News

POST TYPE

PERSPECTIVE

နှိုင်းရသဘောနဲ့ တရားမျှတခြင်း
24-Jul-2020


ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားသည် ဆိုသည့် နောက်ပြောင်ပြောဆိုမှုသည် အားလုံးနီးပါး သိပြီး ဖြစ်ပေလိမ့်မည်။ ကျောင်းတွင်တစ်မျိုး၊ အိမ်တွင်တစ်မျိုး သင်ကြားပေး သဖြင့် လူသားတို့ နေထိုင်ရာ တစ်ခုတည်းသောကမ္ဘာကြီးသည်ပင် ကျောင်း တွင် အလုံးကြီးဖြစ်နေ၍ အိမ်၌ပြားသွားရ၏။ သဘောသည် အရာတစ်ခု အပေါ် မိမိနားလည်သလို သို့မဟုတ် မိမိလိုသလို သတ်မှတ်ကြ၊ အဓိပ္ပာယ် ဖွင့်ဆိုကြ၊ ကျင့်သုံးကျသည့်အခါ တစ်ခုတည်းသောအရာသည်ပင် ပုံစံကွဲ များ၊ မတူညီမှုများဖြစ်လာကြသည်။ အလားတူပင် စံနှုန်းများ၊ တန်ဖိုးများ တရားမျှတမှုများကို လိုသလို အဓိပ္ပာယ်ကောက်ယူကြ၊ ကျင့်သုံးကြမည် ဆိုလျှင် မည်သို့ဆိုကြမည်နည်း။ ကိုယ့်သဘော ကိုယ်ဆောင်ကြမည့် အနေအထားဖြစ်သွားပေလိမ့်မည်။

အကောင်း၊ အဆိုး၊ တရားမျှတမှု၊ မတရားမှုဆိုသည်က ကိုယ်လို ရာဆွဲယူ အဓိပ္ပာယ်ဖွင့်ဆို ကျင့်သုံး၍ ရကောင်းသည်ဟု မယူဆမိ။ ယူဆ ကောင်းသည့်အရာမဟုတ်။ ထိုသို့ယူဆကြလျှင် အကြမ်းဖက်မှုသည် တရားမျှတမှု ဖြစ်လာနိုင်သည်။ ခိုးမှုသည် တရားဝင်ဖြစ်လာနိုင်သည်။ ဓားပြတိုက်မှုသည် မှန်ကန်သည့်နည်းလမ်း ဖြစ်လာနိုင်သည်။ လက်နက် ကိုင်ခြိမ်းခြောက်မှုသည် လမ်းစဉ်တစ်ရပ် ဖြစ်လာနိုင်၏။ သို့ဖြစ်လာပါက မခက်ပေလော။ သူတစ်လူ ငါတစ်မင်း ဖြစ်လာပေမည်။ ဥပဒေဆိုသည်က စာအုပ်ထဲမှ စာသားများသက်သက်သာမဟုတ်။

တစ်ပြေးညီ တရားမျှတမှုရရှိရန် စံနှုန်းများ၊ ကျင့်ဝတ်များ၊ ဥပဒေ ပြဋ္ဌာန်းချက်များ၊ စည်းကမ်းချက်များနှင့် အနားကွပ်ထားကြရသည်။ စည်းကမ်းကာလနားသတ်ထားခြင်း၊ ဥပဒေနှင့်ထိန်းကျောင်းထားခြင်းဖြင့် ကောင်းမှုနှင့် မကောင်းမှု၊ တရားမျှတမှုနှင့် မတရားမှု၊ အမှန်နှင့်အမှား ခွဲခြားနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် တရားဥပဒေစိုးမိုးခြင်း ဖြစ် သည်။ တရားဥပဒေအောက်တွင် အားလုံးတစ်ပြေးညီရှိနေစေရန် ဖြစ်သည်။ 

သို့သော်လည်း ဤသို့ ဥပဒေမူဘောင်ချမှတ်ထားသည့်တိုင် အာဏာ၊ ရာထူး၊ ငွေကြေးနှင့်လုပ်ပိုင်ခွင့်များ ပြောင်းလဲလာသည့်နောက်တွင် တရားမျှတမှုနှင့် အမှန်တရားသည် အသွင်ပြောင်းလာတတ်ကြသည်။ ယင်းသည် ဥပဒေပြောင်းလဲခြင်းမဟုတ်။ တရားမျှတမှု ပြောင်းလဲခြင်း မဟုတ်။ ဥပဒေနှင့် တရားမျှတမှုကို မတူညီသောရှုထောင့်မှ အဓိပ္ပာယ် ဖွင့်ဆို အသုံးပြုနေကြခြင်းသာဖြစ်၏။ တရားဥပဒေကို အထက်အောက် ဘေး ဘယ်ညာ မိမိရောက်သည့်နေရာမှ သုံးသပ်ဖွင့်ဆို ကျင့်သုံးကြမည် ဆိုလျှင် တရားမျှတမှုနှင့် အမှန်တရားသည် တစ်သမတ်တည်း မဆိုနိုင် တော့။ နှိုင်းရသဘောဆောင်သည့် တရားမျှတမှု ဖြစ်သွားပေလိမ့်မည်။ တရားဥပဒေစိုးမိုးရေးသည်လည်း လက်ဖမိုး၊ လက်ဖဝါးအသွင်ဟု ဆိုစရာပင်။

လူတစ်ယောက်၏လုပ်ရပ်သည် ယင်းလူကို လူဆိုး လူကောင်းအဖြစ် သတ်မှတ်ပေးသည်ဟု ဆိုကြ၏။ ထို့အတူ တရားမျှတမှုနှင့် မတရားမှုတို့ ဆိုသည်မှာလည်း အလားတူပင်။ သို့သော် အကောင်းအဆိုး၊ အမှန် အမှား သတ်မှတ်နိုင်ရန် စံနှုန်း သို့မဟုတ် သတ်မှတ်ချက် ရှိရန်လိုပေမည်။ ခက်သည် က သတ်မှတ်ချက်စည်းကမ်း သို့မဟုတ် စံနှုန်း သို့မဟုတ် သတ်မှတ်ဥပဒေ များကို လိုသလိုအဓိပ္ပာယ်ဖွင့်ဆိုနေကြခြင်းသာ။ အကျိုးဆက်မှာ တရား မျှတမှုသည် ကမ္ဘာကြီး ကျောင်းတွင်လုံး၍ အိမ်၌ပြားသွားသကဲ့သို့ အာဏာ၊ ရာထူး၊ ငွေကြေးမရှိချိန်က မတရားမှုဟု သတ်မှတ်ထားချက်များသည် အာဏာ၊ ရာထူ၊ ငွေကြေးရှိလာချိန်တွင် ယခင်က မတရားမှုသတ်မှတ်ချက် များသည် တရားမျှတမှု ဖြစ်သွားရတော့၏။

တစ်သမတ်တည်း ဖြောင့်မတ်သော တရားမျှတမှုဖြစ်ရန်ဆိုပါက ကျုံ့နိုင် ချဲ့နိုင်သောဥပဒေ မဖြစ်ရန် လိုပါလိမ့်မည်။ တရားမျှတမှု တစ်သမတ် တည်းမရှိခြင်းတွင် ဥပဒေမခိုင်မာမှု သို့မဟုတ် အားနည်းချက်များ ရှိနေ ခြင်းလည်း ဖြစ်နိုင်ပါ၏။ သို့မဟုတ် ဥပဒေကို လိုသလိုအသုံးချခြင်းလည်း ဖြစ်နိုင်ပေသည်။ ဥပဒေကို ထိန်းကျောင်းသည့်အဖွဲ့အစည်းများ၏ အားနည်း ချက်လည်း ဖြစ်နိုင်သည်။ ထိုအားနည်းချက်များကြောင့် ဥပဒေအထက် ရောက်သွားသူများအတွက် အခွင့်အရေးဖြစ်သွား၍ နင်းပြားဖြစ်သွားရသည် က ဥပဒေအောက်တွင် အာဏာမရှိ၊ ရာထူးမရှိ၊ ငွေကြေးမရှိ၊ လုပ်ပိုင်ခွင့် မရှိသူ သာမန်လူတန်းစားများ၊ သာမန်ဝန်ထမ်းများ၊ သာမန်ပြည်သူများ ပင်ဖြစ်သည်။ ထိုသာမန်ပြည်သူများအတွက် တရားမျှတမှုကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုပေးကြမည်နည်း။ မည်သူက ဖော်ဆောင်ပေးကြမည်နည်း။ မည်သည့် စံနှုန်း၊ ဥပဒေများနှင့် တိုင်းတာပေးကြမည်နည်း။ ဒီမိုကရေစီဆိုပါက တရား ဥပဒေစိုးမိုးရေး အားနည်းခြင်းဟု ဆိုရပေမည်။ ဥပဒေအထက်တွင် ရှိနေ သူနှင့် ဥပဒေအောက်ရှိနေသူတို့အကြား တရားမျှတမှုသည်လည်း မည်သည့် နည်းနှင့်မျှ တူညီနိုင်မည်မဟုတ်။ တရားမျှတမှု ကွာဟချက်ကြီးမားလာ လျှင် တရားမျှတမှုကို လူတိုင်းက လိုသလို အဓိပ္ပာယ်ဖွင့်ဆိုလာကြပေလိမ့်မည်။

ယခင်က အရင်းရှင်တော်လှန်ရေး၊ အာဏာရှင်တော်လှန်ရေး ကဲ့သို့သော စနစ်တော်လှန်ရေးနှင့် လူမှုတော်လှန်ရေးအခြေခံတရားတို့ တွင် တရားမျှတမှု မညီမျှခြင်းလည်း ပါဝင်ခဲ့၏။ သို့ဖြစ်ရာ တရားမျှတသော စနစ်ကို လိုလားခဲ့ကြသည်။ တည်ဆောက်ခဲ့ကြသည်။ တရားမျှတမှုဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်ရန် မျှော်မှန်းခဲ့ ကြသည်။ လူမှုအဖွဲ့အစည်းတစ်ရပ်အတွင်း တရားမျှတမှုအားနည်းလာ သည်နှင့် ယင်းအဖွဲ့အစည်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရည် အသွေးများ တဖြည်းဖြည်းကျဆင်းလာမည်ဖြစ်ပြီး နောက်ဆုံး အဖွဲ့အစည်း တစ်ရပ်လုံး၏ စွမ်းဆောင်ရည်နှင့် ရလဒ်ကျဆင်းမှုများ ကြုံတွေ့ရနိုင် သည်။

ဥပဒေကို လိုက်နာရန်ဆိုသူများသည် ဥပဒေကိုချိုးဖောက်နေခြင်း၊ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရသူများကိုယ်တိုင် ဥပဒေကိုမလိုက်နာခြင်း၊ ဥပဒေများကို လိုတစ်မျိုး၊ မလိုတစ်မျိုး ကျင့်သုံးခြင်းကဲ့သို့သော ဥပဒေကို နည်းမျိုးစုံ ဖောက်ဖျက်မှုများကြောင့် တရားမျှတမှုသည် နှိုင်းရသဘော အသွင်ဆောင်လာသည်။ တရားမျှတမှု၏ အင်္ဂါရပ်များဖြစ်သည့် မှန်ကန်မှု၊ ညီမျှမှု၊ ဥပဒေနှင့်အညီဖြစ်မှု၊ ကျိုးကြောင်းဆီလျော်မှုတို့သည်လည်း အာဏာ၊ ရာထူး၊ ငွေကြေးတို့နှင့်အညီ နှိုင်းရသဘောဆောင်လာပေတော့သည်။ ဒိုမီနိုအကျိုးဆက်ကဲ့သို့ တရားမျှတမှုပြိုလဲခြင်းနောက်တွင် ဆင့်ကာဆင့် ကာပြိုလဲလာသည်မှာ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ လိုက်နာမှု တို့ဖြစ်ပြီး နောက်ဆုံးပြိုလဲလာနိုင်သည်မှာ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ပင် ဖြစ်သည်။

တူညီသောဥပဒေတစ်ခုအောက်တွင် မတူညီသောတရားမျှတမှုများရှိနေခြင်းမှာ မည်သည့်အတွက်ကြောင့်နည်း။ ယင်းမတူညီမှုများကို မည်သူက ထိန်းမတ်မည်နည်း။ ဥပဒေကို လုံးလိုက် ပြားလိုက် တိုလိုက် ရှည်လိုက် လုပ်၍ရကောင်းရိုးလား။ ကြာလာလျှင် ဥပဒေအောက်မှ ငုံ့သွား သူများ၊ ဥပဒေကို ကျော်ခွသွားသူများ၊ ဥပဒေကို မျက်ကွယ်ပြုထားသူများ၊ နောက်ဆုံးတွင် ဥပဒေကို နံပြားရိုက်သကဲ့သို့ မှောက်လိုမှောက်၊ လှန်လိုလှန် ရိုက်လိုရိုက် မဖြစ်ကြစေလို။ 

အများက ယုံကြည်လက်ခံထားကြသည့် လွတ်လပ်ခြင်း၊ တရားမျှတ ခြင်းနှင့် သာတူညီမျှဖြစ်ခြင်းဆိုသည်က အပြောနှင့်မရ။ လက်တွေ့လိုက် နာကြ၊ အကောင်အထည်ဖော်ကြမှ ရနိုင်သည့်အရာဖြစ်သည်။ ဆောင်ပုဒ် သည် လက်တွေ့မဟုတ်။ မူဝါဒသည် လက်တွေ့မဟုတ်သေး။ ထိရောက် သော အကောင်အထည်ဖော်မှုရှိမှသာ လက်တွေ့ခံစားနိုင်သောရလဒ် ရရှိနိုင်ပါသည်။

တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေး ဆိုသည်က ဒွန်တွဲနေသည့် အပြန်အလှန်အကျိုးပြုနေသည့် မိတ်ဖက်အရာများဟု ဆိုနိုင်သည်။ လူ့အဖွဲ့ အစည်းတစ်ခုတည်းအတွင်း ယှဉ်တွဲတည်ရှိနေသော်လည်း မတူညီသော တရားမျှတမှုများကြောင့် ဖြစ်လာနိုင်သည့်အကျိုးဆက်တို့ကို ကိုယ်ချင်း စာကြည့်လျှင် သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါသည်။ တရားမျှတမှု၏ အရင်းခံ ဖြစ်သည့် ညီမျှမှု၊ တန်းတူရည်တူရှိမှုတို့ဆိုသည်က အားလုံးအတွက် စရွေး ကိုက်ဖြစ်ရမည်ဟု မဆိုလို။ သို့သော် ကွာဟမှုကြီးမားလာလျှင်မူ ကောင်း ကျိုးထက် ဆိုးကျိုးသို့ ဦးတည်နေပေလိမ့်မည်။ သည့်အတွက် အားလုံး အကြား တရားမျှတမှု လိုအပ်သည်မှာ အထူးပြောစရာမလိုဟု ထင်သည်။

နိုင်ငံရေးတွင် တရားမျှတမှု၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံအကြား တရား မျှတမှု၊ ဝန်ထမ်းများအကြား အထက်အောက်တရားမျှတမှု၊ ဝန်ထမ်းနှင့် ပြည်သူအကြား တရားမျှတမှု၊ နိုင်ငံသားများအတွက် တရားမျှတမှုတို့ကို အာမခံနိုင်သည့်စနစ်တစ်ရပ် တည်ဆောက်ခြင်းဖြင့် နှိုင်းရတရားမျှတမှု များကို လျှော့ချနိုင်မည်ဖြစ်သည်။ အထူးသဖြင့် စနစ်ထူထောင်ဆဲ မိမိတို့ နိုင်ငံတွင် ပို၍အရေးကြီးသည်ဟု မြင်မိသည်။ ဥပဒေစိုးမိုးမှုရှိမှသာ တရား မျှတမှုကို မျှော်မှန်းနိုင်ပေလိမ့်မည်။ ဥပဒေကို လိုသလိုအသုံးချနေပါက တရားမျှတမှုသည်လည်း နှိုင်းရသဘောဆောင်လာပေလိမ့်မည်။ သို့ဖြစ် သည့်အတွက် ဥပဒေအောက်တွင် အားလုံးတစ်ပြေးညီဖြစ်ရေးမှာ နိုင်ငံတည် ဆောက်ရေးအတွက် ဦးစားပေးအစီအစဉ်တစ်ရပ်ဟု ဆိုချင်ပါသည်။

သိန်းထွန်း (IR)