News

POST TYPE

PERSPECTIVE

ဘာသာရေးပြည်ဝင်ခွင့် ဗီဇာ ပြဌာန်းချိန် ရောက်ပြီထင့်
22-May-2020


ရန်ပိုင် ။ ကိုရန်နိုင်ရေ၊ သီချင်းလေးညည်းနေတာ ဘာတွေလဲဗျ လုပ်ပါဦး။

ရန်နိုင် ။ မင်းနဲ့အရင်လိုဘဝမျိုး ရောက်ချင်တယ်၊ အရင်တစ်ခါနေလာခဲ့တဲ့ဘဝကို ပြန်လိုချင်သေးတယ်။

ရန်ပိုင် ။ ဆွေးနွေးဖို့ အကြောင်းအရာရွေးပါဆိုမှ မိုးအေးအေးနဲ့ ခံစားချက်တွေ ပေါက်ကွဲပြနေ ဒီအရွယ်မှ အသည်းတွေဘာတွေများ ကွဲနေသလား ကိုရန်နိုင်ရေ။

ရန်နိုင် ။ မဟုတ်ပါဘူး ကိုရန်ပိုင်ရေ။ ကိုဗစ်ကြောင့် ရန်ကုန်မြို့ကြီး အရင်လိုပြန်မဖြစ်နိုင်သေးတာကို တွေးမိလို့ပါဗျာ။ လူတွေအားလုံးရဲ့ မျက်နှာတွေပေါ် စိုးရိမ်မှုတွေ သောကတွေနဲ့ နေထိုင်မှုပုံစံသစ်မှာ အသားမကျနိုင်သေးတဲ့ အမူအရာတွေကို မျက်နှာတွေပေါ်ကနေဖတ်လို့ရနေတယ် ကိုရန်ပိုင်ရ။ အယ်ဘတ်ကမူးရေးပြီး ဆရာထင်လင်းဘာသာပြန်ထားတဲ့ ပုလိပ်ဆိုတဲ့ဝတ္ထုတောင် အမှတ်ရမိသားဗျ။

ရန်ပိုင် ။ ဟုတ်တယ်ဗျ။ မြန်မာပြည်ရဲ့ကိုဗစ် ပထမလှိုင်းကတော့ ငြိမ်သလောက်ရှိသွားပေမယ့် ဒုတိယလှိုင်းအရိပ်အရောင်တွေတော့ တွေ့လာရတယ်ဗျ။ ပထမလှိုင်းက ရန်ကုန်ကိုဗဟိုပြုတယ်လို့ယူဆရပေမယ့် ခုဒုတိယ လှိုင်းကတော့ တစ်နိုင်ငံလုံးဖြန့်ကြက်လာတယ်လို့ထင်တယ် ကိုရန်နိုင်ရေ။ အကြောင်းကတော့ အရင်မတွေ့ရသေးတဲ့ တိုင်းတွေ ပြည်နယ်တွေမှာပါ တွေ့လာရတယ်လေ။ ပထမလှိုင်း ရန်ကုန်ကိုဗဟိုပြုပြီး လူနှစ်ယောက်၊ သုံးယောက်ကနေ တစ်ဆင့်ဖြစ်ပွားခဲ့တာဟာ အလွှာတစ်ခုမှာပဲလို့ မှတ်တယ်ဗျ။ ဒါကလည်း ကံကောင်းတယ်လို့ပဲ ယူဆရမယ်။ အထူးသဖြင့် တရားဟောဆရာတစ်ယောက်ကနေတစ်ဆင့်ကူးစက်မှုက ဂဏန်းသုံးလုံး လောက်ရှိခဲ့တာနော်။

ရန်နိုင် ။ တရားဟောဆရာဆိုလို့ တစ်နေ့ကတော့ ရောဂါပျောက်ပြီး ကွာရန်တင်းရက်စေ့လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အမှုဆက်လက်ရင်ဆိုင်ဖို့ ချုပ်ရက်ရမန်ယူပြီး အင်းစိန်အကျဉ်းထောင် ပို့လိုက်ပြီ၊ ကြားတယ်။

ရန်ပိုင် ။ ဟုတ်တယ် ကိုရန်နိုင်ရေ။ ဘာသာတရားတိုင်းမှာ ကောင်းမွန်တဲ့ဓမ္မဆိုတဲ့တရားကရှိပြီးသား။ ဒါပေမဲ့ လက်ခံကျင့်သုံးသူတချို့ကြောင့် အကျည်းတန်သွားရတာလည်း သတိပြုစရာပေါ့။ အထူးသဖြင့် ဘာသာရေးဆိုင်ရာ အလှုပ်အခတ်များတဲ့ ကျွန်တော်တို့လိုနိုင်ငံမှာ အဘက်ဘက်ကနေ သတိထားဖို့လိုအပ်တယ် မဟုတ်လား။

ရန်နိုင် ။ ခင်ဗျားပြောမှ သတိရလာလို့ ပြောရဦးမယ်။ ဒီတရားဟောဆရာက မြန်မာလူမျိုး ကနေဒါနိုင်ငံသားလို့ ဆိုတယ်ဗျ။ ဒီတရားဟောဆရာ မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ ဗီဇာအမျိုးအစားက ဘယ်လိုဗီဇာမျိုးလဲပေါ့။ မြန်မာနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးကပြဋ္ဌာန်းထားတဲ့ ဗီဇာအမျိုးအစားတွေနဲ့ပတ်သက်ပြီး ပြောရရင် Business Visa၊ Workshop/ Seminar/Meeting/Research Visa၊ Transit Visa ၊ Crew Visa ၊ Tourist Visa ရယ်လို့ အကြမ်းဖျင်းရှိတာ။ ကမ္ဘာလှည့်ဗီဇာနဲ့ဝင်ရောက် ခဲ့တာဖြစ်မယ်ဗျ။ ဒီနေရာမှာ ဖတ်ခဲ့ဖူးတာလေးတစ်ခုကို ဝေမျှချင်တယ် ကိုရန်ပိုင်။

ရန်ပိုင် ။ လုပ်ပါဦး ကိုဗစ်ရယ်၊ တရားဟောဆရာရယ်၊ ဗီဇာရယ်ဆိုတော့ ဘာတွေများလဲဗျ။

ရန်နိုင် ။ လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် အပြည့်အဝရှိပါတယ်ဆိုတဲ့ အနောက်နိုင်ငံကြီးတွေမှာ ပြဋ္ဌာန်းထားတဲ့ ဘာသာရေးဆိုင်ရာ ပြည်ဝင်ခွင့်ဗီဇာတစ်မျိုးရှိတယ်ဗျ။ ဆိုလိုတာက အခြားတိုင်းပြည်တွေက ဘာသာရေးတရားဟောဆရာတွေ သူတို့တိုင်းပြည်ထဲဝင်ရောက် တရားဟောပြောမယ်ဆိုရင် မဖြစ်မနေ ဗီဇာတစ်မျိုးလျှောက်ထားပြီးမှ ဝင်ရောက်လိုရတယ်ဗျ။ ဥပမာ-အမေရိကန်ပြည်ထောင်စုဆို Temporary Religious Worker Visa ကိုလျှောက်ရတယ်၊ အင်္ဂလန်ဆို Minister of Religion Visa (Tier 2) ကို လျှောက်ရတယ်၊ ကနေဒါနိုင်ငံဆို Employer Specific Work Permit ဆိုပြီး လျှောက်ထားပြီးမှ ဟောပြောလို့ရတယ်လို့ သိရတယ်ဗျ။ အဓိပ္ပာယ်ကတော့ အခြားတိုင်းပြည်က ဘာသာ ရေးတရားဟောဆရာတွေ သူတို့နိုင်ငံတွေဝင်ရောက်ပြီး သူတို့နိုင်ငံတွေ မှာ ပဋိပက္ခဖြစ်စေနိုင်တဲ့ အမုန်းတရားတွေ ဟောမှာပြောမှာစိုးလို ဘာသာရေးဆိုင်ရာအတွက် သီးသန့်ဗီဇာလိုမျိုး ပြဋ္ဌာန်းထားတာဗျ။ အမေရိကန်ပြည်ထောင်စုနဲ့ အင်္ဂလန်ဆို ၉/၁၁ နောက်ပိုင်း ဗလီတွေမှာ အင်္ဂလိပ်ဘာသာစကားမျိုးနဲ့သာ တရားဟောခွင့်ပေးတာ စတဲ့တင်းကျပ်မှုမျိုးတွေထိ လုပ်လာတယ်လို့ ဖတ်ဖူးတယ်ဗျ။ မြန်မာနိုင်ငံမှာ ဘာပဲပြောပြော အခုလို ဖြစ်သွားတာ သင်ခန်းစာတစ်ခု ရလိုက်တယ်လို့မှတ်တယ် ကိုရန်ပိုင်ရေ။  နောက်ဆိုလုပ်သင့်တာက ဘယ်ဘာသာဖြစ်ဖြစ် တရားဟောဆရာဆိုတာ မျိုး ဝင်ရောက်မယ်ဆို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေက ကြီးကြပ်လို့ တာဝန်ခံတာဝန်ယူတာမျိုးတွေ ပြုလုပ်တာ၊ ဒါ့အပြင်ဘာသာ ရေးဆိုင်ရာပြည်ဝင်ခွင့်ဗီဇာမျိုးတွေ ပေါ်ပေါက်လာစေဖို့ ဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းဖို့ ဆိုတာမျိုးတွေ ပြုလုပ်ချိန်တန်ပြီလို့ထင်တာပဲ ကိုရန်ပိုင်ရေ။ ဒါမှ တိုးရစ်ဗီဇာလိုမျိုး ရယူဝင်ရောက်ပြီးမှ လုပ်ချင်ရာလုပ်တဲ့အဖြစ်မျိုးတွေ မဖြစ်မှာဗျ။

ရန်ပိုင် ။ ခင်ဗျားပြောလိုက်မှပဲ ကျွန်တော်လည်း သတိထားမိတာလေးတစ်ခု အမှတ်ရလာတယ်ဗျ။ ကျွန်တော်တို့နေတဲ့ လှည်းတန်းဆိုတာ လူစည်ကားပြီး အသွားအလာများပြားတဲ့ နေရာမဟုတ်လား။ တစ်ခါတစ်ရံ ရှောပင်းစင်တာမျိုးအောက်တွေမှာ အနောက်နိုင်ငံသူ အမျိုးသမီးလေးတွေ ဘာသာရေးဆိုင်ရာ လက်ကမ်းစာစောင်လေးတွေဝေနေတာမျိုးလည်း တွေ့ဖူးတယ်ဗျ။ အလားတူ အာရှနိုင်ငံကြီးတွေကလည်း လာရောက်ကြတာမျိုးလည်း ကြားဖူးတယ်ဗျ။ ဘာပဲပြောပြော ဝင်ချင်သလိုဝင်လာပြီး လုပ်ချင်တာလုပ်ဆိုတာမျိုးထက် စနစ်တကျလေးလုပ်ဖို့ လိုအပ်လာပြီဆိုတာက အမှန်ပဲ ကိုရန်နိုင်ရေ။ ကျွန်တော်တို့ ကွန်ဆာဗေးတစ် မဟုတ်ပါဘူး၊ ဒီမိုကရေစီနှုန်းစံတွေအတိုင်း ဖြစ်ဖို့တော့လိုအပ်တယ်။ 

ရန်နိုင် ။ အေးဗျာ ဒီအပတ်စကားဝိုင်းကို မကြာသေးမီက ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာကိုတာ (ပို့ဆောင်ရေးနှင် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၏ညီ) ရဲ့ ကျေးရွာတို့ရဲ့အားဆိုတဲ့ ဆောင်းပါးနဲ့ အဆုံးသတ်ချင်တယ် ကိုရန်ပိုင်ရေ။ ဆရာရဲ့ဆောင်းပါးအကျဉ်းကတော့ ကိုဗစ်ကာလကျေးရွာတွေဟာ သူ့နည်းသူဟန်နဲ ့ကာကွယ်ရေးတွေလုပ်ဆောင်ပြီး စည်းလုံးနေတယ်၊ ညီညွတ်နေတယ်၊ ကျန်းမာနေတယ်လို့ ရေးထားတယ်ဗျ။ အဆုံးမှာတော့ 'တိုင်ပြည်ဟာ ဒူပေနာပေ အတော်ခံတဲ့တိုင်းပြည်လို့ အမွမ်းတင်ကြရင် ဒူပေနာပေခံခြင်း အကြောင်းတရားဟာဖြင့် ကျေးရွာအင်အားပဲလို့ ယူဆပါတယ်'ဆိုပြီး အဆုံးသတ်ထားတယ်ဗျ။ ဒါ့ကြောင့် ကျေးလက်တောရွာတွေ ဆက်လက်တောင့်ခံနိုင်ပါစေ၊ ကိုဗစ်ကပ်ဘေးကနေ ကျေးရွာတွေ မကျမှ မြို့ပြတွေ ဆက်လက်တောင့်ခံနိုင်မယ်ထင်ပါကြောင်း။

ချမ်းမြသာယာရှိကြပါစေ
အဂ္ဂ