News

POST TYPE

PERSPECTIVE

အလဟဿ နှစ်ကာလများ
10-Aug-2020


၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် စတင်ထူထောင်ခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ၂၆ နှစ်အကြာ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် လုံးဝပြိုကွဲပျက်စီးသွားခဲ့သည်။ ၂၆ နှစ်တာကာလအတွင်း တစ်ခုတည်းသောပါတီ၏ ဦးဆောင်မှုဖြင့် အလုပ်သမား၊ လယ်သမား အခြေခံလူတန်းစားတို့၏ အကျိုးစီးပွားကို ရည်စူးလျက် 'ဆိုရှယ်လစ်စနစ်' 'ဆိုရှယ် လစ်လူ့ဘောင်' ကို တည်ဆောက်ခဲ့ရာတွင် နိုင်ငံသည် ဖွတ်ကျောပြာစု ခရုဆံချွတ် လူနေမှုအနိမ့်ကျဆုံး အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ်သို့ ရောက် ရှိသွားခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဆိုရှယ်လစ်လူ့ဘောင်ဆိုသည်မှာ ခွင့်တူညီမျှ ဘဝအားလုံး စိုပြည်ချမ်းမြေ့ရမည့်အစား ဆင်းရဲတွင်းလူ့ဘောင်သို့သာ သက်ဆင်းသွားခဲ့သည့်အတွက် ထိုပါတီ ဗုန်းဗုန်းလဲ ပျက်သုဉ်းသွားရခြင်းမှာ မဆန်းဟုဆိုနိုင်သည်။ ပါတီသည် စုစုပေါင်း ၂၆ နှစ် သက်တမ်းရှည်ခဲ့ပြီး နိဋ္ဌိတံသွားခဲ့သည်။ 

၁၉၈၈ ခုနှစ်ကို စမှတ်ထား၍ သမိုင်းကို နောက်ပြန်လှည့်ကြည့်လိုက်လျှင် စစ်အေးခေတ်၏ အသီးအပွင့်ဟု ဆိုရမည့် မဆလပါတီသည် အစောဆုံး ဗုန်းဗုန်းလဲခဲ့သည့် ပါတီဟုဆိုရမည်။ ၁၉၈၉ တွင် ဆိုဗီယက်နှင့် အရှေ့ ဥရောပနိုင်ငံများ၏ ကွန်မြူနစ်ပါတီများ စတင်ပြိုလဲလာသည်။ ၁၉၈၉ နိုဝင်ဘာတွင် ဘာလင်တံတိုင်းပြိုလဲသွားပြီး အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပြန်လည် ပေါင်းစည်းသွားသည်။ ပိုလန်၊ ချက်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ အရှေ့ဥရောပကွန်မြူနစ်ပါတီများ ကျဆုံးသည်။ ၁၉၁၂ တွင် လီနင် စတင်ထူထောင်ခဲ့သည့် ဆိုဗီယက်ကွန်မြူနစ်ပါတီသည် ၁၉၉၁ ခုနှစ်တွင် လုံးဝပြိုကွဲသွားသည်။ ဆိုဗီယက်အင်ပါယာအောက်မှ ယူကရိန်း၊ ဂျော်ဂျီယာ၊ လစ်သူယေးနီးယား၊ လတ်ဗီးယား အစရှိသည့် နိုင်ငံသစ်များစွာ ထွက်ပေါ်ခဲ့သည်။ အလားတူ ယူဂိုဆလားဗီးယား ဆိုရှယ်လစ်နိုင်ငံသည်လည်း ဆားဗီးယား၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ ဘော့စနီးယား နိုင်ငံသစ်များအဖြစ် ခွဲဖြာထွက်သွားသည်။ 

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့ တိန်အင်မင်း ရင်ပြင်တွင် တရုတ်ကျောင်းသားများ၏ ဒီမိုကရေစီအရေး ဆန္ဒပြပွဲကို တရုတ်အစိုးရက ရက်စက်စွာ နှိပ်ကွပ်ပြီးနောက်ပိုင်း ဆက်ခံသော တရုတ်ခေါင်းဆောင်များသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အဓိကအာရုံစိုက်ခဲ့ကြသည်။ ကမ္ဘာကြီးတွင် ဆိုရှယ်လစ်ဝါဒကျဆုံးသွားပြီး 'ဈေးကွက်စီးပွားရေးစနစ်' သည် ခေတ်စားလာခဲ့သည်။ ကွန်မြူနစ်ကမ္ဘာကို လှမ်းမျှော်ကြည့်လိုက်လျှင် စစ်အေးခေတ်ကတည်းက ကွဲသွားသော တောင်နှင့်မြောက် ကိုရီးယားက အကွဲအတိုင်း ယခုအထိကျန်နေပြီး မြောက်ဗီယက်နမ်နှင့် တောင်ဗီယက်နမ်တို့ ပြန်လည်ပေါင်းစည်းသွားသည်။ ဗီယက်နမ်ကွန်မြူနစ်တပ်များက မြို့တော်ဆိုင်ဂုံကို သိမ်းပိုက်ပြီးနောက် ကွန်မြူနစ်တစ်နိုင်ငံ တည်းအဖြစ် ပေါင်းစည်းသွားသည်။ 

အရှေ့တောင်အာရှတွင် ယခုချိန်ထိ ကွန်မြူနစ်ပါတီဦးဆောင်သော နှစ်နိုင်ငံ ကျန်နေရစ်သည်။ လာအိုနှင့်ဗီယက်နမ်။ ၁၉၈၈ နောက်ပိုင်းနှစ်များကို ပြန်ပြောင်းကြည့်သောအခါ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုချိုင်းနား သုံးနိုင်ငံစလုံး စစ်ပြာပုံအောက်က ရုန်းထွက်နေရဆဲ နိုင်ငံများဖြစ်သည်။ မြန်မာက လာအိုကို ဆန်၊ ဆား ရိက္ခာတွေ ထောက်ပံ့ပေးရသည်။ ဗီယက်နမ်ကွန်မြူနစ်ပါတီသည် စစ်ဒဏ်မှ ရုန်းမထွက်နိုင်သေး။ ကမ္ဘောဒီးယားပြည်တွင်းစစ် မပြီးသေးသော်လည်း ဗီယက်နမ်ကျောထောက် နောက်ခံနှင့် ဟွန်ဆန် အာဏာရယူထားပြီ။ ၁၉၉၀ ပြည့်လွန်နှစ်များကျမှ ကမ္ဘောဒီးယားပြည်တွင်စစ် ငြိမ်သက်သွားသည်။ ထိုအခိုက် အိမ်နီးချင်းနိုင်ငံများ၏ အကျပ်အတည်းကို အခွင့်ကောင်းရယူခဲ့သည့် အနောက်အုပ်စု ကျောထောက်နောက်ခံ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်တို့က အရှေ့တောင်အာရှမှာ အဆင်ပြေပြေ ချောင်ချောင်လည်လည်လေး ရပ်တည်နိုင်ခဲ့သည်။ 

ကမ္ဘာကြီးက ၁၉၈၈ နောက်ပိုင်းကစပြီး တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ ပါတီတစ်ခုတည်းက ဦးဆောင်သည့် ကွန်မြူနစ်နိုင်ငံများ (အထူးသဖြင့် တရုတ်၊ ဗီယက်နမ်)တို့ စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံး လာခဲ့ကြသည်။ ဆိုဗီယက်မှ ခွဲထွက်လာသော နိုင်ငံသစ်များ၊ အရှေ့အုပ်စု  နိုင်ငံများမှာ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားလာသည်။ ကမ္ဘာကြီးက ထိုသို့ပြောင်းလဲနေစဉ် ပြိုလဲသွားသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစား စစ်ဗိုလ်ချုပ်များက မြန်မာ့နိုင်ငံရေးကို ဦးဆောင်ခဲ့ပြီး ဆေးမြီးတို စီးပွားရေးစနစ် ကျင့်သုံးခဲ့သည်။ 

ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့ခြင်းကြောင့် အနောက်အုပ်စုနှင့် ၂၆ နှစ် ကင်းကွာပြတ်တောက်ပြီး ဆင်းရဲတွင်းနွံထဲသက်ဆင်းခဲ့ရသည့် နိုင်ငံသည် စစ်ဗိုလ်ချုပ်များ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နောက်ထပ်နှစ်ပေါင်း ၂၀ ကျော် ဖယ်ကြဉ်ခံရပြန်သည်။ ထိုနှစ် ၂၀ကျော် အတွင်း အိမ်နီးချင်းကွန်မြူနစ်နိုင်ငံများ ထူထူထောင်ထောင် ဖြစ်သွားသည်။ အထူးသဖြင့် တရုတ်ဖြစ်သည်။ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ တရုတ်နိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲမှုက ယနေ့တရုတ်ပြည်၏ အင်အားကြီးမားလာမှု သော့ချက်ဖြစ်သည်။ ၁၉၈၈ မှ ၂၀၁၀ အထိ ၂၂ နှစ်ကြာ စစ်အစိုးရ အုပ်ချုပ်မှုအောက် မြန်မာ့နိုင်ငံရေး ဝရုန်းသုန်းကားဖြစ်နေချိန်၊ စစ်အာဏာရှင်များက နိုင်ငံသယံဇာတများ အလွဲသုံးစားပြုကောင်းနေချိန် တရုတ်၊ ဗီယက်နမ် အစရှိသည့် ကွန်မြူနစ်နိုင်ငံတွေ စီးပွားရေးလမ်းကြောင်း မှန်ပေါ် ရောက်သွားကြသည်။ အလွန်နှမြောစရာကောင်းလှသည့် အချိန်တွေဟု ဆိုရမည်။ 

နှစ်ပေါင်း ၃၀ ကျော်အတွင်း ကမ္ဘာကြီးသည် ပုံသဏ္ဌာန်သစ်တစ်ခုဆီ ရွေ့သွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးက စတင်သော 'စစ်အေး' (Cold War) မှာ မြန်မာက ကြားနေခဲ့သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းအစိုးရက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင်သောအခါ ဘက်မလိုက်ဝါဒ ဟုဆိုသော်လည်း လက်ဝဲဘက်သို့ ယိမ်းသွားသည်။ Burma Way to Socialism ဖြစ်သောကြောင့် ဆိုဗီယက်လည်းမဟုတ်၊ တရုတ်လည်းမဟုတ်။ ဟိုမရောက် ဒီမရောက်။ တစ်ပါတီစနစ်အောက်မှာ တိုင်းပြည် နစ်နာခဲ့သည်။လက်ဝဲတစ်ပါတီဆိုရှယ်လစ်စီးပွားရေးပုံစံများ တစ်ကမ္ဘာလုံး ကျဆုံးလာသောအခါ မြန်မာက ရှေ့ဆုံးကပါလာသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုသည် စီးပွားရေးကျပ်တည်းမှုနှင့်အတူ ပေါ်ပေါက်လာသော အုပ်ချုပ်သူများအပေါ် ဒေါသပေါက်ကွဲထွက်လာသည့် အုံကြွမှုကြီးတစ်ခုဖြစ်သည်။ ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် ကမ္ဘာတွင် အစောဆုံး ကြွေလွင့်ခဲ့သည့် လက်ဝဲအုပ်စုဝင်ပါတီတစ်ခု ဖြစ်ခဲ့သည်။ 

စစ်အေးခေတ်ကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ၁၉၉၀ မှ စတင်ရေတွက်လျှင် နှစ်ပေါင်း ၃၀။ သို့သော် ယခုနှစ်များအတွင်း စစ်အေးသဏ္ဌာန်တူ အင်အားလွန်ဆွဲပွဲတစ်ခု စတင်ပေါ်ပေါက်လာသည်။ တရုတ်နှင့် အနောက်အုပ်စုအကြား အင်အားလွန်ဆွဲပွဲ။ စစ်အေးခေတ်တုန်းကလို အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုးတော့မဟုတ်။ တရုတ်ဘက်တွင် စစ်အေးခေတ်ကတည်းက အုပ်စုတူဖြစ်ခဲ့သည့် ရုရှားပါဝင်သော်လည်း ယခုစစ်အေးသဏ္ဌာန်တူ လွန်ဆွဲပွဲတွင် ရုရှားက ပေါ်ပေါ်ထင်ထင်ပါဝင်ခြင်းမရှိ။ ရုရှားတွင် တစ်ပါတီအာဏာရှင်စနစ် ချုပ်ငြိမ်းသွားခဲ့သည်မှာ ကြာပြီ။ ပူတင်ကို အာဏာရှင်အဖြစ် သတ်မှတ်ကောင်း သတ်မှတ်နိုင်မည်ဖြစ်သော်လည်း ရုရှားသည် ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ။ 

တရုတ်နှင့် အနောက်အုပ်စု (အထူးသဖြင့် အမေရိကန်) တို့အကြား သိသာကြီးထွားလာသော ထိပ်တိုက်တွေ့ဆုံမှုတွေကြားမှာ မြန်မာက မဟာဗျူဟာအရ အရေးပါသော အနီးဆုံးနိုင်ငံ။ စစ်အေးခေတ်တုန်းကတော့ အုပ်စုဖွဲ့မှုကြားမှာ ကြားနေခဲ့သည်။ ယခုလည်း ကြားနေမူဝါဒဖြင့် ရပ်တည်နေဆဲဖြစ်သည်။ သို့သော် ယခင် စစ်အေးခေတ် အခြေအနေမျိုးမဟုတ်။ မြန်မာသည် စစ်အေးခေတ်တုန်းကလို လက်ဝဲအုပ်စုမှာမရှိ။ သက်တမ်းနု ဒီမိုကရက်တစ်နိုင်ငံ ဖြစ်သည်။ တရုတ်-အမေရိကန် အင်အားလွန်ဆွဲပွဲကြားမှာ မှန်မှန်ကန်ကန် ရပ်တည်နိုင်ဖို့လိုသည်။ ကမ္ဘာကြီးက နှစ်ပေါင်း ၃၀ အတွင်း အလွန်အမင်း ပြောင်းလဲသွားခဲ့ပြီ။ 

နှစ်ပေါင်း ၃၀ အတွင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်အုပ်စုဝင် နိုင်ငံတွေ ပုံစံအမျိုးမျိုးနှင့် ပြန်လည်သန်စွမ်း ဖွံ့ဖြိုးအားကောင်းလာခဲ့ကြသော် မြန်မာကတော့ ကံမကောင်းခဲ့။ မဆလပါတီ ၂၆ နှစ်၊ စစ်အစိုးရ ၂၂ နှစ် အတွင်းမှာ နိုင်ငံ ချည့်နဲ့သွားခဲ့ရသည်။ စီးပွားရေး၊ လူမှုရေး အရပ်ရပ် အိမ်နီးချင်းနိုင်ငံများ၏ နောက်မှာကျန်ရစ်ခဲ့ရသည်။ အလွန်နှမြောစရာ ကောင်းလှသည့် နှစ်ကာလများပင်...။

ချစ်ဝင်းမောင် (၉ - ၈ -၂၀၂၀)