News

POST TYPE

PERSPECTIVE

မျိုးဆက်သစ်များ၏ အနာဂတ်ကို အမှန်တကယ် ထုဆစ်သွားစေလို
22-Jul-2020


ကိုဗစ် - ၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီအနေနှင့် ရောဂါကူးစက်ပျံ့နှံ့မှု ဆက်လက်ထိန်းချုပ်ရန်အတွက် ဘော်ဒါဆောင်ထားရှိဖွင့်လှစ်သည့် ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ် ခွင့်မပြု (မပြု) ဆိုသောလမ်းညွှန်ချက်ကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားသည့်စာတစ်စောင်ကို လူမှုကွန်ရက်၌ ဖတ်လိုက်ရသည်။ ရောဂါထိန်းချုပ် ရန်ဟုဆိုသော်လည်း မျိုးဆက်သစ်လူငယ်များ အဆင့်မီပညာဆက်လက် သင်ယူနိုင်ရေးအပေါ် များစွာစိတ်မကောင်းဖြစ်ရပါသည်။ သင်ကြား ပြသမှုအပြင် စည်းကမ်းပါ ကောင်းမွန်သော ကိုယ်ပိုင်ကျောင်းများတွင် တက္ကသိုလ်ဝင်တန်းတက်ရန် စောင့်ဆိုင်းနေသည့် သားငယ်၊ သမီးငယ်များသည် မျှော်လင့်ချက်ကင်းမဲ့သလို ခံစားနေကြရပြီဖြစ်သည်။ ထို့အပြင် သား၊ သမီးများ၏ပညာရေးအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားကြသည့် မိဘများမှာလည်း ဆောက်တည်ရာမရ ဖြစ်ကြရသည်။

အစိုးရကျောင်းများတွင် ရောဂါမကူးတော့ဘူးလား

အစိုးရ၏ထုတ်ပြန်ချက်အရဆိုလျှင် တက္ကသိုလ်ဝင်တန်းတက်မည့် ကလေးအားလုံးသည် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင်သာ တက်ရမလိုဖြစ်နေသည်။ ထို့အပြင် အစိုးရ ကျောင်းများတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါပိုး ကူးစက်နိုင်ခြင်းမရှိသည့် သဘောလည်း သက်ရောက်နေသည်။ အမှန်တော့ ကျန်းမာရေးစံနှုန်းနှင့် အညီနေထိုင်ခြင်းမရှိလျှင် မည်သည့်ကျောင်းတွင်ပညာသင်ယူနေသည် ဖြစ်စေ ရောဂါပိုးကူးစက်ခံရနိုင်ခြေရှိပါသည်။ အစိုးရကျောင်းများတွင် လက်ဆေးကန်နှင့်အိမ်သာများ ပြည့်ပြည့်စုံစုံစီစဉ်ပေးထားပြီးပြီလား။ ထို့အပြင် လက်ဆေးဆပ်ပြာ၊ Hand Gel၊ နှာခေါင်းစည်း၊ မျက်နှာအကာများ အလုံအလောက် ထုတ်ပေးထားပြီးပြီလား။ ကလေးများကို နေ့စဉ် အပူချိန်တိုင်းပေးသွားမှာလား။ အရေးပေါ်ပြုစုစောင့်ရှောက်နိုင်ရေး အတွက် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပေးအပ်ထားပါသလား။ ဆေးခန်းဖွင့်ထားပါသလား။ နေ့စဉ် အပူချိန်တိုင်းကိရိယာများ စီစဉ်ပေးထားပါသလား။ ဆိုရလျှင် တစ်နိုင်ငံလုံးရှိကျောင်းအားလုံးအတွက် ထိုသို့လွှမ်းခြုံ ဆောင်ရွက်သွားနိုင်ဖို့သည် မလွယ်ကူသောကိစ္စပင်ဖြစ်သည်။ ထို့ကြောင့် ကလေးတစ်ယောက်သည် အပြင်မှရောဂါပိုးပါလာလျှင် စာသင်ခန်းအတွင်းရှိ အခြားကလေးများသို့ အလွယ်တကူ ကူးစက်နိုင်ပါသည်။

စစ်ဆေးခွင့်ပြုသင့်

ဖြစ်သင့်သည်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့သည် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများသို့ သွားရောက်စစ်ဆေးပြီး စာသင်ခန်းများ၊ စားရိပ်သာများနှင့် အိပ်ဆောင်များပြင်ဆင် ထားရှိမှုများသည် ကျန်းမာရေးစံနှုန်း ညီညွတ်မည်ဆိုလျှင် ကျောင်းဖွင့် ခွင့်ပေးသင့်ပါသည်။ အမှန်တော့ ကိုယ်ပိုင်ကျောင်းများသည် ကျောင်းစဖွင့် ကတည်းက ကလေးများကို ပြင်ပလူနှင့်ထိတွေ့ခွင့်မပေးသဖြင့် Facility Quarantine  ထားသလိုပင် ဖြစ်နေပါမည်။ ထို့အပြင် ကျောင်းစတင် လက်ခံကတည်းက အဖျားတိုင်းသည့်အပြင် ကျန်းမာရေးထောက်ခံချက်များ ပါရှိသဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်ခြေ အခွင့်အလမ်းအလွန်နည်းပါသည်။ 

အထူးသဖြင့် တချို့သောကိုယ်ပိုင်ကျောင်းများသည် Physical Distancing  အတိုင်းထားရှိရန် စီစဉ်ထားခြင်း၊ လက်ဆေးကန်နှင့်အိမ် သာများ အလုံအလောက်ပြင်ဆင်ထားရှိခြင်း၊ ကလေးများအတွက် နှာခေါင်းစည်းနှင့် မျက်နှာအကာများ အလုံအလောက်ဝယ်ယူထားရှိခြင်း၊ Hand Gel များ၊ လက်ဆေးဆပ်ပြာများ အလုံအလောက်စီစဉ်ထားရှိခြင်း၊ ဆေးခန်းများဖွင့်လှစ်ကာ ဆရာဝန်များ အသင့်ထားရှိခြင်း၊ ကလေးများ ကို နေ့စဉ်အပူချိန်တိုင်းရန် စီစဉ်ထားရှိခြင်း၊ အိပ်ဆောင်များ၊ စာသင်ခန်း များနှင့် ရေချိုးကန်များကိုလည်း နေ့စဉ်ပိုးသတ်ဆေးဖျန်းရန်စီစဉ်ထား ရှိခြင်း စသည့် အစီအမံကောင်းများစွာ ကြိုတင်စီစဉ်ထားသည်ကိုတွေ့ရှိရပါသည်။

သင်ကြားနိုင်မှုအရည်အသွေးကျဆင်းလာ

ဆိုရလျှင် မြန်မာနိုင်ငံတွင် နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်မြင် မှုသည် ၃၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်သာရှိပါသည်။ မည်သည့် အတွက်ကြောင်းနည်း။ အစိုးရကျောင်းများတွင် ကလေးများကို ငယ်စဉ် ကတည်းက အတန်းစဉ်အလိုက်ပြဋ္ဌာန်းချက်များ ကြေညက်အောင်သင် ကြားခဲ့ခြင်းမရှိသောကြောင့်ပင်ဖြစ်သည်။ အထူးသဖြင့် တက္ကသိုလ်ဝင် တန်းတွင် သင်ကြားပြသပေးသည့် တချို့သောဆရာ၊ ဆရာမများသည် သင်ရိုးစာအုပ်ကို နားလည်အောင်နှင့် ပြီးဆုံးအောင်ပင် သင်ပြနိုင်စွမ်းမရှိ ကြပေ။ တချို့သော ဆရာ၊ ဆရာမများသည် အောင်မှတ်လောက်သာရရှိ အောင် အခန်းပြတ် မှန်းဆ၍ သင်ပေးတတ်ကြသည်။ 

ထို့ကြောင့် ကလေးတစ်ဦးသည် အစိုးရကျောင်းတစ်ခုတည်းကို သာ မှီခိုနေမည်ဆိုလျှင် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်နိုင်ဖို့ အခွင့်အလမ်းလွန်စွာ နည်းပါးလှပါသည်။ အစိုးရကျောင်းများမှ ထူးချွန် စွာအောင်မြင်သည့် ကလေးအရေအတွက်သည် ၅ ရာခိုင်နှုန်းပင်ပြည့် မည်မထင်ပေ။ တချို့သောကလေးများသည် အစိုးရကျောင်းများတွင် တက်သော်လည်း ပြင်ပကျူရှင်ယူထားခြင်း၊ အိမ်တွင်ဂိုက်ငှားထားခြင်း တို့ကြောင့် ထူးချွန်စွာ အောင်မြင်ရခြင်းဖြစ်ပါသည်။ အမှန်တော့ ကျက်စာ များသာပါရှိသည့် ဝိဇ္ဇာတွဲလောက်ဆိုလျှင် အစိုးရကျောင်းများက သင်ပြ ပေးနိုင်မည်ထင်ပါသည်။ ဆိုရလျှင် ဆရာ၊ ဆရာမတိုင်းသည် ရူပ၊ ဓာတု၊ ဇီ၀ဘာသာတွဲများကို ကျောင်းသားများနားလည်သည်အထိ ရှင်းပြနိုင် စွမ်းမရှိကြပါဘူး။ စာရေးသူငယ်စဉ်က ကိုယ်တွေ့ အခက်အခဲဖြစ်ပါသည်။ ကျောင်းတွင်း၌ ဓာတုဗေဒဘာသာရပ် သင်ပြမှုကို လုံး၀နားမလည်လို့ ကျူရှင်ယူခဲ့ရပါသည်။ အလားတူ အင်္ဂလိပ်စာကိုလည်း တက္ကသိုလ် ဒုတိယနှစ် ရောက်ရှိမှသာ ထဲထဲဝင်ဝင် နားလည်ပါတော့သည်။ ဆရာကြီးဦးမြကြိုင်၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါသည်။ မည်သည့်ဘာသာရပ်တွင်မဆို သင်ပြသည့်ဆရာ၏ စွမ်းဆောင်ရည်ပေါ် များစွာမူတည်လျက်ရှိပါသည်။

အသိအမှတ်ပြုအားပေးသင့်

စင်စစ်အားဖြင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများသည် မြန်မာနိုင်ငံ တွင်သာလျှင် ရှိနေခြင်းမဟုတ်ပေ။ တိုးတက်သောနိုင်ငံများတွင်လည်း ရှိပါသည်။ သာဓကအနေနှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်ပင်လျှင် ပုဂ္ဂလိက ကိုအခြေခံသော တက္ကသိုလ်ဟုထင်ပါသည်။ ဒေသတွင်းရှိ စင်ကာပူ၊ ထိုင်း နိုင်ငံ၊ အိန္ဒိယ၊ တရုတ်နိုင်ငံတိုသည့် ပုဂ္ဂလိကကျောင်းများကို အသိအမှတ် ပြုအားပေးသောကြောင့် ကလေးများ၏ပညာရည်အဆင့်အတန်းမြင့်မား လာခြင်းပင်ဖြစ်သည်။ ဆိုရလျှင် အစိုးရဌာနကြီးများမှ တာဝန်ရှိသူများ၏ သား၊ သမီးများသည်ပင်လျှင် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူ ခဲ့ကြသည်မဟုတ်ပါလား။

ဆိုရလျှင် အစိုးရအနေနှင့် မျိုးဆက်သစ်လူငယ်များ၏ပညာရေး အဆင့်အတန်းကို ကိုယ်တိုင်မြှင့်တင်နိုင်စွမ်း မရှိလျှင်၊ ကိုယ်ပိုင်အရင်း အမြစ်များမရှိဘူးဆိုလျှင် ပုဂ္ဂလိကကျောင်းများ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု အားပေးရမည်ဖြစ်ပေသည်။ အမှန်တော့ ပုဂ္ဂလိကကျောင်း များသည် အစိုးရ၏ အနာဂတ်ပညာရေးမျှော်မှန်းချက်များ အကောင် အထည်ဖော်ရာတွင် တစ်စိတ်တစ်ဒေသမှ ပါဝင်နေခြင်းပင်ဖြစ်သည်။ အစိုးရ နှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည်ဆိုလျှင် မျိုးဆက်သစ်များ၏ပညာရည်အဆင့်အတန်းလည်း မြင်မားလာမည်မှာ အသေအချာပင်ဖြစ် သည်။

မျိုးဆက်သစ်များ၏အနာဂတ်ကို အမှန်တကယ်ထုဆစ်သွားစေလို

အမှန်တော့ ပညာရေးလောကတွင် ဝါသနာပါ၍ ကျောင်းဆရာ၊ ဆရာမ လုပ်နေကြသူများရှိသလို အခြားအလုပ်အကိုင်မရှိသဖြင့် ရသည့် အလုပ်ကို ဝင်လုပ်နေကြသူများလည်းရှိသည်။ မည်သို့ဆိုစေ လက်ရှိအချိန် တွင် အစိုးရကျောင်းများတွင် ပညာသင်ကြားပေးမှုသည် ယခင်လောက် ထိရောက်မှုမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဆိုရလျှင် တချို့သော ကလေးများ၏ လေ့ကျင့်ခန်စာအုပ်များသည် ကွက်လပ်များဖြစ်နေတတ်သည်။ တချို့သောဆရာ၊ ဆရာမများသည် သင်ခန်းစာမှန်မှန်မလုပ်သည့် ကလေး ကို ကြပ်ကြပ်မတ်မတ် သင်ပြပေးလေ့မရှိတော့ပေ။ တချို့သော ဆရာ၊ ဆရာမများသည် ကျူရှင်နှင့်ဝိုင်းသင်ပြရေးကိုသာ အာသန်နေကြသည်။ ငွေကြေးမတတ်နိုင်၍ ကျူရှင်မတက်သောကလေးသည် အတန်းထဲတွင် ဆရာမ၏ခွဲခြားဆက်ဆံမှုကို ခံရတတ်ကြသည်။

မည်သည့်အရာတွင်မဆို “ဆရာမပြ နည်းမကျ”၊ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို နားလည်တတ်ကျွမ်းသည့် ဆရာကောင်း၊ သမားကောင်းထံ သင်ယူခွင့်ရရှိသည့် တပည့်များသည် ထူးချွန်ထက်မြက်လေ့ရှိကြသည်။ အမှန်တော့ စနစ်တကျထူထောင်ထားရှိသည့် ကိုယ်ပိုင်ကျောင်းများတွင်သာထားမည်ဆိုလျှင် ကလေးများသည် ပညာရည်အဆင့်အတန်း၊ အတွေးအခေါ်နှင့် ဘ၀အပေါ်ရှုမြင်မှုတို့ ပိုမိုမြင့်မားလာနိုင်သည့်အပြင် တက္ကသိုလ်ဝင်တန်းတွင်လည်း ထူးချွန်စွာ အောင်မြင်နိုင်သည် ဆိုသောအချက်သည် ငြင်းဆန်၍မရသော ပကတိအရှိတရားပင်ဖြစ်သည်။

ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လိုလျှင် အဓိကအားဖြင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ကြရသည်။ ထိုသို့ရင်းနှီးမြှုပ်နှံရာတွင် နိုင်ငံသားများ၏ပညာရည်အဆင့်အတန်းမြင့်မားရေးသည် များစွာအရေးပါလျက်ရှိသည်။ အထူးသဖြင့် မျိုးဆက်သစ်များ ပညာရည် မြင့်မားနေမှသာလျှင် ထိုနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ထိုသို့မျိုးဆက်သစ်များ ပညာရည်အဆင့် အတန်းမြင့်မားရေးအတွက် သင့်တော်သည့် သင်ရိုးညွှန်းတမ်းများ၊ စနစ် တကျသင်ကြားပြသ ပို့ချပေးနိုင်မှုနှင့် စာမေးပွဲစနစ်များရှိနေရန် လိုအပ်မည်ဖြစ်သည်။ ထို့အပြင် ကလေးငယ်များ၏တတ်မြောက်မှု အရည်အချင်း ကို စမ်းသပ်စစ်ဆေးနိုင်ရန် အဆင့်မီသောမေးခွန်းများနှင့် ပုံမှန်စစ်ဆေးမှုများ မပျက်မကွက်ပြုလုပ်ပေးသွားရန်လည်း လိုအပ်ပေသည်။ မည်သို့ပင် ဆိုစေ နိုင်ငံတော်အစိုးရအနေနှင့် မျိုးဆက်သစ်များ၏အနာဂတ်ကို အမှန်တကယ်ထုဆစ်ပုံဖော်သွားလိုပါလျှင် ကိုဗစ်-၁၉ ကာလတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အချိန်၊ ငွေကြေးနှင့် လုပ်အားများစွာ ပေးဆပ်ပြီး ကျန်းမာရေးစံနှုန်းများနှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိခဲ့ကြသည့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၏ အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြု ထည့်သွင်းစဉ်းစားသွားသင့်ပါကြောင်း အကြံပြုတိုက်တွန်းသွားလိုပါသည်။

မောင်သောင်းဝင်း (တမန်ဟောင်း)