News

POST TYPE

PERSPECTIVE

အတိုက်အခံကောင်းအလိုရှိသည်
31-Jul-2020

ရန်ပိုင် ။ ။ ဒီတစ်ပတ် အမေရိကန်ဟာသ သရုပ်ဆောင် Milton Berle ရဲ့ ထင်ရှားကျော်ကြားတဲ့ စကားတစ်ခွန်းနဲ့စတင်ချင်ပါတယ်။   'You can lead a man to Congress, but you can't make him think' လူတစ်ယောက်ကို လွှတ်တော်ထဲပို့ပေးလို့ရတယ်၊ သူတွေးတတ်အောင်တော့ လုပ်ပေးလို့မရဘူး ဟူ၍ဆိုတယ်။ အနိုင်ရအစိုးရအဖွဲ့ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ်၊ အတိုက်အခံပါတီတစ်ခုရဲ့လွှတ်တော် ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ အရည်အသွေးအရေးကြီးပုံကို အဓိကဆိုလိုရင်းဖြစ်မယ် ကိုရန်နိုင်။

ရန်နိုင် ။ ။ အတိုက်အခံနိုင်ငံရေးပါတီလို့ ဆိုရာမှာ ဥပဒေပြုလွှတ်တော်အတွက် အလွန်အရေးကြီးပါတယ်။ ဒီမိုကရေစီအောင်မြင်မှု ဆိုတာမှာ အတိုက်အခံပါတီများရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးပါတယ်။ အတိုက်အခံဆိုတာ ဥပဒေပြုလွှတ်တော်မှ အကြီးဆုံးအစိုးရမဟုတ်တဲ့ ပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီများဖြစ်တယ်ဗျ။ အတိုက်အခံများ၏ အဓိကတာဝန် က အစိုးရအဖွဲ့ရဲ့ နေ့စဉ် အလုပ်နဲ့တာဝန်ခံမှုဆိုတာတွေကို မေးခွန်းများ မေးမြန်းခြင်းနဲ့ အစိုးရအဖွဲ့တစ်ရပ်ကို ထိန်းကျောင်းမှုအလုပ်တွေ လုပ်ဆောင် ဖို့ရာက အဓိကတာဝန်ပဲဗျ။ 

အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်အရည်အသွေးများဆိုတာနဲ့ပတ်သက်ပြီး တစ်လောကပြုလုပ်သွားတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အတိုက်အခံပါတီရဲ့ကိုယ်စားလှယ်တစ်ဦး ကတော့ ကျေးလက်ဒေသလျှပ်စစ်ဓာတ်အား ရရှိမှုမြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁.၂၇ သန်း ချေးယူရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြရာမှာ အတိုက်အခံပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တစ်နိုင်ငံလုံးလျှပ်စစ်လိုအပ်ချက်များကြောင့်  ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရချင်းညှိနှိုင်းပြီး ပြန်လည်စတင်သင့်ကြောင်း ဆွေးနွေးသွားတာ ကြားလိုက်ရတော့ အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ နိုင်ငံရေးအမြင်ခံယူချက်နဲ့၊ အတိုက်ခံ နိုင်ငံရေးပါတီတစ်ခုရဲ့ နိုင်ငံရေးအရ ရပ်တည်ချက်သဘောတရားကလည်း စဉ်းစားစရာဖြစ်တယ်ဗျ။ 

ငွေချေးယူသင့် မသင့်ဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးမှုဟာ ယထာဘူတကျပေမယ့် အခုဆွေးနွေးမှုကြည့်ရတာ ငွေချေးယူခြင်းအပေါ် ဆွေးနွေးမှုဆိုတာထက်၊ မြစ်ဆုံအကြောင်းအရာကို အဓိကထားဆွေးနွေးသွားတာ ကြည့်လိုက်ရတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး ကိုရန်ပိုင်ရဲ့သဘောထား အမြင်ကိုလည်းပြောပါဦး။

ရန်ပိုင် ။ ။ ကိုရန်နိုင် ပြောခဲ့သလိုပါပဲ၊ အတိုက်အခံဆိုတာ အာဏာရပါတီရဲ့လုပ်ဆောင်ချက်တွေကို ထိန်းကျောင်းပြီး၊ အာဏာရပါတီ၏  မှားယွင်းတဲ့လုပ်ဆောင်ချက်တွေကို ပြည်သူမြင်သာအောင် မိမိတို့ ဘယ်လိုတွေလုပ်ဆောင်နေပါသလဲဆိုတာ ပြည်သူတွေသိအောင် လုပ်ဆောင်ပြရတာပါပဲ။ လွှတ်တော်တွင်း အတိုက်အခံနိုင်ငံရေးပါတီတစ်ရပ်ရဲ့ အန္တိမရည်မှန်းချက်က အာဏာရ တစ်ဖက်ပါတီရဲ့ မှားယွင်းမှုကိုစောင့်ပြီး အာဏာပြန်လည်ရရှိရေးကို လုပ်ဆောင်ကြရတာ မဟုတ်လား။ အထူးသဖြင့်  ၂၀၂၀ ရွေးကောက်ပွဲနီးလာချိန် အခုလိုဆွေးနွေးချက်မျိုးက နိုင်ငံရေးပါး မဝသလိုတောင်ထင်စရာပါ။ ကိုရန်နိုင်ပြောသလို အခု တင်ပြဆွေးနွေးချက်က ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ ဆွေးနွေးတယ်လို့ ဆိုလာတဲ့အတွက် ဒီအပေါ် စဉ်းစားစရာအကြောင်းတွေ ရှိလာတာတော့ အမှန်ပါပဲ။ မြစ်ဆုံစီမံကိန်းကို စစ်တပ်အုပ်စိုးသော စစ်အစိုးရခေတ်မှ စတင်အခြေခံခဲ့ပြီး ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာတွင် အမှတ် (၁) လျှပ်စစ် ဝန်ကြီးဌာနနှင့် တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းတို့ နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီး လုပ်ငန်းများလုပ်ကိုင်လာရာ ပြည်သူများ ကန့်ကွက်မှုများကြောင့် ပြည်ခိုင်ဖြိုးပါတီအစိုးရ ဦးသိန်းစိန်လက
်ထက်တွင် သမ္မတဦးသိန်းစိန်က မိမိအစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမည်ဟု ၂၀၁၁ စက်တင်ဘာလ ၃၀ ရက်တွင် ကြေညာခဲ့သည်။

ဒီအပေါ်မှာ ကျွန်တော့်တစ်ဦးတည်း စဉ်းစားချက်အမြင်ကို ခွဲခြားသုံးသပ်ရမည်ဆိုပါက အဆိုပါမြစ်ဆုံ ပြန်လည်စတင်ရေးအဆိုသည် ဆွေးနွေးသူ ကိုယ်စားလှယ်၏ တစ်ဦးတည်းသဘောထားအမြင်အရ ပြောဆိုဆွေးနွေးခြင်း မှတ်ယူရမည်လား၊ ဒါမှမဟုတ် အတိုက်အခံပါတီ၏ သဘောထားအမြင်လား ဟူ၍ စဉ်းစားစရာဖြစ်လာသည်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတည်း သဘောထားအရဆိုရင်လည်း ဘယ့်အတွက်၊ ဘာကြောင့်ဟူသော စဉ်းစားတွေးတောစရာများ က ဖြစ်လာသည်။ ၂၀၁၅ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) ဆိုတာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ကုန်းကြမ်း မြို့နယ်နှင့်လောက်ကိုင်မြို့နယ်)ဖြစ်တဲ့အတွက် ကိုးကန့်တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးဖြစ်တယ်။ ဆွေးနွေးချက်ဖြစ်တဲ့အတွက် မဲခွဲဆုံးဖြတ်စရာမလိုပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြဆွေးနွေးတဲ့အတွက်  ပေးချင်တဲ့မက်ဆေ့ချ်တစ်ခုကို တရုတ်နိုင်ငံကိုယ်စား ပြောခဲ့လေသလားလို့တောင် ထင်မှတ်မိတယ်။ 

ရန်နိုင် ။ ။ ကျွန်တော်မြင်တဲ့ အရာတစ်ခုကိုလည်း ပြောပြချင်တယ်ကိုရန်ပိုင်ရေ။ ဒီသတင်းနဲ့ မရှေးမနှောင်တက်လာတာက ဂျပန်နိုင်ငံ နာမည်ကြီးကုမ္ပဏီကြီးသုံးခုက မီဂါဝပ် ၁၂၅၀ ထွက်ရှိမယ့် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကနေ ၂ ဘီလီယံထိ အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီး သီလဝါဒေသတွင် ၇၂ လအတွင်း အပြီးတည်ဆောက်၍ ၂၀၂၅ တွင် စတင်အသုံးပြုနိုင်မည့် သတင်းကလည်း မြစ်ဆုံအတွက် တွန်းအားဖြစ်စေသလားလို့လည်း စဉ်းစားမိတယ်။

ရန်ပိုင် ။ ။ ဒါကလည်း အကြောင်းအရာတစ်ရပ် ဖြစ်နိုင်ပါတယ် ကိုရန်နိုင်။ ကျွန်တော်တို့ မသိနိုင်တဲ့အကြောင်းတွေ အများကြီးရှိနေ လောက်ပါတယ်။ အတိုက်အခံပါတီ ပြောခွင့်ရ အမျိုးသမီးတစ်ယောက်ကဆို 'ဒီအချိန်ဟာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ယခင်အတိုက်အခံပါတီ လက်ရှိအစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို ရပ်တန့်မှာလား၊ ဆက်လုပ်မှာလား၊ စီမံကိန်းမှာ ဘယ်အချက်ချုပ်ဆိုထားတယ်ဆိုတာ လူထုကို ချပြမှာလား တိတိကျကျ ပြောရမယ့်အချိန်ကာလပါ။ မြစ်ဆုံစီမံကိန်း ဆွေးနွေးမှု အပေါ် အန်နယ်ဒီကိုယ်စားလှယ်များ မည်သို့တုံ့ပြန်ဆွေးနွေးကြမှာပါလဲ ဆိတ်ဆိတ်နေရင်တော့ သဘောတူတယ်လို့ယူဆပါမယ်' လို့ ဆိုထားလေတော့၊ သူပြောသလို စာချုပ်ပါအချက်အလက်တွေသာ ပြည်သူလူထုကို ချပြလိုက်ရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာစိုးလို့ ချမပြတာထင်တယ်ဗျ၊ တစ်ခါတစ်ရံ အန်နယ်ဒီအစိုးရက အချို့ကိစ္စတွေ အနာခံပြီး ထိန်းသိမ်းပေးနေသလားတောင် ထင်မိတယ်။ ဘာပဲပြောပြော အတိုက်အခံနိုင်ငံရေး ကကြီး ခခွေးအဆင့်ထက်မြင့်ပြီး အတိုက်အခံကောင်းတစ်ရပ်ဖြစ်ဖို့ မျှော်လင့်မိတာပဲဗျ။ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီစနစ်ဆိုတာမှာ အတိုက်အခံကောင်းဆိုတာ လိုအပ်ပါကြောင်းပါဗျ။

ချမ်းမြသာယာရှိကြပါစေ
အဂ္ဂ