News

POST TYPE

PERSPECTIVE

လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်
30-Jun-2020


နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ဖြစ်သည်။ လူသားအားလုံးကိုခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကိုကာကွယ်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်များသည် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆွေးနွေးညှိနှိုင်း အဖြေရှာခဲ့ကြသည်။ အထူးသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံသည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဆုံးဖြတ်ချက်အမှတ် ၄၂/၁၁၂ ချမှတ်ကာ ထိုနေ့ကို သတ်မှတ်ခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ်မှစတင်၍ နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများ ကျင်းပလျက်ရှိသည်။ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို အမျိုးသားရေးအသွင်ဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသည်။ ထိုအခမ်းအနားကျင်းပရခြင်းသည် ကမ္ဘာတစ်ဝန်း၌ မူးယစ်ဆေးဝါးအလွဲသုံးမှု ပပျောက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသော သန္နိဋ္ဌာန်ကို ခိုင်မာစွာဆုံးဖြတ်ထားကြောင်းကို ဖော်ညွှန်းနေခြင်းပင်ဖြစ်သည်။ သို့သော် ယခုနှစ်တွင်မူ COVID-19 ကပ်ရောဂါဖြစ်ပွားနေသောကြောင့် လူစုလူဝေးဖြင့် အခမ်းအနားများပြုလုပ်နိုင်မည်မဟုတ်ဘဲ ရုပ်သံနှင့်သတင်း မီဒီယာများမှတစ်ဆင့် ပညာပေးသွားနိုင်မည်ဖြစ်သည်။

လူငယ်ထုအတွင်းစီးဆင်းနေ

ယခုတစ်လော နေ့စဉ်ထုတ်သတင်းစာများတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့်သတင်းများကို နေ့စဉ်နီးပါးဖတ်နေရသည်။ စိတ်ကြွရူးသွပ်ဆေးပြားများကို သိန်းချီ၍ဖမ်းမိနေသည်။ ယခင်က နယ်စပ်ဒေသများတွင်သာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလေ့ရှိသည်။ လက်ရှိအချိန် အတွင်မူ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးတွင် မူးယစ်ဆေးဝါးများ ဖမ်းမိနေသည်။ တိုင်းပြည်အတွက် ကောင်းသောအလားအလာပင် မဟုတ်ချေ။ လူထုအတွင်း မည်မျှပျံ့နှံ့နေသည်ကို မည်သူမျှတိတိကျ ကျသိနိုင်မည်မဟုတ်ချေ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ပြည်သူ လူထုတစ်ရပ်လုံးပူးပေါင်းမှုဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်လို ဆောင်ရွက်သွားသင့်နေပြီဖြစ်သည်။

မူးယစ်ဆေးဝါးသည် လူငယ်ထုအတွင်းသို့ နည်းမျိုးစုံဖြင့်စီးဆင်း ဝင်ရောက်လျက်ရှိသည်။ စိတ်အလိုလိုက်သူများ၊ လက်တည့်စမ်းလိုသူများ၊ အပေါင်းသင်းမှားသည့်လူငယ်များသည် မူးယစ်ဆေးစွဲလေ့ရှိကြသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။ တာဝန်ရှိပြည်သူများ၏ သတင်းပေးမှုနှင့် ထိရောက်သောဖမ်းဆီး အရေးယူမှုများ လိုအပ်နေပြီဖြစ်သည်။ မျက်မှောက်ခေတ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ လူငယ်ထုအတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲနေမှုကို အသွင်အမျိုးမျိုးဖြင့် တွေ့ရှိလာရသည်။ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် စီးပွားရေးနှင့် လူမှုရေးကို ထိခိုက်စေရုံသာမက ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းစေနိုင်ပါသည်။ ထို့ကြောင့် လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေး အထူးအလေးထားဆောင်ရွက်သွားရန်လိုအပ်သည်။

စင်စစ်အားဖြင့် မူးယစ်ဆေးဝါးသည် အကြောက်အလန့်နည်းသော၊ စူးစမ်းချင်သော၊ တကြွ်ကလိုသောလူငယ်လူရွယ်များ၏ နယ်ပယ် သို့စီးဆင်းလေ့ရှိသည်။ မူးယစ်ဆေးဝါးသည် လူငယ်လူရွယ်များ၏ဘဝ နှင့် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းလောကကို နင်းချေဖျက်ဆီးပစ်နိုင်သည်။ လူငယ်လူရွယ်များသည် အနာဂတ်၏ ပန်းကလေးများပင်ဖြစ်သည်။ လူငယ်လူရွယ်များ ဖျက်ဆီးခံရလျှင် ထိုနိုင်ငံ၏ အနာဂတ်သည် ရင်လေးဖွယ်ရာပင်ဖြစ်သည်။ လတ်တလောအချိန်တွင် နယ်မြေဒေသအချို့ ၌ ဒုစရိုက် မှုများဖြစ်ပွားခဲ့ရာတွင် လုပ်ဖူးကိုင်ဖူးခြင်းမရှိသည့် လူငယ်များလည်း ပါဝင်လာသည်ကို တွေ့ရှိရသည်။ လူငယ်များသည် မူးယစ်းဆေးဝါးသုံးစွဲ ပြီးနောက် အမှား၊ အမှန်ခွဲခြားနိုင်စွမ်းမရှိဘဲ ရာဇဝတ်မှုများကိုကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ 

မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုများတွင် အဓိကပစ်မှတ် များမှာ ကျောင်းသားလူငယ်၊ ကလေးသူငယ်များဖြစ်ကြသည်။ အလုပ် အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ပညာသင်ယူရန် အခွင့်အလမ်းနည်းပါးခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြမ်းတမ်း ဆိုးရွားခြင်းတို့သည် လူငယ်များကို မူးယစ်နွံအတွင်း သက်ဆင်းစေနိုင် သည်။ မူးယစ်ဆေးဝါးများသည် ရက်ကွက်၊ ကျေးရွာများအထိ စိမ့်ဝင်ထိုး ဖောက်ရောက်ရှိလျက်ရှိသဖြင့် လူငယ်လူရွယ်များအတွက် အန္တရာယ် ကြီးမားလှပေသည်။ အရက်သေစာအပါအဝင် မူးယစ်ဆေးဝါးများ လူ့ဘောင်လောကအတွင်းသို့ အလွယ်တကူရောက်လာမှုများကို ထိထိရောက် ရောက်တားဆီးသွားရန် လိုအပ်သည်။ ထိုသို့တားဆီးနိုင်ရန်အတွက်နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်ရှိပါသည်။ ထို့အပြင် မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းလာစေရန် ကျောင်းသားလူငယ်များကို မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ တိုက်ရိုက်အသိပညာပေးခြင်းနှင့်သွယ်ဝိုက်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လည်း အထူးလိုအပ်ပါသည်။

အလေးထား နားထောင်သင့်

လူငယ်သဘာဝ လက်တည့်စမ်းလိုသည့်သဘောရှိကြသဖြင့် မိဘများသည် မိမိ၏သားသမီးများကို လူပေါင်းမမှားမိစေရန်အတွက် ဂရုစိုက် ကြပ်မတ်ထားသင့်ပါသည်။ မိဘများသည် သား၊ သမီးများ၊ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် လူငယ်များ၏စကားကို အလေးထားနားထောင်ပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြည့်ဆည့်ပေးသင့်သည်။ တချို့သောလူငယ်များသည် မိဘများ၏ တင်းကျပ်သောစည်းကမ်းနှင့် ရှေးရိုးဆန်သောထိန်းချုပ်မှုများအပေါ် ကဏ္ဍကောစပြုလုပ်ရာမှ မမျှော်လင့်ဘဲ လမ်းမှားသို့ရောက် သွားတတ်ကြသည်။ တချို့သောလူငယ်များသည် အပေါင်းအသင်းမှားပြီး မူးယစ်းဆေးဝါးသုံးစွဲတတ်သွားကြသည်။ အညွန့်တလူလူတက်နေသော လူငယ်များအတွက် များစွာနစ်နာရပါသည်။ မူးယစ်ဆေးဝါးသည် တစ်ခါ သုံးစွဲရုံမျှဖြင့် စွဲလမ်းစေသဖြင့် မသုံးမိစေရန် အထူး ရှောင်ရှားသင့်ပေသည်။ မိဘများသည် ရင်သွေးငယ်များ၏ ပြောဆိုပြုမူမှုပုံစံများ ပုံမှန်မဟုတ်ဘဲ ခြေလှမ်းပျက်နေပါက ဆရာဝန်နှင့် ချက်ချင်းဆွေးနွေးတိုင်ပင်သင့်ပါသည်။

တချို့သောမိဘများသည် အရာရာတိုင်းတွင် ကိုယ်သိကိုယ်တတ် လုပ်နေတတ်ကြသည်။ သား၊ သမီးများ၏ရင်ဖွင့်သံကို အလေးတယူ နားထောင်လေ့မရှိကြချေ။ အကျိုးဆက်အနေနှင့် ထိုမိဘများ၏ သား၊ သမီးများသည် လမ်းမှားရောက်ဖို့ ရာခိုင်နှုန်းများနေပါသည်။ အထူးသဖြင့် မိတ်ဆွေအပေါင်းအသင်း မှားတတ်ပါသည်။ မိမိ၏ သား၊ သမီးကို ကိုယ် ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သည့်ကလေးတစ်ဦးအဖြစ် ကြီးပြင်းစေလိုလျှင် ထိုကလေး၏ ရင်ဖွင့်သံကို အချိန်ပေးနားထောင်သင့်ပါသည်။

လူငယ်များသည် ပန်းကလေးများနှင့်တူ အလားသဏ္ဌာန်တူပေသည်။ ဥယျာဉ်မှူးနှင့်တူသည့် မိဘများ၏ပြုစုပျိုးထောင်မှုသည် လူငယ်များ၏ဘဝကို များစွာပြောင်းလဲတိုးတက်စေပါသည်။ တချို့သောမိဘများသည် သား၊ သမီးများကို အချစ်ပိုလွန်းလှသည်။ သား၊ သမီးများကလည်း မိဘများ၏ အလိုလိုက်မှုအပေါ် အရောင့်တက်တတ်ကြသည်။ ဆိုရလျှင် တချို့သောလူငယ်များသည် အပေါင်းအသင်းမှားခြင်း၊ စိတ်အလိုလိုက်ခြင်းတို့ကြောင့် မူးယစ်ကျေးကျွန်များဖြစ်နေကြရသည်။ တချို့သောလူငယ်များသည် အနာဂတ်ပင် ပျောက်ဆုံးနေကြသည်။ ဝမ်းနည်းဖွယ်ရာ ပင်ဖြစ်သည်။

 ပူးပေါင်းပါဝင်ကြစေချင်

စင်စစ်အားဖြင့် မူးယစ်ဆေးဝါးပြဿနာတည်းဟူသော ပင်စည်၏ အောက်ခြေတွင် လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြစ်မှုတရား စီရင်ရေးတို့က အမြစ်များသဖွယ် တွယ်ဆက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်း သက်သက်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် လျော့နည်းပျောက်ကွယ်ရေးအတွက် အောင်မြင်နိုင်မည်မဟုတ်ပေ။ ဆက်စပ်နေသည့် အခြေခံအကြောင်းတရားများကိုပါ မြှင့်တင်ပေးရန် လိုအပ်လျက်ရှိသည်။ အထူးသဖြင့် ကလေးသူငယ်နှင့် လူငယ်များရှိနေသည့် မိသားစုတိုင်းသည် မိမိတို့၏ ကလေး၊ လူငယ်များ၏ အသံနှင့် ကလေးများ၏ ခံစားချက်တို့ကို အလေးအနက်ထားနားထောင်ကာ ကလေးများ၏အနာဂတ် ဘဝဖွံ့ဖြိုးရေး၊ ဘေးကင်းလုံခြုံစွာကြီးပြင်း လာနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။

ဆိုရလျှင် မူးယစ်ဆေးဝါးသည် လူသားအားလုံးကိုခြိမ်းခြောက်နေသည့် ဘုံရန်သူပင်ဖြစ်သည်။ လတ်တလောတွင် နိုင်ငံတစ်ဝန်း၌ နေ့စဉ် လိုလို မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိနေသည်။ အဆိုးရွားဆုံးမှာ စိတ်ကြွ ရူးသွပ်ဆေးပြားများကို အရေအတွက်သိန်းချီ၍ ဖမ်းမိနေသည်။ မူးယစ်ဆေးဝါးကို နေရာတိုင်းမှာ ရရှိနိုင်သလိုဖြစ်နေသည်။ ရင်လေစရာပင်ဖြစ်သည်။ အထူးသဖြင့် မူးယစ်ဆေးဝါးသည် စူးစမ်းချင်သော လူငယ်လူရွယ်များ၏နယ်ပယ်သို့ စီးဆင်းလေ့ရှိသည်။ ထိုမူးယစ်ဆေးဝါးသည် လူငယ် လူရွယ်များ၏ဘဝကို နင်းချေဖျက်ဆီးပစ်နိုင်သည်။ လူငယ်လူရွယ်များသည် အနာဂတ်၏ပန်းကလေးများပင်ဖြစ်သည်။ လူငယ်လူရွယ်များ ဖျက်ဆီးခံရလျှင် ထိုနိုင်ငံ၏အနာဂတ်သည် ရင်လေးဖွယ်ရာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူငယ်လူရွယ်များ၏အနာဂတ်ဘဝ ဘေးကင်း လုံခြုံရေးအတွက် လူသားအားလုံးကိုခြိမ်းခြောက်လျက်ရှိသည့် မူးယစ် ဆေးဝါးကို ဘုံရန်သူအဖြစ် ဝိုင်းဝန်းပူးပေါင်းပါဝင်တိုက်ဖျက်သွားကြပါ စို့ဟု အကြံပြုတိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုရေးသား လိုက်ရပါသည်။

မောင်သောင်းဝင်း (တမန်ဟောင်း)