News

POST TYPE

PERSPECTIVE

Covid-19 အကြားမှ ၂၀၂၀ ရွေးကောက်ပွဲအကြို ခြေလှမ်းများ
23-Jun-2020


ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ အရေးအကြားတွင် ရွေးကောက် ပွဲအရေးများလည်း ယှဉ်တွဲရင်ဆိုင်တွေ့ကြုံနေကြရသည်။ ထိုအထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ ကိုဗစ်-၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ရသည့် နိုင်ငံ ၄၇ နိုင်ငံရှိခဲ့ပြီး မတ်လနှင့် ဧပြီလတွင် ရွေးကောက်ပွဲကျင်းပခဲ့သောနိုင်ငံ ၁၄ နိုင်ငံရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ယခင်ကြေညာထားသည့်ရက်အတိုင်း ရွေးကောက်ပွဲကျင်းပသွားနိုင်ခဲ့သည့်နိုင်ငံ ကိုးနိုင်ငံရှိခဲ့ပြီး ထိုအထဲတွင် တောင်ကိုရီးယားနိုင်ငံလည်း အပါအဝင်ဖြစ်သည်။

မြန်မာနိုင်ငံအဖို့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ နိုဝင်ဘာ လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ကော်မရှင်ကမကျင်းပမီ ၄ လအလို ၁-၇-၂၀၁၅ ရက်တွင် ကြေညာပေးခဲ့ဖူးသည်။ မဲဆန္ဒနယ်များအဖြစ် ပြည်သူ့လွှတ်တော် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၆၄၄ နေရာ၊ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာတို့ကို သတ်မှတ်ကြေညာပေးခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်လောင်းအမည် စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက်နှင့် စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက်၊ အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်၊ အမည်စာရင်းတင်သွင်းလွှာများကို စိစစ်မည့်နေ့ရက်တို့ကိုပါ အသီးသီး တစ်ဆက်တစ်စပ်တည်း ဆက်လက် သတ်မှတ် ကြေညာပေးခဲ့ကြရသည်ဖြစ်ရာ ယခုအချိန်တွင်လည်း အချိန် စောကာ ထိုသို့ကြေညာပေးရန် အချို့ပါတီများက လိုလားနေကြသည်။ သို့မှသာ ၎င်းတို့အတွက် ပြင်ဆင်ချိန်ရမည်ဟု ဆိုနေကြခြင်းဖြစ်သည်။ကော်မရှင်အနေဖြင့်လည်း ၂၀၁၅ ကအတိုင်းဆိုလျှင် ယခုလကုန်ကြေညာ ပေးနိုင်မည့်အလားအလာတော့ ရှိဟန်တူသော်လည်း မဲဆန္ဒနယ် သတ်မှတ် ရေးကိစ္စမှာမူ လက်ရှိမငြိမ်းချမ်းသေးသည့် တိုင်းရင်းသားဒေသများ အတွက် ချင့်ချိန်နေကြဟန်တူသည်။ သို့သော်လည်း ရွေးကောက်ပွဲကော်မရှင် ကမူ ရွေးကောက်ပွဲများကို ယခင် ၂၀၁၅ နည်းတူ နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီအားလုံးနှင့် မဲဆန္ဒနယ်ရှင်များကို အသိ ပေးကြေညာခဲ့ပြီးဖြစ်သည်။ ထိုနိုဝင်ဘာလ ဆန်းဆိုသည်မှာလည်း ကြားထဲတွင် လေးလကျော်သာကျန်ပြီး ယခင် ၂၀၁၅ တွင်ကျင်းပခဲ့သည့် စနေ၊ တနဂ်နွေ ရုံးပိတ်ရက်အတိုင်းပင် ကျင်းပမည်ဆိုပါက နိုဝင်ဘာ ၇ ရက် သို့မဟုတ် ၈ ရက် တစ်ရက်ရက်ကျရောက်မည် ဖြစ်သည်။ သို့အတွက် ယခုရက်ပိုင်းတွင်၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့်ပါတီများ ယခုလိုအကြိုကာလတွင် ခြေလှမ်းများတပြင်ပြင် ဖြစ်လာကြသည်။

သူတို့အဖို့ ခြေလှမ်းများမပြင်၊ မလှုပ်လို့လည်းမဖြစ်၊ ရွေးကောက်ပွဲ ကျင်းပမည့်ကာလမှာ ၄ လခန့်လိုသေးသည်ဆိုသော်ငြား စည်းရုံးရေးဆင်းကြရမည့်ကာလမှာမူ နှစ်လခန့်သာကျန်သဖြင့်လည်း တွေးပူနေကြပုံပေါ်သည်။ သို့အတွက် ဇွန်လ ၁၆ ရက်က ပါတီပေါင်း ၃၀ က လွတ်လပ်၍ တရားမျှတ သောရွေးကောက်ပွဲဖြစ်ပေါ်နိုင်ရေးအတွက် သူတို့နှင့် တွေ့ဆုံဆွေးနွေးကြရန် ရွေးကော်ထံ စာပို့ကြသည်။ ပါတီတစ်ခုကမူ ၎င်းတို့မှာ ကိုဗစ်ကာလအတွင်း ပြင်ဆင်ချိန်နည်းခဲ့၍ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင်မလုပ်ဘဲ နောက်ဆုတ် ကျင်းပစေလိုကြောင်း စာပို့ပြန်သည်ဟု ကြားမိပြန်သည်။ မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲကော်မရှင်ကမူ နိုဝင်ဘာလဆန်းတွင် မဖြစ်မနေကျင်းပမည်ဟု အတိအလင်းဆိုခဲ့ပြီးဖြစ်သည်မို့ ပါတီများအနေနှင့် ယခုဇွန်လကုန်အပြီး သူတို့ပါတီအလိုက် ရွေးကောက်ပွဲဝင်ကြမည့် ကိုယ်စားလှယ်လောင်းများကို အပြီးသတ်ရွေးချယ်ထားကြရန် ကြိုးပမ်းနေကြသည်ကို မြင်ရကြားရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးမည့်စာရင်းမှာမူ မဲဆန္ဒရှင် ၃၇ သန်း ကျော်ရှိသည်ဟုဆိုပြီး ထိုအထဲတွင် ပထမဦးဆုံးအကြိမ် မဲဝင်ပေးကြမည့် အသက် ၁၈ နှစ်ကျော်ခါစလူငယ် (First Time Youth Voters) မှာမူ ၅ သန်းခန့်ရှိနေခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စာရင်းများအရ ကချင်ပြည်နယ်တွင် ၁၀ သိန်းကျော်၊ ကယားပြည်နယ်တွင် ၂ သိန်းကျော်၊ ကရင်ပြည်နယ်တွင် ၁၀ သိန်းကျော်၊ ချင်းပြည်နယ်တွင် ၃ သိန်း ကျော်၊ စစ်ကိုင်းတိုင်းတွင် ၄ သန်းကျော်၊ တနင်္သာရီတိုင်းတွင် ၁၁ သိန်းကျော်၊ ပဲခူးတိုင်းတွင် ၃ သန်း ၇ သိန်း၊ မကွေးတိုင်းတွင် ၃ သန်းကျော်၊ မန္တလေး တိုင်းတွင် ၄ သန်းခွဲ၊ မွန်ပြည်နယ်တွင် ၁သန်း ၇ သိန်းကျော်၊ ရခိုင်ပြည်နယ် တွင် ၁ သန်း ၆ သိန်း၊ ရန်ကုန်တိုင်းတွင် ၅ သန်း ၆ သိန်းကျော်၊ ရှမ်းပြည် နယ်တွင် ၃ သန်းကျော်၊ ဧရာဝတီတိုင်းတွင် ၄ သန်းကျော်၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် ၈ သိန်းကျော်ရှိကြသည်ဟု ရွေးကောက်ပွဲ ကော်မရှင်စာရင်းများတွင် တွေ့ရသည်။ ရွေးကောက်ပွဲကျင်းပစရိတ်မှာမူ ကျပ်ဘီလီယံ ၅၀ ခန့် သုံးစွဲရန် လျာထားကြောင်း တာဝန်ရှိသူများက အတည်ပြုထားသည်ကိုလည်း တွေ့ရသည်။

ရွေးကော်မှ တရားဝင်ဖော်ပြထားသည့်စာရင်းအရ ၂၀၂၀ ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီပေါင်း ၉၇ ပါတီရှိသည်။ ထိုပါတီများ အနက် တိုင်းရင်းသားနယ်မြေများမှပါတီများမှာ ပြင်ဆင်မှုများမတွေ့ရှိရ သေးသော်လည်း ယခုရက်ပိုင်း၊ လပိုင်းအတွင်း သိသာစွာ ပြင်ဆင်ကြသည့်ပါတီများအနေနှင့် NLD အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီ၊ UBP ပါတီ၊ PPP ပါတီ၊ ပြည်သူ့ပါတီတို့ကို မြင်ရသည်။ NLD အဖွဲ့ချုပ်ကို ဦးစွာကြည့် လျှင် သူ့ပါတီအထဲတွင်ပင် ၂၀၁၅ ရွေးကောက်ပွဲနိုင်ခဲ့သော ယခုအမတ် ဖြစ်နေဆဲသူများအနက်မှ ၂၀၂၀ တွင် ဝင်ပြိုင်မည့်သူများရှိသလို အကြောင်း အမျိုးမျိုးကြောင့် မပြိုင်ကြတော့သူများလည်း ရှိသည်။ အချို့က ကျန်းမာရေး အရဟုဆိုသလို အချို့က နောက်လူငယ်များကို နေရာပေးလိုဟူ၍ ဆိုသည်။ အချို့မှာမူ NLD ၏မူဝါဒအပေါ် ဆန်းစစ်လာကြ၍ဖြစ်သည်။ အဆင့် ၃ ဆင့် ဖြင့်ရွေးချယ်သော ကိုယ်စားလှယ်လောင်းများရွေးချယ်မှုတွင် အောက်ဆုံးအဆင့်မြို့နယ်များတွင် ရွေးချယ်မှု၌ ပွင့်လင်းမြင်သာလွန်းအားကြီးသွားသဖြင့် ပါတီ၏ ဒုဥက္ကဋ္ဌလုပ်သူကပင် မတိုင်မီအခြေအနေတွင် မလိုလားအပ်သည့် နှောင့်ယှက်မှုများကြုံလာနိုင်၍ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြရန် သတိပေးရသည့်အဆင့်အထိဖြစ်သွားသည်။ သူ့ပါတီမှ လက်ရှိ အစိုးရအဖွဲ့တွင် တာဝန်ကြီးကြီးယူထားသူများလည်း သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟုဆိုထားပြီး လက်ရှိမှာမူ ၄င်းပါတီ အနေဖြင့် ပထမအဆင့် မြို့နယ်အဆင့်ရွေးချယ်မှုများ ပြီးစီးသလောက် ရှိခဲ့ပြီဟုဆို၍ရသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာမူ မည်သည့်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ရှင်းလင်းစွာမသိရသေး။ ယခင်ပြိုင်ခဲ့သည့် ကော့မှုးမြို့နယ်ကိုမူ ယခင်နှစ်က ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဋ္ဌ လုပ်ခဲ့သူ အမျိုးသမီးတစ်ဦးမှ ဝင်ပြိုင်မည်ဟုဆိုသည်။ သို့ဖြစ်ရာ ယခုဇွန်လ ကုန်တွင်မှာတော့ သူ့ပါတီအနေနှင့် ရွေးကော်မှ စတင်ကြေညာသည့် ရက်တွင် ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံသို့ ကိုယ်စားလှယ်လောင်းများ စာရင်းပေးကြရန် အသင့်ဖြစ်နေနိုင်မည်ဟု ခန့်မှန်းမိသည်။ 

နောက်ပါတီကြီးတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ (USDP) မှာမူ ကိုယ်စားလှယ်လောင်းရွေးချယ်လျာထားခြင်းလုပ်ငန်းများ ပြီးသလောက် ဖြစ်နေပြီး CEC က အတည်ပြုဆုံးဖြတ်ပေးဖို့ အနေအထားသာ ကျန်တော့သည်ဟုဆိုသည်။ ကိုယ်စားလှယ်လောင်းများ မှတ်ပုံမတင်ခင် သူတို့ ပါတီအနေဖြင့်လည်း အမည်စာရင်းကို သီးသန့်ကြေညာပေးသွားမည် ဖြစ်ကာ လက်ရှိတွင် ပါတီဝင်အင်အားမှာ သန်းနှင့်ချီရှိပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးကြိုးစားယှဉ်ပြိုင် မည်ဖြစ်ကြောင်း၊ သို့အတွက် ဂုဏ်သိက္ခာရှိတဲ့အောင်မြင်မှုတစ်ခု ရလိမ့် မည်ဟုမျှော်လင့်ထားပြီး နေရာတိုင်းတွင် အနိုင်ရရှိအောင် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ကာ နေရာတော်တော်များများမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီအချို့ကို အားဖြည့်ကူညီသွားမှာ ဖြစ်ပြီး ယခုအချိန်အထိ မဟာမိတ်ဖွဲ့ထားသည့် ပါတီမရှိကြောင်းတို့ကို ဇွန်လ ၁၆ ရက်နေ့က ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကဆိုထားခဲ့သည်။

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေနှင့်မူ မဲဆန္ဒနယ်အားလုံး၏ ၄၀ ၊ ၅၀ ရာခိုင်နှုန်းအတွင်း အနိုင်ရရှိဖို့၊ အစိုးရဖွဲ့ဖို့ မျှော်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင်က ယုံကြည်မှုရှိရှိ ပြောလာခဲ့သလို သူကိုယ်တိုင်လည်း လာမယ့်ရွေးကောက်ပွဲ မှာ ကိုယ်စားလှယ်လောင်းအဖြစ် ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိကြောင်း၊ သို့ပေမယ့် မည်သည့်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာတော့ဖြင့် မဆုံးဖြတ်ရသေးကြောင်း၊ သူတို့ပါတီအနေဖြင့် မြို့နယ် ပေါင်း ၂၅၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပါတီကိုယ်စားလှယ် လောင်း အယောက် ၉၀၀ လောက် လျာထားပြင်ဆင်ထားပြီး သက်ဆိုင်ရာ ဗဟိုကနေ အပြီးသတ်လုပ်ဆောင်နေကြောင်း ၊ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပြီး လက်ရှိမှာ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ UBP ပါတီရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၈၀၀၀ ကျော်မှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်ထားကြောင်း ဇွန်လ ၁၈ ရက်တွင် အွန်လိုင်းမှ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဖွင့်ပြောလာခဲ့သည်။

ဒေါက်တာဒေါ်သက်သက်ခိုင်၏ PPP ပါတီအနေနှင့်မူ သူ့ပါတီ တည်ထောင်ခဲ့သည့် ၈ လတာကာလအတွင်း ယခုပါတီရုံး ၈၀ ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ရှိတွင် ကိုယ်စားလှယ်လောင်းဖိတ်ခေါ်၊ စိစစ်လျက်ရှိပြီး သားလူများ ကို သင်တန်းပေးနေပြီး အမျိုးသမီးနှင့်လူငယ်များကို ဦးစားပေးရွေးချယ်ပြီး အမျိုးသမီး ၄၈ ရာခိုင်နှုန်းခန့်ပါကြောင်း၊ မဲဆန္ဒနယ် ၅၀ နှင့် ၇၀ ကြား ရည်မှန်းချက်ထားခဲ့သည်မှာ ယခုပြည့်မီပြီဖြစ်သဖြင့် မြို့နယ် ရုံးပေါင်း ၁၁၀ ဖွင့်နိုင်အောင် ရည်မှန်းထားလုပ်ဆောင်နေကြောင်းနှင့် ယခု ၈၀ ခန့်ဖွင့်လာ နိုင်သည့်အတွက် မဲဆန္ဒနယ် ၃ ပုံ ၁ ပုံ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး ရည်မှန်းချက် ထားရှိကြောင်း ဇွန် ၁၄ ရက်တွင် သူမနှင့် News Watch TV တို့ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားထားရှိခဲ့သည်ကို မြင်ရပြန်သည်။ 

ဦးကိုကိုကြီး၏ ပြည်သူ့ပါတီနှင့် အခြားပါတီငယ်များ၊ တိုင်းရင်းသား ပါတီများအနေဖြင့်လည်း ယခုကာလတွင် COVID-19 အရေးက မည်သို့ပင်ဆိုစေကာမူ သူ့ပါတီနှင့်သူကတော့ဖြင့် အများပြည်သူများ သိအောင်တစ်နည်း၊ မသိအောင် တစ်ဖုံတော့ဖြင့် အသီးသီး အသက ခြေလှမ်းပြင်ဆင်နေကြမည်မှာ မလွဲပေ။ သို့အတွက် နိဂုံးအားဖြင့်ဆိုရလျှင် ၂၀၂၀ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကြီး ဆိုသည်မှာလည်း များမကြာမီ ကာလ ၄ လအလွန်တွင် မလွဲမသွေကျင်းပတော့မည့် အရိပ်အယောင်များ သန်းလျက်ရှိကာ နိုင်ငံရေးပါတီများအနေဖြင့်လည်း ခြေလှမ်းများပြင်ကြ လျက်ရှိရာ ကျွန်ုပ်တို့မဲဆန္ဒနယ်ရှင်ပြည်သူများအဖို့ ကိုဗစ်အရေး၊ ဝမ်းရေး၊ မိသားစု အရေး၊ ကလေးများ၏ ပညာရေး စသည့်အရေးများစွာ ကြုံတွေ့ ရင်ဆိုင်နေကြရသည်ဆိုငြား ဆိုခဲ့သည့် ရွေးကောက်ပွဲအရေးကိုလည်း ယခုအချိန်တွင် စိတ်ဝင်တစား စောင့်ကြည့်လေ့လာကြစေပါသည်။ သို့မှသာ နိုင်ငံရေးပါတီအသီးသီး၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအသီးသီးတို့၏ ခြေလှမ်းများကိုသိရှိပြီး မဲပေးသင့်မဲပေးထိုက် သည့်သူကို စနစ်တကျ ရွေးချယ်မဲပေးခြင်းဖြင့် နိုင်ငံ့အနာဂတ်အရေးကို တစ်တပ်တစ်အား ဝိုင်းဝန်းကြိုးပမ်းပေးရာရောက်စေမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ အများပြည်သူအပေါင်းကပ်ရောဂါဘေးမှအမြန်ကင်းဝေးကြ၍ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်နွဲကြနိုင်ပါစေ။

သန်းဖြိုးနိုင်