News

POST TYPE

PERSPECTIVE

ကလေးများနဲ့ ရေဘေးအန္တရာယ်
18-Jun-2020


“တို့ရွာအနောက်ကွင်းက ကလေးတစ်ယောက်တော့ ဒီနေ့ ရေနစ်လို့ ဆုံးသွားရှာပြီ”

အပြင်က ပြန်ရောက်ရောက်ချင်း အဖေပြောလိုက်တဲ့စကားတစ်ခွန်းက ကျွန်တော့်ရင်ကို နင့်သွားစေတယ်။ ဘယ်သူ့ကလေးလဲလို့ မေးတော့ ကျွန်တော့်သူငယ်ချင်းရဲ့သားဖြစ်နေမှန်း သိလိုက်ရတယ်။ ကလေးကိုလည်း အပြင်မှာမြင်ဖူးနေတာဆိုတော့ ကလေးရဲ့မျက်နှာကို မြင်ယောင်နေမိတယ်။ မိဘတွေဆို မျက်ရည်ပင်လယ်ဝေရရုံတင်မက အသည်းနှလုံး တွေပါ ကွဲကြေလုမတတ်ခံစားရလိမ့်မယ်ထင်ပါရဲ့။ သွေးသားမတော်စပ်တဲ့ ကျွန်တော်တောင် ကြားခါစက တော်တော်ခံစားလိုက်ရတာမဟုတ်လား။ 

နောက်ပိုင်းမှ ကလေးရေနစ်ရတဲ့အကြောင်းအရင်းကို သိလိုက်ရတယ်။ ကလေးက လယ်ကွက်ထဲမှာ ရေဆော့နေကျ ရှိတဲ့ကလေး။ အဲဒီနေ့ မှာဖြစ်ချင်တော့ လယ်ကွက်ထဲဆင်းဆော့စရှိတဲ့ကလေးက လယ်ကွက်ထဲ မဆော့ဘဲ မိဘတွေအလစ်မှာ အိမ်ရှေ့ကရေကန်ထဲ ဆင်းဆော့လိုက်သတဲ့ဗျာ။ ကန်က တစ်ခြမ်းကတိမ်ပြီး တစ်ခြမ်းကတော့ နွေကတူးထားလို့ လူကြီးတစ်ရပ်မက နက်သတဲ့။ တိမ်တဲ့အပိုင်းက ကလေးနဲ့မီတယ်လို့သိရတယ်။ ကျွန်တော့်အထင်ကိုပြောရရင် ကလေးက တိမ်တဲ့အခြမ်းမှာဆော့နေတာ ဖြစ်ပါမယ်။ ပြီးမှ တဖြည်းဖြည်းနဲ့ နက်တဲ့အပိုင်းကို ရောက်သွားဟန်တူပါတယ်။ အဲဒီမှာ လူကြီးတွေတွေ့တော့ နောက်ကျသွားခဲ့ပြီလေ။ ကလေးအသက်ကိုလည်း မမီတော့ဘူးပေါ့။

အခုရာသီဟာ မိုးရာသီဖြစ်တာနဲ့အညီ ကလေးရှိတဲ့ မိဘတွေအနေနဲ့ မိမိတို့ကလေးတွေကို အထူးသတိထား စောင့်ကြည့်သင့်ပါတယ်။ နွေရာသီမှာ ချောင်းတွေ၊ မြောင်းတွေ၊ ကန်တွေထဲမှာ ရေခန်းခြောက်နေလို့ (သို့မဟုတ်) ရေအနည်းငယ်သာရှိနေလို့ ကိစ္စမရှိပေမယ့် အခုလိုမိုးရာသီမှာတော့ ရေပြည့်လျှံနေပြီဖြစ်ပါတယ်။ ရေလည်းမကူးတတ်၊ အရပ်လည်းမမီတဲ့ ကလေးတွေအနေနဲ့ ရေမြောင်းတွေ၊ ချောင်းတွေ၊ ကန်တွေထဲဆင်းဆော့တာဟာ သူတို့အတွက် အလွန်အန္တရာယ်များပါတယ်။ ကလေးကတော့ ရေဆော့ရဖို့ကလွဲပြီး အန္တရာယ်ကိုသိမှာမဟုတ်ပါဘူး။ သိတဲ့မိဘတွေက တားဆီးခြောက်လန့်ရမှာဖြစ်ပါတယ်။ ရေဆိုတာက အရပ်ရှည်ပြီး ရေကူးတတ်တဲ့ လူကြီးတွေတောင် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ပေးရသေးတာမဟုတ်လား။

လွန်ခဲ့တဲ့ရှစ်နှစ်ကျော် ကိုးနှစ်လောက်က ကျွန်တော်တို့ရွာမှာ ရေကူးအလွန်ကျွမ်းကျင်တဲ့ စက်လှေမောင်းသမားဦးကြီးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာ စက်လှေမောင်းသမားဦးကြီးဟာ စက်လှေဝမ်းထဲဝင်နေတဲ့ ရေတွေကို ပက်ထုတ်နေပါတယ်။ ဒီလိုပက်ထုတ်နေရင်း ရေပက်ခွက်က သူ့လက်ကချော်ပြီး ရေထဲကျသွားပါတယ်။ ရေကစီးလွန်းတော့ ရေပက် ခွက်ဟာ ခဏလေးနဲ့တင် တော်တော်ဝေးဝေးကို မျောပါသွားတယ်။ ဦးလေး ကြီးလည်း ခွက်နောက်ကို ရေကူးပြီး လိုက်ပါတယ်။ ဒါပေမဲ့ ခွက်နောက်ကို လိုက်ရင်း ရေနစ်သေဆုံးခဲ့ပါတယ်။ ရေကူးကျွမ်းကျင်တဲ့အဲဒီဦးလေးကြီးကို ရေနစ်သေမယ်လို့ ဘယ်သူကမှထင်မထားပါဘူး။ ဒီအကြောင်းကိုပြော ရတာက ရေကူးကျွမ်းကျင်တဲ့ရေလုပ်သားတောင် ရေနစ်သေရသေးတာ ကလေးသူငယ်တွေဆိုရင် ပြောဖွယ်ရာမရှိဘူးဆိုတာကိုပါ။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကလည်း ကျွန်တော်တို့ရွာရဲ့ အနောက်ဘက်ကွင်းမှာနေတဲ့ နှစ်တန်းတက်နေတဲ့ ကျောင်းသူမိန်းကလေး တစ်ယောက် ကျောင်းကိုလာတဲ့လမ်းမှာ မတော်တဆ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ဖူးပါတယ်။ သူ့အိမ်ကနေ ကျောင်းကိုလာတဲ့လမ်းမှာ မြောင်းငယ်တစ်ခုရှိပါတယ်။ မြောင်းတစ်ဖက်ကိုကူးလို့ရအောင် ဝါးတံတား လေးတစ်ခု ထိုးထားပါတယ်။ အဲဒီတံတားပေါ်ကနေ မတော်တဆပြုတ်ကျ ပြီး သေဆုံးရတာဖြစ်ပါတယ်။ မိဘတွေလည်း အတော့်ကို ခံစားခဲ့ရပါတယ်။ 

မကြာခင်အချိန်မှာ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ ထင်ပါတယ်။ မိုးတွင်းကာလမှာ မြို့ပေါ်က ကျောင်းသား၊ ကျောင်းသူတွေဟာ ရွှံဗွက် လမ်း၊ ရေချိုင့်၊ ရေအိုင်၊ ချောင်း၊ မြောင်းတွေကို ကျော်ဖြတ်ပြီး ကျောင်း ကိုမသွားရပေမယ့် တောရွာတွေက ကျောင်းသား၊ ကျောင်းသူကလေး တွေကတော့ နေ့စဉ်နဲ့အမျှ သွားလာနေရတာဖြစ်ပါတယ်။ ကန်သင်းရိုး လမ်းတွေကနေတစ်မျိုး၊ ဆက်သွယ်ရေးလမ်းမတွေကနေတစ်ဖုံ ကျောင်းကိုသွားလာကြရတာဖြစ်ပါတယ်။ ကလေးအများစုကတော့ မိဘတွေက လိုက်ပို့ပေးတာမို့ ပြဿနာမရှိပါဘူး။ တချို့ကလေးတွေကျတော့ မိဘတွေက အချိန်မပေးနိုင်တော့ ကျောင်းကို ကိုယ့်အားကိုယ်ကိုးပြီး လာရပါ တယ်။ အဲဒီကလေးတွေအတွက်တော့ စိုးရိမ်မိပါတယ်။ တောအရပ်မှာရှိတဲ့ ကန်သင်းရိုးလမ်းတွေဆိုတာ ရွှံ့လမ်းတွေဖြစ်တာမို့ မိုးရွာရင် အလွန်ချော်ပါတယ်။ လမ်းဘေးမှာက ရေပြည့်နေတဲ့မြောင်းတွေနဲ့ လယ်စိုက်ခင်းတွေပဲရှိတာပါ။ မတော်တဆခြေချော်ပြီးပြုတ်ကျခဲ့ရင် ဘေးမှာလူရှိနေရင် တော်ပါသေးတယ်။ လူမရှိလို့ကတော့ မတွေးရဲစရာပါပဲ။

ကျွန်တော့်ဆန္ဒကိုပြောရရင် ကျောင်းသားမိဘတွေအနေနဲ့ အခုလို မိုးရာသီမှာ ကလေးငယ်တွေကို ကျောင်းကိုရောက်အောင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးစေချင်ပါတယ်။ မအားလပ်ဖြစ်နေလို့ ကိုယ်တိုင်လိုက် မပို့နိုင်ရင်လည်း ကလေးကို စိတ်ချရတဲ့အသိမိတ်ဆွေတစ်ယောက်ယောက်နဲ့ ထည့်ပေးသင့်ရင် ထည့်ပေးဖို့လိုပါတယ်။ ကလေးတစ်ယောက်တည်းတော့ လွှတ်ဖို့မသင့်ပါဘူး။ ဒီလိုပဲ ညနေကျောင်းဆင်းချိန်ကိုလည်း ပြန်ကြိုပေးစေချင်ပါတယ်။ တစ်ခါတလေ ညနေခင်း ကျောင်းလွှတ်ချိန်ဆိုရင် မိုးကပိုရွာတတ်ပါတယ်။ တကယ်လို့ မိဘကိုယ်တိုင်က ကျောင်းပို့၊ ကျောင်းကြို မလုပ်ပေးတဲ့အခါ ကလေးက အိမ်ကိုတည့်တည့်မတ်မတ်ပြန်မလာဘဲ လမ်းမှာရေဆော့တာတို့၊ ချော်လဲတာတို့ ဖြစ်တတ်ပါတယ်။ ရေဆော့စရှိတဲ့ ကလေးတစ်ယောက်ဟာ ရေကိုမကြောက်တော့ဘဲ ရေမြင်တိုင်းဆော့ကစားချင်စိတ်ဖြစ်နေပါလိမ့်မယ်။ 

နိဂုံးအနေနဲ့ပြောရရင် ကျောင်းတက်ကြရမယ့် ကလေးတွေမှ မဟုတ်ပါဘူး။ ကျောင်းမတက်ရသေးတဲ့ ကလေးငယ်တွေကိုလည်း မိဘတွေအနေနဲ့ ဒီအချိန်မှာ အထူးသတိထားစောင့်ကြည့်သင့်ပါတယ်။ လူကြီး တွေမရှိတဲ့အချိန်ဖြစ်ဖြစ်၊ လူကြီးမသိလိုက်တဲ့အချိန်ဖြစ်ဖြစ် ကလေးက ရေကန်စပ်ဆင်းတာတို့၊ ရေထဲဆင်းကစားတာတို့ ပြုလုပ်တတ်တာကို အထူးသိထားသင့်ပါတယ်။ အသက်အန္တရာယ်ထိခိုက်မှုဖြစ်မှ ဝမ်းနည်းငိုကြွေးတာထက် အန္တရာယ်မဖြစ်ခင်က ကြိုတင်သတိထားဖို့လိုပါတယ်။ “ဒီလမ်း၊ ဒီခရီးကသွားနေကျပဲ ဘာအန္တရာယ်မှမဖြစ်နိုင်ဘူး” လို့ ပေါ့ပေါ့ ဆဆတွေးပြီးတော့လည်း ကလေးကို မလွှတ်စေချင်ပါဘူး။ 

လူကြီးတွေအတွက် အန္တရာယ်မဖြစ်နိုင်ပေမယ့် ကလေးငယ်တွေ အတွက်ကတော့ မဖြစ်နိုင်ဘူးလို့ တရားသေပြောလို့မရတာကြောင့်ပါ။ လူကြီးမိဘတွေအနေနဲ့ရော၊ ကျောင်းဖွင့်လို့ ကျောင်းတက်ရတဲ့အခါ ဆရာ၊ ဆရာမတွေကပါ ကလေးတွေကို ရေအန္တရာယ်မတော်တဆ ဖြစ်နိုင်တဲ့အချက်တွေကို သေချာရှင်းပြထားဖို့ လိုမယ်ထင်ပါတယ်။ ခြောက်လန့်သင့်ရင် ခြောက်လန့်ထားရပါမယ်။ ဒါမှ ကလေးတွေအနေနဲ့ ရေဘေးအန္တရာယ်ကနေ လွတ်ကင်းမယ်မဟုတ်ပါလားဗျာ။ ။

မောင်ငြိမ်းချမ်း (ခရမ်းမြေ)