News

POST TYPE

PERSPECTIVE

ရှဉ့်လည်းလျောက်သာ ပျားလည်းစွဲသာ ဖြစ်ရမယ့် အခွန်အကောက် ဥပဒေကြမ်း
29-Jul-2020


ဇူလိုင်လ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လူထုအတွင်းမှာ ပြောစရာလေးတွေ ရှိလာနေတာ တွေ့ရပါတယ်။ သူတို့ရဲ့အသံတွေကို ခြုံငုံကြည့်ရင် အများစုကတော့ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျပ်တည်းခဲ့ရ၊ အလုပ်အကိုင်တွေ ပျက်ခဲ့ကြရတာမို့ အစိုးရကလည်း တစ်ဖက်က ချေးငွေတွေ ချေးပေးနေသလိုမျိုး အခွန်အကောက်တွေနဲ့ ပတ်သက်လို့လည်း ယခင်နှစ်က ဘတ်ဂျက်တစ်ရာသီစာ လျှော့ပေါ့စဉ်းစား ဆောင်ရွက်ပေးခဲ့တဲ့ ရာခိုင်နှုန်း တွေအတိုင်းပဲ ဒီနှစ်မှာလည်း ဆက်လက်ထားရှိပေးဖို့ ရည်ရွယ်ကြတာ မြင်ရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ပြီးခဲ့တဲ့ရက်ကတော့ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားရှိတဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့တာ ကိုလည်း သတင်းစာမှာမြင်ရပါ တယ်။ ဒီအတွက် ဒီအပေါ်မှာ ဥပဒေပြုရေးတာဝန်ကိုယူထားရတဲ့ လွှတ်တော်ဘက် အပိုင်းက ဘယ်လိုဆွေးနွေး၊ အတည်ပြုဆုံးဖြတ်ပြဋ္ဌာန်း လာမလဲဆိုတာ က စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။ အမှန်တကယ်တော့လည်း လက်ရှိအခြေအနေဟာ ယခု ၂၀၂၀ ပြည့်နှစ်ဆန်းကာလကတည်းက ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ မြန်မာမှာသာမက ကမ္ဘာ့နိုင်ငံအနှံ့ အပြားမှာ ဆက်လက်ပျံ့နှံ့ဖြစ်ပွားနေဆဲဖြစ်တာမို့ နိုင်ငံအတော်များများ အနေနဲ့ စီးပွားရေးပျက်ကပ်ကိုပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်လည်းဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ ကျားတစ်ကောင်ဖြစ်တဲ့ စင်ကာပူနိုင်ငံတောင်မှ လွန်ခဲ့တဲ့ရက်ပိုင်းက စီးပွားရေး ကျဆင်းဆုတ်ယုတ်မှုဒဏ်ကို ခံနေရပြီလို့ သူတို့အစိုးရက ကြေညာခဲ့တာမြင်ရသလို ကျန်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်တို့ဆိုရင်လည်း နိုင်ငံ့စီးပွား ရေးမယိုင်မလဲသွားစေဖို့ သူတို့နိုင်ငံအတွင်းက လုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြား သားရင်းနှီးမြှုပ်နှံသူတွေကို ပထမအဆင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ လာလုပ်ရင် ပထမတစ်နှစ်မှာ တစ်နှစ်တိတိ အခွန်ကင်းလွတ် ခွင့်ပြုတာမျိုး၊ သူတို့နိုင်ငံအတွင်းက အိမ်ရာ အဆောက်အအုံတွေကို နိုင်ငံခြားသားတွေ လာဝယ်ကြရင် PR ပေးမယ်ဆိုတာမျိုးတွေအထိတောင်  စွန့်စွန့်စားစား လုပ်ယူနေကြတဲ့သတင်းတွေကိုလည်း ဖတ်ရပါတယ်။

ဒီအတွက် ဒီနိုင်ငံမှာဆိုရင်လည်း အစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေးယုတ်လျော့မှုတွေကို လျှော့ချဖို့၊ အသေးစား စက်မှုလက်မှု၊ အိမ်တွင်းမှုလုပ်ငန်းရှင်လေးတွေပါမကျန် အလုပ်အကိုင်မပျက် ကုန်ထုတ်လုပ်မှုကို ဆက်လက်တိုးမြှင့်နိုင်ကြဖို့နဲ့ ပြည်တွင်းမှာလည်း ပြည်တော်ပြန်နိုင်ငံသားတွေ အလုပ်အကိုင်ရရှိစေဖို့ အတွက် ရည်ရွယ်ပြီး ကိုဗစ်ချေးငွေတွေကို တစ်ကြိမ်ပြီး တစ်ကြိမ် ထုတ် ချေးပေးနေတာကိုလည်း မြင်ရသလို အခြားတစ်ဖက်မှာလည်း ပြင်ပကနေ အတိုးမဲ့ချေးငွေတွေ၊ အတိုးနှုန်းသက်သာတဲ့ချေးငွေတွေ ချေးယူကြရင်း နိုင်ငံ့စီးပွားရေးအဆောက်အဦ မပြိုလဲအောင် ကျားကန်နေကြတာကို လည်း မြင်ရပြန်ပါတယ်။

အခွန်အခတွေ ကောက်ယူမှုနဲ့ပတ်သက်လို့ ပြောရရင်လည်း ဒီမို ကရေစီစနစ်ကိုလက်ကိုင်ပြုတဲ့ အစိုးရတွေရဲ့မူဝါဒအရ အစိုးရဆိုတာ နိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေနဲ့အပြိုင် စီးပွားရေးဝင်လုပ်ကိုင်ပြီး အမြတ်အစွန်းတွေ ရယူကြရမှာမျိုးမဟုတ်ဘဲ သူတို့အလွယ်တကူလုပ်နိုင် ကိုင်နိုင်အောင် အခွင့်အလမ်းတွေပါဝင်တဲ့ဥပဒေတွေ ပြဋ္ဌာန်းပေးတာ၊ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ကြဖို့ ဖိတ်ခေါ်တာ၊ လိုအပ်တဲ့ နည်းပညာနဲ့ အရင်းအနှီးကို စိုက်ထုတ်ကူညီပေးတာတွေ ပြုလုပ်ကြရသလို အခြား တစ်ဖက်မှာ ဆိုရင်လည်း သူတို့အစိုးရရဲ့ ဗျူရိုကရေစီယန္တရား လည်ပတ် နိုင်ဖို့၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို လစာ၊ ပင်စင်တွေပေးဖို့၊ နိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြား ဘက်စုံ ကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဖို့ ဆိုတာတွေက ပြည်သူတွေထံက၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေထံက ပြန်လည် ကောက်ခံရရှိတဲ့ အခွန်အခတွေနဲ့သာ ပြန်လည်တည်ဆောက်ကြရရိုးထုံးစံ ရှိပါတယ်။ ဒါကို ရှင်းလင်းတဲ့ ဥပမာတစ်ရပ်အနေနဲ့ဆိုရရင် အခုလက်ရှိ နိုင်ငံတော်ကနေ ခေတ်အဆက်ဆက်က ပင်စင်စားတွေအတွက် လစဉ်လစဉ် ထုတ်ပေးနေရတဲ့ငွေပမာဏဟာ ဒီအခွန်အခတွေ ကောက်ယူရရှိမှုကနေရတဲ့ ပမာဏရဲ့ ဆယ်ပုံ တစ်ပုံ ရှိတယ်လို့ မှတ်သားရဖူးပါတယ်။ ဒီအတွက်ပဲ အခွန်အကောက်ဆိုတာတွေကိုလည်း ပြန်လည်ကောက်ယူကြရလေ့ ရှိပါတယ်။ ဒီနေရာမှာတော့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ကတော့ အချို့အချို့သော အခွန်အခတွေကို လျော့ပေါ့ပေးတာ၊ ကင်းလွတ် ခွင့်ပြုတာတွေ လုပ်တတ်ကြ၊ ရှိတတ်ကြပေမယ့် ဆင်းရဲတဲ့ ဒီလိုနိုင်ငံအဖို့ တော့ ဒီလိုလျှော့ပေါ့ပေးဖို့ဆိုတာလည်း အခက်အခဲတွေ ရှိနေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချို့သော အခွန်တွေဟာ မိမိတို့တစ်နိုင်ငံတည်းသာ ကောက်ယူ ကြရတာမျိုးမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာနိုင်ငံတွေ၊ အိမ်နီး ချင်းနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံကြရတဲ့ ကုန်ပစ္စည်းတွေ၊ ငွေစီးဆင်းမှုတွေ အပေါ်မှာတော့ ကိုယ့်တစ်နိုင်ငံတည်းရဲ့ အခွန်မူဝါဒနဲ့တင် လျှော့လိုလျှော့၊ တင်းလိုတင်း လုပ်လို့မရတတ်ကြတာကိုလည်း သတိချပ် ကြရမှာဖြစ်ပါတယ်။ 

ဆိုလိုရင်းကတော့ အခွန်ထမ်းပြည်သူတွေအနေနဲ့ရော၊ အစိုးရ ဘက်ကပါ အခွန်အကောက်တွေနဲ့ ပတ်သက်လာပြီဆိုရင် တစ်ယူသန် မမှတ်ထားကြဖို့ ပြောလိုရင်းပဲ ဖြစ်ပါတယ်။ အစိုးရဌာနတွေအနေနဲ့ ကလည်း ငါတို့က အရင်တစ်နှစ်ကတော့ ဒီလိုလုပ်ပေးခဲ့ပြီးပြီ၊ အခုနှစ်တော့ ထပ်တိုးကောက်ယူမယ်၊ ဒါမှမဟုတ် လျှော့ပေး တာကို ရပ်ဆိုင်းပစ်ရမယ် ဆိုတာမျိုး၊ နောက် အခွန်ပေးဆောင်သူ အခွန်ထမ်းတွေဘက်ကလည်း သူများနိုင်ငံတွေမှာတောင် လျှော့ပေါ့ပေးနေတာပဲ ငါတို့ကိုလည်း လျှော့ ပေးသင့်တယ်၊ ကင်းလွတ်ခွင့်ပြုသင့်တယ် ဆိုတာမျိုး မတွေးကြဘဲ နှစ်ဦး နှစ်ဖက် မျှမျှတတတွေးတောပြီး လုပ်ကိုင်ဆောင်ရွက်ယူကြဖို့ လိုလာပါတယ်။

ဒီအတွက် ဒီနှစ်မှာ ပြဋ္ဌာန်းတော့မယ် အခွန်အကောက်ဥပဒေကြမ်းမှာ ဘာတွေပါလာသလဲ၊ ဘယ်အမယ်တွေကို လျှော့ပေးပြီး ဘယ်အမယ်တွေက တိုးလာသလဲ၊ ဒီလိုဆိုရင် ဘယ်လိုလျှော့ပေးသလဲ၊ တိုးပေးသင့် သလဲ ဆိုတာတွေကို လေ့လာကြည့်ကြရအောင်ပါ။ ဒီဥပဒေကိုတော့ ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင်လ ၁၃ ရက်နေ့က ပြည်ထောင်စုအစိုးရ အဖွဲ့က တင်သွင်းထားခဲ့တာဖြစ်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဇူလိုင်လ ၁၄ ရက်နေ့ကစတင်ပြီး၂၂ ရက်နေ့အထိ ပြည်သူအများသိရှိ လေ့လာအကြံပြုနိုင်ဖို့ ဖော်ပြထားပါတယ်။ အမှန်ဆို ဒါကလည်း နှစ်စဉ် နှစ်တိုင်းပြုလုပ်နေကြတဲ့ပုံစံသာဖြစ်ပြီး ဒီဥပဒေကြမ်းပေါ်ပေါက်ခဲ့တာ လည်း အခုဆိုရင် ၆ နှစ်တောင်ပြည့်ခဲ့ပါပြီ။ ယခင်အစိုးရလက်ထက် ပထမ အကြိမ် လွှတ်တော်သက်တမ်းကာလ၂၀၁၄ ခုနှစ်ကမှ စတင်ရေးဆွဲပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေဖြစ်သလို သူ့မတိုင်ခင်ကတော့ ဝင်ငွေခွန်ဥပဒေတို့၊ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေတို့နဲ့သာသွားနေခဲ့ရာက ပြောင်းလဲလာတဲ့ဘဏ္ဍာရေး မူဝါဒတွေအကြားမှာ အဓိကအားဖြင့်တော့ အထူးကုန်စည်ခွန်တွေကို နှစ်စဉ် အတိုးအလျှော့လုပ်ပြီး ပြဋ္ဌာန်းတာ၊ ဝင်ငွေခွန်တွေကိုပြောင်းလဲ ကောက်ခံတာ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် အခွန်အကောက်ကနေရ မယ့်ဝင်ငွေကိုပါ ဌာနအလိုက် ခန့်မှန်းတွက်ချက်ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြတဲ့ ဥပဒေတစ်ခုအဖြစ်မြင်တွေ့ရပါတယ်။

ဥပဒေကြမ်းထဲမှာ အဓိက ဘာတွေ ပါဝင်သလဲ၊ ဒီနှစ်ဘာထူးခြား သလဲဆိုတာကို လေ့လာကြည့်ရင် ဒီနှစ်မှာတော့ သိပ်ထူးထူးခြားခြားကြီး ပါဝင်တာမျိုးတော့ မတွေ့ရပါဘူး။ ယခင်နှစ်ကနဲ့မတူဘဲ ပြောင်းလဲခဲ့တာ က အဓိက အချက်နှစ်ချက်ပဲ ပါဝင်ပါတယ်။ ဒီနှစ်ချက်ထဲကမှ တစ်ချက် ကတော့ အလွန်အရေးကြီးတဲ့အချက်အဖြစ် မြင်တွေ့ရပါတယ်။ ပထမ ဦးဆုံးတစ်ချက်က အခန်း (၅) အထူးကုန်စည်ခွန်အပိုင်းမှာပါဝင်တဲ့ အမယ်တွေဖြစ်တဲ့ စီးကရက်ကို ယခင်နှစ်ကထက် ဒီနှစ်မှာ တစ်လိပ်ကို နှစ်ကျပ်စီ တိုးကောက်ထားတာ၊ နောက် ဆေးပေါ့လိပ်ကို ယခင်က ၇၅ပြား ကနေ အခု တစ်ကျပ်တိုးထားတာ၊ နောက် အရက်နဲ့ဝိုင်တွေမှာဆိုရင်လည်း တစ်လီတာတန်ဖိုး အမျိုးအစားအလိုက် တိုးမြှင့်ထားတာတွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ အခန်း (၇) ဝင်ငွေခွန်အခန်းမှာပါတဲ့ ယခင်နှစ်က တည်းက နာမည်ကြီးခဲ့တဲ့ ပုဒ်မ ၂၅(က) ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ ဝင်ငွေ တွေအထဲက အခြေပစ္စည်းတွေ ဝယ်မယ်ဆိုရင် သိန်း တစ်ထောင်အောက် ဆိုရင် ၃%၊ သိန်းသုံးထောင်အောက် ၅%၊ သိန်းတစ်သောင်းအောက် ၁၀%၊ သိန်းသုံးသောင်းအောက်ဆို ၁၅% နဲ့ သူ့အထက်ဆိုရင် ၃၀% ဝင်ငွေခွန်စည်းကြပ်တဲ့ကိစ္စကို ဒီနှစ်မှာတော့ ဆက်ခွင့်မပြုတော့ဘဲ ပယ်ဖျက်ထားတာ တွေ့ရပါတယ်။ 

ဒီအတွက် ဒီနှစ်ခုအပေါ်မှာပဲ တိုးမြှင့်ကောက်ခံတဲ့အမယ်တွေ အတွက် ဒီနှစ်မှာ မတိုးကောက်ဖို့နဲ့ သိန်း ၁၀၀၀ အောက် ၃% ဆိုတာတွေ ကိုလည်း နောက်ထပ်တစ်နှစ်၊ သို့မဟုတ် ခြောက်လခန့်ဆက်ပြီး ခွင့်ပြု ပေးကြဖို့ လူထုဆီက အသံထွက်ပေါ်လာနေတာသာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ သိန်း ၁၀၀၀ အောက်အခြေပစ္စည်းတစ်ခုခုကို ရောင်းဝယ်မယ်၊ အမည်ပေါက်လုပ်မယ်ဆိုရင် ၃% ဆောင်ရမယ်ဆိုတဲ့ကိစ္စမှာ ငွေလုံးငွေရင်း ကြီးမားတဲ့သူတွေအဖို့တော့ လုပ်မှဖြစ်မယ့်အရာအတွက် ဥပဒေပြဋ္ဌာန်း ပြီးချိန် စစချင်းမှာ တစ်ပြိုင်နက်တည်းဆိုသလို အကောင်အထည်ပေါ်ခဲ့ကြပေ မယ့်လည်း အချို့ ရာဖြတ်လောက်သာ ပိုင်ဆိုင်ကြသူတွေ၊ အမည်ပေါက် ပြောင်းရကောင်းနိုးနိုး၊ ပစ္စည်းကိုပဲ ရောင်းရကောင်းနိုးနိုးနဲ့ ချိန်ဆနေရသူ တွေအတွက်တော့ ချိန်ဆရင်းနဲ့သာ အချိန်ကုန်ပြီး အခုထိ အကောင် အထည်မပေါ်ကြသေးသလို ဒီလိုအလုပ်တွေအတွက် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်ကလည်း ၃-၄ လ ကြာတတ်တယ်လို့ဆိုကြပါတယ်။ ဒါ့အပြင် ယခင်နှစ်က ဥပဒေပြဋ္ဌာန်းခဲ့ပြီးချိန် ၄-၅ လအတွင်းသာ ဆောင်ရွက်ချိန် ရကြပြီး နောက်ပိုင်း ကိုဗစ်ကာလနဲ့တိုက်ဆိုင်လို့ ကျပ်တည်းသွားကြရရင်း အခုလို ဘဏ္ဍာရေးနှစ်ကုန်ပိုင်းကို ရောက်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုသူတွေက သူတို့အခက်အခဲတွေကို ဆိုကြပြန်တာတွေ့ရပါတယ်။

ဒီအတွက်ပဲ အခုလာမယ့်ဘဏ္ဍာရေးနှစ်မှာတော့ ဒီအပိုင်းကို ယခင် နှစ်ကအတိုင်းပဲ ဆက်လက်ပြီးလျှော့ပေါ့ပေးထားဖို့၊ ကျန်တဲ့အထူးကုန် စည်ခွန်တွေကိုလည်း အခုနှစ်တော့မတိုးကောက်ဘဲ တောင်းဆိုနေကြ ခြင်းပဲဖြစ်ပါတယ်။ ဒီအပေါ် အစိုးရဘက်ကိုကြည့်မယ်ဆိုရင်လည်း လာမယ့် ဘဏ္ဍာရေးနှစ်အတွက် အခုပြဋ္ဌာန်းမယ့် အခွန်အကောက်ဥပဒေကြမ်း ဟာ ယခုအစိုးရသက်တမ်းအတွက် နောက်ဆုံးလည်းဖြစ်၊ ကိုဗစ်ကာလ လည်းဖြစ်၊ မကြာမီ ရွေးကောက်ပွဲလည်းဖြစ်တော့မှာမို့ ကျန်တဲ့ကျန်းမာ ရေးကဏ္ဍ၊ နိုင်ငံတကာရေးရာကဏ္ဍက ရှုမြင်ကြမယ့်အမြင်တွေကို ခဏ ဘေးဖယ်ပြီး ဒီနှစ်တော့ ပြည်သူ့အသံအတိုင်း ဖြေလျှော့ပေးသင့်ပါတယ်။ 

ဒီအတွက် အပေါ်က ဆိုခဲ့သမျှအပေါ် ပြန်နိဂုံးချုပ်ကြည့်ရင် ဒီဥပဒေ ဟာ အခုမှအကြမ်းအဆင့်သာရှိနေသေးပြီး ပြည်ထောင်စုလွှတ်တော်မှာ အကျေအလည် ဆွေးနွေးကြရဦးမယ့်အချိန်တွေ၊ နောက် ဆိုင်ရာဆိုင်ရာ အမယ်ပစ္စည်းတွေအလိုက် လုပ်ငန်းရှင်အစုအဖွဲ့တွေရဲ့ တင်ပြချက်တွေ၊ ပြည်သူတွေထံက အကြံပြုချက်တွေကို ထည့်သွင်းတွက်ချက် စဉ်းစား ဖြည့်သွင်းပေးရဦးမယ့်ကာလတွေ၊ ဒီအချက်တွေအပေါ်အခြေခံပြီးတော့ မှ ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ပြန်လည်တင်သွင်း ဆွေးနွေးကြရဦးမယ့်အစီအစဉ်တွေ ကျန်ရှိနေသေးတာမို့ ပြည်သူတွေ အနေနဲ့လည်း အခွန်အကောက်နဲ့ဆိုင်တာတွေကို စိတ်ပါဝင်စားပြီး ဖြစ်သင့်တာတွေကို ဝိုင်းဝန်းအကြံပြုပေးကြစေချင်ပါတယ်။

အခုလို ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလ၊ စီးပွားရေးအကျပ် အတည်းတွေနဲ့ရင်ဆိုင်နေကြရချိန်မှာ အစိုးရဘက်နဲ့ လွှတ်တော်ဘက် အပိုင်းကလည်း ပြည်သူ့အသံကို များများနားထောင်ပြီး ရှဥ့်လည်းလျှောက် သာ ပျားလည်းစွဲသာသဘော သက်ရောက်စေမယ့် နည်းလမ်းကောင်း တွေသုံးပြီး ပြည်သူအများ လိုက်နာလို့ကောင်းတဲ့ဥပဒေကောင်းတစ်ရပ် ဖြစ်အောင် ဆွေးနွေးပြဋ္ဌာန်းကြစေလိုပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားလိုက်ရပါတယ်။ 

သန်းဖြိုးနိုင်