News

POST TYPE

PERSPECTIVE

မုသားပျော်တဲ့ ကမ္ဘာကြီးထဲမှာ အမြင်ကျယ်နိုင်ဖို့လိုတယ်
26-Jun-2020


ငေးကြည့်ခွင့်ရရှိနေသေးသည့် အေးချမ်းသော နေရာလေးများကို ရရှိပိုင်ဆိုင်နေကြခြင်းများသည် ဘဝ၏ပျော်ရွှင်မှုများကို ဆောင်နှင်းလာသည့်ပမာပင် ဖြစ်တတ်ပေသည်။

ကျွန်တော်တို့တစ်တွေသည် ငေးကြည့်ခွင့်ရရှိပါသော လောကပြတင်း ပေါက်များမှတစ်ဆင့် တိုးဝှေ့လာသည့် လေညင်းလေးများကို ရှူရှိုက်ခွင့် ရနေခြင်းများသည်လည်း ကံကောင်းခြင်းများပင် ဖြစ်ပေမည်။ အသက်ရှင် သမျှ ရုန်းကန်လှုပ်ရှားနေရသော လောကလူသားများ၏ ဘဝပန်းချီကားများကို လေ့လာခွင့်ရရှိမှုများမှာ အကောင်းဆုံးသောသင်ခန်းစာတစ်ခုဟု ဆိုချင်မိပါသည်။ 

တစ်နည်းအားဖြင့် လောကပြတင်းပေါက်များမှတစ်ဆင့် လောကက ပေးသောသင်ခန်းစာကောင်းများအား သင်ယူနိုင်ကြခြင်းများသည် ထူးချွန်မှုတစ်ခုဖြစ်ပေသည်။

ကျွန်တော်တို့တစ်တွေသည် ငွေရရှိဖို့ရန်အတွက် အချိန်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေရသော ဘဝဟူသည့်လမ်းမများပေါ်တွင် အစစ်နှင့် အတုတို့၏ အားပြိုင်မှုများအား ရင်ဆိုင်ကြရပေမည်။ အစစ်လားအတုလားဟူ၍ ခွဲခြားချိန်မရပါဘဲ ပေါင်းသင်းဆက်ဆံမှုများကို ပြုကြရပေမည်။ ဝမ်းမအေးသမျှ ကာလပတ်လုံး(သို့မဟုတ်)အသက်ရှင်သမျှ ကာလပတ်လုံး ငွေဟူသည့်ချင်ခြင်းမျိုးကို လိုအပ်နေကြပေမည်။

ငွေဟူသည့် ချင်ခြင်းအာသီသအတွက် ကောင်းသောအလုပ်များကို ကျောအေးအေးဖြင့် လုပ်ကိုင်ရှာဖွေသူများလည်း ရှိကြပေမည်။ ငွေဟူသည့် ချင်ခြင်းအဆိပ်အတွက် မကောင်းသောအလုပ်များကို ကျောအပူခံ၍ လုပ်ကိုင်ရှာဖွေကြသူများလည်း ရှိနေကြပေမည်။

ဝမ်းတစ်ထွာအပူမီး၏ လိုအပ်ချက်များအား ရောင့်ရဲတင်းတိမ်မှု မထားရှိနိုင်သမျှ အဆိပ်နှင့်တူညီလှသော မကောင်းသည့်ရှာဖွေမှုများအား တပ်မက်နေကြမည် ဖြစ်သည်။ အငမ်းမရ လိုချင်တပ်မက်တတ်သည့် စိတ်ဆန္ဒများကြောင့် အကောင်းနှင့်အဆိုးအား ခွဲခြားချိန်မရပါဘဲ ရှင်သန်မှုများကို ပျိုးထောင်နေကြဦးမည် ဖြစ်ပေသည်။ လောကပြတင်းပေါက်မှ တစ်ဆင့် ငေးကြည့်ခွင့်ရရှိသည့် အချိန်တိုင်းတွင်လည်း အစစ်နှင့်အတုများအား ခွဲခြားနိုင်ဖို့ရန် ခက်ခဲနေမည်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေ တွေ့ကြုံဆက်ဆံနေရသည့် ပတ်ဝန်းကျင်တိုင်းကို အစစ်နှင့်အတုအား ခွဲခြားနိုင်ဖို့ရန် အမြဲတမ်းနီးပါး ကြိုးစားနေရမည်ဖြစ်သည်။

ကျွန်တော်တို့တစ်တွေသည် လောကပြတင်းပေါက်မှနေ၍ လောကကိုကြည့်ရှုခွင့်ရရှိကြသည့်အချိန်များတွင် အမြင်မကျဉ်းကြဖို့ရန် လိုအပ်ပေသည်။ လောကလျှောက်လှမ်းပေါ်၌ ဖြစ်ပျက်မျှသရုပ်ဆောင်နေကြရသော လောကဇာတ်ဆောင်များအား အမြင်ကျယ်ကျယ်ဖြင့် ကြည့်ပေးတတ်ရန် လိုအပ်ပေသည်။ တစ်နည်းအားဖြင့် မိမိတို့ရောက်ရှိနေသောနေရာမှ မကြည့်ရှုကြဘဲ တစ်ပါးသူများ ရောက်ရှိနေသည့်နေရာမှနေ၍သာ ခံစားကြည့်ရှုပေးဖို့ရန် တိုက်တွန်းလိုပါသည်။ သို့မှသာလျှင် လောကကို ရှုထောင့် အမျိုးမျိုးကနေ၍ အမြင်ကျယ်ကျယ်ဖြင့် ကြည့်ရှုနိုင်သော စာနာစိတ်များ ကိန်းအောင်းနိုင်ပေမည်။

ကျွန်တော်တို့တစ်တွေသည် လောကကို အမြင်ကျဉ်းကျဉ်းဖြင့် ရှုမြင်သုံးသပ်ကြသည့်အခါမျိုးများ၌ အပြစ်ဟူသော ပုစ္ဆာများသာ ထွက်လို့လာပေမည်။ အပြစ်ဟူသော မေးခွန်းတိုင်း၏အဖြေတွင် စာနာ နားလည်ပေးတတ်ခြင်းဟူသည့် အချစ်မျိုးများ မရရှိနိုင်ကြပါပေ။ မထားနိုင်ကြပါပေ။ ရရှိနိုင်ခဲ့ကြလျှင်လည်း နည်းပါးသေးသိမ်နေသေးသည့် ချစ်ခြင်းအတုများသာ ဖြစ်ဖို့များပေသည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေအနေနှင့် လောကကြီးကို အကောင်းမြင်လိုသောဆန္ဒများဖြင့်သာ အမြင်ကျယ်ကျယ်နှင့် ကြည့်တတ်ကြဖို့ရန် အထူးအရေးကြီးလှပါသည်။ တစ်နည်းအားဖြင့် လူကို လူဟုမြင်တတ်သည့် စိတ်ကောင်းများကို မွေးမြူနိုင်ဖို့ရန် လိုပေသည်။

ကျွန်တော်တို့တစ်တွေသည် တစ်ခါတလေ၌ သေသေချာချာ သင်မထားရသော်လည်းဘဲ သေသေချာချာ တတ်နေကြသည့်အရာများ ရှိတတ်ကြပေသည်။ လောကကိုကြည့်ရှုခွင့်ရရှိပါသည့် ပြတင်းတံခါးပေါက်များမှတစ်ဆင့် အမှတ်မထင်ရရှိလိုက်ပါသော အရာများသည် ကျွန်တော်တို့ တစ်တွေအတွက် တန်ဖိုးရှိသည့်အရာများဖြစ်ဖို့ရန် လိုပေသည်။ ကျွန်တော် တို့တစ်တွေ အမှတ်မထင် သင်ယူမိလိုက်သည့်အရာများသည် မိမိနှင့်တကွ လောကကို အဆိပ်မဖြစ်စေရန်ကား အထူးလိုအပ်သည့်အရာပင် ဖြစ်ပေသည်။

ကျွန်တော်တို့တစ်တွေသည် ကျောအေးအေးဖြင့် ရှာဖွေရရှိနိုင် သော စားကျက်ကွင်းများရရှိဖို့ရန် လိုပေသည်။ စားကျက်ကွင်းကောင်း ကောင်းများပေါ်ကနေ၍လည်း လောကကို အကောင်းမြင်ကြည့်ရှုနိုင်ရန် အလေ့အထများ ပြုလုပ်ရပေမည်။ လောကတွင် ပြောဆိုတတ်ကြသည့် စကားတစ်ခွန်း ရှိပါပေသည်။ ၎င်းမှာ “ခိုးသွားသည်ထက် တောင်းသွားသည်က စေတနာပိုရှိသည်” ဟူ၍ ဖြစ်ပါသည်။ ထိုစကားအား ဆန်းစစ်ကြည့်လျှင် ကြည့်ရှုပြောဆိုသည့်နေရာကသာလျှင် အဓိပ္ပာယ်ကိုပေါ်လွင်စေ လိမ့်မည်။ မိမိတို့ပိုင်ဆိုင်သောပစ္စည်းများကို ခိုးယူခံရသည့်အချိန်များတွင် ပြောကြားတတ်သည့် စကားလုံးများပင်ဖြစ်သော်လည်းပဲ လူတစ်ဦး၏စိတ်ဓာတ်များ ကိန်းဝပ်ပြီးသာပင်ဖြစ်သည်။

သို့သော်လည်းပဲ ကြည့်ရှုသုံးသပ်ခြင်း ကွာခြားသွားကြသည့်အခါမျိုးများ၌ ထွက်ရှိလာသောစကားလုံးများလည်း ကွဲပြားသွားပေသည်။ ထို့ကြောင့် အချို့ကလည်း ဆိုတတ်ကြပါသေးသည်။ “တောင်းတာတွေ များလာတဲ့အခါ ခိုးသွားတာလောက်ကို စေတနာမရှိတော့ဘူး”ဟူ၍ ဖြစ်ပေသည်။ ခံစားချက်ပြင်းသူများ၏ ပွင့်အန်ထွက်လာတတ်သည့် စကားလုံးမျိုးပင် ဖြစ်ပေသည်။ အတုံ့အလှည့်မရရှိကြသောလောက၌ ခံပြင်းစိတ်များဖြင့် ပွင့်အန်ထွက်လာတတ်သည့် စကားလုံးတိုင်းသည်လည်း အဓိပ္ပာယ်လေးနက်မှုများရှိလှပေသည်။

ကျွန်တော်တို့တစ်တွေသည် ပဲ့ထွက်၍သွားတတ်ပါသော သံယောဇဉ် အချို့ကြောင့် ခေတ်ကိုအပြစ်တင်မိကြ၍ အတွေးများသည်လည်း အမုန်းဖြစ်သည်ဟု ထင်မြင်ချက် အပေးခံရတတ်ပါသည်။ ထို့အပြင် ပီပြင်သည့် အပြုံးများဖြင့် ဧည့်ဝတ်မခံတတ်ကြသော လူသားများအား စိတ်ဓာတ်ညံ့ဖျင်းသည်ဟုလည်း ယူဆတတ်ကြသေးသည်။ ထိုကဲ့သို့ ထင်မြင်ယူဆချက်များ သည် မှန်ကန်ပါ၏လော။ ကျွန်တော်တို့တစ်တွေသည် ကြည့်ရှုခွင့်ရရှိနေသော လောကပြတင်းပေါက်ဆိုသည့် သင်ခန်းစာစားကျက်ကွင်းများကို မှန်ကန်စွာကြည့်ရှုနိုင်ကြဖို့ရန် လိုအပ်လွန်းနေပေသည်။

ကျွန်တော်တို့တစ်တွေသည် ဆိုရှယ်မီဒီယာခေတ်သစ်၌ အမြင်ကျယ်ဖို့ လိုအပ်လာပေသည်။ မျှတသော တွေးခေါ်မှုများကို လိုအပ်လာပေသည်။ မိမိတို့၏ပတ်ဝန်းကျင်များနှင့် ထိတွေ့ဆက်ဆံကြသည့်အခါများတွင် ခွဲခြားဆက်ဆံတတ်သောအကျင့်ဆိုးများကို ဆင်ခြင်နိုင်ရမည်ဖြစ်သည်။ မိမိတို့၏ ပြောဆိုဆက်ဆံမှုများသည် မိမိတို့၏ရင်တွင်းထဲမှ စေတနာ အစစ်အမှန်များဖြစ်ကြဖို့ရန် လိုအပ်ပါသည်။ သေးသိမ်နိမ့်ကျသည့် ခွဲခြားဆက်ဆံတတ်သော အကျင့်ဆိုးများမရှိကြစေရန် ကြိုးစားရပေမည်။

ကျွန်တော်တို့တစ်တွေသည် “အကြွေးနဲသော ချွေးနှဲစာ” များဖြင့်သာ လောကကြီးထဲတွင် ကျင်လည်လျှောက်လှမ်းကြရမည်ဖြစ်သည်။ အကြွေးနည်းသော ချွေးနှဲစာများဖြင့်သာလျှင် မိမိတို့၏ဘဝများအား အထောက်အပံ့ဖြစ်စေဖို့ရန် ကြိုးစားကြရမည်။ ကျောက်ခေတ်မဟုတ်သည့် ကြောက်ခေတ်၏အစဟုဆိုအပ်ပါသော မျက်မှောက်ခေတ်၏ တိကျမှု အားနည်းလှသည့် အစစ်နှင့်အတုများကြားက လက်ဝေခံ သင်ခန်းစာများကိုလည်း လေ့လာနိုင်ကြဖို့ရန် အထူးလိုအပ်လှပါသည်။

အင်အားချည့်နဲ့နေသော လူသားတစ်ဦး၌ လုံလောက်သည့်အပြုံးများအား သိုလှောင်ထားရှိဖို့ရန် ခဲယဉ်းလှပေမည်။ ပျော်ရွှင်ဖေးမခံရမှု နည်းပါးလှသည့် လူသားတိုင်းသည်လည်း ရက်ရောသောအပြုံးများ နည်းပါးတတ်ကြပေသည်။ တုံ့ပြန်ဖလှယ်အားများဖြင့်သာ ကျွန်တော်တို့ တစ်တွေက ဖေးကူရပေမည်။ ကျွန်တော်တို့တစ်တွေသည် မိမိတို့ရပ်တည် နေသည့်နေရာဘက်မှသာလျှင် ကြည့်ရှုဝေဖန်ကြမည်ဆိုပါက လောကသင်ခန်းစာများကိုကား ကျဉ်းမြောင်းပိတ်လှောင်ထားသည့်ပမာ ဖြစ်နေပေမည်။ လောကကပေးသော သင်ခန်းစာများအား ကျယ်ပြန့်စီးဆင်းခွင့် ရရှိစေရန် လက်ဆင့်ကမ်း၍ ယူခြင်းပေးခြင်းများရှိကြဖို့ အထူးလိုအပ်ပါသည်။

တိုးတက်မှုနှုန်း မြန်မြန်ဆန်ဆန်နှင့် ခေတ်အရွေ့ကြမ်းလေ လောက လူ့ဘောင်၌ မုသားများလေဖြစ်မည်။ ခေတ်အရွေ့ကို လိုက်လို့မမီနိုင်ကြလေ လောကလူ့ဘောင်၌ မုသားများပျော်လေဖြစ်မည်။ လောကကြီးဆိုသည်မှာ တစ်ခါတလေ၌ မုသားများဖြင့်သာ ပျော်မွေ့နေတတ်ပါသည်။ လောကပြတင်းတံခါးများသည်လည်း လောဘတွေနှင့် အသင်းဖွဲ့၍ နေတတ်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့တစ်တွေသည် ဆန့်ကျင်ဘက်ဖြစ်ကြသည့် အချိန်တိုင်းတွင် အမြဲကျဉ်မထားကြပါဘဲ၊ ဆန့်ကျင်ဘက်ဖြစ်ကြသည့်တိုင် အမြင်သာလျှင် အမြဲကျယ်ကြပါဟု တိုက်တွန်းရေးသားလိုက်ရပါ သည်။

ခိုင်မြင့်ဝေ