News

POST TYPE

PERSPECTIVE

ဈေးဗန်းသည်မလေး
22-Jun-2020


တစ်ရက်တွင် ကိစ္စတစ်ခုရှိ၍ မြို့သို့သွားရင်း မြို့လယ်ကဘုရားဘက်သို့ တစ်ယောက်တည်း ခြေဆန့်မိခဲ့သည်။ ဘုရားရင်ပြင်ပေါ်တွင် ဘုရားဖူးပြီး အေးအေးလူလူ စာဖတ်ချင်စိတ်ပေါ်လာသည်နှင့် အသင့်ပါလာသော စာအုပ်ကိုထုတ်ပြီး ထိုင်ဖတ်နေမိသည်။ တက္ကသိုလ် တက်ကတည်းက သည်ဘုရားတွင် သူငယ်ချင်းများနှင့် မကြာခဏ စာလာဖတ်ဖူးသဖြင့် သည်နေရာသည် မစိမ်းလှ။ သို့သော်လည်း မရောက် ဖြစ်သည်မှာကြာပြီ ဖြစ်၍ စိတ်ထဲတွင် စိမ်းတိမ်းတိမ်းဖြစ်နေသလို ခံစားရသည်။ စာတစ်ပုဒ်ဖတ်လိုက် စာအုပ်ကိုပိတ်ပြီး စာအုပ်ထဲက အကြောင်းအရာနှင့် ပြင်ပက အကြောင်းအရာရောစပ်ပြီး အတွေးနယ်ချဲ့လိုက်နှင့် အချိန်ဘယ်လောက်အထိ ကုန်ဆုံးသွားသည်ကိုပင် မသိလိုက်။ အနားကို လူတစ်ယောက်ဖြတ် လျှောက်သွားသည့်အသံကြားမှ သတိပြုမိတော့သည်။ နာရီကြည့်မိတော့ မွန်းလွဲချိန်တစ်နာရီပင် ဆယ်မိနစ်တိတိ စွန်းသွားခဲ့ပါလေပြီ။ မနက်က အမေကျွေးလိုက်သည့် ထမင်းကြော်ကို အဝစားခဲ့သည်ကြောင့် ထမင်းစားချိန် ရောက်နေသည့်တိုင် ဝမ်းဗိုက်ကအချက်မပြ။ ဒါကြောင့်လည်း စာကို အေးအေးဆေးဆေးဖတ်နိုင်ခဲ့ပါသည်။ 

အနားကဖြတ်သွားသူကို သတိထားပြီးလှည့်အကြည့်မိတွင် ဈေးဗန်းကလေးချပြီး ဝတ်ထားသည့်အင်္ကျီစလေးနှင့် ချွေးသုတ်နေသော ကလေးမလေးတစ်ယောက်ကို တွေ့ရလေသည်။ ကလေးမလေး၏ ဈေးဗန်းကိုမြင်မှ ဗိုက်ကဆာလာသလို အချက်ပြတော့သည်။ ခပ်လှမ်းလှမ်းကဆိုတော့ ဈေးဗန်းထဲမှာ ဘာတွေရောင်းသလဲဆိုသည်ကို သဲသဲကွဲကွဲမမြင်ရ။ ကိုယ် ကလည်းသူ့အကြည့် သူကလည်း ကိုယ့်အကြည့်တွင် အပြန်အလှန် ပြုံးပြနှုတ်ဆက်လိုက်မိကြသည်။ ပြီးတော့မှ "သမီးလေး ဘာတွေရောင်းတာလဲ"ဟု မေးကြည့်ရာ" ဝက်ဆီဖတ်" ဟုပြန်ဖြေသည်။ သို့သော် အသံကသိပ်မသဲကွဲ၍ နောက်ထပ်တစ်ခါမေးကြည့်ပြန်ရာ "ဝက်ဆီဖတ်ရောင်း တာပါ"ဟု စိတ်ရှည်လက်ရှည်ပြန်ဖြေပေးပါသည်။ သည်ဝက်ဆီဖတ်က ကျွန်မဗိုက်ကို ဖြည့်တင်းမပေးနိုင်သည်မှာတော့ သေချာသည်။ 

သို့သော် တစ်ယောက်တည်း တစ်မနက်လုံးနေလာခဲ့ရသဖြင့်သည် ကလေးမလေးနှင့် စကားစမြည်ပြောရလျှင် ကောင်းမည်ဟု တွေးမိပြီး "ဒီနားကိုလာနားပါလား သမီးလေး။ အဲဒီနားက နေရှိန်မှာပေါ့" ဟု စကားစပြီး လှမ်းခေါ်လိုက်မိသည်။ သူမ ဈေးဗန်းကလေးမပြီး အနားကို ရောက်လာသည်။ အနားရောက်မှ သေချာကြည့်မိသည်။ မဖြီးရသေးသည့် ပွရောင်းရောင်းဆံပင်များ၊ သနပ်ခါးမရှိဘဲ ပြောင်နေသည့်မျက်နှာပြင် (ချွေးကြောင့်ပျက်သွားသည်လည်း ဖြစ်နိုင်ပါသည်။)၊ ပင်ကိုအရောင် ပျောက်၍ ညစ်ထေးနေသည့်အင်္ကျီ၊ ဒူးအထက်နားအထိပြဲနေသည့် ချည်ကွက်ဘောင်းဘီ စသည်တို့နှင့် သပ်ရပ်မှုမရှိလှသည့် ကျောင်းနေအရွယ် ဈေးဗန်းသည်မလေးတစ်ယောက်ကို တွေ့ရလေသည်။ ထိုနေ့က ကျောင်းတက်ရက်ဖြစ်သည်။ ကျောင်းတက်ရက်တွင် သူမကို ဈေးဗန်းနှင့်တွေ့လိုက်ရကတည်းက သူမ ကျောင်းမနေရတော့ဘူးဟု သိလိုက်သည်။ သို့နှင့် "သမီးလေး ကျောင်းမတက်တော့ဘူးလား" ဟု မေးကြည့်ရာ လေးတန်းအောင်ကတည်းက ကျောင်းထွက်လိုက်ရ၍ ယခုတက်မည်ဆိုလျှင် ခြောက် တန်းရောက်နေပြီဟု သိရလေသည်။ ရင်ထဲတွင်နင့်ခနဲဖြစ်သွားရသည်။ ကိုယ်ကိုယ်တိုင်က ကျောင်းဆရာမဖြစ်နေခဲ့၍ ပိုဆိုးသည်။ သည်လို ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပတွင် အလုပ်လုပ်နေကြရသည်ကို တွေ့ရတိုင်း ရင်ထဲတွင် နင့်နေအောင်ခံစား
ရသည်။ လက်လှမ်းမီသလောက်လည်း သူတို့လေးတွေနှင့် စကားပြောဖြစ်အောင်ကြိုးစားပြီး အားပေးစကားပြောဖြစ်သည်။ များသောအားဖြင့်တော့ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များတွင် သည်လိုကျောင်းနေအရွယ်ကလေးငယ်များကို အများဆုံးတွေ့ရတတ်သည်။ အခြားနေရာအနှံ့တွင်လည်း တွေ့ရတတ်ပါသည်။ တကယ်တော့ သူတို့လေးများသည် ဘဝကို အရွယ်နှင့်မမျှ ရင်ဆိုင်တိုက်ပွဲဝင်နေကြရသည့် အာဂသူရဲကောင်းလေးများပင် ဖြစ်ပါသည်။ သူတို့၏နောက်တွင် သူတို့ကို မှီခိုအားပြုနေကြရသည့် မိအို ဖအိုများရှိနေတတ်သည်။ မမာမကျန်းသူများ ရှိနေတတ်သည်။ သည်လိုစားဝတ်နေရေး အတွက် သူတို့သည် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်ပေးနေကြရသည့် ဘဝသူရဲကောင်းလေးများပင် ဖြစ်ပါသည်။ သူတို့တွင် လတ်လတ်ဆတ်ဆတ် ဒဏ်ရာများ၊ အသားသေသွားသလောက်ရှိပြီဖြစ်သည့် အမာရွတ်များ များစွာရှိတတ်ကြသည်။ သို့သော် သူတို့သည် ဆင်းရဲခြင်းကို တွန်းလှန်နိုင်ရန်အတွက် သည်ဒဏ်ရာများကို အန်တုခဲ့ကြရလေသည်။ 

လူတို့သည် အသက်ရှင်ရပ်တည်ကြရန်အတွက် နိစ္စဓူဝ အလုပ်ကိစ္စများနှင့် လှုပ်ရှားနေကြရလေသည်။ ရပ်တန့်နေရသည့်သူဟူ၍ တစ်ယောက်မျှမရှိကြ။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ စားဝတ်နေရေးကိစ္စစသည့် အကြောင်းအရာကိစ္စမျိုးစုံနှင့် မနားမနေ လှုပ်ရှားနေကြရသူချည်းဖြစ်ပါသည်။ နောက်ဆုံး မွေးကင်းစ ကလေးငယ်လေးများပင် နို့စို့ရရေးအတွက် အူဝဲငိုသံပေးကာ လှုပ်ရှားကြရလေသည်။ လူအချို့က ကိုယ်ကာယကို အားပြု၍ လှုပ်ရှားကြသည်။ အချို့က ဉာဏကိုအသုံးချ၍ လှုပ်ရှားကြသည်။ လူ့ဘဝဖြစ်တည်မှုတွင် တစ်ခုခုလှုပ်ရှားနေမှ ဘဝအဆင်ပြေနိုင်မည် ဆိုသည့်အကြောင်း သူမကျောင်းနေအရွယ်က သိရှာခဲ့မည် မဟုတ်ပေ။ သူမကသိပ်ငယ်ပါသေးသည်။ သူမကိုယ်တိုင် မရုန်းကန်ရသေးသဖြင့်သည်အတွေးမျိုးကို သူမတွေးမိလိမ့်မည်မဟုတ်ပါ။ လူတို့သည် တစ်နည်းမဟုတ်တစ်နည်း နေ့စဉ်လှုပ်ရှားရုန်ကန်ရင်း တံခါးခေါက်သံကို နားစွင့်နေကြရသည်ဆိုသော်လည်း သည်အချိန်နှစ်ခုကြား တစ်ယောက်နှင့်တစ်ယောက် လှုပ်ရှားရုန်းကန်ရပုံချင်းများသည် မတူညီကြပေ။ 

ရပ်ကွက်ထဲတွင် အတူတူကျောင်းထွက်၍ ဈေးရောင်းကြရသူချင်း အတူတူပင် အခြားသူများက စက်ဘီးကလေးကိုယ်စီနှင့်။ သူမတွင်သာ စက်ဘီးမရှိခဲ့။ အခြားသူများက ရောင်းမည့်ကုန်ပစ္စည်းလေးတွေကို စက်ဘီးရှေ့ခြင်းကလေးထဲတွင် ထည့်တန်ထည့်၊ ရှေ့ဂိုက်တွင် ချိတ်တန်ချိတ်ပြီး ပေါ့ပေါ့ပါးပါး စက်ဘီးနင်းရင်း၊ တွန်းရင်း ဈေးရောင်းကြသည်။ သူမက သူမ၏ခြေထောက်နှစ်ချောင်းကိုသာအားပြု၍ တစ်နေကုန် ဈေးရောင်းရလေသည်။ သူမလည်း စက်ဘီးကလေးတစ်စီး လိုချင်ရှာမည်ပင်။ သို့သော် ဒုက္ခိတအမေအိုအား မည်သို့သောသတ္တိမျိုးနှင့် သူမပူဆာရက်မည်နည်း။ အချို့သောအသိများသည် ကျောင်းပညာသင်ရမှသည်မဟုတ်။ဘဝပေးသောသင်ခန်းစာများမှလည်း ရတတ်လေသည်။ ထိုသင်ခန်းစာများက ပို၍ပင် လေးနက်နေတတ်သေးသည်။ အချို့သောကျောင်းသူကျောင်းသားများက တစ်ပါးသူလွယ်အိတ်မျိုး တန်းတူမလွယ်ရ၍ မရမကပူဆာနေသည့်အချိန်တွင် သူမက အမေအိုကိုလုပ်ကျွေးရင်း စက်ဘီးကလေးလိုချင်သည်ကိုပင် မပူဆာရက်သည့် ဘဝပေးအခြေအနေမျိုး ဖြစ်နေသည်။ သူမသည်လည်း တစ်ခါတစ်ရံတွင် ကြီးကြီမားမားမဟုတ်သည့်တိုင် အများနည်းတူ လိုချင်တက်မက်စိတ်ကလေးများ ရှိလိမ့်မည်သာ။                          

ကလေးမလေးအကြောင်း ဆက်လက်မေးကြည့်မိရာ အဖမဲ့ကလေးလေးမှန်းသိခဲ့ရသည်။ အမေအိုကလည်း လေဖြတ်ဝေဒနာ ခံစားနေရသူဆို၏။ ကံကြမ္မာဖန်လာသမျှကို လူးလိမ့်ဖြေရှင်းနေရသည့် စွမ်းအားရှင်မလေး၏ရှေ့တွင် ကျွန်မရောက်ရှိနေခဲ့ခြင်းပင်ဖြစ်သည်။ တစ်ဆက်တည်း လေဖြတ်ဝေဒနာသည်အမေက ဒီဝက်ဆီဖတ်တွေကို ဘယ်လိုကြော်ပေး နိုင်ပါ့မလဲ၊ ကလေးမလေးတစ်ယောက်တည်း ကိုယ်တိုင်ကြော်၊ ကိုယ်တိုင် ရောင်းနေရရှာတာလားဆိုသည့် အတွေးတွေက တန်းစီဝင်ရောက်လာခဲ့ပြန်သည်။ "အမေက လေဖြတ်ထားတော့ သမီးကို ဒီဝက်ဆီဖတ်တွေ ဘယ်သူကြော်ပေးသလဲ" ဟု မေးကြည့်မိလိုက်သည်။ "အမေကြီးက လက်တစ်ဖက်လှုပ်နိုင်သေးတယ်။ သမီးက ဝက်သားကို တုံးပေး အမေကြီးက ကြော်ပေါ့"ဟု ဆိုသည်။ သူ့လိုအရွယ်တုန်းက မီးဖိုချောင်ထဲဝင်ရန်မပြောနှင့် အဝတ်ပင် အမေလျှော်ပေးသည်သာဝတ်တတ်သည့် ကိုယ့်ကိုယ်ကိုယ် ကျွန်မနည်းနည်းတော့ ရှက်မိသလိုဖြစ်သွားသည်။ သည်တစ်ဗန်းကုန်လျှင် သူ့အတွက် ပုံမှန်တော့မဟုတ် တစ်နေ့ သုံးလေးထောင်လောက် ကျန်သည်ဟုပြောသည်။ ဆက်ပြောသေးသည်။ ဒါက ကိုယ်တိုင်ကြော်လို့ ပိုကျန်တာ။ သူများဆီက ဖောက်သည်ယူရရင် ဘာမှမကျန်ဘူး။ ဟိုရက်က အမေကြီးနေမကောင်းလို့ ဖောက်သည်ယူရောင်းတာ တစ်ထုပ်ကုန်မှ သမီးအတွက် တစ်ရာပဲကျန်သည်ဟုပြောသည်။       

သည်လိုအရွယ်နှင့် လက်တွေ့ဘဝထဲက အရှုံးအမြတ်တွေ ကျေညက်ဖို့ဆိုတာ တကယ်ပင်မလွယ်ကူပါ။ သို့သော် သူမ၏ ဘဝပေးအခြေအနေများက သူမကို ရင့်ကျက်စေခဲ့လေသည်။ အိမ်လခက တစ်လသုံးသောင်းဆိုတော့ တစ်ရက်ကို တစ်ထောင်စုဘူးထဲ အမြဲထည့်ရတယ်ဟုဆိုသည်။ ထို့ကြောင့် ဝက်ဆီဖတ်ကို ကိုယ်တိုင်မကြော်ဘဲ အဆင်သင့်ဖောက်သည် ယူရောင်းလိုက်လျှင် လူတော့သက်သာမည်။ ဘယ်မှာစုဘူးထဲထည့်နိုင် ပါတော့မည်နည်း။ အိမ်လခအတွက် သူတို့ ဘယ်လိုဖြေရှင်းနိုင်ပါတော့မည်နည်း။ သူမအတွက် ဘဝပေးသင်ခန်းစာများသည်ကား အရွယ်နှင့်မမျှအောင်ပင် နက်နဲပင်ပန်းလှပါသည်။ 

စကားပြောနေရင်း သူမ ပိုက်ဆံအိတ်လေးကိုဖွင့်လိုက်သည်။ အထဲ မှပိုက်ဆံအ‌ကြွေကလေးတစ်ထပ်ထွက်လာသည်။ ပြီးတော့ တစ်ရွက်ချင်း သူမရေတွက်နေသည်။ တစ်ခေါက်။ နှစ်ခေါက်။ သူမ မကျေနပ်နိုင်သေး။ နောက်ထပ်တစ်ခေါက် ထပ်ရေနေပြန်သည်။ နောက်ထပ်တစ်ခါ ထပ်ရေတွက်ပြီးတွင် သူမမျက်နှာ အနည်းငယ်ညှိုးသွားသည်။ "အိမ်ရောက်ရင် အမေကြီးရိုက်တာခံရတော့မယ်" ဟုပြော၏။ "အမေကြီးက ရိုက်သလား"ဟုနှုတ်မှ အလိုလို မေးလိုက်မိ၏။ အရွယ်နှင့်မမျှအောင် သည်လောက်ရှာဖွေကျွေးနေရသည့်ကလေးကို ဘာကြောင့်ရိုက်ရသလဲ။ ပြီးလျှင် လေဖြတ်ဝေဒနာသည်ဟုလည်း ဆိုသေးသည် စသည်ဖြင့် အတွေးများစွာတွေးမိပြီး ကလေးမလေးကို လွှတ်ခနဲမေးလိုက်မိသည်။ "ဟုတ်တယ် အမေကြီးက ရိုက်တယ်။ အိမ်ရောက်လို့ ပိုက်ဆံမပြည့်ရင် အရိုက်ခံရတယ်" ဟုဖြေ၏။ မျက်နှာက သိပ်မကောင်း။ အတော်ကြောက်နေပုံရသည်။ ဟန်ဆောင်ခြင်းကင်းသည့် သူမ၏အတွင်းစိတ်ကို ထိုးထွင်းမြင်နေရသည့်အတွက် သံသယတော့ကင်းခဲ့ပါသည်။

"သမီး ဒီနေ့ဈေးဖိုးထဲကနေ သရဲပီကေနဲ့လိမ္မော်သီးတစ်ထုပ် ဝယ်စားလာမိတယ်"ဟု ရိုးရိုးသားသားပြောပြရှာသည်။ ပိုက်ဆံအိတ်ထဲမှ သရဲပီကေပြားလေးဆွဲထုတ်ပြီး "ဒီသရဲပီကေကို လမ်းထဲကကောင်မလေးတွေ စားနေတာကြာပြီ။ သမီးလည်း စားချင်နေတာ။ အထဲမှာ ကပ်ခွာလေးလည်းပါတယ်။ သူက ရေစိုကပ်ခွာ။ ကပ်ပြီးရင် တော်တော်နဲ့ မပျက်ဘူး။ အိမ်ကစာအုပ်လေးမှာ ကပ်ချင်လို့"ဟု အပြုံးရိပ်လေးသန်းရင်း ပြောပြလာပါသည်။ ရင်ထဲမှာနင့်တာထက် ပိုသည့်ခံစားမှုတစ်ခု လှစ်ခနဲဖြတ်စီးသွားလေသည်။ သူမကတော့ သရဲပီကေလေးတစ်ခုကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး လိုချင်တာရ၍ ခဏတာကျေနပ်သွားသည့် မျက်ဝန်းများနှင့် အထဲကပါသည့် ကပ်ခွာလေးကို စိုက်ကြည့်နေလေသည်။သူမ ပိုက်ဆံရေတွက်စဉ်က "ပြန်ရင် အမေကြီးရိုက်တော့မှာပဲ" ဆိုသည့် စိုးရိမ်စိတ်ကလေး သူမ မေ့သွားပြီထင်ပါသည်။ 

တစ်ခါတစ်ရံတွင် ကျွန်မတို့သည် ဘဝကို အစဉ်ပြေသလို ရှာကြံပြီးပျော်လိုက်ရသည့် အချိန်များ တကယ်ပင်ရှိခဲ့ကြသည်မဟုတ်ပါလား။ 

"သမီးက ခုပိုက်ဆံဘယ်လောက်လိုနေတာလဲ" ဟုမေးကြည့်တော့ "၄၅၀" ဟုဖြေသည်။ သရဲပီကေက ၁၀ဝ၊ လိမ္မော်သီးတစ်ထုပ်က ၂၅၀၊ ၁၀ဝ က အလှူငွေထည့်လိုက်တယ်ဟု သူသုံးခဲ့သမျှကို အပိုအလိုမရှိ ရှင်းပြနေပြန်သည်။ သူမ၏ သဒ္ဓါစိတ်ကလေးကို မြင်လိုက်ရပြန်တော့ ရသမျှကုပ်ကပ်ယူ အိတ်ထဲအကုန်ထည့်ပြီး ပြန်ထုတ်ဖို့ကျ အမြဲတွန့်တိုနေတတ်သည့်လူကြီးလူကောင်းအမည်ခံ လူတစ်စု၏ လုပ်ရပ်အချို့ကို မဆိုင်ဘဲ ပြေးသတိရမိလိုက်သေးသည်။ ထိုနေ့က သူမ၏ ကုသိုလ်သဒ္ဓါစိတ်ကလေးအတွက် သာဓုသုံးကြိမ် လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုလိုက်မိသည်။ ဆင်းရဲခြင်းကို နောက်ဘဝများတွင် တာ့တာပြနိုင်တော့မည့် အာဂ ကလေးမလေးပါပဲလားဟု တွေးနေမိသည်။ 

တိုက်တိုက်ဆိုင်ဆိုင် ထိုရက်က ပြတ်တုန်းလပ်တုန်း၂၃၊ ဟိုချေး ဒီချေး ၂၄ ဆိုသည့်ရက်ဖြစ်နေသည်။ အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိ သည့်အခါ ဈေးကလည်းဝယ်ပြီးပြီဖြစ်၍ ပိုက်ဆံက သိပ်မကျန်တော့။ သို့နှင့် အကြွေ ၅၀ဝ တန်လေးတစ်ရွက်ထုတ်ပြီး "ရော့ သမီးလေး ဒါလေး ယူလိုက်နော်။ အိမ်ကျအရိုက်မခံရတော့ဘူးပေါ့"ဟုဆိုပြီး ထုတ်ပေးလိုက်မိသည်။ ကလေးမလေးကလည်း ငြင်းမနေတော့ဘဲ လက်ကလေး နှစ်ဖက်ရှေ့ကမ်းပြီး ချက်ချင်းယူပါသည်။ ထို့နောက် သူမပိုက်ဆံအိတ်လေးကိုဖွင့်ပြီး အထဲမှ ၅၀ တန်လေးတစ်ရွက် ထုတ်လာသည်။ ပါးစပ်ကလည်း "သမီးက ၄၅၀ ပဲလိုတာ ၅၀ ပြန်ယူပါ"ဟု ပြော၍ ၅၀ တန်လေး တစ်ရွက်ပြန်ပေးဖို့လုပ်လေသည်။ ထိုအခိုက် ချက်ချင်းဘာပြန်ပြောရမှန်း မသိအောင်ပင် ဆွံအသွားခဲ့ရလေသည်။ ဤသို့မထင်ထားမိခဲ့၍ ပို၍ အံ့သြရလေသည်။ 

သူမကို အကုန်ပေးတာပါဟု ပြောလိုက်မှ သူမအိတ်ကလေးထဲ ပြန်ထည့်၍ ပြုံးပြသည်။ အမေရိုက်မှာစိုး၍ ညှိုးငယ်နေသည့် မျက်နှာလေးဝင်းပသွားသည်ကိုတွေ့လိုက်ရလေသည်။ ရိုးသားမှုသည် ဂုဏ်ဒြပ်များကို ကျော်လွန်၍ တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည်နှင့် မွှေးမြလှပနေသည့် ပန်းကလေးတစ်ပွင့်လို အမြဲပွင့်လန်းနေတာပါပဲလားဟု တွေးနေမိသည်။ သည်ပန်းကလေးသည် အညတရဈေးဗန်းသည်မလေးဆီတွင် ဖူးငုံဆင့်၍ ဝင့်ထည်ပွင့်လန်းနေသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးပြီ လည်းဖြစ်ပါသည်။

"ရောင်းဖို့ကျန်နေသေးလို့ ဆက်ရောင်းလိုက်ပါဦးမယ်" ဟုဆို၍ ဈေးဗန်းကလေးခေါင်းပေါ်ရွက်ရင်း နှုတ်ဆက်ထွက်ခွာသွားသည့် ကျောပြင်ကလေးသည် ကျွန်မအတွက် သင်ခန်းစာတွေ အများကြီးထားရစ်ခဲ့လေသည်။ အကြွေငါးရာသာ ပေးလိုက်နိုင်သည့်အပေါ်တွင်လည်း စိတ်မကောင်းဖြစ်မိသည်။ သည်နေရာတွင် ငါသာသူဌေးမကြီးဖြစ်နေခဲ့ရင်ဆိုသည့်အတွေးက အလွန်ပင် ကလေးဆန်လွန်းနေမလား၊ စိတ်ကူးယဉ်ဆန်လွန်းနေမလား မပြောတတ်ပေ။ သို့သော်ကျောင်းဆရာလစာ တစ်ခု တည်းကိုသာ မှီတည်နေရသောသည်ဘဝတွင် ကလေးဆန်ဆန်၊ စိတ်ကူး ယဉ်ဆန်ဆန်အတွေးများကိုသာ ထပ်ခါထပ်ခါ တွေးနေမိနေဦးမည် သာဖြစ်ပါသည်။ 

တဖြည်းဖြည်း ဝေး၍ဝေး၍သွားပြီဖြစ်သော ဈေးဗန်းသည်မလေးကို မျက်စိတစ်ဆုံး လိုက်ငေးကြည့်နေမိသည်။ ဘဝအဆက်ဆက် ဆင်းရဲခြင်းအကြောင်းတရားများမှ ကင်းလွှတ်နိုင်စေဖို့လည်း ဆုတောင်းပေးနေမိသည်။ 

လောကတွင် လူတိုင်းသည် နိစ္စဓူဝကိစ္စအကြောင်းအရာမျိုးစုံနှင့် လှုပ်ရှားရုန်းကန်နေကြရသည်ဆိုသော်လည်း သူတို့၏ အစ္ဇျတ္တစိတ်ပန်းချီ ကားပေါ်တွင် အရောင်ထည့်ပုံချင်းကား တစ်ယောက်နှင့်တစ်ယောက် မတူညီကြကြောင်းကို ဈေးဗန်းသည်မလေး၏ရိုးသားမှုကတစ်ဆင့် သက်သေပြလိုက်ခဲ့ပြီပဲမဟုတ်ပါလားလေ။

မေမီမိုးမြင့်