News

POST TYPE

PERSPECTIVE

အရင်းစစ်တော့ အမြစ်ဘယ်ကလာ
21-Jul-2020


ကျွန်ုပ်သည်နေ့စဉ်ထုတ်သတင်းစာတစ်စောင်ပါ မှုခင်းသတင်း တစ်ပုဒ်ကို ဖတ်မိရာက လွန်စွာမှပင် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေသည်။ ပြစ်မှုကျူးလွန်သူ လူရွယ်သည် လှိုင်သာယာ မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်တွင် နေထိုင်သူဖြစ်သည်။ သူ့ဇနီးဖြစ်သူ ကိုယ်ဝန်ပျက်ကျသဖြင့် ဆေးကုသရန် ငွေကြေးလိုအပ်နေခဲ့သည်။ လက်ထဲမှာ ငွေပိုငွေလျှံကမရှိ။ အခြေခံလူတန်းစားဖြစ်သောကြောင့် ဆင်းရဲတွင်းက နက်လှ၏။ 

ပသို့ဆိုစေ ငယ်ရွယ်သူဖြစ်သောကြောင့်လည်းကောင်း၊ အတန်း ပညာနည်းသောကြောင့်လည်းကောင်း အမှားအမှန်ကို ခွဲခြားနိုင်စွမ်း နည်းခဲ့သည်။ ဇနီးသည်ကို အရေးပေါ်ကုသရန်အတွက် ရေရှည်ကို စဉ်းစားနိုင်ခြင်းမရှိဘဲ ငွေလွယ်လွယ်ရနိုင်သည့် နည်းလမ်းအမှားနောက်ကို လိုက်ရန် သူဆုံးဖြတ်ခဲ့လေတော့သည်။

သို့နှင့် ထိုလူငယ်ကား အင်းစိန်မြို့နယ်က ဆိုင်ကယ် ကယ်ရီသမား တစ်ဦးကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်ကို လုယူခဲ့လေသည်။ ပြီးတော့ ဧရာ၀တီတိုင်း မြို့နယ်တစ်မြို့နယ်မှာ ယင်းဆိုင်ကယ်ကို ငွေကျပ်လေးသိန်းခွဲနှင့် ရောင်းချကာ ဇနီးသည်ကို ဆေးကုသပေးခဲ့လေတော့သည်။ 

ဧကန်စင်စစ် ထိုသို့သောပြစ်မှုမျိုးကို ကျူးလွန်ရန် တွန်းပို့မောင်းနှင်သော လှုံ့ဆော်မှုသည် အခြေခံလူတန်းစားများအတွက် စားဝတ်နေ ရေးကျပ်တည်းမှုနှင့် စီးပွားရေး နုံချာမှုပင် ဖြစ်လေသည်။ 

ယနေ့ မြန်မာနိုင်ငံတွင် နေထိုင်ကြသော လူဦးရေ ၅၄ သန်းကျော် အနက် ၇၀ ရာခိုင်နှုန်းသော မိဘပြည်သူများမှာ ဆင်းရဲတွင်းနက်နေသူများ ဖြစ်ကြသည်။ အခြေခံလူတန်းစားများအားလုံး ငွေရေးကြေးရေး စိန်ခေါ် မှုနှင့် ဘတစ်ပြန်ကျားတစ်ပြန် လုံးထွေးသတ်ပုတ်နေရသည်။ နိုင်ငံနှင့် အဝန်း ကြုံတွေ့နေရသည့် အလုပ်လက်မဲ့ပြဿနာက ဒုနဲ့ဒေးဖြစ်နေသည်။ အလုပ်ရှိပြန်တော့လည်း သာမန်အိမ်ထောင်ဦးစီးတစ်ယောက်၏ တစ်နေ့ တာဝင်ငွေသည် မိသားစု၏ နေစရိတ်နှင့် စားစရိတ်ကို မျှတအောင်မကာမိပေ။ 

မိသားစု ကျန်းမာရေးအတွက် ဆေးဖိုးဝါးခ ဆိုသည်မှာ ဝေလာဝေး ပင်ဖြစ်သည်။ သူတို့သည် ငွေကြေးအကုန်ကျများမည့် မည်သည့်အလုပ်မျိုးမဆို ရင်မဆိုင်ဝံ့ကြ။ ငွေကုန်မည့်အဖြစ်မျိုး ဖြစ်လာခဲ့လျှင်လည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရ၏။ နောက်ဆုံးမှာတော့ မျက်ကန်းတစ္ဆေ မကြောက် ဆိုသလို လုပ်ချင်ရာကို လုပ်ဖြစ်ကြသည်။ နေမထူး သေမထူး ဘ၀များအဖြစ်ခံယူလျက် ကြီးမားသောပြစ်မှုများကို ကျူးလွန်မိကြတော့သည်။ 

ပသို့ဆိုစေ လက်ရှိမြန်မာပြည်၏ ကျန်းမာရေး စောင့်ရှောက်မှုသည် ပြည်သူလူထု၏ လိုအပ်ချက်များကို သုံးပုံတစ်ပုံမျှပင် နွေးထွေးမှု မပေး နိုင်သေးပါ။ တစ်နည်းအားဖြင့် အခြေခံလူတန်းစားများအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုက မရှိသလောက် ရှားလှသည်။ ရောဂါတစ်ခု ဖြစ်လာလျှင် သို့မဟုတ် ကျန်းမာရေးချို့တဲ့လာလျှင် မိဘပြည်သူများ အတွက် မျက်ကလဲဆန်ပျာနှင့် ငွေကုန်ကြေးကျ များကြရလေသည်။ နိုင်ငံ တော်ပိုင် ပြည်သူ့ဆေးရုံများဖြစ်လျက် ပြည်သူလူထုတွေအဖို့ အပြည့်အဝ အားကိုးရာမရောက်နိုင်သေးပေ။ ပိုက်ဆံမရှိလျှင် အသက်ရှင်နိုင်ခြေ နည်းပါးသဖြင့် သေဖို့သာပြင်ထားကြပေရော။ လူတန်းစားမရွေး အထိုက်အလျောက် အကုန်အကျခံနိုင်မှသာ ဆေးရုံများသို့ သွားရောက်ပြသနိုင် ခွင့်ရှိနေသည်။ 

ကိုယ်ဝန်ပျက်ကျသောဇနီးသည်အတွက် ဆေးရုံပြသစရိတ် လိုအပ် နေသောကြောင့် ထိုလူရွယ်က အဆိုပါပြစ်မှုကို အမြန်ဆုံးကျူးလွန်ရန် ဆုံးဖြတ်ချက် ချခဲ့ရခြင်းဖြစ်မည်ဟု ကျုပ်က တွေးမိလေသည်။ အကယ်တန်တု ပြည်သူ့ဆေးရုံများမှာ ငွေကုန်ကြေးကျ သက်သာစွာ ဆေးကုသခွင့် ရှိမည်ဆိုပါက ထိုလူရွယ်သည် ယခုကဲ့သို့သောပြစ်မှုမျိုးကို ကျူးလွန်ရန် ခက်ခဲ မည်ဖြစ်လေသည်။ ပြည်သူတို့၏ကျန်းမာရေးကို နိုင်ငံတော်က ခိုင်ခိုင် မာမာ တာဝန်မယူနိုင်ခြင်းသည် ဥပဒေစည်းရိုးကို ချိုးဖောက်ပြီး မှုခင်းများ ကို ကျူးလွန်နိုင်ရန် တွန်းအားပေးနေသော အားဆေးတစ်ခွက်လည်း မည်ပေ၏။

ယင်းလူရွယ်သည် မိသားစု၏ ဖျောင်းဖျတိုက်တွန်းမှုကြောင့် မိမိကျူးလွန်ခဲ့သောပြစ်မှုကို ဝန်ခံလျက် ရဲတပ်ဖွဲ့တွင် လာရောက်အဖမ်းခံခဲ့သည်။ တော်ပါသေးသည်ဟု ဆိုရမည်။ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေပါက ၀ရမ်းပြေးတစ်ဦး ဖြစ်နေဦးမည်။ ရဲတပ်ဖွဲ့တွင်လည်း အဆိုပါ တရားခံပြေးအား ရှာဖွေရသည့် အလုပ်တာဝန်က ပိုလာဦးမည်။ 

တွေးကြည့်လျှင် အဘက်ဘက်မှ ကောင်းသောအကြောင်းအရာ တစ်ခုမျှ မရှိနိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ ပြစ်မှုကျူးလွန်သူ လူရွယ်သည် တရားဥပဒေအရ ပေးအပ်သောအပြစ်ကို အထိုက်အလျောက် ခံယူရပေလိမ့်မည်။ သူ့မိသားစုမှာလည်း ဦးဆောင်မဲ့သူ အခြေအနေမျိုးနှင့် သောကပင်လယ်ဝေရပေလိမ့်မည်။ ထို့အပြင် တိုင်းပြည်၏ လူသားအရင်း အမြစ် လူရွယ်တစ်ဦး အကျဉ်းသားဘ၀ဖြင့် ကာလတစ်ခုအထိ နေသွားရမည် ဖြစ်ပေသည်။ ၎င်းလူရွယ်၏ အနာဂတ်ဘ၀သည်လည်း ပျောက်သောလမ်းမှာ စမ်းတဝါးဝါး ဖြစ်နေရဦးမည်။ 

ရှည်ရှည်တွေးကြည့်လျှင် ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့သော အစိုးရများသည် မိဘပြည်သူများ၏ စားဝတ်နေရေး သို့မဟုတ် လူမှုဘ၀ အဆင့်အတန်းမြှင့်တင်ရေးကို လျစ်လျူရှုထားခဲ့သည်မှာ ရာစုနှစ်ဝက်အထိ ဖြစ်ခဲ့သည်။ တစ်နည်းဆိုရသော် ပြည်သူလူထု၏ စီးပွားရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးတို့ကိုလည်း ငဲ့ကွက်မှုမရှိဘဲ မိမိတို့ အာဏာတည်မြဲရေး၊ ဆွေစဉ်မျိုးဆက် ချမ်းသာရေးနှင့် ဆရာမွေး၊ တပည့်မွေး အရေးများကိုသာ အားစိုက်ခဲ့ကြသဖြင့် အခြေခံလူတန်းစားများမှာ ယခုကဲ့သို့ပြစ်မှုမျိုး ပေါပေါလောလောကျူးလွန်နေကြရသည်ဟု သုံးသပ်မိသည်။ 

ယခုအခါတွင် ဒီမိုကရေစီ အစိုးရသစ် တာဝန်ယူနေသောကာလ ဖြစ်သဖြင့် အခြေခံလူတန်းစားများ၏ဘ၀များ တိုးတက်ရာ တိုးတက်ကြောင်း အခြေအနေသို့ ထင်ထင်ရှားရှား အပြောင်းအလဲ ဖြစ်နိုင်စေရန် မျှော်လင့်မိသည်။ 

အချုပ်ဆိုရလျှင် ယခုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ရခြင်း အကြောင်းရင်းကို တူးဆွဖော်ထုတ်ကြည့်မည်ဆိုပါလျှင် အမြစ်ဘယ်ကလာသည်ကို တွေးဆချင့်ချိန်နိုင်မည်ဖြစ်ပါကြောင်း။

ကိုသောင်း (ပညာရေး)