News

POST TYPE

PERSPECTIVE

နေရာတကာ ပါလေရာ
28-Jul-2020


သင်ဟာ မိသားစုထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်ထဲမှာဖြစ်စေ တစ်နည်း နည်းနဲ့တော့ သင်ကျွမ်းကျင်ရာအခန်းတစ်ခုခုမှာ တခြားသူတွေကို ဦးဆောင်ရပါလိမ့်မယ်။ ဒီအခါ သတိထားရမယ့်အချက်တစ်ခုက သင့် ကျွမ်းကျင်မှုလောက် မရှိသေးတဲ့သူတွေနဲ့ ဘယ်လိုလက်တွဲမလဲ။ သင့်တန်ဖိုးတစ်ခုတည်းနဲ့ ရပ်တည်တာထက် သူတို့တန်ဖိုးတွေပါထပ်ပေါင်းမှ သင့်မိသားစု၊ သင့်လုပ်ငန်းစတဲ့ အစုအဖွဲ့တွေအတွက် ထိုက်သင့်သလို အောင်မြင်တိုးတက်စေမှာ မဟုတ်လား။ နေရာတကာ ဝင်ဝင်ပါတတ်တာ ကို စိတ်နှစ်တာဝန်ယူတတ်လို့၊ ကိုယ်ချင်းစာစိတ်နဲ့ စိုးရိမ်ပူပန်ပေးတတ်လို့ဆိုပြီး နားလည်ပေးလို့ရပေမယ့် တကယ်လုပ်ရမယ့် တခြားသူတွေအရှေ့ က အမြဲရောက်ရောက်နေတတ်ရင်တော့ တစ်ဖက်လူရဲ့လမ်းကြောင်းကို လိုက်ပိတ်သလိုဖြစ်နေပါလိမ့်မယ်။ 

မိမိက သူ့ရဲ့အုပ်ထိန်းသူ၊ တစ်နည်း အိမ်ထောင်ဦးစီး၊ ဒါမှမဟုတ် လုပ်ငန်းခွင်အထက်လူကြီး၊ တစ်မျိုးသူကို သင်ကြားလေ့ကျင့်ပေးနေတဲ့ ဆရာသမားဆိုရင် အခုဆိုခဲ့တဲ့အချက်ကို သတိထားဖို့လိုပါပြီ။ ကိုယ့်လောက် အတွေ့အကြုံမရင့်တဲ့သူ၊ ကိုယ့်ရဲ့အိမ်သား၊ ဝန်ထမ်း၊ လေ့လာသူ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တိုးတက်စေဖို့၊ သူတို့ရှေ့ကိုတက်နိုင်ဖို့ဆိုတာက ကိုယ်က ဦးဆောင်ပြီး သူတို့ကို နောက်ကလိုက်စေတဲ့အခါမျိုးရှိသလို၊ သူတို့ကို ရှေ့ကသွားစေပြီး ရလာတဲ့ရလဒ်အပေါ် ကိုယ်ကလိုသလို လိုက်တည့်ပြီး ထိန်းကျောင်းပေးရတဲ့အခါတွေလည်း ရှိတယ်ဆိုတာမမေ့ပါနဲ့။ အပေါ်မှာ ဆိုခဲ့သလို တစ်ဖက်လူရဲ့လမ်းကြောင်းကို ပိတ်စေတယ်ဆိုတဲ့အခါမှာ သူတို့ နေရာကို ကိုယ်ကဝင်ပြီး သူတို့လုပ်ရမှာတွေကို ကိုယ်ကလုပ်နေတဲ့အတွက် သူတို့က သူတို့နေရာရဲ့ ဘေးကိုရောက်သွားတတ်တာမျိုး ဖြစ်စေတတ်ပါ တယ်။ နောက်တစ်ခုကတော့ သူတို့မှာ လုပ်စရာမရှိတော့ဘဲ ယောင်နနဖြစ်နေစေတာမျိုးပေါ့။ ဒီအခါမှာ သင်က သူတို့ဘာမှမလုပ်တတ်သေးဘူးဆိုပြီး ပိုစိတ်တိုင်းမကျ ဖြစ်လာပါလိမ့်မယ်။ သူတို့အတွက် နေရာကမတန် သေးဘူး။ သူတို့ကို ကိုယ့်နေရာကိုယ်မနေတတ်ဘူးလို့လည်း အထင်ရောက်ပါလိမ့်မယ်။ ဒီအခြေအနေအတိုင်းကို အားမနာတမ်းပြောရရင်တော့ တကယ်အနေအထိုင်မတတ်သူက သင်ပါ။

ကိစ္စပေါင်းစုံမှာ ဝင်ပါနေခြင်းက သင့်ကိုသာမက တခြားသူတွေရဲ့ ဘ၀တွေကိုပါ ရှေ့မရောက်စေပါဘူး။ သင်ဟာ သင့်အဖွဲ့ထဲကလူတွေကို သင့်အတွေ့အကြုံ၊ သင့်ဖြတ်သန်းမှုအရသာ လမ်းညွှန်ပြသပေးနိုင်ပါလိမ့် မယ်။ သူတို့ရဲ့အတွေ့အကြုံတွေ ဖြစ်လာဦးမယ့် သူတို့ဖြတ်သန်းရမယ့်လမ်း က သင်ဖြတ်သန်းဖူးတဲ့လမ်းနဲ့ တစ်ထပ်တည်း မတူနိုင်ဘူးဆိုတာတော့ သတိထားပါ။ လိုအပ်တဲ့အသိမျှဝေ၊ လိုအပ်တဲ့ကိရိယာတပ်ဆင်ပေးပြီးရင်တော့ သင်ကိုယ်တိုင် သူ့အတွက် ဝင်လျှောက်ပေးနေတာထက် သူလျှောက် နေတာကို အခါအားလျော်စွာ စောင့်ကြည့်ရင်း ထိန်းကွပ်လမ်းပြပေးတာ က ပိုထိရောက်ပါလိမ့်မယ်။ ထိန်းသိမ်းပေးတဲ့နေရာမှာလည်း တစ်ခု သတိထားလိုတာက တစ်ဖက်လူရဲ့ ခံစားချက်နဲ့ သူ့နေရာကခံစားချက်ပါ။ တချို့နေရာတွေမှာ သူ့ဘက်ကတောင်းခံလာမှ အကူအညီပေးတာ ပိုထိ ရောက်ပါတယ်။ ကိုယ့်အထင်နဲ့ကိုယ် ဝင်ကူညီတဲ့အခါ သူ့မှာပိုကောင်းတဲ့ အကြံဉာဏ်ရှိနေခဲ့ရင် အဲဒါကိုသတ်ပစ်သလိုဖြစ်ပြီး သူ့ယုံကြည်မှုကို လျော့ပါးစေတတ်ပါတယ်။ အကူအညီဆိုတာ မတောင်းဘဲပေးရင် တစ်ပါးသူရဲ့အရေးကိစ္စကို ဝင်ရောက်စွက်ဖက်သလိုလည်း ဖြစ်တတ်လို့ အရမ်းစိတ်လော၊ စိတ်ပူတာမျိုးမဖြစ်အောင် သတိထားစေချင်ပါတယ်။ 

ခွဲပေးမှာလား၊ လွှဲပေးမှာလား

Delegate လုပ်တယ်ဆိုတဲ့ တာဝန်ခွဲဝေပေးတယ်ဆိုတဲ့ ရည်ရွယ်ချက်က ပြီးမြောက်အောင်ဆောင်ရွက်ရမယ့်ကိစ္စတစ်ခုအတွက် မိမိလက်တွဲ ဖော်အဖွဲ့ဝင်ထဲက လုပ်ရမယ့်၊ လုပ်နိုင်မယ့်တစ်ဦးဦးကို ဒီအပိုင်းကို ဒီလို ရလဒ်ထွက်အောင်လုပ်ပါဆိုပြီး တာဝန်ယူစေတာမျိုးလေ။ ကိုယ်တာဝန်ပေးမယ့်သူနဲ့ လုပ်ရမယ့်အပိုင်း ဆက်စပ်မှုရှိရမယ်။ လုပ်နိုင်အောင် လေ့ကျင့်လမ်းညွှန်ပေးထားတာမျိုးရှိရမယ်။ တစ်ချိန်တည်းမှာ တာဝန်ကိုရော၊ ဒီတာဝန်အတွက် လိုအပ်သလိုဆောင်ရွက်ရမယ့် အခွင့်အာဏာကိုရော နားလည်စေပြီးမှ ခွဲပေးရမယ်။

ကိုယ်တာဝန်ခွဲပေးတာကို လက်ခံရမယ့်သူရဲ့ လက်ခံနိုင်စွမ်းကိုလည်း နားလည်ထားဖို့လိုမယ်။ လုပ်ငန်းခွင်တွေမှာတော့ ကျွန်တော်တို့ မကြာခဏ ကြားရတတ်တဲ့ Competence လို့ခေါ်တဲ့ လုပ်ပိုင်ခွင့်နဲ့ညီညွှတ်တဲ့ ကျွမ်းကျင်မှုပေါ့။ တာဝန်ယူမယ့်သူရဲ့ စိတ်နေသဘောထား၊ သူဆည်းပူးခဲ့ဖူးတဲ့ ဗဟုသုတပညာရပ်အထွေထွေ၊ သူလေ့လာနေတဲ့ပညာရပ် သို့မဟုတ် လုပ်ကိုင်နေတဲ့အလုပ်အပါ် ကျွမ်းကျင်မှုအတိုင်းအတာနဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ထားတဲ့ သူ့ရဲ့အနေအထား Competency Level ကို ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ ကိုယ်တာဝန်ခွဲဝေ Delegate လုပ်လိုက်သူဘက်က သူ့လုပ်ပိုင်ခွင့်ရတာထက် ကျော်လွန်လာတဲ့အခါမျိုး၊ အဆင်မပြေမှုတစ်ခုခုကြုံနေရတဲ့အခါမျိုးမှာတော့ Delegate လုပ်ပေးသူ တာဝန်ပေးသူမှ ဝင်ရောက်ဖြေရှင်းပေးရပါ့မယ်။ ဒါက အရှေ့မှာတင်ပြခဲ့တဲ့ နေရာတကာဝင်ပါတာမျိုးနဲ့ မတူဘူးဆိုတာ မြင်မှာပါ။ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပြီးမြောက်အောင် တာဝန်ယူနိုင်မှု နည်းပါးနေပြီဆိုရင်တော့ မိမိ Delegate လုပ်ထားတဲ့သူနဲ့ Delegate လုပ်ထားတဲ့အကြောင်းအရာ ကိုက်ညီမှုရှိ မရှိ ပြန်စစ်ဆေးသုံးသပ်ဖို့လိုအပ်ပါပြီ။ ခေါင်းဆောင်ကောင်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးထဲမှာ သူတို့ခွဲဝေပေးမယ့် လုပ်ငန်းတာဝန်၊ ခွဲဝေပေးဖို့ ရွေးချယ်ထားသူရဲ့ Competency Level တစ်ဖက်လူကြုံနိုင်တဲ့ အခက်အခဲတွေအတွက် ဘယ်လိုလေ့ကျင့်လမ်းညွှန်မယ်၊ ဘယ်လိုစောင့် ကြည့်မယ်၊ ဘယ်အခြေအနေမှာ ကိုယ်တိုင်ဝင်ပါမယ်ဆိုတဲ့ အစီအစဉ်တွေ ချမှတ်နိုင်တာလည်း အပါအဝင်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

ဘာလို့ တာဝန်ခွဲဝေပေးသင့်တာလဲ။ ကိုယ့်ဟာကိုယ်လုပ်လိုက်တာ ပိုမြန်သေး စကားအများကြီးမပြောရဘူးလို့ ထင်ကြတဲ့သူတွေလည်းရှိသေးတယ်။ ဗဟိုချုပ်ကိုင်မှုများတဲ့ အဖွဲ့အစည်းတွေဟာ တိုးတက်မှုနည်းပြီး ကျဆင်းဆုံးရှုံးမှုများတတ်ပါတယ်။ တိုးတက်မှုမရှိတဲ့ အဖွဲ့အစည်းထဲမှာ ကိုယ့်ရဲ့တန်ဖိုးဟာ ဘယ်နည်းနဲ့မှ တက်လာစရာမရှိပါဘူး။ တာဝန်ခွဲဝေပေးတော့ ဘာတွေကောင်းလာမလဲ။ ဟုတ်ကဲ့ မိမိလက်အောက်က တွဲဖော်တွဲဖက်တွေဟာ သူတို့ကိုယ်တိုင် အဖြေထုတ်ရမယ့်ပုစ္ဆာအတွက် ပုံမှန်ထက်ပိုအားစိုက်ရပါလိမ့်မယ်။ အာရုံဝင်စားရပါလိမ့်မယ်။ ပြဿနာတွေကို လက်တွေ့ရင်ဆိုင်ရင်း လိုအပ်တဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချတတ်လာကြပါလိမ့်မယ်။ 

ဥပမာတစ်ခုကြည့်ပါ။ သင်က လူတစ်ယောက်ကို ကားမောင်းတတ် စေချင်တယ်ဆိုပါစို့။ သူမောင်းတတ်မှ သူကမောင်း၊ သင်က ဘေးကထိုင်၊ သင်ကိုယ်တိုင်လုပ်ရမယ့် အရေးကြီးကိစ္စတွေ ကားစီးရင်းလုပ်သွားမယ် ဆိုတဲ့ စိတ်ကူးမျိုးပေါ့။ ဒါဆို ဘာကအရင်စလုပ်ကြမလဲ။ သူ့ကို သင်ကား မောင်းသင်ပေးရမှာပေါ့။ ဟုတ်ပြီ။ ကားမောင်းသင်ပြီ။ သူ့ကို ဘေးကထား၊ သင်ကမောင်းပြ။ သူက လိုက်ကြည့်။ ဒါက လီဗာ၊ ဒါက ဘရိတ်၊ ဒီလိုဆို ဘယ်လိုအချက်ပြ စတာတွေပြောပြမယ်။ လမ်းကြောဘယ်လိုယူရမယ် တွေ ပြောပြမယ်။ သူတတ်ပြီလား။ ဟင့်အင်း။ ဘာလုပ်ဖို့လိုလဲ။ သူ့ကို သင့် နေရာ တစ်နည်း ယာဉ်မောင်းသူနေရာမှာထိုင်စေပြီး သူကိုယ်တိုင်မောင်း စေရမှာ။ သင်က သူ့ဘေးက စောင့်ကြည့်ပေးရဦးမယ်။ လွှတ်လို့မရသေးဘူး။ သင်ပြောပြခဲ့တဲ့ လမ်းပေါ်က မှတ်သားစရာ အကြောင်းအရာတချို့ဟာ သင့်အတွေ့အကြုံ၊ သင့်ပတ်ဝန်းကျင်က အတွေ့အကြုံသက်သက်သာဖြစ် ပြီး သူ့အတွက် ဆင်ခြင်ဖွယ်ရာတစ်ခုအနေနဲ့ပဲ ရှိနေမှာပါ။ အချိန်မရွေး မေ့သွား၊ ပျောက်သွားနိုင်သလို၊ တကယ်လိုက်နာဖို့လည်း တွန့်ဆုတ်ကောင်း တွန့်ဆုတ်နိုင်ပါတယ်။ သူကိုယ်တိုင်မောင်းနှင်ရင်း ကြုံလိုက်ရတဲ့ အခက် အခဲတွေ၊ မတော်တဆအခြေအနေတွေအားလုံးကတော့ သူ့အတွက် တစ်သက်တာ မှတ်သားဖွယ်ရာတွေအဖြစ် စွဲစွဲမြဲမြဲကို နစ်ဝင်နားလည်သွား မှာပါ။ သူအတွေ့အကြုံ အထိုက်အလျောက်ရရင် သင်လုပ်ချင်တဲ့အလုပ် တွေကို သူ့ဘေးကထိုင်ရင်း စိတ်ချလက်ချလုပ်ပေတော့ပေါ့။ ဒါဟာ ရိုးရှင်း သောနမူနာတစ်ခုပါ။

တချို့က နောက်လူတစ်ယောက်ကို တာဝန်ခွဲပေးလိုက်ရင် မိမိရဲ့ အရေးပါမှုလျော့သွားမယ်လို့ အထင်ရောက်တတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့အမြင်လို့ ဆိုရပါလိမ့်မယ်။ သင်ပဲလုပ်တတ်တယ်ဆိုတဲ့အရာ တွေအတွက် သင်စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ အားသည်ဖြစ်စေ၊ မအားသည်ဖြစ်စေ သင်ပဲလုပ်နေရမှာဖြစ်ပါတယ်။ အဲသည်နေရာကနေ သင်မလွတ်နိုင်ပါဘူး။ ဆိုတော့ အုတ်သယ်၊ သဲထမ်း လုပ်တတ်တဲ့သူ ဆိုပါ တော့။ ငါထမ်းမှ များများပါတယ်။ အပျက်အစီးနည်းတယ်ထင်နေရင်တော့ ကိုယ်ပဲထမ်းနေ။ ဒါဆို ကိုယ့်အနေအထားက ဘာလဲ။ အထမ်းသမားပဲ။ ဒီအတိုင်းဆက်သွား။ အမြဲတမ်း အထမ်းသမားပဲ။ အထမ်းသမားအတွက် အထမ်းသမားခံစားခွင့်ထက် ပိုစရာမရှိဘူး။ တခြားထမ်းနိုင်မယ့်သူတွေ ကို အလေအလွင့်နည်းအောင်၊ အချိန်သက်သာအောင် ဘယ်လိုလုပ်လဲ သင်ပေး။ တွဲလုပ်စေပြီး ကိုယ်က လူဘယ်နှယောက်နဲ့ ဘယ်လောက်လုပ် ရင်ပြီးမယ်ဆိုတာစီစဉ်။ ဒါဆို အထမ်းသမားခေါင်းဆောင်ပေါ့။ သူတို့ထမ်း နေတုန်း အချိန်ရရင် ပန်းရန်ပညာလေ့လာမယ် ဒါမှမဟုတ် လက်သမား ပညာလေ့လာမယ်။ ပန်းရန်လိုရင် လက်သမားလိုရင် လိုတဲ့နေရာဝင်မယ်။ အတတ်ပညာရှင် ဖြစ်လာပြီ။ တွဲလုပ်ချင်တဲ့သူတွေသင်ပေး၊ ကိုယ်က အရေးကြီးတဲ့ ကြွေပြား ကျောက်ပြားကပ်တာမျိုး၊ တခြားအနုစိတ်လုပ် ရတာမျိုးပဲဝင်မယ်။ ပန်းရန်ခေါင်းဆောင်၊ လက်သမားခေါင်းဆောင် ဖြစ်လာပြီ။ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် လုပ်မယ်။ အဆက်အသွယ် များအောင် လုပ်မယ်။ လိုတဲ့နေရာကို လိုမယ့်အဖွဲ့ဝင်အရေအတွက်နဲ့ သွား မယ်။ ကိုယ်ပါတဲ့နေရာရှိမယ်။ မလိုက်သင့်တဲ့နေရာလောက် စီစဉ်နိုင်မယ့် လက်အောက်ကတစ်ယောက်နဲ့ သွားစေမယ်။ အကွက်စား၊ ပုတ်ပြတ် ယူတဲ့အဆင့်ဖြစ်နေပြီ။ အဆက်အသွယ်မပြတ်အောင် ရှာမေယ်။ လုံလောက်တဲ့ လူအင်အားချိတ်ထားမယ်။ နိုင်မယ့်ပရောဂျက်တွေ လိုက်မယ်။ ကဲ သူ့ အဆင့်က ဘယ်နေရာရောက်နေပြီလဲ။ သူ့တန်ဖိုးကရော။ နောက်ကလူတွေ ကို တန်ဖိုးရှိအောင်လုပ်ပေးရင်း ကိုယ့်တန်ဖိုးပါတက်လာတာ။ တစ်ခုပဲ။ ကိုယ်ဘက်ကတော့ တာဝန်ခွဲပေးပြီးရင် နောက်တစ်ဆင့်အတွက် လေ့လာသင့်တာ ဆက်လေ့လာဖို့ပဲ။

ကိုယ်က သူများကို ဒါလုပ်ဆိုတဲ့တာဝန်ပေးပြီး ကိုယ်ကဝင်မပါဘဲ ကိုယ်နဲ့မဆိုင်သလို နေရင်တော့၊ ဟိုတစ်ဖက်ကိုလည်း နားလည်သလိုလုပ်၊ မင်းဖြစ်မင်းခံ ကိုယ်နဲ့မဆိုင်သလိုနေရင်တော့ အဲသည်နေရာအတွက် တာဝန် ခွဲပေးတာမျိုး မဟုတ်ဘဲ တာဝန်လွှဲပေးလိုက်တာမျိုး သက်ရောက်ပါ တယ်။ မိမိက ဒီအလုပ်ကို လုံး၀မလုပ်တော့မှာဖြစ်လို့ တစ်နည်း ဒီအဝန်း အဝိုင်းနဲ့ ဘယ်တော့မှ ပတ်သက်စရာမလိုတဲ့အခါမျိုးမှာဆိုရင်တော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အပြီးတိုင် လွှဲပြောင်းလိုက်သည်၊ အဆုံးတိုင် လွှဲအပ်လိုက်သည်ဆိုတာ ကိုယ်က အဲသည်အရာနဲ့ပတ်သက်မှုကို မရှိတော့တာ။ ကိုယ်နဲ့မပတ်သက်တော့တဲ့နေရာရဲ့ တန်ဖိုးဟာ က်ိုယ်နဲ့တိုက်ရိုက် သက်ဆိုင်မှုတော့ ရှိလာမှာမဟုတ်ပါဘူး။

တစ်ပါးသူတွေကို တန်ဖိုးတက်စေခြင်းဖြင့် မိမိတန်ဖိုးကို ပေါင်း ထည့်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။ ကြားဖူးမှာပေါ့။ မြန်မာဆိုရိုးတွေရှိတယ် လေ။ “အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ” မဖြစ်တော့ သူ့အပူ ကိုယ့်မကူးဘူးပေါ့။ “ဦးကနင်း ပဲ့ကထောင်” မဖြစ်အောင် လေ့ကျင်ပေးတတ်ဖို့ အရေးကြီးပါတယ်။၊ “တောင်မင်း မြောက်မင်းမကယ်နိုင်” ဆိုတာမျိုးမဖြစ်အောင် ကိုယ်တိုင်ကလည်း ပိုကောင်းတဲ့အခြေအနေတစ်ခုကို ခိုင်ခိုင်မာမာတည် ဆောက်ထားပါမှ၊ ပြည့်၀ပါမှ သူများလိုအပ်ချက်ကို ကူညီမစနိုင်ပါလိမ့်မယ်။ ကိုယ်က ကူညီစောင့်ရှောက်နိုင်ပါမှ ကိုယ်ရချင်တဲ့အကူအညီကိုလည်း တစ်ဖက်က ယုံယုံကြည်ကြည် ပြန်ပေးနိုင်ပါလိမ့်မယ်။ 

Z မောင်