News

POST TYPE

PERSPECTIVE

ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေကြမ်းမှာ ဘယ်လိုအချက်တွေ ထပ်မံထည့်သွင်းသင့်သလဲ
21-May-2020


COVID-19 ကပ်ရောဂါ ကျရောက်နေစဉ်ကာလ မေလ ၁၈ ရက်တွင် ပြန်လည်ကျင်းပသည့် ပြည်သူ့လွှတ်တော်၏ ၁၆ ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပထမနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီးက ပြည်သူ့လွှတ်တော်သို့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းခဲ့သည်။ ထိုသို့တင်သွင်းစဉ် ပြည်ထောင်စုဝန်ကြီးက ထိုဥပဒေကြမ်း၏သမိုင်းကြောင်းကို ဦးစွာရှင်းပြခဲ့ပြီး ယခုအခါ ကမ္ဘာပေါ်တွင် အသစ်ဖြစ်ပွားလာသော ကူးစက်ရောဂါများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရန်၊ ဝင်ရောက်ခဲ့ပါက ပျံ့နှံ့မှုမရှိရန်၊ ကူးစက်ပျံ့နှံ့ခဲ့ပါက အချိန်မီထိန်းချုပ်ကုသနိုင်ရန်၊ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ်အသစ် ပြင်ဆင်ရေးဆွဲရန် လိုအပ်ပါသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၁၅)နှင့်အညီ ခေတ်နှင့်လျော်ညီသောလိုအပ်ချက်များကို ထပ်မံဖြည့်စွက်ပြီး ရေးဆွဲတင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့အတွက် ကျွန်ုပ်တို့အနေနှင့် ယနေ့ခေတ်အခါတွင် ကမ္ဘာ့နိုင်ငံအနှံ့အပြားနှင့် မြန်မာနိုင်ငံအတွင်းတွင်လည်း ကူးစက်နေသည့် COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေသည့်ကပ်ရောဂါ ကာလအတွင်း မြို့၊ ရွာအသီးသီးတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေး  ဝန်ထမ်းများနှင့် ပြည်သူအများ ရင်ဆိုင်တွေ့ကြုံနေရသည့်အခြေအနေများအားလုံးကို သိရှိထားကြပြီးဖြစ်ရာ ဤဥပဒေကြမ်းကို လွှတ်တော်အတွင်း ဆွေးနွေးစဉ်ကာလအတွင်း ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရမည်ဖြစ်သည်။ သို့မှသာ ကိုယ့်နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဥပဒေတစ်ရပ်အမှန်ပေါ်ထွက်လာနိုင်မည်ဖြစ်ရာ ဤဥပဒေကြမ်းတွင် မည်သည့်အချက်များ ထပ်မံထည့်သွင်းသင့်သည်များကို ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။

ကနဦးအစ ဥပဒေသမိုင်းကြောင်းကိုပြန်ကောက်ရလျှင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့က ဥပဒေအမှတ်(၁/၉၉၅) ဖြင့် ၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေတွင် အခန်း (၉) ခန်းပါဝင်ပြီး ပုဒ်မ ၂၂ ခု ပါဝင်သည်ကိုတွေ့ရသည်။ ထိုဥပဒေကို ထိုခေတ်ထိုကာလကပေါ်ပေါက်ခဲ့သည့် ကူးစက်ရောဂါအခြေအနေအပေါ်မူတည်ပြီး နဝတအစိုးရတို့က ပြဋ္ဌာန်းခဲ့ခြင်းပင်ဖြစ်သော်လည်း အမှန်တွင်မူ အသစ်ချည်းသက်သက် ရေးဆွဲပြဋ္ဌာန်းခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာတစ်နိုင်ငံလုံး အိန္ဒိယပြည်၏ ပြည်နယ်ကြီးတစ်ခုအဖြစ်တည်ရှိခဲ့စဉ်ကာလ ယခုကဲ့သို့ ရောဂါကပ်ဘေးများ ကျရောက်ခဲ့သည့်ဖြစ်စဉ်များအရ အင်္ဂလိပ်အစိုးရက ၁၈၉၇ ခုနှစ်တွင် The Epidemic Diseases Act (ကူးစက်ရောဂါ ဘေးအက်ဥပဒေ) နှင့် ၁၉၀၉ ခုနှစ်တွင် The Vaccination Act (ကာကွယ်ဆေး ထိုးနှံခြင်းအက်ဥပဒေ) တို့ကို ပြဋ္ဌာန်းခဲ့ကြသည်ကို တွေ့ရသည်။ ထို့နောက် (နဝတ) အုပ်စိုးစဉ်ကာလအထိ နှစ်ပေါင်း ၁၀ဝ နီးပါးတိုင် ကျင့်သုံးခဲ့ကြပြီးနောက်တွင်မှ ၁၉၅၅ ခုနှစ်ရောက်မှသာ အဆိုပါအက်ဥပဒေကြီးနှစ်ခုကို ရုပ်သိမ်းပြီး ပေါင်းစပ်ကာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။သို့တစ်ဖန် ထိုဥပဒေကိုပင် ၂၀၁၁ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နယက) လက်ထက်၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ဥပဒေအမှတ်၁၆/၂၀၁၁ ဖြင့် ပြန်လည်ပြင်ဆင် သည့် ဥပဒေတစ်ရပ်ကို ထပ်မံပြဋ္ဌာန်းခဲ့ပြီး ယခုအခါနောက်ဆုံးအနေနှင့် အထက်ပါ ၁၉၉၅ ခုနှစ်၊ ဥပဒေကိုထပ်မံရုပ်သိမ်းပြီး ယနေ့ခေတ်ကာလ အခြေအနေနှင့်ကိုက်ညီသည့် အခြေအနေများကို ထည့်သွင်းရေးဆွဲ တင် သွင်းလာခြင်းဖြစ်သည်ကိုလည်း လေ့လာမိသည်။

ထိုဥပဒေကြမ်းရေးဆွဲတင်သွင်းရခြင်း၏ ရည်ရွယ်ချက်များအနေနှင့် ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့မှုနှင့် ကူးစက်ရောဂါအသွင်ဖြစ်ပွားမှုများ ကို ကာကွယ်နှိမ်နင်းနိုင်ရန်၊ ကူးစက်ရောဂါနှင့်ကူးစက်မြန်ရောဂါများဖြစ် ပွားလာပါက လိုအပ်သော စုံစမ်းစစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုစစ် ဆေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။ ဤဥပဒေကြမ်းကို  လေ့လာကြည့်သည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနက ယခုအခါမှသာ ဥပဒေကြမ်းကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့သော်လည်း အမှန်တွင်မူ  ပြည်ထောင်စုလွှတ်တော်က  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းကပင် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပေးခဲ့ပြီး အကြံပြုချက်များကိုလည်း ပေးပို့နိုင်ကြောင်းထုတ်ပြန်ကြေညာ သည်ကို တွေ့ရသည်။ ထို့နောက်တွင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ပါ ဥပဒေပြုရေးလုပ်ငန်းစဉ်အတိုင်း ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးရန် ပေးပို့ခဲ့ပြီး ပြည်သူ့လွှတ်တော်ကလည်း ၎င်းလွှတ်တော်တွင် ဖွဲ့စည်းထားသည့်ဥပဒေကြမ်းကော်မတီသို့ ဆက်လက်ပေးပို့ လေ့လာစိစစ်စေပြီးသည့်နောက်ပိုင်းတွင် ကြားကာလ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လွှတ်တော်များရပ်နားခဲ့ကြပြီးချိန် ယခုပြန်လည်ကျင်းပသည့်အခါတွင်မှ သက်ဆိုင်ရာဝန်ကြီးဌာနက စတင်တင်သွင်းကြခြင်းဖြစ်သည်ကိုလည်း တွေ့ရသည်။ သို့အတွက် ထိုအချိန်ကာလကို တွက်ဆပြီး ကနဦးသုံးသပ်ရလျှင်ပင် ဤဥပဒေကြမ်းသည် COVID-19 ဖြစ်ပွားသည့်ကာလအတွင်း မိမိ တို့နိုင်ငံအတွင်း အမှန်ရင်ဆိုင်ကြုံတွေ့ရသည့်လုပ်ငန်းစဉ်များကို မှီငြမ်းပြီး  ရေးဆွဲထားခြင်းမဟုတ်ကြောင်း ဦးစွာတွက်ဆ၍ရသည်။
ယခုအသစ်ရေးဆွဲတင်သွင်းလာသည့် ဥပဒေကြမ်းကို လေ့လာကြည့်သည့်အခါ အခန်းပေါင်း ၁၁ ခန်းပါဝင်ပြီး အပိုဒ်ပေါင်း ၅၃ ခုပါဝင်လာသည်ကိုတွေ့ရသည်။ အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) ရည်ရွယ်ချက်၊ အခန်း(၃) ဗဟိုကော်မတီဖွဲ့စည်းခြင်း၊ အခန်း(၄) ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ အခန်း(၅)ကျန်းမာရေး အရာရှိ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ အခန်း(၆) ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင် ရွက်ခြင်း၊ အခန်း(၇) ကူးစက်ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ပြုမူဆောင်ရွက်ခြင်း၊ အခန်း(၈) အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ အခန်း(၉) အပြည်ပြည်ဆိုင်ရာဝင်ပေါက်များတွင်           ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အခန်း (၁၀) ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း(၁၁) အထွေထွေအခန်းတို့ဖြစ်ကြ သည်။ သို့ဖြစ်ရာ ယခုဥပဒေကြမ်းတွင်ပါဝင်သည့် အခန်းခေါင်းစဉ်များကို ကြည့်လျှင်လည်း ယခင် ၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းထားသည့် ဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် အလွန်အမင်းကြီး မကွဲပြားနိုင်ဟုလည်း အကြမ်းဖျင်းအားဖြင့် ယေဘုယျသုံးသပ်၍ရပြန်သည်။

ဤဥပဒေကြမ်းကို အကြမ်းဖျင်းလေ့လာကြည့်သည့်အခါရေးဆွဲထား သည့်ကာလသည် ၂၀၁၉၊ ၂၀၂၀ ခုနှစ်အစတွင်ဖြစ်ရာ တရုတ်နိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ကူးစက်မှုဖြစ်သည့်ကာလတွင်ဖြစ်သော်လည်း မိမိနိုင်ငံအတွင်း အမှန်တကယ်ရင်ဆိုင် ဖြတ်သန်းထိန်းချုပ်ကုသ ကာကွယ်နေကြသည့် နောက်ဆုံးကာလအခြေအနေနှင့် ကိုက်ညီအောင်ရေးဆွဲထားသည့် ဥပဒေကြမ်းတစ်ခုမဟုတ်သေးသည့်အတွက် ဥပဒေကြမ်း၏အဓိပ္ပာယ်ဖွင့်ဆိုမှုအပိုင်းတွင်ပင်လျှင် ကူးစက်မြန်ရောဂါဆိုသည်မှာ တွင် ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) အမျိုးအစားကိုပင် ထည့်သွင်းထားခြင်းမရှိသေးခြင်း၊ ဗဟိုကော်မတီဖွဲ့ စည်းခြင်းအပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးသည်ပင်လျှင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားခြင်း၊ လုပ်ငန်းတာဝန်များမှာလည်း ကျယ်ကျယ်ပြန့်ပြန့်မပါရှိသေးခြင်း၊ ကူးစက်ရောဂါနှင့်စပ်လျဉ်းပြီး ကြိုတင် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသခြင်းအပိုင်းများတွင် ယနေ့လက်ရှိ ဆောင်ရွက်နေကြသည့်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်မပါဝင်သေးခြင်း တို့ကိုတွေ့ရသည်။

ဥပဒေကြမ်းတစ်ခုလုံးကို ခြုံငုံလေ့လာကြည့်လျှင် ပါဝင်သင့်သည့် အချက်များပါဝင်သော်လည်း ယနေ့အချိန်ကာလတွင် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေကြရသည့် အချက်များစွာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်း၊ သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဆက်စပ်လုပ်ကိုင်ဆောင်ရွက်ကြသည့် ဝန်ကြီးဌာနများမှ အကြံဉာဏ်များ ထပ်မံရယူကာ ယခုထက်ပိုမိုကောင်းမွန်ပြည့်စုံသည့် ဥပဒေကြမ်း တစ်ခုဖြစ်စေရန် ဆောင်ရွက်သင့်သည်ဟု စာရေးသူမြင်သည်။ ဥပဒေကြမ်း အဆင့်တွင်ပင် ထိုအတိုင်းဆောင်ရွက်ကြရန်လည်း ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးက စီစဉ်ပြီးကောင်းစီစဉ်ပြီးလည်း ဖြစ်နိုင်သည်။ အကြောင်းမှာ ယခုလောလောဆယ် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသည့် ဤကပ်ရောဂါကို  ကာကွယ်နှိမ်နင်းမည်ဆိုလျှင် တာဝန်ရှိသည့်ကျန်းမာရေးဝန်ကြီးဌာန တစ်ခု၊ နှစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ အခြားသောနယ်ပယ်များစွာအတွက်ပါ ဆိုးကျိုးများဖြစ်ပေါ်စေခဲ့သည့်အတွက် အမျိုးသားရေးတစ်ရပ်အသွင်ဖြင့် ဝန်ကြီးဌာနအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ရေးဆွဲထားသင့်၍ ဖြစ်သည်။

စာရေးသူအနေနှင့် ထိုဥပဒေကြမ်းတွင်ပါဝင်သင့်သည့် အချက်များကို အကြံပြုရလျှင် ဗဟိုကော်မတီဥက္ကဋ္ဌကို ယခုဖွဲ့ထားသကဲ့သို့ နိုင်ငံတော် အဆင့်ပုဂ္ဂိုလ်ဖြစ်သည့် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတတစ်ဦးဦးက ဦးဆောင်ပြီးကော်မတီဝင်များတွင် ဝန်ကြီးဌာနအားလုံးမှ ဝန်ကြီးများပါဝင်သင့်ခြင်း၊ နောက်ထပ်မံ၍ လုပ်ငန်းကော်မတီများအဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်အထိ အဆင့်ဆင့် ဌာနအစုံဖြင့်ဖွဲ့စည်းရန် အခန်းပြဋ္ဌာန်းချက်များပါဝင်သင့်ခြင်း၊ ပြည်ထောင်စုအဆင့်တွင်ပင် ဗဟိုကော်မတီအောက်၌ လုပ်ငန်းကော်မတီများအဖြစ် ရောဂါစစ်ဆေးကာကွယ်၊ ကုသရေးကော်မတီ၊ နယ်စပ်ဂိတ်ပေါက်များ၊ လေဆိပ်၊ သင်္ဘောဆိပ်များ စစ်ဆေးစောင့်ကြည့်ခြင်းကော်မတီ၊ စီးပွားရေးမယိုင်လဲရန် ဆောင်ရွက်ရမည့်ကော်မတီ၊ ပညာရေးအတွက် ယခုကဲ့သို့ ကျောင်းဖွင့်ရန် ပိတ်ရန်ကိစ္စများအတွက်ကော်မတီ၊ Quarantine နေရာ များအတွက် နေရာချထားရေးကော်မတီ၊ ကာကွယ်မှုပစ္စည်းများ၊ ဆေးများစမ်းသပ်ထုတ်လုပ်ရေးကော်မတီ၊ သတင်းမှန်ပြန်ကြားရေး၊ အသိပညာပေးရေး၊ လက်ကမ်းစာစောင်ဖြန့်ဝေရေးကော်မတီ၊ ပိုးသတ်ဆေးဖျန်းခြင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပရဟိတအဖွဲ့များနှင့် အလှူငွေ များစီစဉ်ဆောင်ရွက်ပေးရေးကော်မတီ၊ စားနပ်ရိက္ခာသိုလှောင်ရေးနှင့် ဖြန့်ဝေရေးကော်မတီ ... စသည်စသည်ဖြင့် ယခုကာလတွင် ဆောင်ရွက်နေကြသည့်လုပ်ငန်းများစွာအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဝန်ကြီးများကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ပြီး လုပ်ငန်းတာဝန်များ တိတိကျကျသတ်မှတ်ပေးလျက် ကျန်ဌာနပေါင်းစုံမှ ပါဝင်စေလျက် ဖွဲ့စည်းရန် ပြဋ္ဌာန်းချက်များထည့်သွင်းသင့်ခြင်းများအပြင် ထိုသို့ဖြစ်ပွားချိန်တွင် လိုအပ်သည့်ဥပဒေ၊ အမိန့်၊ စည်းကမ်းများပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ပါဝင်ပူးပေါင်းပြီး လိုအပ်သည့်အကြံဉာဏ်များပေးပို့ခြင်း၊ ဥပဒေပြဋ္ဌာန်းခြင်းများဆောင်ရွက်ရန် ပြဋ္ဌာန်းချက်များပါဝင်သင့်ခြင်း၊ ယခုအချိန်ကာလတွင် ဖွဲ့စည်းထားသည့်ဗဟိုကော်မတီက ထုတ်ပြန်ခဲ့သည့်ညွန်ကြားချက်များ၊ အမိန့်များထဲမှ ပါဝင်သင့်သည့်အချက်များကို ပြန်လည်ရွေးနုတ်ကာ ထည့်သွင်းပြဋ္ဌာန်းခြင်းနှင့် လိုအပ်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင်လည်း ၎င်းတို့ကိုယ်စီ ဤကဲ့သို့သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းဆောင်ရွက်ကြရမည် ဟူသည့်ပြဋ္ဌာန်းချက်များ ထပ်မံထည့်သွင်းသင့်ခြင်းနှင့် လုပ်ငန်းကော်မတီတစ်ခုချင်းစီအလိုက် ဆောင်ရွက်ရန်များကိုပါ တစ်ပါတည်း ကျယ်ကျယ်ပြန့်ပြန့်အချိန်ယူဆွေးနွေးပြဋ္ဌာန်းသင့်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအပိုင်းတွင်လည်း နိုင်ငံတစ်ဝန်း တစ်ပြေးညီဖြစ်စေရေး၊ နောင်ကာလများအတွက်ပါ ခေတ်စနစ်နှင့်ကိုက် ညီမည့်ပြစ်ဒဏ်များဖြစ်စေရေးတို့ ပါဝင်သင့်ခြင်းများကို နည်းဥပဒေမရှိဘဲ (မလိုဘဲ)အချိန်အခါမရွေး ကိုင်တွယ်ကျင့်သုံး ဆောင်ရွက်၍ရသည့်ဥပဒေကောင်းကြီးတစ်ခုအဖြစ် ဥပဒေပြုရေး လွှတ်တော်များအပိုင်းက ပြည့်စုံစွာတစ်ပါတည်း ပြဋ္ဌာန်းပေးသင့်ခြင်းများ ဆောင်ရွက်သင့်သည်ဟု အကြံပြုလိုပါသည်။

သို့အတွက် နိဂုံးချုပ်အဖြစ် စာရေးသူဆိုလိုချင်သည်မှာ ယခု ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကျရောက်သည့်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဌာနနှင့် ကျန်ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ် သမားများ၊ ကျောင်းသားများ၊ ပြည်သူများကြုံတွေ့ခဲ့ရသည့်အခြေအနေများစွာကို အတွေ့အကြုံရယူပြီး အလောတကြီးပြဋ္ဌာန်းပေးရန်မလိုဘဲ အချိန်ယူကာ အထက်ပါအကြံပြုချက်များအပြင် အခြားသောနယ်ပယ် ပေါင်းစုံမှ ပေါ်ထွက်လာသည့်အကြံပြုချက်များကိုရယူကာ ယခုပြဋ္ဌာန်းမည့် ဥပဒေထဲတွင် စုံစုံစေ့စေ့ထည့်သွင်းထားသင့်သည်။ ထို့အပြင် အီတလီ၊ စပိန်၊ အမေရိကန်တို့ကဲ့သို့ အသေအပျောက်အလွန်များပြီး ထိန်းချုပ်မရနိုင်သည့် အခြေအနေ (Out Break) များအတွက်ပါ ရည်ရွယ်ပြီးလည်း အချက်အလက်များစုံလင်စွာ တွေးတောကာ ကောင်းမွန်ပြည့်စုံသည့်လုပ်ငန်း လမ်းညွှန် ဥပဒေကောင်းကြီးတစ်ခုအဖြစ် ရည်ရွယ်ပြီး ရေးဆွဲထားသင့်သည်။ သို့မှသာ နောင်ကာလအတွင်းတွင် ဖြစ်ပေါ်လာနိုင်သည့်ကပ်ရောဂါ အသစ်တစ်ခုအတွက်သော်လည်းကောင်း၊ ဇီဝလက်နက်ဘေးများအတွက် သော်လည်းကောင်း ခြုံငုံမိပြီး ဖြစ်ပွားလာပါက ဌာနအလိုက်က တာဝန်ယူဦးစီးထားသည့် လုပ်ငန်းကော်မတီတစ်ခုချင်းစီက သူ့တာဝန်အလိုက် 
ဆောင်ရွက်ခြင်း၊ ဌာနအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းများကို ဟန်ချက်ညီကာ အမျိုးသားရေးအသွင်သဏ္ဌာန် ပြည်သူများပါ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း နိုင်ငံတော်နှင့်နိုင်ငံသားများ နောင်အနာဂတ်မျိုး ဆက်သစ်ကလေးများအတွက် ကောင်းကျိုးကိုရည်မျှော်ပြီး တိုက်တွန်း ရေးသားလိုက်ရပါသည်။ ကောင်းမွန်ပြည့်စုံသည့် ဥပဒေကောင်းကြီးတစ် ရပ်ပေါ်ထွက်နိုင်ပါစေ။

သန်းဖြိုးနိုင်