News

POST TYPE

PERSPECTIVE

ကျွန်တော် ကျောင်းဆရာ မောင်စည်သူ
30-Jul-2020


ကျောင်းတွေပိတ်ထားရသည်။ အကြောင်းက ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (Covid -19) ကြောင့် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဇွန်လဆန်းကတည်းက ကျောင်းပြန်ဖွင့်သော်လည်း သည်နှစ်တွင်တော့ အခြေအနေကိုကြည့်နေရသည်။ အခြေအနေက အဆိုးကြီးမဟုတ်သော်လည်း အခြေအနေအရပ်ရပ်က စိတ်ချလက်ချ ဖြစ်နေသည့် အနေအထားမဟုတ်။ အားလုံးက နိုင်ငံတော်အစိုးရ၏ ညွှန်ကြားမှုအောက်တွင် ဟန်ချက်ညီညီ ဆောင်ရွက်နေရသည်။ အစိုးရကလည်း အစိုးရအလျောက်၊ ဝန်ထမ်းက ဝန်ထမ်းအလျောက်၊ ကုန်သည်က ကုန်သည်အလျောက် စသဖြင့် အခြေအနေပေါ်မူတည်ပြီး လှုပ်ရှားနေကြရသည်။

ကျွန်တော်လည်း အခြေအနေနှင့် အချိန်အခါကို ကြည့်နေရသည်။ ကျောင်းကခေါ်လျှင် သွားနိုင်အောင်လည်း ပြင်ဆင်ထားရသည်။ မသွားနိုင်ရအောင်လည်း တာဝန်ကျတဲ့ကျောင်းက အဝေးကြီးမှ မဟုတ်တာ။

ကျွန်တော် ပညာရေးဌာနကို စတင်ဝင်ရောက်စဉ်က မွေးရပ်မြေနှင့် အတော်လှမ်းဝေးသည်။ မူလတန်းပြရာထူးဖြင့် တာဝန်ကျရာကျောင်း တွင် ကျောင်းအိပ်ကျောင်းစား သွားနေရသည်။ ယခု လုပ်သက်ခုနစ်နှစ်ရမှ ရာထူးတိုးနှင့် ကိုယ့်မွေးရပ်မြေကို ပြန်ရောက်လာသည်။ မွေးရပ်မြေကို ရာထူးတိုးဖြင့် ပြန်ရောက်လာသော်လည်း Covid -19 ကြောင့် ကျောင်းတွေက ပြန်မဖွင့်သေး။ အထက်တန်းဆင့်တွေက ဇူလိုင်လထဲမှာ ပြန်ဖွင့်သော်လည်း အလယ်တန်းနှင့် မူလတန်းကတော့ တစ်လလောက်စောင့်ကြည့်ဦးမည်ဟု အစိုးက ထုတ်ပြန်ထားသည်။ သည်ကြားထဲ ကျွန်တော်တို့လည်း နားနားနေနေ နေရင်း လုပ်စရာရှိသည်များကို လုပ်ထားရသည်။

ကျောင်းဆရာဆိုသည်မှာ လုပ်ချင်တိုင်းလုပ်၍မရ။ ပါရမီအခံပါမှ လုပ်နိုင်သည်။ ပါရမီအခံမပါလာဘဲနှင့် ကျောင်းဆရာ မဖြစ်နိုင်ပေ။ အချို့ က ကျောင်းဆရာဖြစ်ချင်ကြသည်။ အချို့က ကျောင်းဆရာ မဖြစ်ချင်ကြ။သို့သော်လည်း ကျောင်းဆရာဖြစ်ချင်သော်လည်း ကျောင်းဆရာ မဖြစ်၊ ကျောင်းဆရာ မဖြစ်ချင်သော်လည်း ကျောင်းဆရာဖြစ်နှင့် ဘဝက မျက်လှည့် ဆန်သည်။ အချို့ကလည်း ကျောင်းဆရာဖြစ်ချင်၍ ကျောင်းဆရာဖြစ် သည်။ အချို့ကလည်း ကျောင်းဆရာ မဖြစ်ချင်၍ ကျောင်းဆရာ မဖြစ်။ဆိုလိုသည်က ကျောင်းဆရာတစ်ယောက်ဖြစ်ရန်(ရိုးရိုးသားသား)ဆိုသည် မှာ လွယ်ကူသောကိစ္စတော့ မဟုတ်။ ဤသည်ကပဲ ကျောင်းဆရာဖြစ်ရန် ပါရမီအကြောင်းဖြစ်သည်။

ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိသည်။ သူငယ်ချင်းဖြစ်သူက ကျောင်းဆရာကို ဝါသနာမပါ။ ပြောရလျှင် ကျောင်းဆရာ မဖြစ်ချင်။ သို့သော် မိဘများကိုမလွန်ဆန်နိုင်၍ မိဘအလိုကျ ကျောင်းဆရာလျှောက်သည်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အတူလျှောက်ကြသည်။ သည်လိုနှင့် Covid -19 တွေထွက်လာတော့ သူကောကျွန်တော်ပါ ဆရာဖြစ်သင်တန်းကို ကောလိပ်တစ်ခုတည်း အတူတက်ရသည်။ သူကတော့ ဆရာမဖြစ်ချင်ဘဲ မိဘများကြောင့် ဆရာဖြစ်သင်တန်းကို ရောက်လာသည်။

သင်တန်းတွင်လည်း သူငယ်ချင်းဖြစ်သူက စာကိုစိတ်မဝင်စား။သောက်သောက်စားစား နေတတ်သည်။ မူးလာလျှင် ကျွန်တော့်အခန်းကို ရောက်လာပြီး သူ ဆရာ မလုပ်ချင်ကြောင်း ရင်ဖွင့်သည်။ မိဘများကို ချစ်၍သာ လိမ္မာသောသားတစ်ယောက်အဖြစ် လက်ခံခြင်းဖြစ်ကြောင်းလည်း ပြောပြသည်။ ထို့အပြင် သည်ကျောင်းဆရာအလုပ်ကိုလည်း စိတ်မဝင်စားကြောင်း ပြောပြသည်။ ကျွန်တော်က သူပြောသမျှကို နားထောင်ပေးရသည်။ သူပြော၍ပြီးလျှင် သူ့ခံစားချက်ကို မျှဝေပေးပြီး သုံးသပ်ပေးရသည်။ ကျောင်းဆရာဖြစ်ချင်ခဲ့သော ကျွန်တော်လည်း သိသလောက်မှတ်သလောက် သူ့ကိုပြောပြသည်။ သဘောမကျသော်လည်း သူငယ်ချင်းဆိုသည့်စိတ်ကြောင့် ကျွန်တော်ပြောသည်ကို လက်ခံပေးသည်။ သည်လိုနှင့် ဆရာဖြစ် သင်တန်း နှစ်နှစ်ပြည့်တော့ အလုပ်ခန့်စာများနှင့်အတူ သူငယ်ချင်းတွေ ကွဲသွားကြသည်။ သူက မွေးရပ်မြေနှင့် မနီးမဝေးတွင် အလုပ်ဝင်ရသည်။ ကျွန်တော်က မြို့စွန်မြို့ဖျားဟု ပြော၍ရသော ရပ်ဝေးတစ်နေရာတွင် တာဝန် ကျသည်။ ကျွန်တော်လည်း တာဝန်ကျကတည်းက မွေးရပ်မြေနှင့် ဝေးကွာသွားသောကြောင့် မွေးရပ်မြေနှင့်ပတ်သက်၍ သူစိမ်းတစ်ရံလို ဖြစ်လာသည်။

ဒီနှစ်တော့ မွေးရပ်မြေနှင့်နီးရာကို ရာထူးတို့နှင့် ကျွန်တော်ပြန် ရောက်လာသည်။ ကျွန်တော်လည်း မွေးရပ်မြေတွင် အနေများလာသည်။ သူငယ်ချင်းများနှင့်လည်း မကြာခဏဆုံဖြစ်သည်။ ခုနစ်နှစ်တာလုံး မတွေ့ဆယ်ခါ တွေ့တစ်ခါနေလာရသော သူငယ်ချင်းနှစ်ယောက် နွေရာသီ ကျောင်းပိတ်ရက်မှာ မကြာခဏဆုံဖြစ်ကြသည်။

သူငယ်ချင်းသည် မြို့ပေါ်ရပ်ကွက်တစ်ခုတွင် ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်နေသည်။ သူ့အလုပ်တွင်လည်း ကျွန်တော့်ကို တတ်နိုင်သလောက် ကူညီပေးရန် တောင်းဆိုသည်။ သူငယ်ချင်းဖြစ်သူတောင်းလာသော အကူအညီကိုလက်ခံရင်း သူနှင့်ကျွန်တော် မကြာခဏဆုံဖြစ်သည်။ ခုနစ်နှစ် ဆိုသောကာလကို နွေရာသီပိတ်ရက်မှာ အတိုးချရင်း စကားတွေပြောဖြစ်ကြသည်။ သူငယ်ချင်းနှင့် စကားပြောရသောအချိန်များတွင် သူငယ်ချင်းထံမှ မထင်မှတ်ထားသောစကားများကို ကြားရတတ်သည်။

“ဆရာဆိုတာ ပါရမီရှိမှဖြစ်တာ” ၊ “ပညာရပ်တစ်ခုဆိုတာ ဝါသနာပါမှ တတ်ကျွမ်းတာ” ၊ “ပညာရှာဖို့ ကျောင်းတက်ရသလို၊ ပညာတတ်ဖို့ ကိုယ်တိုင် လေ့လာရတယ်” စသဖြင့် သူငယ်ချင်းပြောသောစကားများက ကျွန်တော့်ကို အတွေးပွားစေသည်။

အများအားဖြင့် ကျွန်တော့်ကိုကျွန်တော် မေးခွန်းများ မေးမိလေသည်။ ကျွန်တော် ဆရာဖြစ်လာခြင်းက ပါရမီကြောင့်လား။

သေချာမပြောတတ်။ ကျွန်တော် ပြောတတ်သည်က အလုပ်အကိုင် ရှားပါးမှုကြောင့်။ ကျွန်တော် ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင်ပြီး ဆရာဖြစ်သင်တန်းတက်သော ၂၀၁၀ ခုနှစ်လောက်က သင်တန်းပြီးသည်နှင့် အလုပ်ရသည့်အလုပ်မှာ ဆရာဖြစ်သင်တန်းဖြစ်သည်။ ကျွန်တော် ဆယ်တန်းအောင်တုန်းက ဆရာဖြစ်သင်တန်းတက်ရောက်ရန် အမှတ်မီသကဲ့သို့ မှော်ဘီတွင် Order တက်ရောက်ရန်လည်း သတ်မှတ်ချက် မီခဲ့သည်။ ရွေးချယ်စရာနှစ်ခုနှင့်ကျွန်တော် ဘာကိုတက်ရမည်ဟု မဆုံးဖြတ် တတ်။ အိမ်ကလည်း လွတ်လပ်ခွင့်ပေးသည်။ မပေးသည်က စီးပွားရေး။

သားသမီးငါးယောက်ကို ကျောင်းစောင့်ဆိုသော အဖေ့လခလေး နှင့် ထောက်ကန်ပေးထားရသောအခြေအနေတွင် ကျွန်တော့်ရွေးချယ်မှုသည် သင်တန်းပြီးသည်နှင့် အလုပ်လုပ်၊ လစာရသော ဆရာဖြစ်သင်တန်း ကို ရွေးချယ်ခဲ့သည်။ ကျွန်တော့်ရွေးချယ်မှု မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကျွန်တော့်တွင်သာ တာဝန်ရှိသည်။ မိဘများက ကျွန်တော့်ရွေးချယ်မှုကို ဝင်မစွက်ဖက်။ သည်လိုနှင့် ကျွန်တော် ကျောင်းဆရာဖြစ်ခဲ့သည်။

ကျွန်တော် ကျောင်းဆရာတစ်ယောက်ဖြစ်သည်။ကျောင်းဆရာ ဖြစ်သောကြောင့် ကျောင်းသားများနှင့် ဆုံရသည်။ တစ်နည်းပြောရလျှင် အနာဂတ်ခေါင်းဆောင်များနှင့် ဆုံတွေ့ရခြင်းဖြစ်သည်။အနာဂတ်ခေါင်း ဆောင်များသည် ဘဝမျိုးစုံက လာကြသူများဖြစ်၍ စရိုက်စုံလှသည်။

စရိုက်စုံ၊ နယ်ပယ်စုံကလာသော အနာဂတ်များတွင် မျှော်မှန်းချက် အမျိုးမျိုးရှိကြသည်။ အချို့က ဆရာဝန်ဖြစ်ချင်သည်၊ အချို့က ဆရာဖြစ်ချင်သည်၊ အချို့က အင်ဂျင်နီယာဖြစ်ချင်သည် စသဖြင့် သူတို့ပြောသမျှသော မျှော်လင့်ချက်များသည် ကျွန်တော်တို့ငယ်ငယ်တုန်းကလိုပင်။

တကယ်တော့ ကျွန်တော်တို့အများစုသည် ငယ်ငယ်တုန်းက ချမှတ်ခဲ့သော မျှော်လင့်ချက်များကို ကြီးသည့်အချိန်ထိ ပါအောင်မခေါ်ခဲ့နိုင်ကြ။ ကျွန်တော်ငယ်ငယ်တုန်းက အင်ဂျင်နီယာ ဖြစ်ခဲ့သည်။ နောက်ပိုင်း ဆရာဝန်၊ နောက်ပိုင်း စစ်ဗိုလ်စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာသော ရည်မှန်းချက်များ။ ဤရည်မှန်းချက်များတွင် ဆရာဆိုသည့်အချက် မပါခဲ့။ ဝါသနာမပါ၍ ဖြစ်သည်။ သို့သော် ဆရာဆိုသော ပါရမီ ရှိသည်ကိုတော့ ငြင်း၍မရ။ ဤသည်ကို ကျွန်တော်မသိ။ မည်သူမျှလည်း မသိကြပေ။ကျွန်တော့်ငယ်ဆရာများပင် ကျွန်တော့်ကို ဆရာဖြစ်လိမ်မည်ဟု မထင်ကြ။ နောက်ဆုံး ကျွန်တော် ဆရာဖြစ်သည်ကိုပင် သိပ်မသိကြ။လုပ်ငန်းခွင်ဝင်မှသာ ကျွန်တော် ဆရာဖြစ်မှန်း သိကြသည်။

ဆရာတစ်ယောက် ဖြစ်လာပြီဆိုလျှင် ဝါသနာပါသည်ဖြစ်၊ မပါသည် ဖြစ်စေ မိမိအလုပ်ကိုတော့ တန်ဖိုးထားရမည်။ မိမိအလုပ်ကို တန်ဖိုးမထား လျှင် ပါရမီရှိသည်ပဲဖြစ်ဖြစ်၊ မရှိသည်ပဲဖြစ်ဖြစ် အဲ့ဒီအလုပ်နှင့် လုံးဝ မထိုက်တန်ပါ။ အချို့က ဝါသနာလည်းပါသည်။ ပါရမီလည်းရှိသည်။ သို့သော် ကိုယ့်အလုပ်ပေါ်တွင် တန်ဖိုးမထားကြ။ ကျွန်တော်ကတော့ တန်ဖိုးထားစေချင်သည်။

မည်သည့်အလုပ်မဆို ကိုယ်ကတန်ဖိုးထားလျှင် အလုပ်ကလည်း ကိုယ့်ကိုတန်ဖိုးထားသည်ဟု ယုံကြည်သည်။ ယုံကြည်မှုရှိလျှင် ဘယ်အလုပ် မဆို အောင်မြင်သည်ဟုလည်း ကြားဖူးသည်။ ထို့ကြောင့် အလုပ်တစ်ခုလုပ်လျှင် ဝါသနာတွေ၊ ပါရမီဆိုသည်ထက် ယုံကြည်မှုနှင့်လုပ်သည်။ မှားသွားခဲ့လျှင်လည်း ယုံကြည်မှုကို အပျက်မခံ။ အမှားကို သင်ခန်းစာယူပြီး ယုံကြည်မှုအတိုင်း ထပ်မံကြိုးစားသည်။ သည်တစ်ကြိမ်မရလျှင် နောက်တစ်ကြိမ်၊ နောက်တစ်ကြိမ်မရလျှင် နောက်တစ်ကြိမ် စသဖြင့် ယုံကြည်ရာပန်းတိုင် ရောက်အောင် ကြိုးစားရမည်။ အားထုတ်ရမည်။ လေ့လာရမည်။ ဆည်းပူးရမည်။ ဤသည်မှာ ဆရာဖြစ်နေသော ကျွန်တော့်အတွက် အထောက်အပံ့ ဖြစ်သည်။

ဆရာဆိုသည်မှာ ဝါသနာကိုအရင်းခံပြီး စေတနာ၊ အနစ်နာ၊ အကြင်နာဆိုသော နာသုံးနာကို ဖြစ်ပေါ်စေသည်။ ကျွန်တော်ကကို ပါရမီကိုအကြောင်းပြုပြီး ဝါသနာ၊ စေတနာ၊ အနစ်နာဟူသော နာသုံးနာဖြစ်လာရသည်။ ဤတွင် ကျွန်တော်ဖြစ်လာသော နာသုံးနာသည် အခြားသူတို့နှင့် တူချင်မှတူမည်။ တူချင်လည်းတူမည်။ သို့သော် ဆရာဆိုသော ပါရမီကတော့ တူလိမ့်မည်။

မနှစ်တုန်းက ကျောင်းသားလေးတစ်ယောက် တက္ကသိုလ်ဝင်တန်း (ဝိဇ္ဇာတွဲ)ကို လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။ ထို့အတူ ကျောင်းသားလေးတစ်ယောက်သည်လည်း ဝိဇ္ဇာတွဲကို ဂုဏ်ထူးတစ်ဘာသာဖြင့် အောင်မြင်သည်။ သူတို့နှစ်ယောက်၏ ရမှတ်များကလည်းကွာခြားသည်။နှစ်ယောက်စလုံးကလည်း ဆရာဖြစ်ချင်ကြသည်။ ဝါသနာလည်း ပါကြသည်။ လျှောက်လည်း လျှောက်ကြသည်။ ဤတွင် ဂုဏ်ထူးတစ်ဘာသာပါ သောကျောင်းသားက ဆရာဖြစ်သင်တန်းကို တက်ခွင့်ရသွားသည်။ လေးဘာသာကျောင်းသားက ဆရာဖြစ်သင်တန်း တက်ရောက်ခွင့်မရ။ ဤသည်မှာ ဘာကြောင့်လဲဟု တွေးကြည့်လျှင် အဖြေက စဉ်းစားရခက်သည်။ အမှန်တော့ ဆရာဖြစ်ရန် ပါရမီနည်းခြင်းကြောင့် ဖြစ်သည်။ ထိုပါရမီသည် လူတိုင်းတွင် ပါလာခဲ့သည်။ ပါလာသည့် ပါရမီကလည်း မိမိဖြစ်ချင်သော ဝါသနာနှင့် တူချင်မှတူလိမ့်မည်။ မတူသည်များလည်း ရှိသည်။ တူခြင်း မတူခြင်းက မည်သူမျှမသိနိုင်။ ထို့ကြောင့်လည်း ကျွန်တော့်ကို ဆရာဖြစ်မည်ဟု မည်သူမျှ ထင်မထားခြင်းဖြစ်သည်။

ကျွန်တော်ဆရာဖြစ်သွားမှ “နင့်ကို ဆရာဖြစ်မယ်လို့ မထင်ဘူး”ဆိုသော စကားသံအချို့ကို ကြားရသည်။ ကျွန်တော့်ရှေ့တွင်ပြောသကဲ့သို့ အနောက်တွင်လည်း ပြောကြသည်။ ကျွန်တော်ကတော့ ကျောင်းဆရာ ဆိုသောအလုပ်ကို လုပ်ကိုင်လျက်ရှိသည်။

တစ်ခါတလေတော့လည်း ကျောင်းဆရာဆိုသည်ကို ခေတ္တမေ့ထား ချင်သည်။ မေ့ထားကြည့်သည်။ မေ့ထား၍မရ။ မသိစိတ်ကနေ “ကျွန်တော် ကျောင်းဆရာ” ဆိုသောစိတ်ကို အမြဲသတိပေးနေသည်။

ကျောင်းဆရာဆိုသည်မှာ သာမန်လူတို့ မလုပ်နိုင်။ ပါရမီရှိမှ၊ ပရဟိတစိတ်ရှိမှသာ လုပ်နိုင်သည်။ ကိုယ်နှင့် သွေးမတော်သားမစပ်သည့် မတစ်ထောင်သားသမီးများကို ရင်ဝယ်သားကဲ့သို့ သဘောထား၍ ပညာ သင်ပေးရသည်။ သူတို့လေးတွေ၏ အမှုပေါင်းတစ်ထောင်ကိုလည်း ဖြေရှင်း ပေးရသည်။ တစ်ခါတလေ မိဘများ၏ အထင်သေးမှု၊ အထင်မှားမှုကို လည်း ခံရသည်။ သို့သော် ဆရာဆိုသော မနုဿလူသားသည်ကား မိမိအရေး ထက် သူတစ်ပါးအရေးကို ဦးစားပေးကြသည်။ သည်ကြားထဲ ဆရာတွေကို လစာညာယူနေသည်ဟုပင် ပြောချင်ကြသေးသည်။

ယခုလတ်တလော ဖြစ်ပွားနေသော Covid-19 ရောဂါသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်သည်။ ထိုအခါ ရောဂါကာကွယ်ရေးအနေဖြင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ကျန်းမာရေးဌာနက ဦးစားပေးလုပ်ကိုင်ကြရသည်။ အခြားပရဟိတအဖွဲ့အစည်းများကလည်း ပါဝင်အားဖြည့်ကြသည်။ ဝမ်းသာစရာသတင်းပါ။ လေးစားဂုဏ်ယူရပါသည်။ မိမိတို့အနေဖြင့်လည်း တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးရပါသည်။ကျောင်းတွေကလည်း ကျောင်းဖွင့်ရာသီရောက်တာတောင် ပြန်မဖွင့်နိုင်သေး။ စောင့်ကြည့်ကာလအဖြစ် ကျောင်းဖွင့်ရက်ကို နောက်ဆုတ်ထားရသည်။ ဤသည်ကို အချို့က “ဆရာတွေ လစာညာယူနေကြတယ်” ဟု ပြောသေးသည်။

လစာညာယူခြင်း၊ မညာယူခြင်းသည် အလုပ်လုပ်ရသူသာ သိသည်။ ဘေးကထိုင်ကြည့်ပြီး ဝေဖန်သူအတွက်တော့ ညာခြင်း၊ မညာခြင်းကို သေချာမသိနိုင်ပေ။ ထိုသို့ သေချာမသိသော ဝေဖန်သူများရှိနေသည့်နိုင်ငံတွင် ကျွန်တော် အလုပ်လုပ်နေသည်။ ကျွန်တော့်အလုပ်ကား ကျောင်းဆရာ အလုပ်ဖြစ်သည်။

ကျွန်တော်သည် ကျောင်းဆရာတစ်ယောက် ဖြစ်ပါသည်။ အတိအကျ ညွှန်းဆိုရလျှင် ကျောင်းဆရာကို ကျောင်းဆရာဟု မမြင်သူများအကြား ကျောင်းဆရာအလုပ်ကို ခုံမင်စွာ လျှောက်လှမ်းနေသူလည်း ဖြစ်သည်။

မောင်စည်သူ (အဖျောက်)