News

POST TYPE

PERSPECTIVE

ကျွန်တော်သိသော ကပ်ရောဂါ အကျပ်အတည်းကာလ
29-Jun-2020


ကမ္ဘာ့ကပ်ရောဂါကြီး မည်သည့်အချိန် အဆုံးသတ်မည်ဆိုတာ ယင်းရောဂါစဖြစ်လာပြီး ငါးလကျော်လာသည်အထိ မည်သူကမျှ အတိအကျမပြောနိုင်သေးပေ။ ကိုဗစ်ဗိုင်းရပ်စ်ကြီး စတင် ပေါက်ဖွားရာ တရုတ်နိုင်ငံကတော့ ယခုလာမည့် ဒီဇင်ဘာ သို့မဟုတ် ရှေ့နှစ်ဆန်း ဇန်နဝါရီလောက်ရောက်လျှင် ကာကွယ်ဆေး သေချာပေါက်ရတော့မည်ဟု ဆိုထားပါသည်။

မြန်မာနိုင်ငံကတော့ အခြားနိုင်ငံတွေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယနေ့အချိန်အထိ ကံကောင်းနေသည်ဟုသာ ဆိုရတော့မည်ဖြစ်သည်။ ဗိုင်းရပ်စ်စတင်တွေ့ရှိသည့်ကိစ္စတွင်လည်း အခြားနိုင်ငံတွေ အတော်များများထက် နောက်ကျပြီးမှဖြစ်ခဲ့၍ ဗွေဆော်ဦး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေထက် ပို၍သတိကြီးကြီးဖြင့် တုံ့ပြန်ဖြေရှင်းနိုင်ခဲ့သည်။ ရှေ့ကသွားသူ (ရှေ့ကဖြစ်နှင့်နေသူ)တို့၏ အတွေ့အကြုံတွေကို အခြေခံပြီး နောက်ကနေလိုက်ကာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခွင့်ရခဲ့ကြသည်။ ကူးစက် ခံရပြန်သော်လည်း ပျောက်ကင်းသွားသူဦးရေက များပြန်သည်။ 

ကျန်းမာရေးဌာန၏ လက်သုံးစကားနှင့်ဆိုရလျှင် “ဓာတ်ခွဲခန်း အတည်ပြုလူနာ” စတွေ့ခဲ့သည့် မတ်လလောက်က မိုးရာသီရောက်လျှင် ပိုဆိုးတော့မှာပဲဟု ကျွန်တော် လူပြိန်းအတွေးဖြင့် တွေးခဲ့ဖူးသည်။ အပူချိန် အဆမတန်မြင့်မားနေသည့် နွေလိုရာသီထဲတွင်ပင် ကူးစက်သည်ဆိုတော့ အေး၍စိုစွတ်သောမိုးရာသီဆိုလျှင်တော့ မတွေးဝံ့စရာဟုပင် တွေးကြောက်ခဲ့ခြင်းဖြစ်ပါသည်။ မိုးတွင်းဆိုတာ နှာစေး ချောင်းဆိုးကအစ ရာသီတုပ် ကွေးတွေကလည်း များလွန်းသည်မဟုတ်ပါလော။ 

“ဒုက္ခပါပဲ။ ဒီမိုး၊ ဒီလူတွေနဲ့ ကူးကုန်မှဖြင့်” ဆိုသည့်အတွေးက သင်္ကြန်တစ်တွင်းလုံး ကျွန်တော့်ကို နှိပ်စက်နေခဲ့သည်။ သင်္ကြန်ရောက်တိုင်း နားထောင်ဖြစ်သော ဂီတစာဆို အဉ္ဇလီမောင်မောင်၏ “သင်္ကြန်မိုး” သီချင်းသည်ပင် ယခုနှစ်တွင် တစ်မျိုးတစ်ဖုံ ဖြစ်နေခဲ့လေသည်။ ယခင်နှစ် အဆက်ဆက်ကလို အရသာသိပ်မရှိခဲ့။ “ဒီနှစ် မိုးနောက်ကျရင် ကောင်းမယ်” ဟုပင် တွေးခဲ့မိသည်။ ကျွန်တော့်ဇနီး ကေခိုင်ဇော်က “ယူကတော့ မိုးရွာတာနဲ့ Panic Attack ရတော့မယ်ထင်တယ်”ဟု ခပ်တည်တည်ဖြင့် သတိပေးခဲ့လေသည်။

ယခုမိုးတွင်းရောက်လာပါသည်။ သည်နှစ်မိုးကား နောက်မကျသလို စောလည်းမစောခဲ့ပါ။ မုတ်သုံမှာလည်း ဝင်ရမည့်အချိန်တွင် ဝင်လာသည်။ ယခုရက်ပိုင်း မိုးများလည်း အတော်ရွာပါသည်။ သို့သော် ပြည်တွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုဆိုတာ မရှိတော့သလောက်ပင် ဖြစ်လာသည်။ ပြည်တော် ပြန်အချို့ (အချို့)တွင်သာ ကြိုးကြားကြိုးကြား သဘောမျိုးဖြင့် တစ်ယောက်စ နှစ်ယောက်စတွေ့ခဲ့သည်။ အဲသည်လိုဆိုတော့ ကျွန်တော်တို့ မြန်မာတွေ အတော့်ကို ကံကောင်းပါသည်ဟု ဆိုရန်မှတစ်ပါး အခြားမရှိသေးပေ။ ကံကောင်းခြင်းလက်ဆောင်ကို မည်သူတွေကပေးလိုက်သည်ကို မသိသော် လည်း ကံကောင်းတာကတော့ သေချာပါသည်။ ရင်ထဲကအလုံးကြီးတချို့လည်း လျော့ကျသွားပါသည်။ Panic Attack ရရန်မရှိတော့ဟုလည်း ထင်ပါသည်။ 

ဘာပဲဖြစ်ဖြစ် အပြင်ကဝင်လာသူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းဆိုတဲ့ Quarantine ကိစ္စကိုတော့ မြန်မာ့ကျန်းမာရေး အာဏာပိုင်တို့အနေနှင့် မဖယ်ရှားသင့်သေးဟု မြင်သည်။ ဒုတိယလှိုင်း ဆိုတာလည်း မလာနိုင်ဘူးဟု မည်သူမျှအာမခံနိုင်မည်မဟုတ်။ သို့အတွက်ကြောင့် သတိကြီးကြီးဖြင့် ဆက်လက်တုံ့ပြန်ရန်လိုအပ်ပေမည်။ ကန့်သတ်ပါမှ တော်ကာကျဟုမြင်သည်။ 

“သာကိုး သမီးအလုပ်သစ်လုပ်နေရတယ်”

“ဟင်၊ ဘာအလုပ်လဲ”

“အွန်လိုင်းရှော့ပင်းပါ။ ဒီလင့်ခ်လေးကိုဖွင့်ကြည့်”

ညီမအရင်းသဖွယ်ဖြစ်နေသည့် ချောစုက ကျွန်တော့်ကို သူမအလုပ်နှင့်ပတ်သက်၍ မက်ဆင်ဂျာမှနေကာ လှမ်းအကြောင်းကြားသည်။ ဒါနှင့်၊ ကျွန်တော် တရုတ်လူမျိုးမဟုတ်ပါ။ တရုတ်သွေးလည်း ငါးမူး၊ တစ်မတ်သား ပင်ပါသူမဟုတ်ပေ။ ချောစုတို့ လင်မယားနှစ်ယောက်စလုံးက ကျွန်တော့်ကို အစ်ကိုကြီး၊ ခေါင်းဆောင်ကြီးဆိုသည့် သဘောဖြင့် တရုတ်လို “သာကိုး (သာကော)” ဟု ကျီစယ်ခေါ်ဆိုကြရာမှ သူတို့လင်မယား၏ သာကိုးတစ်ဦး ဖြစ်သွားခြင်းပင်။ 

ချောစု၏ ခင်ပွန်းမှာ အင်မတန်တော်၊ အင်မတန်ကြိုးစားသည့် လူငယ်လူရွယ်တစ်ဦးပင်။ ဆေးပညာ (ဆရာဝန်) ဖြင့် ဘွဲ့ရထားသော်လည်း စီးပွားရေးကိုသာ စိတ်ဝင်တစားရှိသူ ဖြစ်လေသည်။ သို့သော် ဆေးကုရာတွင်လည်း တော်ပါသည်။ ကျွန်တော် နေမကောင်းဖြစ်လျှင် သူတို့လင်မယား အိမ်သို့အမြဲပေါက်ချလာတတ်သည်။ ပရဟိတဆေးခန်းများတွင်လည်း အလျဉ်းသင့်သလို ထိုင်ပေးလေ့ရှိသည်။ 

ချောစုပေးသည့် လင့်ခ်ကို ဖွင့်ကြည့်တော အွန်လိုင်းမှတစ်ဆင့် စားကုန်သောက်ကုန်သာမက လူသုံးကုန်ပစ္စည်းများပါ ရောင်းချပေးနေသည့် ပေ့ချ်တစ်ခုကို တွေ့လိုက်ရသည်။ ပစ္စည်းအမယ်များလည်း အတော့်ကိုစုံပါသည်။ ချောစုက အဆိုပါအွန်လိုင်းစာမျက်နှာအတွက် မန်နေဂျာအဖြစ်တာဝန်ယူကာ လုပ်ကိုင်ပေးနေရခြင်းလည်းဖြစ်သည်။ သူမ၏လုပ်နေ ကျအလုပ်က ရုံးပိုင်း၊ ကုမ္ပဏီပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးဖြစ်ခဲ့သည်။ ယခု သူလုပ်နေရသည့်အလုပ်က အွန်လိုင်းအရောင်းအဝယ်လုပ်ငန်းကြီး။ အွန်လိုင်းဘိဇနက်၊ အွန်လိုင်းထရိတ်ဒင်းတစ်ခု။ 

“အရင်အလုပ်ကနေ ထွက်လိုက်တာလား”

“မဟုတ်ဘူး။ သူဌေး (ပိုင်ရှင်-အလုပ်ရှင်) ကတော့ မပြောင်းပါဘူး”

“သြော်” 

“အခုအလုပ်က အင်မတန်ပင်ပန်းပေမယ့် တောင့်ခံထားရတယ် သာကိုးရေ”

ချောစုပြောပုံအရ သူတို့ လုပ်ငန်းကြီးရော၊ အလုပ်ရှင်ရော လွန်စွာ အကျပ်ရိုက်နေသည့်ကာလထဲသို့ ရောက်နေပေသည်။ ဝန်ထမ်းအတော်များများကိုလည်း လျှော့ချလိုက်ရသည်။ အခြားခံစားခွင့်တွေလည်း မရှိသလောက်လျှော့ချလိုက်ရသည်။ ဝန်ထမ်းများ ယခင်တက္ကစီဖြင့် သွားလျှင် ယခု ဝိုင်ဘီအက်စ်ကိုသာစီးစေသည်။ ကုမ္ပဏီနေရာကိုလည်း ငှားရမ်းခသက်သာသည့်နေရာသို့ ပြောင်းရွှေ့လိုက်ရလေသည်။ ချောစုကိုယ်တိုင်သည်ပင် ထိုအွန်လိုင်းရှော့ပင်းအလုပ်ကို (၂၄ နာရီ) အချိန်ပြည့် လုပ်ပေးနေရသည်။ 

“လစာက အပြည့်မရသေးဘူး။ အိုတီ (အချိန်ပို) ကြေးဆိုတာ ဝေလာဝေးပဲ သာကိုးရေ” 

“ဟုတ်လား။ ငါတို့လည်း အလုပ်မှာ (တိုက်မှာ) လစာတွေ အလျှော့ခံရတယ်”

“ဆရာ(သူဌေး)ကိုလည်း သနားလို့ ပြန်ကြည့်ချင်၊ သူဒုက္ခရောက် နေချိန်မှာ ပြန်ကျေးဇူးဆပ်ပေးချင်လို့ လုပ်နေတာပါ”

ကျွန်တော်တို့အလုပ်မှာ ဘယ်၍ ဘယ်မျှနှင့် ဘယ်သူတွေ ဘယ်လို အလျှော့ခံရကြောင်း ရှင်းပြလိုက်တော့ သူက “သမီးတို့ထက်တော့ တော်ပါသေးတယ်”ဟုပင် သူမက ပြန်လည်နှစ်သိမ့်သည်။ နောက်ပြီးတော့- “သူဌေးက ဒီလုပ်ငန်းအသစ်ကို အားခဲပြီးလုပ်နေတယ်။ နောက်ပိုင်း ဒီလုပ်ငန်းတွေ အလုပ်ဖြစ်နိုင်တယ်။ အောင်မြင်မယ်တော့ ထင်ပါတယ်”ဟု ဆက်ပြောသည်။ 

သူ၏ စကားကိုကြားတော့ “လောကမှာ အလုပ်ရှင်မရှိ၊ အလုပ်သမား မရှိ။ စေတနာရှိသူနှင့် စေတနာမရှိသူသာရှိသည်” ဟု တွေးမိခဲ့ပေသည်။ 

တကယ်တော့ ကိုဗစ်ကာလမှာ အလုပ်လက်မဲ့ဖြစ်သည့်ကိစ္စ၊ ဝန်ထမ်း အလျှော့ခံရသည့်ကိစ္စမှာ မြန်မာတစ်နိုင်ငံတည်းတော့မဟုတ်။ အဖော်အပေါင်းတွေရှိသည်။ အမေရိကတို့၊ အာဖရိကတို့၊ တရုတ်တို့သာမက အာဆီယံနိုင်ငံတွေမှာလည်း အလုပ်လက်မဲ့နှုန်းတွေ တက်လာသည်။ တိုရစ်ဇင်လောကဆိုလျှင် အတော့်ကို ထိခိုက်နစ်နာသွားသည်။ ကျွန်တော့် မိတ်ဆွေ ဧည့်လမ်းညွှန်(တိုးဂိုက်)များ ရှာထားသမျှ ထိုင်စားနေကြရသည်။ သင်္ဘောသားသူငယ်ချင်းအချို့လည်း ထိုင်စားနေကြသည်။ အငြိမ် မနေနိုင်သူ၊ စီးပွားရေးလာဘ်ကိစ္စကို အမြဲတစေအာရုံရသူအချို့ကတော့ အကျပ်အတည်းကာလထဲက အပြောင်းအလဲနှင့် အခွင့်အလမ်းများကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လှုပ်ရှားကြသည်။ အလုပ်အသစ်တွေ လုပ်ကြသည်။ ကိုဗစ်ကာလမှာ အွန်လိုင်းဈေးရောင်းသည့်အလုပ်အင်မတန် တွင်ကျယ်သွားတာတော့ သေချာပါသည်။ အနုပညာရှင်များနှင့် ဆယ်လီများလည်း အွန်လိုင်းကနေ ဈေးရောင်းကြသည်။ ဆိုင်မှာ ဝိုင်းဝန်းစုဖွဲ့စားသောက်ရသည့် ဟော့ပေါ့လိုအရာကိုပင် အွန်လိုင်းကတစ်ဆင့် ပါဆယ်ရောင်းတတ်လာကြသည်။ 

ကျွန်တော့် မိတ်ဆွေတချို့က “ဒီတိုင်းပြည် ကိုဗစ်မတိုင်ခင်တုန်းကရော စီးပွားရေးကောင်းလို့လားဗျာ”ဟု မေးခွန်းထုတ်ကြသည်။ နည်းနည်းအဆိုးမြင်သည့်သဘောပါသော မေးခွန်းမျိုးဟု ထင်သည်။ သို့သော်လည်း ကျွန်တော် စီးပွားရေးပညာရှင် မဟုတ်၍ ဂျက် (ချက်) ကျကျ မဖြေတတ်ခဲ့ပေ။ ကျွန်တော်ထင်တာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ကြောင့် စီးပွားရေးတွေ၊ လုပ်ငန်းတွေ အကျပ်ရိုက်ကုန် ကမောက်ကမဖြစ်ကုန်တာတော့ သေချာသည်။ ခေတ်ပေါ်ဗန်းစကားဖြင့်ဆိုရလျှင် အားလုံးတိုင်ပတ် ကုန်သည်။ ကျွန်တော်တို့ သတင်းစာတွေ မီဒီယာတွေအပါအဝင် စီးပွားရေး လုပ်ငန်းလုပ်သူတွေ တိုင်ပတ်ကုန်သည်။ 

အချို့က ယခုအကျပ်အတည်းကြီးသည် ကာကွယ်ဆေးပေါ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ပွဲသိမ်းပြီဟု ဆိုကြသည်။ မှန်သင့်သလောက်လည်းမှန်ပါသည်။ သို့သော် ယခင်အတိုင်းပြန်ဖြစ်နိုင်၊ မူလအခြေအနေသို့ ပြန်ရောက်နိုင်ရန် ခဲယဉ်းသည်ဟု ထင်နေသူများလည်းရှိသည်။ သေချာသည်ကား လုပ်ငန်းကြီးအတော်များများ၏ အနာဂတ်မှာ မရေရာ မသေချာမှုတွေသာ ပြည့်နှက်နေခြင်းပင်။ တစ်နေ့က သတင်းစာဖောင်ပိတ်အပြီး ညပိုင်း အိမ်အပြန်လမ်းတွင် ကျွန်တော့်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးသူ ညီငယ်တစ်ဦးနှင့်တွေ့သည်။ 

“အိမ်ပြန်မှာလား အစ်ကို”

“အင်း”

“ဒါဆို ကျွန်တော်လည်းလိုက်မယ်”

သူက ကျွန်တော်နှင့် တစ်ရပ်ကွက်တည်းနေသူဖြစ်သည်။ လမ်းမှာ ကိုဗစ်အကြောင်း၊ Mask မတပ်ကြသူများအကြောင်း၊ အွန်လိုင်းစီးပွားရေးအကြောင်း စသည်ဖြင့် တောပြောတောင်ပြော လျှောက်ပြောဖြစ်သည်။ ပြောဖြစ်သည့်စကားအများစုမှာ အကျပ်အတည်းဖြစ်ကြသည့် ကိစ္စပင်။ 

 “အစ်ကိုရေ၊ တချို့တွေကျတော့ ခုလို ကိုဗစ်လို အကျပ်အတည်းမျိုး တွေကို ကြိုက်ကြတယ်။ ဒါကြီးဖြစ်နေတာကိုပဲ ကျေးဇူးတောင်တင်နေကြတယ်” 

“ဟင် ဘယ်လိုကြီးတုံး”

“ဘာလို့လဲဆိုတော့ သူတို့ရဲ့အားနည်းချက်တွေကို ကိုဗစ်နဲ့ ရောချလို့ရသွားလို့လေ” 

သူ့စကားကြားတော့ ၈၈ အရေးအခင်းကြီးကို ချက်ချင်းသတိရမိ လိုက်သည်။ ထိုစဉ်က ကျွန်တော်သည် ရန်ကင်းတီတီစီမှာ ၅ တန်းကျောင်း သားဘဝ။ ထိုစဉ် ပညာရေးစနစ်အရ ၅ တန်းမှာ သိပ္ပံဘာသာစသင်ရသည်။ ကံဆိုးချင်တော့ မိမိအတွက် အသစ်ဖြစ်နေသည့် ထိုသိပ္ပံဘာသာကို ဇူလိုင်လပတ်စာမေးပွဲတွင်ဖြေဆိုရာ ၃၂ မှတ်ဖြင့်ကျသည်။ ဘဝတွင် ပထမ ဆုံးကျသည့် စာမေးပွဲကျရှုံးမှုလည်းဖြစ်သည်။ သို့အတွက် သိပ္ပံဘာသာ အဖြေလွှာနှင့် ရီပို့ကတ်ကို အိမ်ကမိဘတွေကို မပြရဲဘဲဖြစ်နေခဲ့သည်။ မိဘအုပ်ထိန်းသူ လက်မှတ်ထိုးထားသည့် ရီပို့ကတ်နှင့် အဖြေလွှာ အတန်းပိုင်ဆရာမထံ ပြန်ပေးရမည့်အချိန်က အတော့်ကို ကျော်လာသည်။ ဘာလုပ်ရမှန်းမသိဖြစ်ခဲ့သည်။ ထိုအချိန်တွင် အရေးအခင်းကြီးကြောင့် ကျောင်းတွေအားလုံး ပိတ်လိုက်ကြောင်းနှင့် တစ်နှစ်ခန့်ကြာနိုင်ကြောင်း သိလိုက်ရသည်။ ၅ တန်းကျောင်းသားကျွန်တော့်မှာ ထိုအရေးအခင်းကြီးကို စိတ်ထဲကနေကြိတ်၍ ကျေးဇူးတင်နေခဲ့မိသည်။ 

ကိုဗစ်ကြီးကြောင့် အလားတူအတွေးဝင်သူများလည်း ရှိကောင်းရှိ နိုင်ပါသည်။ လူ့သဘောလူ့မနောသည် မိမိအပေါ် အပြစ်ကျရောက်မည်ကို စိုးရိမ်သလို၊ မိမိအားနည်းချက် မိမိအမှားအတွက် ဆင်ခြေကောင်းတစ်ခုကို အမြဲရှာတတ်စမြဲပင် မဟုတ်ပါလော။ ကိုဗစ်ကြောင့် အားလုံး၏ လူမှုစီးပွားများ အနည်းနှင့်အများဆိုသလို ဂယက်ရိုက်ခတ်သွားကြပါသည်။ 

သို့သော် ဘယ်လောက်ကျပ်သည့် အကျပ်အတည်းပင်ဖြစ်စေ၊ အဆိုး ပင်ဖြစ်စေ အကန့်အသတ်ရှိသလို အဆုံးသတ်ရှိမည်ဟု ကျွန်တော် ယုံကြည်သည်။ အဆိုးနှင့်အတူ အကောင်းတွေလည်း ဒွန်တွဲပါလာတတ်စမြဲဟု ထင်သည်။ အနောက်တိုင်းသားတွေက ထိုအရာကိုပင် Silver Lining  ဆိုကြသည်။ ဤသည်ပင် လူသားတစ်ဦး၏ မျှော်လင့်ချက်ပင်ဖြစ်လိမ့်မည်။ ကံနှင့် ကံ၏အကျိုးကိုယုံကြည်သူ ကျွန်တော့်အတွက်တော့ အဆိုပါ  Silver Lining ကို စေတနာရောင်ပြန်ဟု ရှုမြင်မိသည်။ ဘာကြောင့်လဲဆိုတော့ စေတနာကောင်းသူများသာ Silver Lining ကို စောစောနှင့် မြန်မြန်တွေ့နိုင်၍ဖြစ်လေသည်။ 

ချွန်ထူးဟန်