News

POST TYPE

PERSPECTIVE

တာဝန်ယူမှုရှိတဲ့ပါတီတွေ ဖြစ်လာဖို့ဆိုရင်
31-Jul-2020

လာမည့်၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပတော့မှာမို့ ရွေးကောက်ပွဲဝင်ကြမယ့်ပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေလည်း ကိုယ်စီကိုယ်စီ စိုင်းပြင်းနေကြပါပြီ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဝင်ကြမယ့်ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ပတ်သက်ပြီးလည်း ပြည်သူတွေအကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အမြင့်ဆုံးရေချိန်လို့တော့ မဆိုနိုင်သေးပါဘူး။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေပါတီအလိုက်ကြေညာပြီးတဲ့အခါ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတတ်ပြီး မဲဆွယ်ကာလနဲ့မဲပေးမယ့်ကာလဟာ ရေချိန်အမြင့်ဆုံးဖြစ်ပါလိမ့်မယ်။ ဒါကတော့ရွေးကောက်ပွဲကာလတိုင်းနီးပါးလို့ ဆိုရမှာပါ။

ဒါပေမဲ့ ယခုနှစ်ရွေးကောက်ပွဲဟာ အရပ်သားအစိုးရလက်ထက်မှာ ကျင်းပမယ့်ပထမဆုံးရွေးကောက်ပွဲဖြစ်တဲ့အတွက် ပိုပြီးစိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ပါတီကြီးနှစ်ခုအကြား ပြိုင်ဆိုင်မှု၊ တိုင်းရင်းသားပါတီတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်လာမှုတွေ၊ ပြည်သူများက နိုင်ငံရေးပါတီတွေအပေါ် ယခင်ကထက်ပိုမိုအကဲဖြတ်လာနိုင်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲဟာ အကြိတ်အနယ်ယှဉ်ပြိုင်ကြရမယ့်သဘောပါပဲ။ ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ရပ်တည်ချက်နဲ့ ကြီးကြပ်မှု၊ စီမံခန့်ခွဲမှုတွေကလည်း ပြိုင်ပွဲတစ်ပွဲရဲ့ အမှန်တကယ်ရသကို ပေးနိုင်မလား၊ အမှန်တရားကို ဘယ်လောက်ဖော်ထုတ်ပေးနိုင်မလဲ၊ ပြည်သူ့ဆန္ဒဘယ်လောက် ထင်ဟပ်မလဲဆိုတာနဲ့ ဒီမိုကရေစီလမ်းကြောင်း ဘယ်လောက်ခိုင်မာစေမလဲဆိုတဲ့ စိတ်ဝင်စားမှုတွေကလည်း ရှိနေပြန်ပါသေးတယ်။

တိုင်းရင်းသားတွေလိုလားနေတဲ့ ဖက်ဒရယ်ဆိုတာကလည်း မျှော်လင့်ခြင်းအဆင့်မှာပဲ ရှိပါသေးတယ်။ ငြိမ်းချမ်းရေးမရနိုင်သေးလို့ တိုက်ပွဲများလည်း ရှိနေဆဲပါ။ ဒီတော့ဒီရည်မှန်းချက်တွေကို အောင်မြင်ဖို့ဆိုရင် ကြောင်ကို ဘယ်သူခြူဆွဲပေးမလဲဆိုတဲ့ စကားလိုပါပဲ။ ဘယ်သူက ဒီအခက်အခဲအကျပ်အတည်းတွေကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်မလဲဆိုတာ စဉ်းစားကြရတော့မှာပါ။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီ ဘယ်သူတွေက တာဝန်ယူတာဝန်ခံပြီး အကောင်အထည်ဖော်မလဲ စိတ်ဝင်စားမိပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ ယခင်ရွေးကောက်ပွဲအတွေ့အကြုံတွေအရ နိုင်ငံရဲ့အမှန်တကယ်လိုအပ်ချက်တွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ တိုင်းတာကြည့်မယ်ဆိုရင်အစိုးရတွေရဲ့လုပ်  ဆောင်ချက်တွေအပေါ်သိပ်အားမရလှကြပါဘူး။ ဒါကတော့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲအရ သုံးသပ်ချက်မဟုတ်ပါဘူး။ နိုင်ငံမှာ အမှန်တကယ် လိုအပ်နေတဲ့ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးတွေအပြင် ပြည်သူတွေလိုအပ်နေတဲ့ စီးပွားရေးတိုးတက်မှုတွေနဲ့ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေဆိုတာလည်း လိုအပ်နေဆဲပါ။ ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ အလုပ်အကိုင်တွေ ကျပ်တည်းနေတာနဲ့ အခြားစရိတ်တွေမြင့်တက်နေတာတွေဟာ လူထုရဲ့သဘောထားကို များစွာပြောင်းလဲစေနေပါတယ်။

အခုဆိုရင် လူထုအနေနှင့် ပွင့်လင်းလာတဲ့နိုင်ငံရေးအပြောင်းအလဲ ၁၀ နှစ်အတွင်းမှာ နိုင်ငံရေး၊ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးပါတီများရဲ့ အခြေ အနေကို ထိုက်သင့်သလောက် အကဲခတ်မိနေပြီလို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေး ယဉ်ကျေးမှုအားဖြင့် တိုးတက်လာတဲ့သဘောလို့ ဆိုနိုင်မှာပါ။ ပြည်သူလူထုရဲ့ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားလာခြင်းဟာ နိုင်ငံရေးပါတီတွေကို ထိန်းကျောင်းရာမှာ ထိရောက်တဲ့အစွမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့က ဒီမိုကရေစီမှာ ပြည်သူတစ်ယောက်ရဲ့ရပ်တည်ချက်ကို ပိုမိုသိရှိမယ်ဆိုရင် နိုင်ငံရေးအပြောင်းအလဲကို ထိန်းကျောင်းနိုင်မှာပါ။ ဒီအတွက်နိုင်ငံရေးပါတီများရဲ့ လောင်းရိပ်အောက်မှာ ရပ်တည်ကြခြင်းထက် ပြည်သူဆိုတဲ့ ရပ်တည်ချက်အပေါ် ရပ်တည်နိုင်ဖို့ ကြိုးစားကြရမှာပါ။ 

ရွေးကောက်ပွဲတစ်ရပ်ဆိုတာက ကိုယ်စားလှယ်လောင်းမဲပေးရွေးချယ်မှုထက် အဓိပ္ပာယ်ပိုမိုလေးနက်ပါတယ်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်၊ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်တွေနဲ့ တိုက်ရိုက်ဆက်စပ်ပတ်သက်နေလို့ပါပဲ။ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပါတီတွေကဘယ်လောက်အထိ နိုင်ငံကို တည်ဆောက်ပေးနိုင်မလဲ၊ ဒီမိုကရေစီကို ဘယ်လောက်အုတ်မြစ်ချပေးနိုင်မလဲ၊ ပြည်သူတွေရဲ့ဘဝကို ဘယ်သူတွေက မြှင့်တင်ပေးနိုင်မလဲဆိုတာတဲ့ ဇာစ်မြစ်က ရွေးကောက်ပွဲ ဖြစ်နေပါတယ်။ ပြည်သူက ပြည်သူအတွက်ဆိုတဲ့ စကားလိုပါပဲ။ ပြည်သူကိုကိုယ်စားပြု ဆောင်ရွက်ပေးနိုင်တဲ့သူတွေကိုသာ ပြည်သူတွေက ရွေး ချယ်နိုင်ကြဖို့က အခြေခံလိုအပ်ချက်လို့ ဆိုရမှာပါ။ ဒါမှလည်း ပါတီတွေ တာဝန်ယူ တာဝန်ခံလာဖို့ ထိန်းကျောင်းနိုင်ပါလိမ့်မယ်။ တစ်နည်းဆိုရရင် ဒီမိုကရေစီသဘောအရ နိုင်ငံရေးဆိုင်ရာအဆုံးအဖြတ်တွေမှာ နိုင်ငံသား တစ်ယောက်အနေနဲ့ ပါဝင်ဆုံးဖြတ်ခြင်းလို့ ဆိုနိုင်ပါတယ်။

ဒီမိုကရေစီစနစ်ဟာ အကျင့်ပျက်လာဘ်စားမှု၊ ဆင်းရဲမွဲတေမှုနှင့် မညီမျှမှုတို့ကို တိုက်ဖျက်ဖို့ အကောင်းဆုံးစနစ်တွေကို ရရှိစေပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတို့ဟာ လေလွင့်ဆုံးရှုံးနဲ့ အကျင့်ပျက်ခြစားမှုတွေကို တားဆီးခြင်းအပါအဝင် အများဆိုင်ရာရင်းမြစ်များအသုံးပြုမှုကို စောင့်ကြည့်ထိန်းကျောင်ခြင်းနဲ့ မူဝါဒချမှတ်ရာမှာ ပြည်သူတွေပါဝင်နိုင်မှုကို အာမခံပေးနိုင်တဲ့ အားကောင်းတဲ့နည်းလမ်းများပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင် Larry Diamond အဆိုအရ ဒီမိုကရေစီရဲ့အခြေခံလိုအပ်ချက် ၄ ချက် ပါဝင်တယ်လို့ဆိုပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေက တစ်ဆင့်အစိုးရတစ်ရပ်ကို ရွေးချယ်ခြင်းနဲ့ အစားထိုးခြင်းဆိုင်ရာ နိုင်ငံရေးစနစ်တစ်ရပ်ရှိခြင်း၊ နိုင်ငံသားများအနေနဲ့နိုင်ငံရေးနဲ့အရပ်ဘက်လုပ်ငန်းတွေမှာ တကြွ်ကစွာပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံသားအားလုံးရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးခြင်းနဲ့ နိုင်ငံသားအားလုံးအပေါ် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းအရ မျှတစွာကျင့်သုံးတဲ့ တရားဥပဒေစိုးမိုးရေးတို့ပါဝင်တယ်လို့ ဆိုထားပါတယ်။
ဒီတော့ ဒီမိုကရေစီမျှော်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ဆိုရင် ရွေးကောက်ပွဲများဟာ အခြေခံကျတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်နေ ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေအပါအဝင် ဒီမိုကရေစီနဲ့ ယင်းရဲ့အင်စတီကျူးရှင်းတွေ နုနယ်သေးချိန်မှာ ရွေးကောက်ပွဲများဟာ ပိုမိုအရေးပါနေပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခြေလှမ်းတွေကို ရွေးကောက်ပွဲတွေက ပိုမိုအားဖြည့်ပေးနိုင်သလို ယင်းဒီမိုကရေစီခြေလှမ်းတွေ ကို ရွေးကောက်ပွဲတွေက အားလျော့စေနိုင်ပါတယ်။ 

စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ တာဝန်ယူမှုကိုဖြစ်စေတဲ့ အဓိကယန္တရားတွေလို့ ဆိုပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ပြည်သူလူထုနဲ့ နိုင်ငံတော်အကြားအရေးပါတဲ့ ပေါင်းကူးဖြစ်ပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားတွေကို ကိုယ်စားပြုနိုင်ဖို့နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို မူဝါဒအဖြစ်ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ဒါမှလည်း လူထုရဲ့လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ မူဝါဒချမှတ်တာနှင့် ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအကျိုးစီးပွားအခြေပြုအစီအစဉ်တွေ ပါဝင်ဖို့ကြိုးစားကြရပါတယ်။ တစ်ချိန်တည်းမှာပဲ ပါတီတွေအနေနဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်လုံးနဲ့ ပြည်သူလူထုကိုယ်စား တာဝန်ယူနိုင်ဖို့ အစိုးရအဖြစ် တာဝန်ယူကြပါတယ်။

ဒီမိုကရေစီနုနယ်တဲ့နိုင်ငံတွေမှာတွေ့ရလေ့ရှိတဲ့ ပါတီစုံဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေအပါအဝင် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးဆိုင်ရာ အဓိကအင်စတီကျူးရှင်းတွေရဲ့လုပ်ငန်းတွေအပေါ် ပြည်သူတွေအနေနဲ့ စိတ်မကျေနပ်ဖွယ်နဲ့ စိတ်ပျက်ဖွယ်တွေ တိုးမြှင့်လာနေတာကိုလည်း သတိပြုကြရမှာပါ။

ပါလီမန်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စောင့်ကြည့်ရေးအဖွဲ့အစည်းတွေ၊ စိန်ခေါ်နိုင်တဲ့ မီဒီယာတွေနဲ့ မဲဆန္ဒရှင်တွေ၊ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရဲ့ဆုံးဖြတ်ချက်တွေအပေါ် အပြန်အလှန်ထိန်းကျောင်းမှုဆိုင်ရာ ဒီမိုကရက်တစ်လုပ်ပိုင်ခွင့်တွေအပေါ် အကန့်အသတ်တွေ ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီအများစုဟာ နိုင်ငံသားတွေရဲ့အကျိုးစီးပွားတွေနဲ့ ပြည်သူ့ကောင်းကျိုးတွေကို ကိုယ်စားမပြုကြသလို လူထုရဲ့ လိုအပ်ချက်တွေကိုလည်း တုံ့ပြန်လုပ်ဆောင်ကြခြင်းလည်း မရှိကြပါဘူး။ အဲဒီအစားအာဏာရရှိရေးနဲ့ အခွင့်အလမ်းရရှိရေးကိုသာ ပါတီတွေဟာ ကြိုးပမ်းနေတတ်ကြပါတယ်။ ဒါ့အပြင် ပြည်သူ့ရေးရာကိစ္စရပ်တွေနဲ့ သဘော တရားတွေအစား ကိုယ်ပိုင်အကျိုးစီးပွားတွေအပေါ်မှာသာ အာရုံစိုက်နေတတ်ကြပါတယ်။ အကျင့်ပျက်ခြစားမှုတွေ၊ နိုင်ငံရေးပါတီတွေ ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အင်စတီကျူးရှင်းအားနည်းမှုတွေအကြားမှာ နက်နက်ရှိုင်းရှိုင်းတည်ရှိနေတဲ့ မယုံကြည်မှုတွေအပြင် ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အတွေ့အကြုံနဲ့ လုပ်ထုံးလုပ်နည်းတွေ အားနည်းတာတွေကြောင့် ခေတ်သစ်ဒီမိုကရေစီ စနစ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေအတွက် အကျပ်အတည်းတွေ ဖြစ်ပေါ်စေလျက်ရှိပါတယ်။ 

ဒီတော့ ဒီမိုကရေစီနုနယ်တဲ့နိုင်ငံအတွက် ရှေ့ခရီးဆက်ဖို့ဆိုရင် ဘယ်လိုအစိုးရမျိုးကို ရွေးချယ်ကြမလဲ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို မဲပေးကြမလဲဆိုတာက ဒီမိုကရေစီပန်းတိုင်အဆုံးအဖြတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုတွေထက် မိမိတို့လိုလားနေကြတဲ့ ဒီမိုကရေစီသဘောနဲ့ ချင့်ချိန်သုံးသပ် အကဲဖြတ်ကြဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။ မဲပေးရွေးချယ်ရာမှာ ရည်မှန်းချက်မပျောက်ဖို့ လိုအပ်ပါတယ်။ဝေဖန်သုံးသပ်မှုရှိဖို့ လိုပါမယ်။ ပါတီတွေက တာဝန်ယူမှု တာဝန်ခံမှုရှိလာဖို့ ထိန်းကျောင်းနိုင်စွမ်းရှိဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှလည်း ပြည်သူ့ဆန္ဒကို အလေးထားတဲ့အစိုးရတစ်ရပ် ကို ရရှိနိုင်မှာပါ။

သိန်းထွန်း(IR) 
(၂၉ . ၇ .၂၀၂၀ )