News

POST TYPE

PERSPECTIVE

ဒီမိုကရေစီ စိန်ခေါ်မှုများနှင့် အသွင်ကူးပြောင်းရေး
25-Jun-2020


အများကြိုက်ဝါဒ

ကမ္ဘာတစ်ဝန်း အများကြိုက်နိုင်ငံရေးသမားများအပေါ် ထောက်ခံမှု တိုးမြှင့်လာခြင်းသည် စီးပွားရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်း၊ အမျိုးသား မူဝါဒ/ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ အားနည်းလာခြင်း၊ လူ့အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှု၊ သဘောထားကွဲလာသည့် ဒစ်ဂျစ်တယ်ဆိုင်ရာ လူထုအသိုင်းအဝန်းနှင့် အဓိက နိုင်ငံရေးပါတီများအပေါ် ထောက်ခံမှုကျဆင်းလာခြင်းကဲ့သို့သော အပြန်အလှန်ဆက်စပ်နေသည့်ကဏ္ဍများတွင် အခြေခံနေသည်ကိုတွေ့ရပါသည်။

အလားတူပင် အနောက်နိုင်ငံအနှံ့အပြားတွင် စီးပွားရေး မတည်ငြိမ်မှုနှင့် လူဦးရေဆိုင်ရာအပြောင်းအလဲများကြောင့် ခိုင်မာသည့်ခေါင်းဆောင်များ တောင်းဆိုလာကြသည်။ ထိုအများကြိုက်ဝါဒတိုးမြှင့်လာခြင်းသည် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုထက် ပိုမိုသည်ဟု ဆိုနိုင်ပေသည်။ ယင်းသည် လစ်ဘရယ်ဒီမိုကရေစီကို ခြိမ်းခြောက်နေသည့် နိုင်ငံရေးပုံစံတစ်ရပ် အဖြစ်သို့ တွန်းပို့စေလျက်ရှိနေပါသည်။ အများကြိုက်ဝါဒသည် ပြည်သူ့ အချုပ်အခြာအာဏာနှင့် အများကဆုံးဖြတ်သည့်စနစ် အခြေခံမူများကို လက်ခံသော်လည်း အခြေခံဥပဒေအရ အုပ်ချုပ်သောအစိုးရစနစ်နှင့် တစ်ဦးချင်းစီ၏လွတ်လပ်မှု အကာအကွယ်ပေးခြင်းအပေါ် ယုံကြည်မှုနည်းလျက်ရှိနေသည်။

စိန်ခေါ်မှုအသွင်

အများကြိုက်ဝါဒကြောင့် လစ်ဘရယ်ဒီမိုကရေစီသည် ပြင်ပစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရရာ ယနေ့ ကမ္ဘာမြင်ကွင်းသည် များစွာ ပြောင်းလဲနေလျက်ရှိပါသည်။ ထို့အပြင် လစ်ဘရယ်ဒီမိုကရေစီအတွက် ပြည်တွင်းစိန်ခေါ်မှုတစ်ခု ရှိနေသည်။ ယင်းမှာ ဒီမိုကရေစီနှင့် လစ်ဘရယ်ဝါဒအကြား အက်ကြောင်းဖြစ်စေသည့် အများကြိုက်ဝါဒီများ၏စိန်ခေါ်မှုပင် ဖြစ်သည်။ လစ်ဘရယ်စံချိန်စံညွှန်းများနှင့် မူဝါဒများသည် ဒီမိုကရေစီကို အားနည်းစေပြီး ပြည်သူလူထုကို အန္တရာယ်ဖြစ်စေသည်ဟု ၎င်းတို့က ဆိုသည်။ ထို့ကြောင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ဒီမိုကရေစီနည်းဖြင့်ဆောင်ရွက်ခြင်းအား အတားအဆီးဖြစ်စေသည့် လစ်ဘရယ်အင်စတီကျူးရှင်းများကို ဘေးဖယ်ထားသင့်သည်ဟု ဆိုလာကြသည်။ 

ဥရောပနှင့် မြောက်အမေရိကတစ်လျှောက် ကာလကြာရှည်စွာ တည်ရှိခဲ့သော နိုင်ငံရေးအစီအမံများသည်လည်း စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည်။ ယင်းစိန်ခေါ်မှုများတွင် ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ရှိမှု၊ ၂၀၁၆ အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲ၊ ပြင်သစ်အမျိုးသားတပ်ဦးအပေါ် ထောက်ခံမှုနှစ်ဆတိုးမြှင့်ခြင်း၊ အီတလီနိုင်ငံတွင် ကြယ်ငါးပွင့်လှုပ်ရှားမှု ကြီးထွားလာခြင်း၊ မတ်လ ၂၀၁၇ ဒတ်ချ်ရွေးကောက်ပွဲနှင့် အောက်တိုဘာလ ၂၀၁၇ သြစတြီးယားပါလီမန်ရွေးကောက်ပွဲများတွင် အောင်ပွဲများရရှိစေ ရန်အတွက် လက်ယာစွန်း မူဝါဒများနှင့်ပတ်သက်သည့် ရှေးရိုးစွဲ လက်ယာ ယိမ်းပါတီများ၏ လှုပ်ရှားမှုများ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၏ အောက်တိုဘာ ၂၀၁၇ ပါလီမန်ရွေးကောက်ပွဲတွင် လူကြိုက်များသော ANO ပါတီ၏ အပြတ် အသတ်အနိုင်ရရှိမှုနှင့် ပိုဆိုးသည်မှာ ဝန်ကြီးချုပ် ဗစ်တာအော့ဘန်၏ ကိုယ်ပိုင်ဖြစ်သည့် ကျဉ်းမြောင်းသောဒီမိုကရေစီ ဟန်ဂေရီတွင် အမြစ်တွယ် နေမှုတို့ဖြစ်သည်။ ဤစိန်ခေါ်မှုများသည် ၁၉၉၀ ပြည့်နှစ်များအတွင်း လစ်ဘရယ် ဒီမိုကရေစီတိုးတက်လာမှုဆိုင်ရာ ယူဆချက်များကို ခြိမ်းခြောက် လျက်ရှိနေပါသည်။

တိုးမြှင့်လာသောအခြေအနေ

အများကြိုက်ဝါဒသည် အသစ်အဆန်းတစ်ခုတော့မဟုတ်။ သမိုင်း ကြောင်းအရ ဒေသအတော်များများတွင်ပေါ်ထွန်းခဲ့ပြီး မကြာသေးမီက အများကြိုက်နိုင်ငံရေးလှုပ်ရှားသူများနှင့် ပါတီများ ကမ္ဘာတစ်ဝန်းသို့ သိသိသာသာတိုးမြှင့်လာခဲ့သည်။ လွန်ခဲ့သော ၁၅ နှစ်ကျော်အတွင်း အစိုးရ အတွင်း အများကြိုက်ပါတီများ နှစ်ဆနီးပါးမြင့်တက်လာခဲ့သည်။ ယင်း တစ်ဝက်ကျော်သည် ဥရောပတွင်တည်ရှိပြီး ကျန်အများကြိုက်ပါတီများသည် အမေရိကနှင့်အာရှတစ်ဝန်းတွင် ပျံ့နှံ့နေပါသည်။ ၂၀၁၆ ခန့်မှန်းမှုများအရ လွန်ခဲ့သောဆယ်စုနှစ်အတွင်း ဥရောပအမျိုးသားပါလီမန်ရွေးကောက် ပွဲများတွင် အများကြိုက်ပါတီများ နှစ်ဆကျော်များပြားလာခဲ့ပြီး ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိလာခဲ့သည်။ လတ်တလော လေ့လာဆန်းစစ်မှုများအရ အများ ကြိုက်ပါတီများသည် ဥရောပ၏ လတ်တလောအမျိုးသားရွေးကောက်ပများတွင် မဲအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့် ရယူနိုင်ခဲ့သည်ကိုတွေ့ရှိရသည်။

အစိုးရများသည် စီးပွားရေးအားကောင်းလာမှု၊ ဝင်ငွေတိုးမြှင့်လာ မှုနှင့် လူမှုရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ မူဝါဒစွမ်းဆောင်ရည်အပေါ် များစွာအားထားလာနေရသည်။ အင်စတီကျူးရှင်းများအပေါ် ယုံကြည်မှု ကျဆင်းလာခြင်းနှင့် မဲပေးသူအရေအတွက်ကျဆင်းခြင်းတို့သည် ၁၉၄၇ ခုနှစ် ဒီမိုကရေစီတတိယလှိုင်းမှ အစပြုခဲ့သည့် နုနယ်သည့်ဒီမိုကရေစီ နိုင်ငံများအတွက် အထူးအရေးကြီးပါသည်။ ယင်းနိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် နိုင်ငံသားများက အစိုးရများ၏စွမ်းဆောင်ရည် အပေါ် မျှော်မှန်းချက်များ မြင့်တက်နေစဉ် အစိုးရများ၏ ဒီမိုကရေစီ အင်စတီကျူးရှင်းများသည် နိုင်ငံရေးယဉ်ကျေးမှုအရ ခိုင်မာမှုအားနည်း နေသည်ကို တွေ့မြင်နေကြရသည်။ လွန်ခဲ့သောဆယ်စုနှစ်အတွင်း အများ ကြိုက်နိုင်ငံရေးသမားများနှင့် ပါတီများ ရွေးကောက်ပွဲအနိုင်ရရှိမှုသည် ခိုင်မာနေပြီးသောဒီမိုကရေစီနှင့် နုနယ်သေးသည့်ဒီမိုကရေစီတို့အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

ဒီမိုကရေစီနောက်ကြောင်းပြန်မှု 

The global state of democracy ညွန်းကိန်းများအရ ဒီမို ကရေစီနောက်ကြောင်းပြန်မှုသည် အစိုးရနှင့် ပြည်သူ့လွတ်လပ်ခွင့်များ အပေါ် ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ခံထားရသည့် အစိုးရများ၏ထိန်းကျောင်းမှု တဖြည်းဖြည်းအားနည်းလာခြင်းကြောင့်ဟု ဆိုပါသည်။ ယင်းညွန်းကိန်းများတွင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀ နိုင်ငံသည် ဒီမိုကရေစီ နောက်ကြောင်းပြန်မှုကို လက်ရှိကြုံတွေ့နေရသည်ဟု ဆိုထားသည်။ အဆိုးရွားဆုံးမှာ ဟန်ဂေရီ၊ ပိုလန်၊ ရူမေးနီးယား၊ ဆားဗီးယားနှင့် တူရကီ တို့ ဖြစ်ကြသည်။ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ယူကရိန်းကဲ့သို့နိုင်ငံများတွင်လည်း ရင်ဆိုင်နေကြရပါသည်။ ဒီမိုကရေစီအပေါ် လူထုထောက်ခံမှု နိမ့်ကျလာ ခြင်းသည် နောက်ကြောင်းပြန်မှုတိုးမြှင့်လာနိုင်ခြေနှင့် ဒီမိုကရေစီအရည် အသွေး ပိုမိုကျဆင်းလာခြင်းများနှင့် တွဲဆက်လျက်ရှိသည်။ ထောက်ခံမှု ကျဆင်းခြင်းများတွင် အစိုးရ၏စွမ်းဆောင်ရည် အားနည်းခြင်း၊ စီးပွားရေး အကျပ်အတည်း သို့မဟုတ် ဒီမိုကရေစီအင်စတီကျူးရှင်းများအပေါ် အများယုံကြည် ကိုးစားမှု အားနည်းစေသည့် ပဋိပက္ခအသွင်နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုများကြောင့် ဖြစ်နိုင်ပါသည်။ အများကြိုက်သမ္မတများ နှင့် အစိုးရများသည် ဒီမိုကရေစီနောက်ကြောင်းပြန်မှုကို ပိုမိုဖြစ်စေနိုင်ပြီး ဒီမိုကရေစီအရည်အသွေးကျဆင်းမှုကို ကျယ်ပြန့်စေပါသည်။ ယနေ့ဖြစ်ပေါ်နေသည့် အများကြိုက်ဝါဒီလှိုင်း၏ မူလဇာစ်မြစ်သည် အောက်ပါ အချက်များအပေါ် အခြေခံနိုင်သည်ဟု IDEA ၏ Populist government and democracy: An impact assessment using the Global State of Democracy Indices ဆိုထားပါသည်။ 

စီးပွားရေးဆိုင်ရာတွန်းအားများ

၁။ ၂၀၀၈ ခုနှစ် စီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်း

၂။ ဗဟိုအရှေ့ဥရောပ၊ အာရှနှင့်လက်တင်အမေရိကတို့တွင် အလယ် အလတ်လူတန်းစားများ တိုးပွားလာမှု

၃။ ဒီမိုကရေစီဆိုင်ရာ အားနည်းသောစွမ်းဆောင်ရည် (စီးပွားရေး ဆိုင်ရာစွမ်းဆောင်ရည်၊ လူမှုစီးပွားဘဝ မညီမျှမှုများ လျှော့ချခြင်း၊ အဂတိ လိုက်စားမှုလျှော့ချခြင်း )

၄။ နည်းပညာတိုးတက်လာမှုအရ လုပ်သားဈေးကွက်ပြောင်းလဲ လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် အားနည်းချက်များ

၅။ အဓိကမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် အမျိုးသားရေး ထိန်းချုပ်နိုင်မှု ဆုံးရှုံးလာခြင်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်တည်လာမှု

၆။ ဥရောပ၊ မြောက်အမေရိကနှင့် လက်တင်အမေရိကသို့ ရွှေ့ပြောင်း ဝင်ရောက်လာမှုဆိုင်ရာ တုံ့ပြန်ချက်များ

နိုင်ငံရေးဆိုင်ရာတွန်းအားများ

၁။ အစဉ်အလာနိုင်ငံရေးပါတီများ၏ ကိုယ်စားပြုမှုဆိုင်ရာ ပြဿနာ၊

၂။ ဒီမိုကရေစီဆိုင်ရာစွမ်းဆောင်နိုင်မှုအပေါ် အလယ်အလတ် လူတန်းစားများ၏ မြင့်မားသည့်မျှော်လင့်ချက်များနှင့် နိုင်ငံရေးအရ ပိုမို နိုးကြားလာမှု၊

၃။ လူမှုမီဒီယာများက အားဖြည့်ပေးနေသည့် ပြည်သူလူထုအခန်း ကဏ္ဍနှင့် နိုင်ငံရေးသဘောထားကွဲလာခြင်း၊ 

၄။ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းနှင့် အတူ နိုင်ငံရေးယဉ်ကျေးမှု ပြောင်းလဲလာခြင်းနှင့် တစ်ဦးချင်းအပေါ် အာရုံစိုက်မှုမြင့်မားလာခြင်း၊

The global state of democracy အချက်အလက်များအရ အများကြိုက်သမ္မတနှင့် အစိုးရများသည် ဒီမိုကရေစီနောက်ပြန်ဆွဲနိုင်သည့် အလားအလာများစေပြီး နောက်ပြန်ဆွဲနိုင်သည့်အခြေအနေကိုလည်း ပိုမိုကျယ်ပြန့်စေသည်ဟု ဆိုပါသည်။

အသွင်ကူးပြောင်းရေးနှင့် စိန်ခေါ်မှု

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အခြေကျခိုင်မာရန် ဆောင်ရွက်ရန်များစွာ ကျန်ရှိနေသေးရာ ဒီမိုကရေစီစံချိန်စံညွန်းများနှင့် တိုင်းတာပါက ပြောင်းလဲပြုပြင်ရန်များ လိုအပ်နေဆဲဖြစ်သည်။ ထိုသို့သော စပ်ကူးမပ်ကူး အသွင်ကူးပြောင်းရေးကာလတွင် မူလရည်မှန်းထားသည့် ဒီမိုကရေစီပန်းတိုင်နှင့် ဟန်ချက်ညီသော နိုင်ငံတည်ဆောက်ရေးများဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ ဒီမိုကရေစီရင့်ကျက်ပြီးသည့် နိုင်ငံများတွင်ပင် ဒီမိုကရေစီနောက်ပြန်စေသည့် သို့မဟုတ် ဒီမိုကရေစီအရည်အသွေး လျော့နည်းစေသည့် နိုင်ငံရေးအသွင်ပုံစံများ နေရာယူလာသည်ကို သတိပြုကြရမည်ဖြစ်သည်။

ယနေ့ဖြစ်ပွားနေသည့် စီးပွားရေးအခြေအနေ၊ အင်အားကြီးနိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးယှဉ်ပြိုင်အားကောင်းလာမှု၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ နည်းပညာမြင့်မားတိုးတက်လာမှုနှင့် လူဦးရေ ဆိုင်ရာအပြောင်းအလဲများကြောင့် ဒီမိုကရေစီစနစ်အပေါ် စိန်ခေါ်မှုများရှိ လာသည်ကို သိသိသာသာ မြင်တွေ့လာနေရသည်။ ထိုသို့သော ကမ္ဘာ့ နိုင်ငံရေးပုံစံအပြောင်းအလဲများသည်လည်း ဒီမိုကရေစီတည်ဆောက်ဆဲ မြန်မာနိုင်ငံအတွက် သင်ခန်းစာများအဖြစ် မှတ်ယူနိုင်ပါသည်။ ယင်းအခြေ အနေများကြောင့် အသွင်ကူးပြောင်းရေးကိုမထိခိုက်စေဘဲ နိုင်ငံရေရှည်တည်ဆောက်ရေး ဦးစားပေးလုပ်ဆောင်ရန်များ ရှိနေပါသည်။ အသွင် ကူးပြောင်းရေးတွင် အများကြိုက်နိုင်ငံရေးသဘောနှင့် နိုင်ငံရေးအရ ပြောင်းလဲရေးကိုသာ ဦးစားပေးသတ်မှတ် ပြောင်းလဲရမည့်အခြေအနေမဟုတ်ဘဲ ဒီမိုကရေစီကိုစိန်ခေါ်နေသည့် အကြောင်းတရားများကိုလည်း ဦးစားပေးထည့်သွင်းပြုပြင်ကြရန် လိုအပ်မည်ဖြစ်သည်။

သိန်းထွန်း (IR)

ရည်ညွန်းကိုးကား

1. The Populist Challenge to Liberal Democracy, William A. Galston, Journal of Democracy, Volume 29, Number 2, April 2018, pp. 5-19 (Article) 
2. IDEA, Populist government and democracy: An impact assessment using the Global State of Democracy Indices
3. IDEA, the Global State of Democracy 2019