုခဲ့သည့်စကားဟုပင် ကျွန်တော်မှတ်ယူမိပါသည်။ ဟုတ်လည်းဟုတ်ပါသည်။ ခေတ်စနစ်ဆိုး၏ သားကောင်များထဲတွင် ကျွန်တော်တို့မျိုးဆက်ပါသွားပြီးဖြစ်သည်။ သမိုင်းဘာသာကဲ့သို့သော မေဂျာများဟူသည် တိုင်းပြည်အတွက် လူ့အဖွဲ့အစည်းအတွက် ဘာမှအသုံးမဝင်သည့် ဘာသာရပ်အဖြစ် သတ်မှတ်ခံရသည့်ခေတ်စနစ်ဖြစ်သည်။ တစ်ချိန်က တက်ကျမ်းစာအုပ်တွေဖတ်ဖြစ်ခဲ့ချိန်က Self-Confidence ဆိုသော မိမိကိုယ်ကိုယ် မိမိယုံကြည်စိတ်ချမှုအကြောင်းဖတ်ဖြစ်တော့ 'မြန်မာ့လူ့အဖွဲ့အစည်းမှာ Self-Confidence အများဆုံးက စစ်ဗိုလ်တွေဖြစ်မယ်။ ပြီးရင် ဆရာဝန် တွေဖြစ်လိမ့်မယ်'ဟုပင် ကျွန်တော်တွေးခဲ့ဖူးသည်။ 

ရှစ်လေးလုံးသမိုင်းကြောင်းကဲ့သို့သော အရေးကြီးသည့် သမိုင်းကြောင်းများ မှတ်တမ်းတင်သည့်ကိစ္စမျိုးတွင် သမိုင်းရေးသားမည့်သူများ ကို အစိုးရဘက်က အများကြီးပံ့ပိုးပေးရန် လိုမည်ဟုထင်ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ တက္ကသိုလ်အသီးသီးတွင် သမိုင်းပညာရပ်ကို လေ့လာသင်ယူနေသူ ကျောင်းသားများနှင့် သမိုင်းပညာဌာန ပါမောက္ခများနှင့် ကထိကတို့ကလည်း ၈၈ သမိုင်းကြောင်းကို Academic ရှုထောင့်မှကြည့်ကာ ရေးသားပြုစုမှုများ ပြုလုပ်သင့်သည်ဟု ထင်ပါသည်။ ၈၈ နည်းတူ အခြား အထင်ကရသမိုင်းကြောင်းများကိုပါ လေ့လာမှတ်တမ်းတင်ကြရန် ကြိုးပမ်းသင့်ပါသည်။ 

တကယ်တမ်း အမှန်အတိုင်းဝန်ခံရလျှင် ရှစ်လေးလုံးအထိမ်းအမှတ်တို့ ဘာတို့လုပ်ခဲ့သည့်ကိစ္စကို လွန်ခဲ့သည့်နှစ်များက အထူးတလည် စိတ်ဝင်စားခဲ့ခြင်းမရှိပေ။ 

"ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ရောက်နေပြီပဲ။ မဲပေးပြီးရွေးလို့ရတဲ့ခေတ်ပဲ"ဆိုသည့်အတွေး ဝင်နေခဲ့ပါသည်။ နောက်ပြီး အာဃာတတရားတွေပြန်ဖော်နေသလိုဖြစ်ပြီး နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးဘက်မှာ ထိခိုက်နစ်နာမည်ကိုလည်း စိုးရိမ်မိသည်။ သို့ပေမယ့် နောက်ပိုင်းတွင် ယင်းအတွေးသည် များစွာယုတ္တိမရှိသည်ကို သဘောပေါက်လာမိသည်။ အကြောင်းမှာ ကျွန်တော်တို့သည် တို့တာဝန် အရေးသုံးပါးလောက်ကိုသာ နားထဲစွဲနေခဲ့သော မျိုးဆက်ဖြစ်ရာ သမိုင်း မှတ်တမ်းအမှန်တွေပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီရှင်သန်ရေးတို့လောက်ကိုသာ စိတ်ထဲထည့်ရုံဖြင့်မပြီးသေးဘဲ စက်ဆုပ်ရွံမုန်းစရာကောင်းသည့် စနစ်ဆိုးကြီးကိုလည်း အမြဲပင်တစေဆန့်ကျင်သည့်စိတ်မွေးထားရန် လိုအပ်မည်ဟု ယုံကြည်၍ပင်။    

ချွန်ထူးဟန်