News

POST TYPE

PERSPECTIVE

ကိုဗစ်နိုင်တင်းနှင့် ကာလဒါနပြုကြခြင်း
19-Jun-2020


ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံးလိုလို အလုပ်အကိုင်တွေရပ်နားလိုက်ကြသည်။ ညွှန်ကြားချက်များအတိုင်း အိမ်တွင်းနေထိုင်ခြင်းဖြင့် ရောဂါကိုကာကွယ်ကြရသည်။ ကိုယ်စီအသိတရား လက်ကိုင်ထားရင်း အသွားအလာများလည်း အရေးကြီးကိစ္စမှလွဲ၍ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရသည်။

သို့နှင့် သင်္ကြန်ကာလအတွင်း နိုင်ငံတော်မှ လက်လုပ်လက်စားအခြေခံလူတန်းစားများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စသည့် ပစ္စည်း ၅ မျိုး ထောက်ပံ့ပေးသည်။ ထို့နောက် ဇွန်လသို့ရောက်သည့်အခါတွင်လည်း ငွေ ၄ သောင်းထောက်ပံ့ဖို့ စာရင်းများ ကောက်ယူနေကြပြီဖြစ်သည်။

ဗိုင်းရပ်စ်ပိုးစတွေ့သည့် မတ်လ ၂၄ ရက်မှစ၍ ဈေးဆိုင်တွေပိတ်ကာ ပါဆယ်သာလျှင် ရောင်းချကြသည်။ အခြားသောအရောင်းဆိုင်များ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်၊ အင်းများလည်း ပိတ်ကြသည်။ သွားရေးလာရေးအတွက် ယာဉ်လိုင်းများလည်း ပိတ်သိမ်းကြသည်။ ကျန်းမာရေးကိစ္စမှလွဲ၍ အသွားအလာများလည်း ကန့်သတ်ထားသည်။

ဤတွင် စီးပွားရေးအဆင်ပြေသူများကလိုအပ်ချက်ရှိသူများအား ထောက်ပံ့လှူဒါန်းပေးကမ်းကြသည်။ အခြေခံစားသောက်ကုန်များနှင့် ငွေကြေးတို့ကို အများအားဖြင့် ပေးလှူကြသည်ကို တွေ့ရသည်။ ထို့ပြင်ကျန်းမာရေးအကာအကွယ်ပစ္စည်းများ ဖြစ်ကြသော နှာခေါင်းစည်းများ၊ လက်ဆေးရည်များ၊ ပီပီအီးဝတ်စုံများစသည်တို့ကိုလည်း လူမှုရေးအသင်း အဖွဲ့များ၊ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့လှူဒါန်းပေးကြသည်။

အလုပ်ရှင်များက ဝန်ထမ်းများ၊ အလုပ်သမားများကို တတ်အားသရွေ့ ထောက်ပံ့ပေးကြသည်။ ကုမ္ပဏီများကလည်း ကုမ္ပဏီဝန်ထမ်းများ၊ ဘဏ်များကလည်းဘဏ်ဝန်ထမ်းများစသည်ဖြင့် မိမိတို့ လုပ်ငန်းအလိုက် လက်အောက်ငယ်သားများကို ကြည့်ရှုထောက်ပံ့ပေးထားကြသည်။ အစိုးရမဟုတ်သော အခြားအသင်းအဖွဲ့များကလည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။

တစ်ဖန်နိုင်ငံကျော် ဓမ္မကထိကဆရာတော်များကလည်း စာပေနယ်မှ စာရေးဆရာ၊ ကဗျာဆရာ စသည်တို့ကို အခြေခံစားသောက်ကုန် များ၊ ဝတ္ထုငွေများဖြင့် စွန့်ကြဲပေးကမ်းကြပါသည်။ ရန်ကုန်၊ မန္တလေးစသည် တို့မှ စာပေသမားများ ရရှိကြသည်။ အသက် ၇၀ ကျော် ဆရာကြီး၊ ဆရာမကြီးများအတွက်လည်း ဆရာတော်အရှင်သူမြတ်များက ဝတ္ထုငွေ ၁ သိန်း စွန့်ကြဲပေးကမ်းသည်ကိုလည်း သတင်းများတွင် တွေ့ရပါသည်။

ဆရာတော် သမားတော်များကစွန့်သော အလှူပစ္စည်းများကို ရရှိကြသော ဆရာ၊ ဆရာမများက လူမှုကွန်ရက်တွင် တင်ကြကာ သာဓုခေါ်ကြ သည်။ အမှန်ကတော့ ဆရာတော်ကြီး ပေးကမ်းသော အလှူပစ္စည်းကို သူ့လို စာရေးဆရာမျိုးသာ ရရှိသည်ဟူသော ဂုဏ်ကိုဖော်ချင်သည့် စိတ်ထားကလေး အနည်းငယ်တွေ့ရသည်။ တစ်နည်းအားဖြင့် ပုထုဇဉ်တို့ သဘာဝအတိုင်း ြွကားချင်ဝါချင်စိတ်က ခပ်များများဖြင့် ပို့စ်တင်သည်ဆိုကမှားမည်မထင်ပေ။ အများသူငါ မုဒိတာပွားစေဖို့ဆိုရင်လည်း မှန်ပါပေလိမ့်မည်။

ဆရာတော်ကြီးတွေကတော့ ကပ်ရောဂါကာလအတွင်း စားရေးသောက်ရေးအတွက် အကူအညီလိုအပ်နေသူ စာရေးဆရာများကို စွန့်ကြဲပေးခြင်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် ဆင်းရဲချမ်းသာမခွဲခြားဘဲ စာရေးဆရာများကို ထောက်ပံ့ခြင်းလည်းဖြစ်နိုင်ပါသည်။ ဦးစွာ ရန်ကုန် အသိုင်းအဝိုင်းမှ စာရေးဆရာများရကြသည်။ ထို့နောက် မန္တလေးအသိုင်းအဝိုင်းမှ စာရေးဆရာများ ရကြသည်။ နယ်မြို့များမှ စာရေးဆရာများရကြသည်ဟု မကြားမိသေးပေ။

ဤသို့ဆိုလျှင် စာရေးဆရာချင်းအတူတူ မြို့ကြီးပြကြီးမှ စာရေးဆရာတို့က ဟုတ်တုတ်တုတ်ရှိသည်ဟု ပြောရမလိုပင်။ နယ်ဘက်က စာရေးဆရာ၊ ကဗျာဆရာများက မုဒိတာမပွားနိုင်ကြ၍မဟုတ်။ ပွားနိုင်ကြပါသည်။ သာဓုလည်း အကြိမ်ကြိမ်ခေါ်ဆိုကြပါသည်။ ကိုယ့်လောကသားတွေ ဘယ်သူဖြစ်ဖြစ်ရရှိကြလျှင် ဝမ်းမြောက်ဝမ်းသာဖြစ်ကြစမြဲ မဟုတ်ပါလား။ အမှန်ဆိုလျှင် နယ်ဘက်က စာရေးဆရာအများစုမှာ မြို့ကြီးမှ စာရေးဆရာများနှင့်ယှဉ်လျှင် စားရေးသောက်ရေးမှာ သိပ်ပြီးပူပင်စရာမလိုဟုထင်ပါသည်။ နယ်ဘက်ဖြစ်သည့်အလျောက် သူ့ရှိကိုယ်စား၊ ကိုယ့်ရှိသူစားသဘောဖြင့် ကိုဗစ်ကာလအတွင်း ဝေမျှပေးကမ်းကာ အသက်ဆက် နိုင်ကြပါသည်။ မြို့ကြီးနေစာရေးဆရာများကတော့ ထိုသို့မဟုတ်နိုင်။ နယ်ဘက်လောက် အဆင်မပြေကြနိုင်ပါပေ။ ချမ်းသာကြသော စာရေးဆရာများကတော့ ြွခင်းချက်ဖြစ်ပါသည်။

မနေ့တစ်နေ့က လူမှုကွန်ရက်တွင် နယ်တောင်ပေါ်မြို့တစ်မြို့မှ စာရေးဆရာကြီးတစ်ဦးက ၄င်းတို့မြို့ရှိ စာရေးဆရာ ၄ ဦးမှာ ထောက်ပံ့လှူဒါန်းပေးကြဖို့ လိုအပ်နေပါကြောင်း ပို့စ်တစ်ခုတင်လာသည်။ ထိုစာရေးဆရာ၊ ကဗျာဆရာတို့မှာ အမှန်ပင်ချို့ငဲ့ကြပြီး ကိုဗစ်ကာလအတွင်း အတန်ပင်ဒုက္ခရောက်နေကြပါသည်။ ဆရာကြီးသဘောက လှူမယ့်လှူ တကယ်လိုအပ်နေသူများကို လှူပေးကြဖို့ ဆန္ဒရှိပုံရပါသည်။ သည့်အရင် စောစောပိုင်းကလည်း ဆရာကြီးနေထိုင်ရာ တိုင်းဒေသကြီးက မြို့တော်ကြီးမှ စာရေးဆရာများကို လှူသလိုပင် ယင်းတိုင်းဒေသကြီးထဲတွင်ပါဝင်သော မြို့ကလေးရှိ စာရေးဆရာအိုကြီးတွေကိုလည်း ချန်လှပ်မထားသင့်ကြောင်း ပို့စ်တစ်ခု တင်ခဲ့ပါသေးသည်။

လှူဒါန်းပေးကမ်းစွန့်ကြဲကြရာဝယ် လိုအပ်နေသူများကို ရွေးချယ်ပေးလှူတတ်ပါမှ အဓိပ္ပာယ်ပြည့်ဝပါလိမ့်မည်။ သည်လိုမျိုး ကပ်ဘေးကာလအတွင်း ကာလဒါနမှာ ထိုသဘောမျိုး ဖြစ်ပါသည်။ အလုပ်အကိုင်များ နားထား၍ ဝင်ငွေမရှိကြသူ၊ အကြောင်းကြောင်းကြောင့် စားရေးသောက်ရေးမှာ အတိဒုက္ခရောက်နေကြသူ မည်သူမဆို အကူအညီများ လိုအပ်လျက်ရှိပါသည်။ တောရောမြို့ပါမကျန် ဆင်းရဲသားများ၊ လက်လုပ်လက်စားများမှာ ဝမ်းရေးအတွက် နေ့စဉ်ပူပန်နေရသည်။ လိုအပ်နေသူများကို ဦးစားပေး၍ လှူဒါန်းထောက်ပံ့ကြရင် သာ၍မကောင်းပေဘူးလား။ ပို၍ မသင့်လျော်ပေဘူးလား။ အသိဉာဏ်ရှိသူတိုင်း သတိပြုဖွယ်ပင် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရကတောင်မှ မရှိဆင်းရဲသား၊ လက်လုပ်လက်စား၊ ပုံမှန်ဝင်ငွေမရှိသူများကိုသာ အဓိကထား၍ ထောက်ပံ့နေသည်ကို မမြင်ကြသလော။ မကြားကြသလော။ ဆရာတော်များက စာရေးဆရာများကို စွန့်ကြဲပေးကမ်းရာတွင် ထိုသဘောမဟုတ်ကြောင်း စာရေးဆရာမတစ်ဦးက ပြောကြားလာသည်။ အနှီဆရာမကပင် လိုအပ်နေသူကိုသာ ပေးလှူ တာမဟုတ်ကြောင်းလည်း ရှင်းချက်ထုတ်နေပါသေးသည်။ ဆင်းရဲချမ်းသာ မခွဲဘဲအားလုံးကို ပေးနေသည့်ပုံစံမျိုးသာလျှင်ဖြစ်ကြောင်းပြောပါသည်။

စားနိုင်သောက်နိုင်သော စာရေးဆရာများ၊ စီးပွားရေးအတန်အသင့် အဆင်ပြေကြသော စာရေးဆရာများကလည်း အဆိုပါအလှူကို လက်ခံကာယူကြသည်။ သည့်ထက်ပိုဆိုးသည်က တိုက်နှင့်ကားနှင့် ပိုင်ဆိုင်ကြသော ချမ်းသာသည့် စာရေးဆရာများပါမကျန် ထိုအလှူကို လက်ခံယူကြသည်။ ကျန်သည့် ဆင်းရဲနွမ်းပါးသော၊ မပြေလည်ကြသော၊ လိုအပ်လျက်ရှိကြသော စာရေးဆရာများမှာမူ ထိုအလှူကို လက်ခံယူကြသော စာရေးဆရာများကို ငေးကြည့်နေရုံမှတစ်ပါး အခြားမရှိပါပြီ။ သို့သော် မနာလိုစိတ်တော့ အလျှင်းမရှိကြပါ။ မုဒိတာစိတ်များသာ တဖွားဖွားဖြစ်ပေါ်လျက်နေကြပါမည်။ အဘယ်ကြောင့်ဆိုသော် စာရေးဆရာအချင်းချင်းပင် ဖြစ်သည်မဟုတ်ပါလား။

ဆဏ်းဝင်းအောင်