News

POST TYPE

PERSPECTIVE

လွယ်လွယ်မယုံနဲ့
03-Aug-2020


မျောက်ဇာတ်လမ်းတွေ စဉ်းစားကြည့်တော့၊ အောင်မယ် ... လူတွေလို အတုခိုးတတ်တဲ့ မျောက်တွေ၊ လူတွေထက် မိုက်တဲ့ မျောက်တွေ၊ သူတို့ဘာသာတော့ မှန်နေမှာပေါ့လေ၊ ကမြင်းကြော ထလွန်းတဲ့ မျောက်တွေ တွေ့ရသလို တစ်ဖက်မှာလည်း လူကို ကယ်တဲ့ မျောက်၊ အာဇာနည်မျောက်၊ ပညာရှိမျောက်တွေလည်း ရှိနေပါသေး တယ်။ အမေကြီးပြောသလို အံ့သြကုန်နိုင်ဖွယ်ပေါ့လေ။ ဘာလို့ မျောက်ဇာတ်လမ်းတွေကို စဉ်းစားမိသလဲ မေးရင် “ရွေးကောက်ပွဲကြီး နီးလာလို့”လို့ ဖြေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရွာမှာ ဦးလေးတစ်ယောက် ရှိတယ်၊ တကယ် ဆွေမကင်းမျိုးမကင်းပါပဲ၊ သူ့က ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်တက်လော်နေတော့ ကျွန်တော့်မှာ ရှက်လည်း ရှက်မိပါရဲ့၊ ဘာမှလည်း ပြန်မမန့်ရဲဘူး။ ဒါနဲ့ ငါ့ဦးလေးလည်း မျောက်ဖြစ်နေပြီ၊ ငါလည်း မျောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး ဒီစာလေးရေးမိတာပါပဲ။

မြိုင်ရာဇာတွတ်ပီက မျောက်ဖမ်းနည်း၊ အလွယ်ကူဆုံးနည်းကို ပြောပြခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ဆရာဆွေမင်း (ဓနုဖြူ)ရဲ့ ကာတွန်းဇာတ်လမ်းတွေကို ကြိုက်ခဲ့သူကိုး။ ဆတွတ်က မသေးမျှင် အခေါ် ကတွတ်ပီက တောအကြောင်း၊ တောင်အကြောင်းသာမက လူ့သဘော သဘာဝတွေပါ ချပြခဲ့ပါတယ်။ အဲအထဲ က မျောက်ဖမ်းနည်းတစ်ခုပေါ့လေ၊ ပြန်လည်ဝေငှချင်ပါတယ်။ မျောက်တွေက လူတွေလို လိုက်အတုခိုးသတဲ့။ “ဒီနေ့ ကံမကောင်းပါလား”ထဲက တစ်နေ့ပေါ့လေ၊ မရှောင်တော့ လွတ်သွားတဲ့ သားကောင်ကြီးကြီးတွေကြောင့် နိုင်ငံကျော်မုဆိုးကြီးဟာ မျောက်ဖမ်းဖို့ စဉ်းစားပါတယ်။ ထုံးစံအတိုင်းပေါ့လေ၊ ဆရာကြီးအိုက်တင် အပြည့်နဲ့ တပည့်ကျော် ဗိုက်ကလေးကို ဆရာလုပ်ပါတယ်။ အိုက်တင်က အရေးကြီးတယ် မဟုတ်လား၊ “ဟန် ကိုယ့်ဖို့၊ မာန် သူဖို့”တဲ့။ စရိတ်ကျည်၊ ကျည်တစ်တောင့်မှ မကုန်ဘဲ မျောက်သား စားရချည်သေးပေါ့။ အရင်း မစိုက်လှေထိုးလိုက်မယ့် ဖေ့စ်ဘွတ်ခ် အွန်လိုင်းရှော့ပင်းသမားတွေလို နေမှာပေါ့လေ။ တချို့ပြောတာပါ။

အိုအက်စ်ဆိုလို့ အခုတစ်လော ကိုဗစ်ကာလမှာ ပိုပြီးခေတ်စားလာ တယ်နော်။ ကျွန်တော် တစ်ခါမှာပြီးပြီ၊ ပစ္စည်းရောက်မှ ငွေချေပါဆိုပြီး စာတိုက်ကနေ ပို့လိုက်တာဗျ။ ကြည့်လိုက်တော့၊ မှာလိုက်တဲ့ ကျန်းမာရေး လက်ပတ်နာရီမှာ လက်ပတ်ကြိုးက ထစ်တဲ့ချိတ်တဲ့ မောင်းတံလေးပါ မလာဘူး။ ဘယ်လိုပတ်ရပါ့၊ သူ့ဈေးနဲ့သူ တန်ပါတယ်၊ ပို့ဆောင်ခတော့ ပေးရတာပေါ့။ ဈေးချိုထဲ လိုက်ရှာဝယ်နိုင်ရင်တော့ ခေါက်ချိုးလောက် သက်သာနိုင်တာပေါ့။ ဒါပေမဲ့ ကိုယ်မှ မသွားနိုင်တာ၊ မသွားရဲတာ။ ပတ်ရ ပြုရခက်တာနဲ့ အခုတော့ ဘယ်ရောက်သွားမှန်းတောင် မသိပါဘူး။ အတွေ့အကြုံကတော့ ရသွားပြီ။ မျက်စိနဲ့ မြင်ရမှ၊ ရွေးရမှ၊ လိုချင်တာနဲ့ ကိုက်ညီမှ ဝယ်တော့မယ်။ နောက်တစ်ခုက ပိုက်ဆံချေမယ်၊ ဝေ့ဖ်အကောင့် နဲ့ ချေရမှာမို့ အိုအက်စ်သမားကို မှတ်ပုံတင်နံပါတ်တောင်းတာ တော်တော် နဲ့မပေးပါဘူး။ သူ့ခမျာ ကြောက်ရှာတယ်ထင်ပါ့။ ကျွန်တော်က ဒီမှာ စာအုပ်မှာတုန်းက ဒီလိုမှတ်ပုံတင် တောင်းရတယ်၊ အကောင့်ကနေလွှဲရင် မှတ်ပုံတင်လိုတယ်ဆိုမှ ဆောင့်ကြီးအောင့်ကြီး ပေးတာ။ “ကျွန်တော်လည်း မသိတော့ဘူး၊ ပိုက်ဆံလည်း လွှဲမနေပါနဲ့တော့”တဲ့ နားထဲက မထွက်ဘူး။

လိုင်းပေါ်ကနေ အဖမ်းခံရတဲ့ မျောက်တွေပေါ့ဗျာ။ ဆတွတ်ကတော့ မျောက်တွေ အများကြီးရှိတဲ့ အုန်းတောမှာ အုန်းသီးတွေ ခွဲစား၊ အုန်းသီး ထဲကို လက်နှိုက်ပြပါတယ်။ မျောက်တွေ ချောင်းကြည့်နေတာကို မသိချင်ယောင်ဆောင်ပြီးတော့ပေါ့။ ပြီးတော့ အုန်းသီးတွေ ထိပ်ဖောက် ပြီး ထားပစ်ခဲ့တယ်။ ချောင်းကြည့်နေတဲ့ မျောက်တွေက လူလစ်ပြီထင် တာနဲ့ အုန်းသီးစား၊ အုန်းသီးထဲ ဘာရှိလိမ့်နိုးနဲ့ ထင်ပါရဲ့ လက်နဲ့ နှိုက် ကြည့်တယ်။ မျောက်တွေရဲ့ လက်တွေ အုန်းသီးထဲက ချွတ်မရဖြစ်နေ တဲ့အခါ ဆတွတ်တို့ ဆရာတပည့် နှစ်ယောက်က မျောက်တွေကို အသာ ဖမ်းယူလိုက်တာပေါ့။ ယောက်ဖလည်း ဖြစ်တဲ့ ဗိုက်ကလေးက “ဒီတစ်ခါ ဆတွတ် မှန်သွားပြီ”တဲ့။ သူတို့မှန်တယ်ဆိုတာ အတုခိုးတတ်တဲ့၊ အယုံလွယ် တတ်တဲ့ မျောက်တွေကို အလွယ်တကူဖမ်းမိလို့ ချီးကျူးတဲ့စကားကိုး။ 

ရာဇဝင်နဲ့ချီပြီး မျောက်တွေဟာ ဉာဏ်ကောင်းတာကို တွေ့ရပါ တယ်။ တခြားသော တိရစ္ဆာန်တွေထက်ပေါ့။ မျောက်တွေဟာ ခြေထောက် နှစ်ချောင်းနဲ့ လမ်းလျှောက်တတ်တယ်။ အမြီးနဲ့ သစ်ပင်၊ သစ်ကိုင်းကို ရစ်ပတ်ပြီး အပင်ပေါ်မှာ မြဲအောင်နေတတ်တယ်။ သင်ပေးရင် သင်ပေးတဲ့ အတိုင်း ကတတ်တယ်။ သရုပ်ဆောင်တတ်တယ်။ အင်္ကျီတွေ ဘောင်းဘီ တွေ မျက်မှန်နဲ့ ဦးထုပ်နဲ့ လူယောင်ဆောင်တတ်တယ်။ မျောက်လိမ္မာ ဇာတ်ကားတွေထဲမှာဆိုရင် သခင်ဖြစ်သူခိုင်းတဲ့အတိုင်း ခိုးဝှက်တာ၊ မိုင်းထောင်တာတွေတောင် လုပ်တတ်တယ်နော်။ အဲသလို ဉာဏ်ကောင်း တာက သူ့အတွက် ဒုက္ခတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မျောက်ကလေးတစ်ကောင် ဖမ်းမိတယ်ဆိုရင် တစ်ခါတည်း သတ်မပစ်ကြဘဲ လိမ္မာအောင် မွေးမြူမယ်၊ ခိုင်းစရာရှိတာ ခိုင်းမယ်၊ “မျောက်ပြ ဆန်တောင်း”မယ့်လူတွေ ရှိနေတာကိုး။ 

တိရစ္ဆာန်ရုံထဲ ရောက်ခဲ့တုန်းက အဲဒီမျောက်ရုံနားမှာ လူတွေ သိပ်စည်တာပဲ။ လာကြည့်တဲ့သူတွေက တဝါးဝါး၊ တဟားဟားနဲ့ဆိုတော့ ကျွန်တော်လည်း ဝင်ငေးကြည့်ပါတယ်။ မျောက်ဖင်နီတွေ။ မျောက် တွေက သိပ်ညစ်ပတ်တာ၊ ဟိုဟာ လှန်ပြ ဒီဟာ လှန်ပြနဲ့။ အူး ... အူး...အူးနဲ့ အော်ဟစ်သောင်းကျန်းနေတာ။ မျောက်စာက ဘာမှမပါတဲ့ တစ်ပန်းကန်ပြားကို တစ်ထောင်၊ နှစ်ထောင်တဲ့။ အပြင်စာတွေ မကျွေးရ ဘူး၊ ဘေးဖြစ်မှာစိုးလို့တဲ့။ သူတို့ဆီကလည်း ညစ်ပတ်၊ နွမ်းရိနေတာပါပဲ။ လူတွေက တစ်ခုတလေ ပစ်ကျွေးလိုက်၊ အု... အု...အု အော်လိုက်၊ မျောက်တွေကလည်း လိုက်အော်ပေါ့လေ။ ဆူညံနေတာပဲ။ မဟုတ်တရုတ် တွေ ဘယ်လိုများ တတ်မြောက်ခဲ့ပါလိမ့်။

လမ်းဘေးမျက်လှည့်ဝိုင်းတွေ၊ ြွေမအလမ္ပာယ်ဝိုင်းတွေ ခေတ်စားတုန်း က တုံ ...တုံ ... ခြမ်း တီးဝိုင်းနဲ့အတူ မျောက်က၊ မျောက်ဝိုင်းတွေ ခေတ်စား ခဲ့ပါတယ်။ ထီးကလေး မျောက်မင်းသား၊ မျောက်ရွှေရိုးတွေပေါ့။ တောင်ရှည်ပုဆိုးနဲ့ ခေါင်းပေါင်းနဲ့ တိုက်ပုံအင်္ကျီ အနက်ရောင်လေးနဲ့ ချစ်စရာလေး။ ထီးကလေးကို မြှောက်ခါမြှောက်ခါ ကရှာတယ်။ နောက် တစ်ခါတော့ ဘောင်းဘီရှည်နဲ့ ကော်လာရှည်ရှည် အင်္ကျီလက်ရှည်နဲ့ အိုက်တင်တွေ ဘာတွေ လုပ်ပြတာပေါ့။ နောက်က ကက်ဆက်ဇာတ်လမ်း ဖွင့်ပေးထားတယ်။ နောက်က သီချင်းဖွင့်ပေးထားတယ်။ ရှေ့က မင်းသား ကြီးစတိုင်လ်ပေါ့လေ။ ခတ်တာက ခါးက သံကြိုးကြီးပဲ။ သံကြိုးကြီးကိုသာ ဖြုတ်ပေးထားရင် တကယ့်လူပဲ။

အစာလေး တစ်လုပ်တစ်ဆုပ်နဲ့ “ဖေ့သား ရှေ့ ကျွမ်း ... ဖေ့သားကြီး နောက်ကျွမ်း”လို့ အခိုင်းခံထိရတဲ့ မျောက်တွေ၊ လူလိုတုပမိလို့ အဖမ်းခံ၊ အစားခံရတဲ့မျောက်တွေရှိသလို ကောင်းမွန်တဲ့ဉာဏ်ပညာနဲ့ ကောင်းမွန် တဲ့အလုပ်တွေကို လုပ်ဆောင်သွားတဲ့ မျောက်တွေလည်း ရှိနေတာကို သိခဲ့ရပါတယ်။ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းတွေ ကြည့်ခဲ့ရသလို ဗုဒ္ဓဝင် ဇာတ်နိပါတ်တွေထဲကလည်း ဖတ်ခဲ့ရပါတယ်။ 

အခါတစ်ပါးမှာပေါ့၊ မြတ်စွာဘုရား နုစဉ်ကာလ၊ နိမ့်ကျတဲ့မျောက် ဘဝနဲ့ ပါရမီတော်တွေ ဖြည့်ဆည်းနေတုန်းကပေါ့။ နိမ့်ကျတဲ့ တိရစ္ဆာန် ဘဝဖြစ်ပေမယ့် မြင့်မြတ်တယ်ဆိုတဲ့ တချို့သောလူတွေထက် ခေါင်း တစ်လုံးပိုမြင့်နေတာ၊ နှလုံးသားကျယ်ပြန့်တာတွေတော့ ရှိတတ်ပါ တယ်။ ဘုရားလောင်း မျောက်မင်းဟာ မျိုးနွယ်တူ မျောက်တွေကို ဦးဆောင် ဦးရွက်ပြုနေပါတယ်။ နေထိုင်တဲ့ တောအုပ်က အဆင်မပြေလို့ ထင်ပါရဲ့၊ တခြားသော တောအုပ်ကို ပြောင်းရွှေ့ ကြပါတယ်။ ပြောင်းရ၊ ရွှေ့ရ မောပန်း နွမ်းနယ်နေကြတာပေါ့။ ဒီတော့ တောအုပ်အလယ်၊ ကြည်လင်စိမ်းညှို့ နေတဲ့ ရေကန်ကြီး၊ ကြာမျိုးငါးပါးနဲ့ ခံ့ညားထည်ဝါတဲ့ ရေကန်ကြီးကို တွေ့တော့ မျောက်တွေ ဝမ်းသာအားရနဲ့ ဆင်းသောက်မယ် ပြင်တာပေါ့။ “ရေငတ်တုန်း ရေတွင်းထဲကျ” ပေါ့လေ။ 

ဒုက္ခရောက်နေချိန်မှာ အိုအေစစ်ကလေးလို့ ထင်ခဲ့ပေမယ့် “ရေနစ်သူ ဝါးကူထိုး” ဆိုတာတွေလည်း တွေ့ရတတ်တယ်နော်။ တစ်နေ့က ရွာမှာ လူကုန်ကူးခံရတဲ့အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးလေးက အသက် (၃၀)ဝန်းကျင် ရောက်နေပြီ၊ တရုတ်ပြည်က စားသောက်ဆိုင် တစ်ခုမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး ခေါ်သွားတာပါ။ မိဘတွေကို ငွေတွေ ဘာတွေ ကြိုထုတ်ပေးတယ်၊ ခရီးစရိတ်ဘာညာလည်း အကုန်အကျ ခံတယ်။ အုပ်ချုပ်ရေးမှူးက အစကတည်းက ရိပ်မိလို့ တားမြစ်ထားတယ်။ ဒါပေမဲ့ ခိုးထွက်သွားတယ်။ ရဲတွေ၊ ဘာတွေနဲ့ လိုက်ဖမ်းခေါ်ခဲ့ရတယ်ပေါ့။ ဆင်းရဲလို့ အလုပ်လုပ်ချင်တယ်၊ ငွေကြေးအဆင်ပြေချင်တယ် ဆိုပေမယ့် တရုတ်မယားအဖြစ် ရောင်းစားခံရမယ့်ကိန်းပေါ့လေ။ ပွဲစားက အဲသလို ထွက်ဆိုတာကိုး။

ဒါပေမဲ့ မျောက်မင်းက “ခဏနေပါဦး”လို့ တောင်းပန်ထားပြီး၊ ရေကန်ကြီးကို လေ့လာရေး ဆင်းကြည့်တယ်။ ရေကန်ကြီးက ကြည်စိမ်း နေတာပဲ၊ နေပူလယ်ခေါင်လည်း မဟုတ်ဘူး၊ သာသာယာယာပဲပေါ့လေ။ ဒီလောက် အနားယူအပန်းဖြေစရာ ကောင်းပေမယ့် ဘယ်သူမှလည်း မရှိဘူး။ “တိုးလျှိုစီးတဲ့ နဒီတွင်း သမင် ရေသောက်ဆင်း၊ မြက်ခင်းလဲ့လဲ့ မြေညီညီ၊ ကံ့ကော်ဝတ်မှုန်စီ” အဲသလို၊ အဲသလို ဖြစ်နေပေမယ့် ဘာကြောင့်များ ရေမသောက်ကြတာလဲပေါ့။ သေသေချာချာ စုံထောက် မျက်စိနဲ့ ကြည့်လိုက်တော့ ရေသောက်ဆင်းတဲ့ ခြေရာတွေ တွေ့ရပါ တယ်။ ဒါပေမဲ့ ပြန်တက်လာတဲ့ ခြေရာကတော့ တစ်ခုတလေတောင် မတွေ့ရဘူး။ “ဉာဏ်ပညာက စကားပြောတယ်”ပေါ့လေ။

ဒါနဲ့ မျောက်မင်းက မျောက်တွေအားလုံးကို ပြောပါတယ်၊ ခေတ် စကားနဲ့ပြောရရင် “ပြည်သူလူထုသို့ ပန်ကြားချက်”ပေါ့လေ၊ တစ်ယောက် မှာ ကန်ထဲမဆင်းနဲ့။ “ဟ ... ကန်ထဲမဆင်းရင် ရေဘယ်လိုသောက်ရ မလဲ”ပေါ့၊ စောဒကတက်ကြပါတယ်။ ဒီတော့ မျောက်မင်းက ကန်စပ်၊ ကန်နားမှာ ပေါက်နေတဲ့ ကျူရိုးတွေကို ချိုး၊ နှုတ်ခမ်းမှာ တေ့၊ လေနဲ့ မှုတ်ထည့်လိုက်တာ အဆစ်တွေအကုန်ပြုတ်ပြီး ပိုက်လုံးဖြစ်ကုန်ပါတယ်။ “ရော့ ... ဒီကျူရိုးပိုက်နဲ့ စုပ်သောက်ကြ”လို့ ပေးလိုက်ပါတယ်။ ကန်စပ်မှာ မှောက်ရက်ကလေးတွေ ပိုက်နဲ့ ရေသောက်ရင်း ဇိမ်ကျနေတာပေါ့လေ။ ဒီတင် ကန်ထဲကနေ ဘီလူးကြီးတစ်ကောင် ထွက်လာပါတယ်။ 

“ငါ ... အထဲကနေ ကြည့်နေတာ၊ အမှောင်ထဲကနေ ကြည့်နေတာ၊ အကုန်မြင်တယ်၊ ဘယ့်နှယ် ရေကန်ထဲ ဆင်းသောက်ကြလေ” သနားကရုဏာ ရှင်ကြီးပုံစံနဲ့ ဝင်ပြောတာပေါ့။ တချို့မျောက်တွေကတော့ ဆင်းသောက်ရ ကောင်းနိုးနိုးဖြစ်ကုန်တယ်။ တချို့ကတော့ ခေါင်းဆောင်ရဲ့ စကား တစ်ခွန်းပဲ၊ တို့ခေါင်းဆောင်မှာ အကြောင်းပြချက်တစ်ခုတော့ ရှိမယ်လို့ ယုံကြည်ထားကြတယ်။ “ဆင်းသောက်ရင် နင့်ပိုင်နက်ထဲ ရောက်သွားမှာ ပေါ့၊ ကန်ထဲဆင်းသောက်ကြတဲ့ အကောင်တွေကို နင်က ဖမ်းစားမှာ မဟုတ်လား” အဲလို မေးတော့ “အခုလည်း ငါ့ရေကို သောက်နေတာပဲ မဟုတ်လား”တဲ့ အခြေခံဥပဒေနဲ့ ခြိမ်းခြောက်တယ်။ “ငါတို့က နင့်ကန်ထဲ မဆင်းဘူး၊ ဒါကြောင့် စားပိုင်ခွင့်မရှိဘူး”လို့ ဟာကွက်ကို ထောက်ပြတယ်။ 

ဒီတော့ ဘီလူးက အံ့သြသွားတာပေါ့၊ ဒီလို ဘာကြောင့်သိသလဲလို့ မေးလာတော့ မျောက်မင်းက “ကန်ကို တွေ့တော့ သောက်ချင်စရာ၊ ချိုးချင်စရာ သာယာပေမယ့် သောက်တဲ့ချိုးတဲ့သူ တစ်ယောက်တလေမှ မရှိတာရယ်၊ အဆင်းခြေရာပဲ တွေ့ ပြီး ပြန်တက်တဲ့ခြေရာမရှိတာကြောင့် ဒီကန်ဟာ အဝီစိထက် နက်တယ်လို့ တွေးမိတာပေါ့”လို့ ဖြေပါတယ်။ ဟုတ်တယ်နော်၊ တစ်ခါတလေ မနက်ဘူး၊ မနစ်ဘူးလို့ထင်ရတဲ့ ရေက နစ်တာ၊ နက်တာကို ခံရတတ်ပါတယ်။ ဒီနေ့ ဂရုတစ်ခုမှာ သူငယ်ချင်း တစ်ယောက်က အလှူတစ်ခုအကြောင်း ပြောပါတယ်။ ဒီတော့ ကျွန်တော် ကလည်း “သာဓု ... သာဓု ... သာဓု လင်ကောင်းသားကောင်းရပါစေ”လို့ စနောက်လိုက်မိပါတယ်။ ဒီတင် ခုန သူငယ်ချင်းက ပြောလိုက်ဆိုလိုက် တာကို၊ ကျွန်တော် အရှက်ရသွားပါတယ်။ တစ်ခါတလေများ စကားလေး တစ်ခွန်းနဲ့ကို ဝမ်းနည်းဖွယ်ရာတွေ ယူဆောင်နိုင်တာကိုး။ တချို့များ ခေါင်းလေး တစ်ချက်ညိတ်မိတာနဲ့၊ လက်မှတ်လေးတစ်ချက် ထိုးမိတာနဲ့ ဘဝပျက်တဲ့အထိ ဖြစ်တတ်တာမို့ နောက်ဆင်ခြင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမလိုက်ရပါတယ်။

ဘီလူးက ဉာဏ်အမြော်အမြင်ကြီးတဲ့ မျောက်ကြီးကို အံ့သြသွား ပါတယ်။ အဟိတ်တိရစ္ဆာန်လည်း ဖြစ်တယ်၊ ဘာတန်ခိုးမှလည်းမရှိဘူး ပေါ့လေ။ ဒါတောင် သူ့ရဲ့နှစ်ရှည်လများထောင်ချောက်ကို အသာလေး ကျော်လွှားသွားတယ်ပေါ့။ ကြည်ညိုလွန်းတာနဲ့ မျောက်တွေကို သူ့ရေကန် မှာ စိတ်တိုင်းကျ သောက်ချိုးခွင့် ပေးလိုက်ပါတယ်။ ဒီတော့ မျောက်မင်း က မျောက်တွေပဲလားလို့ အဆစ်တောင်းတယ်၊ ဒီတောအုပ်ထဲက ငှက်တွေ ရောလို့ တိုးပေးပါတယ်။ ငှက်တွေပဲလားလို့ အဆစ်တိုးတောင်းတော့ သမင်၊ ဒရယ်၊ စိုင်၊ ဆတ် ... နောက်တစ်တောလုံး ဘေးမဲ့ပေးပါတယ်။ ဘီလူးက တရားရလွယ်သားပဲ။ ဘီလူးရဲ့ ကြည်နူးတဲ့စိတ်၊ သဘောပေါက် လွယ်တဲ့ ဉာဏ်ပညာကို အခြေခံပြီး မျောက်မင်းက တရားဟောပါတယ်။ ငါးပါးသီလ အကြောင်းပဲပေါ့။ ဆိုင်ရာဆိုင်ရာ လားရာဂတိတွေပေါ့။ ဒီတော့ ဘီလူးလည်း အကျွတ်တရားရပြီး ငါးပါးသီလစောင့်ထိန်းပါ့မယ်လို့ ကတိပေး၊ ပူဇော်ပါတယ်။ 

မျောက်တော့ မျောက်ပါပဲ၊ ဒါပေမဲ့ လွယ်လွယ် မယုံတတ်တဲ့ မျောက်ဖြစ်နေတယ်။ ဘီလူးတော့ ဘီလူးပါပဲ၊ ဒါပေမဲ့ သဒ္ဓါအားကောင်းတဲ့ ဘီလူးဖြစ်နေပါတယ်။ ဒါပဲ ကွာတာပါ။

ဇော်သစ်ကြည်