News

POST TYPE

PERSPECTIVE

၁၅ ရက်တစ်ကြိမ် ... မျှော်လင့်ခြင်းများစွာနှင့်
29-Jun-2020


မကြောက်တတ်လို့လည်း မဟုတ်ပါဘူး။ ရောဂါကူးစက်မှာကို မစိုးရိမ်လို့လည်း မဟုတ်ပါဘူး။ မနေ့က နောက်ထပ် ၁၅ ရက်၊ (ဇူလိုင်လလယ် အထိ) ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကန့်သတ်ချက်တွေ ထပ်တိုးလိုက်တယ်ကြားရတော့ စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်။ ၁၅ ရက်၊ တစ်ဖြတ်ချင်း သက်တမ်းတိုးလာခဲ့တာ တစ်ကြိမ် နှစ်ကြိမ် မကတော့ဘူးဆိုတော့ ဒီတစ်ခါတော့ လူတွေအားလုံး အဆင်ပြေအောင် ကန့်သတ်ချက် တချို့ ရုပ်ပေးတော့မလား ထင်ထားတာ။ မထူးပါဘူး။ အရင်လိုပဲ နောက်ထပ် ၁၅ ရက် ထပ်တိုးသွားတယ်။ မနေ့ တစ်နေ့က သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမားဝန်ကြီးဌာနက ကိုဗစ်ကြောင့် မြန်မာပြည်မှာ အလုပ်လက်မဲ့ဦးရေ တစ်သိန်းလေးသောင်း ရှိနေပြီဆိုတော့ စီးပွားရေးပြန်နာလန်ထူဖို့ ဖြေလျှော့သင့်တာ ထပ်ဖြေလျှော့ ပေးမလား မျှော်လင့်ထားတာ။ မျှော်လင့်တာနဲ့ ထုတ်ပြန်ချက်က တခြားစီဆိုတော့ စောင့်ပါလေဦး နောက်ထပ် ၁၅ ရက်။

အင်းလေ... အစိုးရက ကောင်းမယ်ထင်လို့ လုပ်တာ။ ကိုယ်က ဘာစောဒက တက်စရာရှိလဲ။ အခု ဒုတိယလှိုင်းဆိုတာ ရောက်မလာဘူးလို့ မပြောနိုင်ဘူး။ ဟိုတစ်ရက်ကပဲ တစ်နေ့တည်း ၂၃ ယောက် ပိုးတွေ့တယ်ဆိုတော့ ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ရသေးတယ်။ နောက်ရက်တွေမှာ ထပ်မတွေ့တော့လို့ တော်သေးတယ် ပြောရမယ်။ ဒီမှာက ပြည်တွင်းကူးစက်မှု (Local Transmission) မရှိသလောက်ပဲ။ အခု ပိုးတွေ့နေတာက နိုင်ငံခြားက ပြန်လာတဲ့ (Imported Cases) တွေ။ လိုကယ်မှာ ကူးစက်မှု မရှိတော့ စိတ်အေးရတယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်သင့်ပါတယ်။ တစ် ကမ္ဘာလုံးကူးစက်မှုဟာ ခုဆိုရင် ၁၀ သန်းကျော်သွားပြီ။ အမေရိကန်တစ် နိုင်ငံတည်း ၂.၅ သန်းရှိတယ်။ အမေရိကန်မှာ ဒီရက်အတွင်း ရောဂါပိုး ကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်လာလို့ တချို့ လော့ခ်ဒေါင်းဖွင့်ထား တဲ့ပြည်နယ်တချို့တောင် ပြန်ပိတ်နေရတယ်လို့ ကြားတယ်။ ဘရာဇီးတို့၊ အိန္ဒိယတို့မှာလည်း ရောဂါပိုးကူးစက်မှု မြင့်လာတယ်။ လူဦးရေ သန်း၂၀ မှီတင်းနေထိုင်တဲ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ရောဂါပိုးကူးစက်ခံရသူများ လာလို့ ဆေးရုံတွေမှာ ခုတင်မလောက် ဖြစ်နေတဲ့သတင်းတွေလည်း ဖတ်ရတယ်။ အိန္ဒိယဆိုရင် အစောပိုင်းက ဘာမှမဖြစ်သလို သိပ်ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘဲ ခုကျမှ ဆိုးလာတာ။ အနောက်ဘက်က ဘင်္ဂလားဒေ့ရှ်မှာလည်း ကူးစက်မှုမြင့်လာတာတွေ့ရတယ်။ ဒီဘက်ရက်တွေမှာ အသေအပျောက် အများဆုံးက ဘရာဇီးပဲ။ ဘရာဇီးက အမေရိကန်ပြီးရင် ကူးစက်မှုအမြင့်ဆုံး ဖြစ်လာနေတယ်။ မြေမြှုပ်ပြီး သင်္ဂြိုဟ်တဲ့ ဘရာဇီးက သင်္ချိုင်းတွေမှာ အလောင်းမြှုပ်ထားတဲ့ လက်ဝါးကပ်တိုင်အသစ်တွေဟာ တမျှော်တခေါ် ဖြစ်နေတယ်။ ဒါဟာ ကပ်ဘေးတစ်ခုရဲ့ အနိဋ္ဌာရုံတွေပဲ။

အခုလို ကပ်ဘေးကြီးနဲ့ ရင်ဆိုင်လာရတဲ့အခါ နိုင်ငံခေါင်းဆောင် တွေဟာ ခြေမကိုင်မိ လက်မကိုင်မိအဖြစ်မျိုးနဲ့ ရင်ဆိုင်ကြရတယ်။ ထင်မှတ်မထားဘဲ ဗြိတိန်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ရောဂါကူးစက်ခံရပြီး ဆေးရုံပေါ်ရောက်ခဲ့ရတယ်။ အင်္ဂလန်ရဲ့ သေပျောက်မှုနှုန်းဟာ လေးသောင်းကျော်သွားခဲ့သလို အမေရိကန်က သေဆုံးသူ တစ်သိန်း သုံးသောင်းနီးပါး ရှိသွားပြီ။ ဒီဖြစ်ရပ်မှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရောဂါ ထိန်းချုပ်မှုလုပ်ဆောင်ချက်တွေဟာ အားနည်းချက်ရှိပြီး အပြစ်ပြောစရာ ဖြစ်ခဲ့သလို ပြီးခဲ့တဲ့လအတွင်း လူမည်း ဂျော့ဖလွိုက်သေဆုံးမှုကို အကြောင်းပြုလို့ တစ်နိုင်ငံလုံး လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေ ကျင်းပနေတာဟာ ကိုဗစ် ရောဂါကို ဂရုမထားတော့တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ကူးစက်မှုနဲ့ သေပျောက်မှုတွေ ရှိနေပေမယ့်လည်း ပြည်နယ်အတော်များများမှာ ကန့်သတ်ထားချက်တွေကို ဖြေလျှော့ပေးလိုက်လို့ ပင်လယ်ကမ်းစပ်တွေမှာ တရုန်းရုန်းနဲ့ လူတွေစုဝေးနေတာဟာလည်း ကိုဗစ်ကို မကြောက်တော့တဲ့သဘော မျိုးဖြစ်နေတယ်။ 

ရောဂါပိုးကူးစက်မှုတွေ ဘယ်လိုပဲများပြားနေပါစေ။ ကိုဗစ်ကြောင့် ကန့်သတ်ထား၊ ပိတ်သိမ်းထားရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်မဖွင့် ရင် ပိုပြီးထိခိုက်လာနိုင်တဲ့အတွက် ဥရောပနိုင်ငံတွေဟာ လော့ခ်ဒေါင်း ဖြေလျှော့မှုတွေ၊ ဥရောပနိုင်ငံအချင်းချင်း ဝင်ထွက်သွားလာ ကုန်သွယ်မှုတွေ ပြန်စနေတာ တွေ့ရတယ်။ 

ဒုတိယလှိုင်း ဘယ်နေရာက ပြန်ပေါ်လာမလဲ မသိနိုင်သေးခင်မှာ ပြန်ဖွင့်ပေးပြီး မကြာခင် ရောဂါပိုးကူးစက်မှုဖြစ်လို့ တောင်ကိုရီးယားမှာ ကျောင်းတွေ ပြန်ပိတ်လိုက်ရတာလည်း တွေ့ရတယ်။ တရုတ်ပြည် ဘေဂျင်းမှာ တစ်လောက ပိုးကူးစက်သူတွေ တွေ့လို့ မြို့ရဲ့ နေရာတချို့ကို ချက်ချင်း လော့ခ်ဒေါင်း ပြန်လုပ်လိုက်ရတယ်။ ခုတော့ ဘေဂျင်းမှာလည်း ငြိမ်သွားပါပြီ။ 

ကမ္ဘာ့ တခြားဒေသများနဲ့စာရင် သိပ်မဆိုးလှတာက “အာဆီယံ” ပဲဖြစ်တယ်။ အဆိုးဆုံးက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ မလေးရှားပဲ။ မလေးရှားက ခုရက်အတွင်း နောက်ထပ်ကူးစက်မှု လုံးဝမတွေ့ရသလို မူလ ချမှတ်ထားတဲ့ တစ်နေရာကတစ်နေရာ သွားလာမှုကန့်သတ်ထားတာ လည်း ရုပ်သိမ်းလိုက်ပြီ။ ဖွင့်လို့ရသလောက် ပြန်ဖွင့်မှ စီးပွားရေးထိခိုက်မှု သက်သာမယ်ဆိုတာ သူတို့အစိုးရတွေ သဘောပေါက်ကြတယ်။ နေ့တိုင်း နိုင်ငံခြားအလုပ်သမား ကူးစက်မှု လေးရာ ငါးရာလောက်ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ လေးသောင်းကျော် ရှိနေတဲ့ စင်ကာပူမှာတောင် ပြီးခဲ့တဲ့ တစ်ပတ်က Phase-2 အစီအစဉ်စလို့ ကုန်တိုက်တွေ၊ စားသောက်ဆိုင် တွေမှာ လူတွေပြန်စည်နေပြီ။ မလေးရှားနဲ့ စင်ကာပူအကြား သတ်မှတ်ထားတဲ့ နှစ်ရှည်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ စီးပွားရေးသမား တွေ၊ လုပ်ငန်းရှင်တွေကို နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုဖို့ကိုလည်း မကြာခင်က သဘောတူလိုက်ကြတာ တွေ့ရတယ်။ စင်ကာပူက ကိုဗစ် ရောဂါကူးစက်မှုကင်းစင်တဲ့ နိုင်ငံတချို့နဲ့ လေကြောင်းပျံသန်းမှု ပြန်လုပ်ဆောင်နေတယ်။ 

ထိုင်းကလည်း သူတို့ရွေးချယ်သတ်မှတ်တဲ့ ကိုဗစ်ကင်းနိုင်ငံတချို့က စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဆေးကုသဖို့ လာတဲ့သူတွေကို ၁၄ ရက် Quarantines ဝင်စရာမလိုဘဲ ဝင်ရောက်ခွင့်ပြုဖို့ စဉ်းစားနေတယ်လို့သိရတယ်။ ပြီးခဲ့တဲ့ရက်အတွင်း တယ်လီကွန်းဖရင့်ပုံစံနဲ့ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အာဆီယံနိုင်ငံ အချင်းချင်း ဆက်သွယ်မှု ပြန်လည်စတင်ဖို့ အဆိုပြုခဲ့တာ တွေ့ရတယ်။ ထိုင်းမှာ ရုပ်ရှင်ရုံအပါအဝင် အားကစားလေ့ကျင့်ခန်းမတွေ၊ စေတီပုထိုး တွေကို ကျန်းမာရေး ကန့်သတ်ချက်တွေနဲ့ ပြန်ဖွင့်ခွင့်ပြုထားပြီ။ ဥပမာ- ရုပ်ရှင်ရုံတွေမှာ နှစ်ယောက်တွဲ သုံးခုံခြား ထိုင်ကြည့်တဲ့စနစ်မျိုးနဲ့ ခွင့်ပြုတာ။ ထိုင်းလိဂ်ဘောလုံးပွဲတွေကို စက်တင်ဘာလ ၁၂ ရက်မှာ ပြန်စတော့ မယ်လို့ဆိုတယ်။ ကိုဗစ်ကြောင့် အသေအပျောက်လုံးဝမရှိတဲ့ ဗီယက်နမ်မှာတော့ ဘောလုံးပွဲတွေကို ပရိသတ်အပြည့်နဲ့ ကစားနေကြပြီဖြစ်သလို ဘီယာဆိုင်တွေ၊ ဘားတွေလည်း နော်မယ်အခြေအနေအတိုင်း ဖွင့်နေတာတွေ့ရတယ်။ 

အံ့သြစရာကောင်းတာ ကိုဗစ်ရောဂါပိုး စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံနဲ့အနီးဆုံးမှာရှိတဲ့ အာဆီယံဒေသမှာ ရောဂါကူးစက်မှု ဆိုးဆိုးရွားရွား မဖြစ်ခဲ့တာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ပါပဲ။ မြန်မာနိုင်ငံမှာ ခုချိန်ထိ ရောဂါပိုးကူးစက်ခံရသူ ၂၉၆ ဦးရှိပြီး သေဆုံးသူ ၆ ဦးသာ ရှိခဲ့တယ်။ အစိုးရအနေနဲ့က ရောဂါပိုးစတွေ့တဲ့ မတ်လ ၂၃ ရက် က စပြီး နောက်ပိုင်းမှာ ရောဂါမပျံ့နှံ့ဖို့ Stay Home အစီအစဉ်တွေ၊ လော့ခ်ဒေါင်းချတာတွေ၊ ပြည်ပက ပြန်ဝင်လာသူများကို Quarantines ၂၁ ရက် ဝင်စေတာ။ ကျန်းမာရေးအသိပညာပေးမှုတွေနဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု တောက်လျှောက်ပြုလုပ်လာခဲ့တယ်။ 

တခြားသော အာဆီယံနိုင်ငံတချို့နဲ့ နှိုင်းယှဉ်ရင်တောင် သိပ် အဆိုးကြီးမဟုတ်တဲ့ မြန်မာနိုင်ငံက ခုချိန်ထိ ကန့်သတ်ထားချက်တွေ မရုပ် သိမ်းသေးသလို ဘယ်နေ့ ရုပ်သိမ်းမယ်ဆိုတဲ့ ပြတ်သားတဲ့အဖြေလည်း မကြားရသေးဘူး။ စင်ကာပူမှာ Phase-2 , Phase-3 ဆိုပြီး အခြေအနေပေါ်မူတည် ဖြေလျှော့မယ့်အစီအမံတွေ ထားရှိသလို ထိုင်းမှာလည်း တစ်ဆင့် ချင်း တစ်ဆင့်ချင်း စီးပွားရေး ပြန်လည်နိုးထဖို့ ဖြေလျှော့ပေးနေတာ တွေတွေ့ရတယ်။ ကူးစက်မှုသိပ်မရှိတဲ့ လာအို၊ ကမ္ဘောဒီးယားတို့လည်း ပုံမှန်လည်ပတ်မှုနဲ့သွားနေတာ တွေ့ရတယ်။ 

အဲဒီတော့လည်း ဇွန်လကုန်ရက်နီးလာတော့ ဇူလိုင်မှာ ကန့်သတ်ထားချက်တွေ ရုပ်တော့မလား မျှော်မိခဲ့တာပါ။ ရောဂါကူးစက်မှာ မကြောက်လို့၊ မစိုးရိမ်လို့တော့ မဟုတ်ပါဘူး။ သတိထားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုအခြေအနေမျိုးမှာ စီးပွားရေးပြန်လည်နိုးထဖို့၊ အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့လည်း စဉ်းစားဖို့ လိုလိမ်မ့ယ်။ ကိုယ့်အိမ်နီးချင်း အာဆီယံနိုင်ငံတွေက တစ်ဆင့်ချင်း ဖြေလျှော့မှုတွေ လုပ်နေကြချိန်မှာ ကိုယ့်နိုင်ငံကလည်း အချိန်ကာလ တစ်ခုသတ်မှတ်ပြီး ဖြေလျှော့မယ့် အစီအစဉ်တွေချထားဖို့ လိုလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ ၁၅ ရက်တစ်ကြိမ် မျှော်နေရင်းနဲ့ပဲ လုံးချာလိုက်နေပါဦးမယ်...။

ချစ်ဝင်းမောင် ( ၂၈ - ၆ -၂၀၂၀ )