News

POST TYPE

PERSPECTIVE

စဉ်ဆက်မပြတ် လေ့လာသင်ယူသွားစေလို
23-Jun-2020


စနေ၊ တနင်္ဂနွေလိုရုံးပိတ်ရက်များတွင် တာဝန်ထမ်းဆောင်ရလျှင် ရုံး၌ အခြားလုပ်ဖော်ကိုင်ဖက်များ သိပ်မရှိသဖြင့် တိတ်ဆိတ်ငြိမ်သက်နေတတ်သည်။ ထိုနေ့မျိုးတွင် သုတရသစာပေများ၊ သတင်းစာနှင့် ဂျာနယ်များ ပိုမိုဖတ်ဖြစ်သည်။ စာလည်း အတော်အတန် ရေးသားနိုင်သည်။ သို့သော် တစ်နေ့လုံး စာဖတ်၊ စာရေးမလုပ်နိုင်သဖြင့် အခြားလုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောဖြစ်သည်။ ယခုတစ်ပတ် ရုံးပိတ်ရက်တွင်လည်း လုပ်ဖော်ကိုင်ဖက် အရာထမ်းတစ်ဦးနှင့် စကားပြော ဖြစ်သည်။ ၎င်းက ပြည်ပသင်တန်းအတွက် အင်္ဂလိပ်စာရေးဖြေနှင့် လူတွေ့နှုတ်ဖြေသွားရောက်ဖြေဆိုရန်ရှိသဖြင့် Essay၊ Letter ရေးနည်းနှင့် Viva ဖြေနည်းတို့ကို အတွေ့အကြုံနှင့်ယှဉ်ပြီး အကြံဉာဏ်ပေးသွားဖို့ မေတ္တာရပ်ခံလာခဲ့သည်။ အမှန်တော့ ထိုအရာထမ်းသည် အင်္ဂလိပ်စာကို စဉ်ဆက်မပြတ် လေ့လာနေသူတစ်ဦးဖြစ်သော်လည်း လူတွေ့ စာမေးပွဲ အတွက် စိတ်ပူနေသဖြင့် မေးမြန်းတိုင်ပင်ဆွေးနွေးလာခြင်းဖြစ်သည်။

ချက်ချင်းလုပ်၍မရ

လူတစ်ဦးသည် ဘဝတိုးတက်အောင်မြင်ရေးအတွက် ခိုင်မာသော ရည်မှန်းချက်ရှိရန် လိုအပ်သည်။ အထူးသဖြင့် ရည်မှန်းချက်အောင်မြင်ရေးအတွက် လက်တွေ့ကျကျ ကြိုးပမ်းသွာရန်လည်းလိုအပ်သည်။ သာဓက အနေဖြင့် ပြည်ပသွားပြီး ပညာသင်ယူလိုသူတစ်ဦးသည် အင်္ဂလိပ်စာကို ပြောဆို၊ ရေးသားနိုင်စွမ်းတော့ရှိရမည်ဖြစ်သည်။ အင်္ဂလိပ်စာသည် ချက်ချင်း ထလုပ်၍ရသောအရာမဟုတ်ချေ။ စဉ်ဆက်မပြတ် လေ့လာသင်ယူဖတ်မှတ်နေမှသာလျှင် တိုးတက်မှုရှိမည်ဖြစ်သည်။ ဆိုရလျှင် လူတစ်ဦးသည် အင်္ဂလိပ်စာလေ့လာရာတွင် ဇွဲကောင်းမှသာ တတ်မြောက်မည်ဖြစ်သည်။ သုံးလပြတ်၊ လေးလပြတ်သင်တန်းများ တက်ရုံမျှဖြင့် တတ်မြောက်မည် မဟုတ်ချေ။ အနည်းဆုံး တစ်နှစ်တန်သည်၊ ၂ နှစ်တန်သည် လေ့လာသင်ယူ သွားမှသာလျှင် လိပ်ပတ်လည်အောင် ထိထိမိမိ ပြောဆို၊ ရေးသားနိုင်စွမ်းရှိမည်ဖြစ်သည်။

Essay နှင့် Letter ဘယ်လိုရေးမလဲ

ပြည်ပ ပညာတော်သင်အတွက် ဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင် အင်္ဂလိပ်စာဆန်းစစ်ရာ၌ Essay နှင့် Letter များ ရေးခိုင်းလေ့ရှိသည်။ မေးလာသည့်ခေါင်းစဉ်အပေါ်မူတည်၍ Essay နှင့် Letter များကို စာစစ်သူ စိတ်ဝင်စားအောင် ရေးသားတင်ပြသွားသင့်ပေသည်။ ထိုသို့ရေးသား နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု များစွာလိုအပ်ပါသည်။ အထူးသဖြင့် ခေါင်းစဉ်အမျိုးမျိုးကို အကြိမ်ကြိမ်လေ့ကျင့်ထားမှသာလျှင် စိတ်ဝင်စား ဖွယ်ကောင်းသည့် Essay တစ်ပုဒ် ရေးသားနိုင်မည်ဖြစ်သည်။ ထိုနည်း အတူ Letter ရေးသားရာတွင်လည်း မိမိစာပို့မည့်သူထံသို့ အကြောင်း အရာတစ်ခုကို ပေါ်လွင်အောင်ရေးသားနိုင်မှသာလျှင် စိတ်ဝင်စားဖွယ် ကောင်းမည်ဖြစ်သည်။ ထို့အပြင် Grammar Test များလည်း မေးမြန်းလေ့ရှိသည်။ 

အင်္ဂလိပ်စာအရေးအသား တိုးတက်ချင်လျှင်တော့ ဦးစွာ မိမိအကြောင်း၊ မိဘများအကြောင်း၊ သူငယ်ချင်းများအကြောင်း၊ ဆရာ၊ ဆရာမများအကြောင်း၊ စိတ်ဝင်စားသည့်နေရာများအကြောင်း၊ ရာသီဥတု၊ အစားအသောက်များအကြောင်းကို တစ်ပုဒ်ပြီးတစ်ပုဒ်ရေးသွား သင့်ပေသည်။ ထို့နောက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့်ခေါင်းစဉ်မျိုးစုံကို ဆက်လက်ရေးသွားသင့် ပေသည်။ ထိုသို့ရေးသားနိုင်ပြီဆိုလျှင် ရေးဖြေစာမေးပွဲများတွင်မေးမည့် Essay နှင့် Letter များကို အလွယ်တကူရေးသားဖြေဆိုနိုင်မည်ဖြစ်သည်။ လေ့ကျင့်ချိန်မရှိဘူးဆိုလျှင်တောင် မှန်းဆခေါင်းစဉ်များကို ကြိုတင်လေ့ကျင့်ရေးထားသင့်ပေသည်။

စာများများဖတ်ထားရန်လို

အင်္ဂလိပ်စာကို ဝေဝေဆာဆာရေးသားနိုင်ရန်အတွက် ဝေါဟာရ ြွကယ်ဝရန်လည်း လိုအပ်သည်။ အင်္ဂလိပ်ဝေါဟာများကို အလွတ်ကျက် မှတ်သည်ထက် Word Level  အလိုက်ရေးသားထားသည့် အင်္ဂလိပ် စာအုပ်များ၊ ပုံပြင်များ၊ ဝတ္ထုများကို ဖတ်သွားသင့်ပေသည်။ အင်္ဂလိပ်စာ အုပ်တစ်အုပ်ကို ကျေညက်စွာဖတ်ထားမည်ဆိုလျှင် ဝေါဟာရများ တဖြည်းဖြည်းြွကယ်ဝလာမည်ဖြစ်သည်။ ထို့အပြင် မြန်မာစကားပြေများ၊ သုတ ရသစာပေများကိုလည်း ဖတ်ထားသင့်ပေသည်။ အမှန်တော့ မြန်မာလို ၈ လုံးလောက်ရေးတတ်မှ အင်္ဂလိပ်လို ၅ လုံးခန့်ရေးသားနိုင်သည်ဟုဆိုပါသည်။ စာဖတ်ရာတွင်လည်း နယ်ပယ်ဖြန့်၍ဖတ်ထားသင့် ပေသည်။ သို့မှသာလျှင် ခေါင်းစဉ်မျိုးစုံကို အခက်အခဲမရှိ ရေးသားနိုင် မည်ဖြစ်သည်။

နှုတ်ဖြေဘယ်လိုဖြေမလဲ

အင်္ဂလိပ်စာ လူတွေ့နှုတ်ဖြေ ဖြေဆိုနိုင်ရန်အတွက် မေးမြန်းသူ၏အသံထွက်၊ လေယူလေသိမ်းတို့ကို ဖမ်းမိဖို့လိုသည်။ ထိုသို့နားလည်ရန် အတွက် Listing Skill ကိုလည်း လေ့ကျင့်ထားရန် လိုအပ်သည်။ သာဓကအနေနှင့် အင်္ဂလိပ်ဇာတ်လမ်းတွဲများကြည့်ရှုခြင်း၊ အင်္ဂလိပ်သတင်း များနားထောင်ခြင်း၊ Conversation အခွေများ နားထောင်ခြင်း၊ Native Speaker များနှင့် စကားပြောဆိုခြင်းနည်းလမ်းများဖြင့် လေ့ကျင့်သွားသင့်ပေသည်။ မိမိကိုယ်တိုင် အသံထွက် မှန်ကန်နေမှသာလျှင် Native Speaker ၏အသံကို နားလည်မည်ဖြစ်သလို မိမိပြောဆိုသည့်အချက်ကိုလည်း မေးမြန်းသူက နားလည်မည်ဖြစ်သည်။ အသံထွက် မှားယွင်းနေမည်ဆိုလျှင် အခြားသူများ နားလည်မည်မဟုတ်ချေ။ တစ်ခါတစ်ရံ အဓိပ္ပာယ်မှားယွင်းစွာပင် ယူဆသွားနိုင်ပေသည်။ ထို့အပြင် မေးမြန်းသည့်ခေါင်းစဉ် ကိုခြုံငုံဖြေဆိုနိုင်အောင် ဗဟုသတလည်းရှိနေဖို့လိုသည်။

အခွင့်အရေးကို အမိအရဆုပ်ကိုင်

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ကူးစက်ပျံ့နှံ့နေမှုကြောင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် အိမ်ထဲမှာ ပင်နေထိုင်ကြရလျက်ရှိသည်။ အထူးသဖြင့် တက္ကသိုလ်များနှင့် အခြေခံ ပညာကျောင်းများ ပိတ်ထားရသည်။ ထို့ကြောင့် လူငယ်များသည် အချိန်ပိုနေကြသည်။ တချို့လူငယ်များဆိုလျှင် တယ်လီဖုန်းပွတ်၊ ဂိမ်းဆော့ပြီး တန်ဖိုးရှိသောအချိန်ကို ဖြုန်းတီးလျက်ရှိသည်။ အမှန်တော့ ကျောင်းပိတ်သည့် အချိန်တွင် ကျောင်းစာအပြင် ကမ္ဘာသုံးအင်္ဂလိပ်စာကိုလည်း အပတ်တကုပ် လေ့လာသင်ယူသွားသင့်ပေသည်။ 

အင်္ဂလိပ်စာသင်ပြသည့်ဆရာထံ အနီးကပ်မသင်ယူနိုင်သည့်တိုင်အောင် အွန်လိုင်းတွင် အင်္ဂလိပ်စာ Grammar များ၊ Conversation များ၊ Listing သင်ခန်းစာများ၊ လေ့ကျင့်ခန်းများ များစွာရှိပါသည်။ အခမဲ့ Download ယူခြင်း၊ လေ့ကျင့်ခြင်း၊ ဆန်းစစ်ခြင်း၊ ဖြေဆိုခြင်းများဆောင် ရွက်နိုင်ပါသည်။ ဖြစ်သင့်သည်မှာ လူငယ်များအနေဖြင့် ကျောင်းပိတ်ထားသည့်ကာလအတွင်း ရရှိသည့်အခွင့်အရေးကို အမိအရဆုပ်ကိုင်သွားစေချင်ပါသည်။ အင်္ဂလိပ်စာသာတတ်မြောက်ထားမည်ဆိုလျှင် ဘွဲ့ရပြီးသည့် အချိန်တွင် ပြည်တွင်း၌ လုပ်ငန်းခွင်ဝင်ရာ၌လည်းကောင်း၊ ပြည်ပသို့ထွက်ပြီး အလုပ်လုပ်ကိုင်ရာ၌လည်းကောင်း မိမိ၏ဘဝတက်လမ်းအတွက်များစွာ အထောက်အကူပြုစေမည်ဖြစ်သည်။ မိဘများကလည်း သား၊ သမီးများကို တိုက်တွန်းသင့်ပါသည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူသွားစေလို

အမှန်တော့ လူတိုင်းသည် အချိန် ၂၄ နာရီ အညီအမျှရရှိထားကြသည်။ သို့သော် လူတိုင်းအောင်မြင် တိုးတက်လေ့မရှိပေ။ အချိန်ကိုအကျိုးရှိစွာ အသုံးချသူများသည် နယ်ပယ်တစ်ခုခုတွင် ထူးချွန်အောင်မြင်လေ့ရှိပြီး အချိန်ကို အလဟဿဖြုန်းတီးပစ်သူများကတော့ ဘဝနိဂုံးမလှကြပေ။ ထို့ကြောင့် ကျွန်တော်တို့အနေနှင့် ဘဝရည်မှန်းချက်များ တစ်ခုပြီး တစ်ခု ဆွတ်ခူးပိုင်ဆိုင်နိုင်ဖို့ဆိုလျှင် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူသွားဖို့လိုအပ်ပါသည်။ သို့မှသာလျှင် အခြား သူများကို ရင်ပေါင်တန်း အမီလိုက်နိုင်မည်ဖြစ်သည်။ လူတစ်ဦးသည် ဘဝတိုးတက်ရေးအတွက် သင်ယူမှုများပြီးဆုံးသွားပြီဟု ခံယူလိုက်သည့် နေ့မှာပင် ကျရှုံးမှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ယခုဆိုလျှင် အင်္ဂလိပ်စာသည် ကမ္ဘာသုံးဘာသာစကားဖြစ်နေပြီ ဖြစ်သည်။ လူငယ်များအနေဖြင့် ငယ်စဉ်ကတည်းက အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး ကျောင်းစာအပြင် အင်္ဂလိပ်စာကိုလည်း တစိုက်မတ်မတ် လေ့လာခဲ့မည်ဆိုလျှင် လုပ်ငန်းခွင်ဝင်သည့်အချိန်တွင် သူများထက် နှာတစ်ဖျားသာနေမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အပြင် လုပ်ငန်းခွင်ဝင်နေသူများအနေဖြင့်လည်း အားလပ်သည့်အချိန်တွင် အင်္ဂလိပ်စာကိုဆက် လက်လေ့လာသွားသင့်ပေသည်။ အင်္ဂလိပ်စာသာ ကျွမ်းကျင်နေမည်ဆိုလျှင် အင်တာနက်ဖွင့်လိုက်ရုံဖြင့် မိမိသိရှိလိုသောအကြောင်းအရာနှင့် သတင်းအချက်အလက်များကို အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။ ထိုသို့သတင်းအချက်အလက်များ ရရှိခြင်းသည် လုပ်ငန်းခွင်၌များစွာ အထောက်အကူဖြစ်စေပါသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် အိမ်ထဲ၌နေရသည့် အခိုက်အတန့်၌ တန်ဖိုးရှိသောအချိန်ကို အလဟဿဖြုန်းတီးပစ်သည်ထက် အင်္ဂလိပ်စာကိုသာ စဉ်ဆက်မပြတ် လေ့လာသင်ယူသွားမည်ဆိုလျှင် ပညာသင်ကြားရေးအပြင် လုပ်ငန်းခွင်မှာလည်း များစွာအထောက်အကူဖြစ်စေမည်ဟု ခိုင်မာစွာ ယုံကြည်မိပါသည်။

မောင်သောင်းဝင်း (တမန်ဟောင်း)