News

POST TYPE

PERSPECTIVE

၁၈ နှစ်နဲ့ ၂၃ နှစ်အကြား လူငယ်များအတွက်
06-Aug-2020


မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ် မပြည့်သေးသူကို ဥပဒေအရ အရွယ်မရောက်သေးသူလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတွေဟာ အရွယ်ရောက်ပြီးသူတွေ ဖြစ်လို့ အိမ်ထောင်ရေးအပါအဝင် စီးပွားရေး၊ လူမှုရေး၊ ဥပဒေရေးရာနဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာမိမိတို့ရဲ့ကိုယ်ပိုင် အတွေး၊ ကိုယ်ပိုင်အယူအဆ တွေကိုလွတ်လပ်စွာကျင့်သုံးဆောင်ရွက်ပိုင်ခွင့် ရှိကြပါတယ်။

နိုင်ငံရေးလို့ဆိုရာမှာ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုအတွက် မိမိကြိုက်နှစ်သက်တဲ့ လူပုဂ္ဂိုလ် သို့မဟုတ် နိုင်ငံရေးပါတီတစ်ခုခုကို ဆန္ဒမဲပေးရွေးချယ်ခြင်းဟာ အခြေခံအကျဆုံး နိုင်ငံရေးအလုပ်ဖြစ်ပါ တယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၉၁(က)မှာ “ရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေ အရအရည်အချင်းပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သောနိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်”လို့ ပြဋ္ဌာန်းထားပါတယ်။

ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ ဆိုတာကတော့ ပုဒ်မ ၃၉၂ မှာ ပြဋ္ဌာန်းထားတဲ့ “သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံနေရသူများ၊ စိတ်ပေါ့သွပ်နေသည်ဟုသက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခြင်းခံရသူများ၊ လူမွဲအဖြစ်ဆုံးဖြတ် ကြေညာထားခံရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရတားမြစ်ခြင်းခံရသူများ (ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေမှာလည်း အလားတူပဲ ဖော်ပြထားပါတယ်) စတဲ့သူတွေပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရွေးကောက်ပွဲကျင်းပတဲ့ (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်) နေ့မှာ အသက် ၁၈ နှစ်ပြည့်ပြီး အထက်ဖော်ပြပါ ကန့်သတ်ချက်များနဲ့ မငြိစွန်းသူ နိုင်ငံသားများဟာ ဆန္ဒမဲပေးခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကျင်းပတုန်းက အသက် ၁၈ နှစ် (ပြည့်ဖို့ရက်ပိုင်းပဲလိုအပ်သူများအပါအဝင်) မပြည့် သေးတဲ့သူများလည်း ပါဝင်မှာဖြစ်ပါတယ်။  အခုဆိုရင် သူတို့တွေဟာ အသက် ၂၃ နှစ် ဝန်းကျင်လောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆောင်းပါးခေါင်းစဉ်ကို အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်အကြား လူငယ်များလို့ တပ်လိုက်တာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ ဒီဆောင်းပါးဟာ ဒီနှစ်မှစတင်ပြီး ဆန္ဒမဲပေးခွင့်ရမယ့်လူငယ်တွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်အရ ယေဘုယျအားဖြင့် လူငယ် တစ်ယောက်ဟာ ၁၆ နှစ် သို့မဟုတ် ၁၈ နှစ်လောက်မှာ အခြေခံပညာရေး လို့ခေါ်တဲ့ဆယ်တန်း (တက္ကသိုလ်ဝင်)စာမေးပွဲကို အောင်မြင်ပြီး အဆင့်မြင့်ပညာရေးလို့ခေါ်တဲ့ တက္ကသိုလ်ပညာ သို့မဟုတ် အသက် မွေးဝမ်းကျောင်းပညာတစ်ခုခုကို ဆက်လက်သင်ယူကြပါတယ်။ တချို့ ကျတော့လည်း ကျောင်းပညာရေးကို ဆက်မသွားတော့ဘဲ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘဝကို စတင်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ လူငယ်တစ်ယောက်ဟာ မိမိဘဝမှာ မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရပ်တည်ဆုံးဖြတ်ကြရတော့တာဖြစ်ပါတယ်။

လူရယ်လို့ဖြစ်လာရင် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ခံယူရပါတယ်။ နိုင်ငံသားတစ်ယောက်ရယ်လို့ ဖြစ်လာရင် နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဆိုတာက မိမိရဲ့ပခုံးပေါ်ကို အလိုအလျောက်ရောက်ရှိလာပါ တယ်။ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ဆိုတာက အကျဉ်းချုံးပြီး လိုရင်းကို ပြောရရင်မိမိနေထိုင်တဲ့ နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့နဲ့  နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ လူသားတစ်ယောက်အနေနဲ့ လူ့ဘဝမှာ အသက်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် စားဝတ်နေရေးဆိုတာက မရှိမဖြစ်အရေးပါတဲ့ အရာတစ်ခုပါ။ ဒီတော့ လူသားတစ်ယောက်အနေနဲ့ မိမိရဲ့ စားဝတ်နေရေး အတွက် ရုန်းကန်လှုပ်ရှားနေရလို့ မိမိနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနဲ့ မိမိနိုင်ငံ သားတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် အချိန်ပေးဖို့ဆိုတာက လူတိုင်း အတွက် မဖြစ်နိုင်ပါဘူး။ ဒီတော့မိမိတို့ကိုယ်စားဆောင်ရွက်နိုင်ဖို့ အတွက် အချိန်ပေးနိုင်တဲ့သူ၊ အများအကျိုးကို သယ်ပိုးဆောင်ရွက်ဖို့ စိတ်အားထက်သန် ဝါသနာပါတဲ့သူ၊ အများအတွက်ဆို ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံမယ့်သူမျိုးကို ရှာဖွေရွေးချယ်ပြီး တာဝန်ပေးဖို့လိုအပ်လာပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ ဒီမိုကရေစီစနစ်ဆိုတာပေါ်ပေါက်လာပြီးရွေးကောက်ပွဲဆိုတာတွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ဘာလဲ။ “ဒီမိုကရေစီဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့် ငါးရာကျော်လောက်က ဂရိနိုင်ငံ၊ အေသင်မြို့က စတင်ခဲ့တာ ဖြစ်ပြီး အဓိပ္ပာယ်ကတော့ “ပြည်သူများ/နိုင်ငံသားများ”လို့ အဓိပ္ပာယ်ရတဲ့ “ဒီမို” ဆိုတဲ့စကားလုံးနဲ့ “အုပ်ချုပ်ခြင်း”လို့အဓိပ္ပာယ်ရတဲ့ “ကရေစီ”ဆိုတဲ့စကားလုံးနှစ်လုံးကို ပေါင်းစပ်ထားတာပါပဲ။ စကားလုံးနှစ်လုံးကိုပေါင်းစပ် လိုက်တဲ့အခါကျတော့ “ပြည်သူများ သို့မဟုတ် နိုင်ငံသားများကအုပ်ချုပ်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီစနစ် ဆိုတာ ပြည်သူတွေ၊ နိုင်ငံသားတွေက နိုင်ငံတော်ကို အုပ်ချုပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ဆောင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက ဒီလောက်များပြားတဲ့ ပြည်သူတွေက ဘယ်လိုလုပ်ပြီး နိုင်ငံတော်ကို အုပ်ချုပ်ကြမှာလဲဆိုတဲ့ မေးခွန်းပါပဲ။ တကယ်တော့ ပြည်သူတွေဆိုတာ စားဝတ်နေရေးစတဲ့ နိစ္စဓူဝကိစ္စတွေနဲ့ မအားမလပ်အောင်လှုပ်ရှား ရုန်းကန်နေရတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ တစ်နေရာတည်းမှာတစ်ပြိုင်နက်တည်း စုဝေးပြီး တိုင်းရေးပြည်ရာအရာရာကို စုဝေးတိုင်ပင် အုပ်ချုပ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ကြက်ဥအရောင်တိမ်တောင် သဖွယ်မင်းရေးြွကယ်ဆိုတဲ့အတိုင်း ရှုပ်ထွေးပွေလီလှတဲ့ တိုင်းရေး ပြည်ရေးတွေကို ကျွမ်းကျင်လိမ္မာကြတာမဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့ ကိုယ်စား တိုင်းရေးပြည်ရေးတွေကို အုပ်ချုပ်စီမံကွပ်ကဲကြမယ့် ဥပဒေ ရေးရာ၊ စီးပွားရေးရာ၊ နိုင်ငံတကာရေးရာစတဲ့ အရေးအရာအကြောင်း ကြောင်းတွေကို ကျွမ်းကျင်ပိုင်နိုင်နှံ့စပ်ကြသူတွေကို ရွေးချယ်တာဝန် ပေးပြီး အုပ်ချုပ်စေတာပါပဲ။ ဒါဟာ ဒီမိုကရေစီစနစ်ပါပဲ။ တစ်နည်း အားဖြင့်ပြောရရင် ကိုယ်စားပြုဒီမိုကရေစီစနစ်ပါပဲ။ သမိုင်းကို သိမှ ရွေးချယ်မှုမှန်မယ်။

ဒီနေ့ လူငယ်တွေဟာ အသိပညာ၊ အတတ်ပညာတွေမှာ အံ့မခန်း သိရှိ နားလည်တတ်ကျွမ်းကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝါသနာပါရာ အားသန် ရာကို အထူးပြုလိုက်စားလေ့လာကြတဲ့အတွက် အကန့်အသတ်တော့ ရှိကြပါတယ်။ ဒါကြောင့်နိုင်ငံရေးလို၊ နိုင်ငံ့သမိုင်းလို ဘာသာရပ်တွေမှာ ဝါသနာပါသူ၊ လေ့လာလိုက်စားသူတွေကလွဲရင် အားနည်းကြတာကို တွေ့ရပါတယ်။ ဒါကြောင့် အခုလိုနိုင်ငံ့အရေးနဲ့ပတ်သက်လို့ အဆုံးအဖြတ်ပေး ရွေးချယ်ကြရမယ့်အခါမျိုးမှာ အခက်အခဲတစ်စုံတစ်ရာတော့ တွေ့ကြမှာ ဖြစ်ပါတယ်။

လုပ်လို့ရတာတစ်ခုကတော့ ကိုယ့်ထက် အသက်အရွယ်ကြီးရင့်သူ လူကြီးမိဘ၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို မေးမြန်းပြီးတော့ အဆိုးအကောင်းကို စဉ်းစားဆုံးဖြတ် သတ်မှတ်ရွေးချယ်တဲ့ နည်းလမ်းပါပဲ။ ဒါပေမဲ့ အဲဒီနည်းလမ်းကတော့ လုံးဝစိတ်ချရတဲ့နည်းလမ်း တော့မဟုတ်ပါဘူး။ သူတို့ဟာလည်း လူပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့အတွက် ပုဂ္ဂိုလ်ရေးသံယောဇဉ်တွေ၊ အဖွဲ့အစည်းသံယောဇဉ်တွေ၊ မိမိရဲ့ပုဂ္ဂလိကခံစားချက်တွေအပေါ်မှာ မူတည်ပြီး ရွေးချယ်ကြတာဖြစ်တဲ့အတွက် အပြည့်အဝ ယုံကြည်အားထားလို့မရပါဘူး။ ဒီတော့ မိမိတို့ အနေနဲ့ ယုံကြည်အားထားရမှာကတော့ ဖြစ်စဉ်အမှန်တွေကို ရေးသား ဖော်ပြကြတဲ့၊ ယုံကြည်စိတ်ချအားထားရလောက်တဲ့ သမိုင်းပြုဆရာကြီး တွေရဲ့ မြန်မာ့နိုင်ငံရေးသမိုင်းစာအုပ်တွေပါပဲ။

မြန်မာ့နိုင်ငံရေးသမိုင်းကိုလေ့လာတဲ့အခါမှာ ဘုရင်တွေရွှေထီး ဆောင်းခဲ့တဲ့သမိုင်းစဉ်ထက် မြန်မာတွေ မညီမညွတ်ဖြစ်လို့ ထီးနန်း ပျောက်ခဲ့ရတဲ့ နန်းတွင်းအရှုပ်တော်ပုံ၊ နန်းတွင်းအရေးတော်ပုံတွေကို ချန်ထားရစ်ခဲ့လို့တော့မရပါဘူး။ အဲဒီနောက်တော့ သူ့ကျွန်ဘဝမှာ ကိုလိုနီ နယ်ချဲ့တွေက သွေးခွဲအုပ်ချုပ်ခဲ့လို့ တိုင်းရင်းသားညီအစ်ကိုတွေ တစ်ဦးနဲ့တစ်ဦးယုံကြည်ချက်တွေ ပျောက်ဆုံးပြီး သံသယဝင်ခဲ့ရတဲ့ အကြောင်းတွေကို လေ့လာဖို့လိုအပ်ပါတယ်။ (ဒါတွေကို လေ့လာခြင်း အားဖြင့် ဒီကနေ့ နယ်ချဲ့လက်သစ်တွေရဲ့ခြေလှမ်းတွေကို မှန်းဆနိုင်မှာ ဖြစ်ပါတယ်)။

မြန်မာ့လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ်ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကို လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို မလေ့လာဘဲ နဲ့ မသိရှိနိုင်ပါဘူး။ ဒါမှသာ လွတ်လပ်ရေးရပြီးနောက် လွတ်လပ်ရေး မဆုံးရှုံးရအောင်ကာကွယ်ခြင်းဟာ ယနေ့တိုင် ဘာကြောင့်အရေးကြီး တယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေ မှာရော၊ လွတ်လပ်ရေးရပြီးတဲ့ကာလတွေမှာရော မြန်မာတွေ မစည်းမလုံး မညီမညွတ်ဖြစ်ခဲ့ကြတာတွေ၊ ွဃဗြ ၊ တို့ဗမာအစည်းအရုံးကအစ၊ ဗမာပြည်ကွန်မြူနစ်ပါတီအလယ်၊ ဖဆပလ အဆုံး အကွဲအပြဲ ဇာတ်လမ်း တွေဖြစ်ခဲ့ကြရပြီး နောက်ဆုံး ဖဆပလ ပြိုကွဲမှုကနေ၊ တိုင်းရင်းသားစည်းလုံးမှုပြိုကွဲမယ့်အဆင့်အထိ ဖြစ်လာပြီး တပ်မတော်က အာဏာသိမ်း ခဲ့ရတဲ့ဖြစ်စဉ်တွေဟာ ယနေ့ခေတ် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်လေ့လာလို့ရပါတယ်။

၀သမိုင်းဆိုတာ တစ်ပတ်လည်တတ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါ တယ်။ ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ သမိုင်းသံသရာ အဆိုးတစ်ပတ် မလည်ဖို့သိပ်အရေးကြီးပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ဒီနေ့လူငယ်တွေ အပေါ်မှာအများကြီးမူတည်ပါတယ်။ သမိုင်းကိုလေ့လာတာနဲ့အမျှ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေဟာ ဘယ်ကို ဦးတည်နေတယ်ဆိုတာအကြမ်းဖျင်းခန့်မှန်းလို့ရပါတယ်။ ဘယ်ပါတီတွေက ဗကပလို ပြုမူနေလဲ၊ ဘယ်ပါတီတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေက ပမညတနဲ့ ဖဆပလနဲ့တူနေသလဲ။ ဒါမှမဟုတ် မဆလ ပါတီနဲ့ တူနေ လေရော့သလား စသည်ဖြင့် ခန့်မှန်းသုံးသပ်ကြည့်လို့ရသလို ... ဘယ်သူ ကတော့ဖြင့် သခင်သန်းထွန်းနဲ့တူတယ်၊ ဘယ်သူကတော့ဖြင့် သခင်စိုး နဲ့တူတယ်၊ ဘယ်သူကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တူတယ်၊ ဘယ်သူတွေကတော့ ဦးနု၊ ဦးသိန်းဖေမြင့်၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းစသူတို့နဲ့ တူတယ်ဆိုပြီး သုံးသပ်လို့ရတဲ့အပြင်၊ ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်မှူးချုပ်အောင်ကြီး စသူတို့နဲ့ အလားသဏ္ဌာန်တူတာတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

နိဂုံး 

သမိုင်းပညာရှင် ဆရာကြီးဦးသန်းထွန်းက သမိုင်းကို သင်ယူ လေ့လာတာဟာ “မအအောင်လို့” ဆိုပြီး ပြောခဲ့ပါတယ်။ ဒီနေ့ လူငယ်တွေဟာအဘက်ဘက်မှာတော်ကြပေမယ့် သမိုင်းနဲ့ ပတ်သက်လာရင်၊ နိုင်ငံရေးနဲ့ပတ်သက်လာရင် “မအ”ဖို့လိုပါတယ်။ ဒါမှလည်း လူလိမ်မခံရမှာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဘယ်သူတွေက လိမ်ညာနေတယ်၊ ဘယ်သူတွေက အမှန်ကိုပြောနေတယ်ဆိုတာမိမိတို့ရဲ့ အတွေ့အကြုံ၊ အသိဉာဏ်နဲ့ ယှဉ်ပြီး သုံးသပ်ဆုံးဖြတ်ကြဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့လက်ထဲမှာရှိတဲ့အတွက် မိမိတို့ရဲ့ အနာဂတ် မြန်မာနိုင်ငံတော်ကို မိမိတို့ကိုယ်တိုင် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

ဒီလိုတည်ဆောက်ကြဖို့အတွက် မိမိတို့ကိုယ်တိုင် အဆုံးအဖြတ် ပြုတဲ့နေရာ၊ မိမိတို့ကိုယ်တိုင် စီမံအုပ်ချုပ်တဲ့နေရာကို မရောက်ခင်ကာလမှာ မိမိတို့ကိုယ်စားနိုင်ငံကို အုပ်ချုပ်စီမံကြမယ့်ပုဂ္ဂိုလ်တွေကို ရွေးချယ်တဲ့အခါ လူရွေးမမှားစေဖို့အတွက် မိမိတို့ရဲ့ မိဘ၊ ဆရာ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ တိုင်ပင်ရုံမျှမက မိမိတို့ ကိုယ်တိုင် အသိဉာဏ်နဲ့ သုံးသပ်ဆုံးဖြတ်နိုင်ကြစေဖို့အတွက် မြန်မာနိုင်ငံရဲ့နိုင်ငံရေး သမိုင်း၊ အုပ်ချုပ်ရေးသမိုင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအရေးကြီးပုံတို့ကို ခရေစေ့တွင်းကျ သိရှိနားလည်အောင် လေ့လာကြပါလို့တိုက်တွန်းလိုက်ရပါတယ် ... ။ ။

သိန်းထက်အောင်