News

POST TYPE

PERSPECTIVE

ကပ်ဘေးကင်းတဲ့ ခေါင်းလောင်းသံ တစ်ဖန် ကြားနိုင်ဖို့ဆိုရင်
22-May-2020


ယခု ရက်ပိုင်းမှာပဲ အခြေခံပညာကျောင်းတွေကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းမှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ပြောကြားချက်အပြီးမှာ သက်ဆိုင်ရာပညာရေးဌာနကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးမယ့်ကိစ္စနဲ့ အခြားသော ကျောင်းဖွင့်လှစ်ရေးဆိုင်ရာ ကြေညာချက်တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကြောင့် တချို့သောကျောင်းသားမိဘတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ပြည်သူတွေကြားမှာ စိုးရိမ်စိတ်နဲ့ ဝေဖန်သံတွေ ထွက်ပေါ်လာတာကို ကြားမိဖတ်မိပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ယခုလို ကိုဗစ်ကပ်ရောဂါဘေးကျရောက်နေတဲ့ကာလ၊ ကမ္ဘာ့နိုင်ငံတချို့မှာ သေဆုံးမှုနှုန်းတွေ မြင့်တက်နေသေးတဲ့အချိန်၊ ကိုယ့်နိုင်ငံအတွင်းမှာလည်း ရောဂါပိုးတွေ့ရှိသူတွေ ဆက်လက်တွေ့ရှိနေဆဲကာလမှာ ကျောင်းတွေဖွင့်လှစ်မယ်ဆိုရင် ကလေးတွေအတွက် စိုးရိမ်ရတဲ့အခြေအနေက ရှိနေဆဲကာလဖြစ်နေလို့ပဲဖြစ်တယ်လို့ ဆိုကြပါတယ်။ အမှန်တော့ တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်ကြတဲ့အတွက် ဒီအခြေခံကျတဲ့ မျိုးဆက်သစ်တွေရဲ့ကျောင်းဖွင့်ချိန်ဟာ COVID-19 ကပ်ရောဂါကြောင့် နှောင့်နှေးနေရတာမျိုး မဖြစ်စေလိုတာမို့ အစိုးရပိုင်း၊ တာဝန်ရှိသူတွေအပိုင်းကလည်း ပြန်လည်ဖွင့်လှစ်ဖို့ စီမံတာမျိုးဖြစ်နိုင်ပါတယ်။ 

ဒီအပေါ်တချို့ကလည်း မြန်မာနိုင်ငံမှာ ကျောင်းတွေတစ်နှစ်လုံး ပိတ်တာမျိုးကို အရင်အစိုးရလက်ထက်ကလည်း လုပ်ခဲ့ဖူးတဲ့အတွက် ယခုလို ရောဂါဆိုးကြီး ကြုံရတဲ့အချိန်မှာလည်း ကာလအပိုင်းအခြားတစ်ခုမှာ ပိတ်ပေးလိုက်လို့လည်း သိပ်မထူးပါဘူးလို့ ဆိုကြတာလည်း ရှိပါတယ်။ တကယ်တမ်းသာကျောင်းတွေကို ကာလရှည်ပိတ်ခဲ့မယ်ဆိုရင် လက်တွေ့မှာတော့ ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှုတွေကများတာမို့ အစိုးရ တာဝန်ရှိသူတွေစီစဉ်နေသလို မကြာမီအချိန်အတွင်းမှာ ကျောင်းခေါင်းလောင်းသံတွေ ပြန်လည်ကြားနိုင်ဖို့ဆိုရင် ပညာရေးကဏ္ဍမှာ ပါဝင်ပတ်သက်သူ (Stakeholders) တွေဖြစ်ကြတဲ့ မိဘ၊ ဆရာ၊ ကျောင်းသားနဲ့ တာဝန် ရှိသူအားလုံးတို့က ဝိုင်းဝန်းကြိုးစားကြဖို့ လိုအပ်ပါတယ်။ ဒီအတွက် ဒီဆောင်းပါးမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ဝိုင်းဝန်းကူညီကြစို့ဆိုတဲ့ ရှုထောင့်ကနေ ကျွန်မတို့ ဆွေးနွေးသွားကြရအောင်ပါ။

တကယ်တော့ ကျောင်းပိတ်လိုက်ရခြင်းရဲ့ နောက်ကွယ်မှာ ဆိုးကျိုးတွေများစွာရှိပါတယ်။ ဒီအကြောင်းတွေကို ဦးစွာဆွေးနွေးရရင် တကယ်တမ်းသာ စာသင်နှစ်တစ်နှစ်ပိတ်လိုက်တာနဲ့ အဲဒီစာသင်နှစ်မှာ တက္ကသိုလ်တွေကနေ ဘွဲ့ရသူမရှိနိုင်တဲ့အတွက် အဲဒီနှစ်မှာ အငြိမ်းစားယူသူတွေသာရှိပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် လတ်တလောအလုပ်ဝင်နိုင်မယ့်သူမရှိဘဲ လူ့စွမ်းအားအရင်းအမြစ်အပေါ်မှာ သက်ရောက်မှု ရှိလာမှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အသက်တစ်နှစ်ကြီးမှ လုပ်ငန်းခွင်ဝင်ရတဲ့အတွက် ပင်စင်ယူချိန် တစ်နှစ်စာနစ်နာတဲ့အပြင် နိုင်ငံတကာကျောင်းသားတွေနဲ့ယှဉ်ရင်လည်း နောက်ကောက်ကျနိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ပညာရေးဝန်ထမ်းတွေကို လစာအသားတင်ပေးထားရတဲ့အတွက် ပြည်သူ့ဘဏ္ဍာတွေ တစ်နှစ်စာ အလဟဿဆုံးရှုံးမှုရှိပါတယ်။ ဒါက မြင်သာတဲ့ရှုထောင့်က ဆွေးနွေးခြင်းပါ။ ကျောင်းတွေပိတ်လိုက်လို့ ကျောင်းသား၊ ကျောင်းသူတွေ ပညာရေးဆုံးခန်းမတိုင်တော့ဘဲ ပြင်ပလောက ရောက်ကုန်တာတွေ၊ အရွယ်မတိုင်မီ လူမှုရေးပြဿနာတွေနဲ့ ရင်ဆိုင်ရတာတွေ၊ လမ်းမှားရောက်သွားတာတွေ၊ တီထွင်ဖန်တီးလိုစိတ်တွေ လျော့ကုန်လို့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်ကုန်မှာတွေစသဖြင့် လတ်တလော သိသာမြင် သာခြင်းမရှိတဲ့ ဆုံးရှုံးမှုတွေလည်း အများကြီးရှိလာနိုင်မှာပါ။ အဆိုးဆုံးကတော့ ကျောင်းပိတ်ထားချိန်မှာ ကျောင်းသားတွေအနေနဲ့ ပညာဆက်သင်ယူချင်စိတ်မရှိတော့ဘဲ အနည်းနဲ့အများ စိတ်လေသွားခြင်းပါပဲ။ ကျွန်မ ရဲ့အမြင်ပြောရရင်တော့ ကျွန်မတို့နိုင်ငံက ကျောင်းသားအများစုဟာ ကိုယ်တိုင်လေ့လာသင်ယူခြင်း (Self- study) ဘယ်လောက်လုပ်လုပ် စာမေးပွဲဆိုတဲ့ မောင်းနှင်အားမရှိရင် လေ့လာသင်ယူနှုန်းဟာ ထင်သလောက် ခရီးမရောက်ဘူးဆိုတာကို လေ့လာမှုတွေအရ သိရပါတယ်။  

အခြားတစ်ဖက်မှာဖြစ်ပေါ်လာတဲ့ မိဘအုပ်ထိန်းသူတွေရဲ့ စိုးရိမ်မှုတွေ

ကျောင်းတွေပြန်ဖွင့်ရေးမှာ မိဘအများစု စိုးရိမ်နေကြတာကတော့ ကျောင်းစာသင်ခန်းတွေထဲမှာ ကလေးတွေပါးစပ်နှာခေါင်းစည်း (Mask) တွေ၊ မျက်နှာကာ (Face Shield) တွေကို ကြာရှည်တပ်မထားနိုင်မှာ၊ Mask တွေနဲ့ဆော့ကစားရင်း ရောဂါကူးစက်မှာ၊ Social Distancing ဖြစ်အောင်မနေနိုင်ကြမှာ၊ လက်ကို စနစ်တကျမဆေးကြမှာ၊ အသုံးပြုပြီးသား Mask တွကို စနစ်တကျစွန့်ပစ်ခြင်း မပြုကြမှာ၊ ကျောင်းကြို၊ ပို့ရာကနေ ကူးစက်ခံရမှာ စတာတွေကို တွေးပူနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအတွက် တချို့မိဘတွေက ဇူလိုင်လအတွင်း အစိုးရကကျောင်းတွေပြန်ဖွင့်မယ်ဆိုရင်တောင် COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မှုမရှိမချင်း ကိုယ့်သားသမီးတွေကို ကိုယ့်သဘောနဲ့ကိုယ် ကျောင်းနားထားဖို့ ဆုံးဖြတ်ထားကြတယ်လို့လည်း သိရပါတယ်။ တကယ်တမ်းဆိုရင် ဒီ COVID-19 ကပ်ရောဂါကူးစက်မှုဟာ ဘယ်အချိန်မှာ ထိန်းချုပ်နိုင်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်သေးတာကြောင့် ရေရှည်မှာကလေးတွေရဲ့ ပညာရေးကိုရပ်ထားလို့ အဆင်မပြေတာမို့ ရောဂါကူးစက် ပြန့်ပွားမှုကိုကာကွယ်ကြရင်း ရှေ့ဆက်နိုင်ဖို့ အဖြေရှာကြရမှာပဲ ဖြစ်ပါတယ်။ 

အခုဆိုရင်ပဲ နိုင်ငံတကာမှာလည်း COVID-19 ကို ကာကွယ် ထိန်းချုပ်ဖို့ Stay Home ကာလတွေမှာ လူတွေရဲ့နေ့စဉ်ဘဝနေထိုင် စားသောက်တဲ့ပုံစံတွေသာမက အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ အခြေအနေသစ်တစ်ခုကို ပုံမှန်ဖြစ်အောင်လုပ်ခြင်း (New Normal) ကို စတင်နေကြပေမယ့် ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံအဖို့တော့ ပညာရေးကဏ္ဍအတွက် ခုလိုအခြေအနေကို ပုံမှန်ဖြစ်အောင်လုပ်ယူဖို့ဆိုတာ စိန်ခေါ်မှုများဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ မျိုးဆက်သစ်တွေကို COVID-19 အကြောင်းပြုလို့  ပုံမှန်နေထိုင် စားသောက်ပညာသင်ယူရာကနေ ပုံစံသစ်တစ်ခုမှာ နေသားကျအောင် ခုကတည်းက အဖြေရှာ ပြင်ဆင်ပေးသင့်ပါပြီ။ အခြေအနေသစ်တစ်ခုကို ပုံမှန်ဖြစ်အောင်လုပ်ခြင်း (New Normal) ကို လေ့ကျင့်သင်ကြားပေးကြရမှာဖြစ်သလို အာရှနိုင်ငံတွေမှာ ကျောင်းတွေ ဘယ်လိုပြန်ဖွင့်ကြသလဲဆိုတာကိုလည်း လေ့လာအတုယူဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။

အရင်ဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံကို လေ့လာကြည့်မယ်ဆိုရင် ကျွန်မတို့နိုင်ငံလိုပဲ ကျောင်းတွေကို ဇူလိုင်လမှာပြန်ဖွင့်မယ် ကြေညာထားတာကြောင့် ကျောင်းတွေပြန်မဖွင့်ခင်မှာ အစိုးရက ကျောင်းသားကျောင်းသူတွေအတွက် အွန်လိုင်းနဲ့ ရုပ်သံလိုင်းအချို့ကနေ ပညာရေးနဲ့ အဝေးသင်ပညာရေးအတွက် သီးသန့်လိုင်းတွေအပြင် သက်မွေးမှုပညာရေး (Vocational Education) အတွက်ပါ သင်ခန်းစာတွေကိုလည်း သီးသန့်လိုင်းတွေနဲ့ စမ်းသပ်ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။ နောက်ပြီး Online Learning လုပ်ဖို့ အဆင်ပြေ မပြေ၊ အိမ်မှာ ကွန်ပျူတာရှိ၊ မရှိ၊ အင်တာနက် ချိတ်ဆက်ထားမှု ရှိ၊ မရှိ၊ အိမ်ကနေလုပ်ပေးနိုင်၊ မပေးနိုင်၊ မိဘတွေကို စစ်တမ်းကောက်ကြတာ တွေ့ရပါတယ်။ အိမ်မှာ ကွန်ပျူတာမရှိတဲ့ ကလေး တွေ၊ လျှပ်စစ်မီး၊ အင်တာနက်မရတဲ့နေရာက ကလေးတွေကတော့ ကျောင်းကိုပဲ သွားသင်ရမှာဖြစ်သလို ဆရာ၊ ဆရာမတွေကိုလည်း အွန်လိုင်း App- lication တွေနဲ့ သင်ကြားသင်ယူမှုတွေကို လုပ်ဆောင်နိုင်ဖို့ သင်တန်းတွေ ပေးထားပြီးပြီလို့ သိရပါတယ်။ စင်ကာပူမှာလည်း ဇွန် ၂ ရက်မှာ ကျောင်းတွေပြန်ဖွင့်တဲ့အခါ အိမ်တွင်နေ၍လေ့လာခြင်း (Home-based Learning) နဲ့  School Learning ကို တစ်လှည့်စီလုပ်ပြီး ဖွင့်မယ်လို့ သိရပါတယ်။ ကျောင်းတွေမှာလည်း ရောက်တာနဲ့ ကိုယ်အပူချိန်တိုင်းဖို့တွေ၊ လက်ဆေးဖို့တွေ၊ စားပွဲတွေကိုလည်း အကုန်ခွာထားပြီး လူစုလူဝေးနဲ့ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေကိုလည်း ရပ်ထားပါတယ်။ မုန့်စားဆင်းချိန်ကိုလည်း တစ်တန်းစီ ပေးသွားပြီး ကိုယ့်ထိုင်ခုံနံပါတ်နဲ့ကိုယ် ထိုင်စေကြတယ်လို့ လေ့လာရပါတယ်။

ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း ကျောင်းတွေကို မေလ ၄ ရက်နေ့ က ပြန်ပြီးဖွင့်ခဲ့ရာမှာ ကလေးတွေကို ကျောင်းပေါက်အဝမှာကတည်းက ကိုယ်အပူချိန်တိုင်းပါတယ်။ ပါးစပ်၊ နှာခေါင်းစည်း (Mask) တွေ တစ်ချိန်လုံးတပ်ထားရပြီး တစ်ယောက်နဲ့တစ်ယောက်မထိဖို့ ဆရာ၊ မိဘတွေက သေချာမှာထားပါတယ်။ ကျောင်းထဲက နေရာအတော်များများမှာလည်း လက်သန့် ဆေးရည်တွေထားပေးပြီး လက်ဆေးဖို့နေရာတွေလည်း စီစဉ်ပေးထားသလို ဆရာ၊ ဆရာမတွေကိုလည်း သင်တန်းပေးထားပြီး မိဘတွေကလည်း ပညာရေးဌာနနဲ့ကျောင်းတွေကို ယုံကြည်ကြကြောင်း၊ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျောင်းသားတွေကို ဆေးစစ်ဖို့ အလုံအလောက် တာဝန်ချထားပေးကြကြောင်း အဲလို အဘက်ဘက်က အားလုံးစနစ်တကျ ပြင်ဆင်ပြီး ကျောင်းတွေဖွင့်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

ဒါ့အပြင် ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာဆိုရင်လည်း ဧပြီလကတည်းက ကျောင်းတွေကိုပြန်ဖွင့်လို့ ရှန်ဟိုင်းနဲ့ ဘေဂျင်းက ကျောင်းသားတွေ ကျောင်းပြန်တက်နေပါပြီ။ စာသင်ခန်းထဲမှာ နှာခေါင်းစည်း (Mask) တွေ၊ မျက်နှာကာ (Face Shield) တွေ တပ်ထားပြီး၊ တစ်ယောက်နဲ့တစ်ယောက်ဟာ ၃ ပေအကွာ ထိုင်ခုံတွေမှာထိုင်ကာ စာသင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံဟာ အွန်လိုင်းကတစ်ဆင့် သန်းပေါင်းများစွာသော ကျောင်းသားတွေကို နေရာတိုင်းမှာ ပညာသင်ကြားနိုင်စေဖို့ သင်ခန်းစာပို့ချချက်တွေကို ရုပ်သံလိုင်းများစွာကနေ အဆောတလျင် လုပ်ဆောင်ခဲ့ကြပါတယ်။ အစိုးရကဦးဆောင်ပြီး တရုတ်နိုင်ငံ ဆက်သွယ်ရေး အော်ပရေတာကြီးတွေနဲ့ ICT နည်းပညာကုမ္ပဏီကြီးတွေကလည်း ထောက်ပံ့ပေးကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောင်းတွေကို ကျောင်းချိန်တွေလျှော့ပြီး ပြန်ဖွင့်ခဲ့ပါတယ်။ ကျောင်းချိန်လျှော့ချရာမှာ တချို့ကို မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းနှစ်ချိန်ခွဲပြီး တစ်ပိုင်းစီတက်ရောက်စေတဲ့စနစ်နဲ့ လျှော့ချခဲ့သလို တချို့ကိုတော့ ရက်သတ္တပတ်မှာ နှစ်ရက် သုံးရက်တက်စေတဲ့နည်းနဲ့ လျှော့ချခဲ့တာဖြစ်ပါတယ်။ ခုလိုပြန်လည်ဖွင့်လှစ်တာဟာ မူလသတ်မှတ်ထားတဲ့ ပြန်လည်ဖွင့်လှစ် ချိန် (မေလကုန်) ထက်စောပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ကျောင်းတချို့မှာ ကလေးတွေဟာ နှာခေါင်းစည်း (Mask) နဲ့ လက်အိတ်တွေပါ ဝတ်ဆင်ထားကြပြီး ကိုယ်အပူချိန် စနစ်တကျအတိုင်းခံပြီးမှ ကျောင်းထဲဝင်ရောက်ကြတာကို တွေ့မြင်နေကြရပါတယ်။

ဒီအတွက် မြန်မာနိုင်ငံအနေနဲ့လည်း အားလုံးကို ထပ်တူကျင့်သုံးဖို့ မဖြစ်နိုင်တဲ့အတွက် ကျွန်မတို့နိုင်ငံနဲ့ ပိုပြီးသင့်တော်အောင် Global နဲ့ Local ပေါင်းစပ်ပြီး Glocal အစီအမံတွေနဲ့ ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာကို အားလုံးက ဝိုင်းစဉ်းစားပေးကြရမှာဖြစ်ပါတယ်။ အဓိကကတော့ Stakeholders တွေဖြစ်ကြတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဆရာ၊ ဆရာမတွေ၊ မိဘတွေ၊ အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေဟာ ကျောင်းတွေကပ်ရောဂါဘေးကင်းဝေးပြီး အဆင်ပြေပြေနဲ့ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပူးပေါင်း လုပ်ဆောင်ကြဖို့ အချိန်တန်ပြီဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Video Conferencing မှာ ပြောသွားသလို နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးဟာ ရပ်ထားလို့ မရဘူးဆိုတာရယ်၊ ကျောင်းသားဆိုတာမျိုးဟာ ကျောင်းနဲ့ အချိန်ကြာကြာ ကင်းကွာသွားတဲ့အခါမှာ ပညာသင်ချင်စိတ်က လျော့သွားတတ်တာ များတယ်ဆိုတာရယ်ကိုလည်း သတိချပ်ကြဖို့လိုပါတယ်။

ဒီအတွက် နိဂုံးအားဖြင့်ဆိုရရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားခဲ့သလို ပညာရေးဆိုတာ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန်သုံးသပ်နိုင်ခြင်းအပြင် သုံးသပ်မှုအပေါ်မှာ ဘာလုပ်ရမယ်ဆိုတာကိုပါ ဆုံးဖြတ်နိုင်ခြင်းဖြစ်တာကြောင့် ကလေးတွေကို ကျောင်းဖွင့်ချိန်မှာ ကျောင်းပြန်တက်စေတာဟာ COVID-19 ကပ်ဘေးအခြေအနေတစ်ရပ်ကို သူ့အသက်အရွယ် အသိဉာဏ်အလိုက် ဘယ်လိုတုံ့ပြန်တာဝန်ယူ ကာကွယ်ကြမလဲဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို လူ့အဖွဲ့အစည်းနဲ့အတူ သင်ယူဖို့ လေ့ကျင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုဗစ်ကာလစာသင်နှစ်ဟာ ကလေးတွေရဲ့စိတ်ဓာတ်ကို ပြုပြင်ညွှန်ပြပေးနိုင်မယ့် အခွင့်အရေး ကောင်းလို့လည်း ယူဆနိုင်ပါတယ်။ ကျောင်းသားဆိုတာ ကျောင်းဖွင့်ရင် ကျောင်းတက်ရမယ်ဆိုတဲ့ တာဝန်ရှိတယ်၊ ရောဂါမကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက်နေဖို့က ကိုယ့်တာဝန်ဖြစ်တယ်၊ ရောဂါကူးစက်ခြင်းမခံရဖို့ ဆရာ၊ မိဘစကားကို ဂရုတစိုက်နားထောင်တတ်ရမယ်ဆိုတဲ့ တာဝန်သိစိတ်တွေ၊ ကိုယ့်ရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို စနစ်တကျ သိမ်းဆည်း၊ စွန့်ပစ်ရမယ် စသဖြင့် ကိုယ့်ကြောင့် သူများကို ဒုက္ခမရောက်စေချင်တဲ့ ကိုယ်ချင်းစာစိတ်တွေနဲ့ ကလေးတွေရဲ့ စိတ်နေသဘောထား (Mindset) ကိုပါ တစ်ပါတည်း ပြောင်းလဲသင်ကြားပေးလိုက်နိုင်မှာမို့  ကျောင်းသားတွေသာမက ကျွန်မတို့ပြည်သူတွေပါ COVID-19 ကာကွယ်ထိန်းချုပ်ရေး သင်ခန်းစာအသစ်တွေကို လေ့လာနိုင်ကြမှာမို့ ကပ်ဘေးကင်းတဲ့ ခေါင်းလောင်းသံတွေကြားနိုင်ဖို့ ဝိုင်းဝန်းကူညီကြပါစို့လို့ တိုက်တွန်းရေးသားရင်း နိဂုံးချုပ်လိုက်ပါတယ်။

နန်းသီတာလွင်