News

POST TYPE

PERSPECTIVE

အဆင်သင့်မဖြစ်ခဲ့သော ကိုယ်ပျောက် စစ်ပွဲ
04-May-2020


မေလ ၁ ရက်နေ့က အမေရိကန်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ကိုဗစ် -၁၉ ရောဂါကုသဆေးတစ်မျိုး  (Remdesivir) ကို တရားဝင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းကြေညာခဲ့သည်။ ကမ္ဘာကြီးသည် ရက်ပေါင်းများစွာ ကိုဗစ်-၁၉ ကိုယ်ပျောက်ရန်သူ၏ တိုက်ခိုက်မှုကို အလူးအလဲခံနေခဲ့ရပြီး ယခုလိုကုသနိုင်သည့် ဆေးဝါးသစ်တစ်မျိုး ပေါ်ထွက်လာသည့်အတွက် အနည်းငယ်အသက်ရှူ ချောင်ပြီဟုဆိုရမည်။ သို့သော် ရောဂါကာကွယ်ဆေး (Vaccine)တော့ ယခုအချိန်ထိ ထွက်ပေါ်မလာသေးပါ။ 

တရုတ်နိုင်ငံမှာ ၂၀၁၉ နှစ်ကုန်ပိုင်းက ကူးစက်ရောဂါပိုးတစ်မျိုး စတင်တွေ့ရှိတော့ တစ်ကမ္ဘာလုံး အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ သို့သော် ရက်အတန်ကြာသည်အထိ နိုင်ငံအတော်များများ ကိုယ်နှင့်သိပ်မဆိုင်သလိုပဲနေခဲ့ကြသည်။ ဝူဟန်မြို့ကို တရုတ်အစိုးရက လော့ခ်ဒေါင်းချ၊ အသွားအလာပိတ်လိုက်သည်အထိ နယူးယောက်မှာ၊ ရောမမှာ၊ ဘာစီလိုနာမှာ၊ လန်ဒန်မှာ ဘာမှမဖြစ်သေး။ အသေအပျောက်တွေ ရက်ဆက်တိုးလာတော့မှ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ 

နောက်တော့ ရောဂါပျံ့လာမည်စိုးသဖြင့် ဟိုနိုင်ငံကလေကြောင်း ခရီးစဉ်ပိတ်၊ ဒီနိုင်ငံက အဝင်အထွက်ပိတ်စလုပ်လာသည်။ ဇန်နဝါရီသည် တရုတ်တွင်ရောဂါပိုးကူးစက်မှု အားအကောင်းဆုံးအချိန်ဖြစ်သည်။ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားသဖြင့် ဝူဟန်ဗိုင်းရပ်စ်ဟု ကနဦး ခေါ်ဝေါ်ခဲ့သည်။ နောက်ပိုင်းဥရောပနှင့် အမေရိကန်ကို စပျံ့လာတော့ (နဂိုကတည်းက တရုတ်ကို အမြင်မကြည်သည့်) ဒေါ်နယ်ထရမ့်က Chinese Virus ဟု အမည်တပ်ခေါ်ဝေါ်ခဲ့သဖြင့် တရုတ်နှင့် အမေရိကန်အစိုးရအကြား စကားလုံးစစ်ပွဲပင် ဖြစ်လိုက်ကြသေးသည်။ တစ်လကျော် ကြာပြီးတော့မှ WHO က Covid-19 ဟု တရားဝင်အမည်ပေးခဲ့သည်။ထရမ့်၏ အမေရိကန် အစိုးရကတော့ ခုချိန်ထိ ကိုဗစ်-၁၉ သည် သဘာဝအလျောက်ဖြစ်ပေါ်လာသည့် ရောဂါပိုးမဟုတ်။ လူလုပ် (Man made) ရောဂါပိုး။ ဝူဟန် ဓာတ်ခွဲခန်းတစ်ခုက မတော်တဆထွက်လာသည့် ရောဂါပိုးဟု သတ်မှတ်ထားတုန်းပင်။ 

မည်သို့ပင်ဖြစ်စေ နောက်ဆုံးပေါ်ပေါက်လာသည့် ကူးစက်ရောဂါ 'ကိုဗစ် - ၁၉' သည် ကမ္ဘာကြီးကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်သည်။ Worldometer အရ ဂရပ်ဖ်မျဉ်းသည် ထောင်တက်နေတုန်းဖြစ်သည်။ နောက်ဆုံးစာရင်းကို ယခုချရေးလျှင် နောက်နှစ်ရက် သုံးရက်အတွင်း ဒိတ်အောက်သွားနိုင်သည်။ ယနေ့တစ်ကမ္ဘာလုံး ကူးစက်ခံထားရသူ ၃,၄၈၃,၁၈၆။ သေဆုံးသူ ၂၄၄,၇၆၀။ ပြန်လည်နေကောင်းသူ ၁,၁၀၈,၈၁၈။ နက်ဖြန်ဆိုလျှင် ဤစာရင်း မဟုတ်တော့ပြီ။ 

တရုတ်ပြည်မှာစခဲ့သော်လည်း ယခုနောက်ဆုံး အလူးအလဲခံနေရသည်က အမေရိကန်နှင့် ဥရောပဖြစ်သည်။ အမေရိကန်က ကူးစက်မှု နှင့် သေဆုံးမှုအမြင့်ဆုံး။ လူဦးရေတစ်သန်းတစ်သိန်းကျော် ကူးစက်ခံထားရပြီး ခြောက်သောင်းခုနစ်ထောင်ကျော် သေဆုံးသွားခဲ့ပြီ။ ဥရောပ မှာတော့ စပိန်၊ အီတလီနှင့် ဗြိတိန်တို့ တစ်နိုင်ငံလျှင် နှစ်သိန်းကျော် ကူးစက် ခံထားရ။ သေဆုံးသူ ၂၈,ဝ၀ဝ ဝန်းကျင်။ ဗိုင်းရပ်စ်သည် ကမ္ဘာ့ဘယ်နိုင်ငံ ကိုမျှ အလွတ်မပေး။ ကမ္ဘာကြီးသည် နှစ်ပေါင်းများစွာအတွင်း မကြုံဖူးသောကပ်ဘေး (Pandemic) ကြီးတစ်ခုကို ကြုံလိုက်ရသည်။လွန်ခဲ့သည့် ရာစုအတွင်း ပေါ်ပေါက်ခဲ့သည့် ရောဂါကပ်ဘေးများအနက် သေပျောက်မှုအများဆုံး ကပ်ဘေးတစ်ခုက (၁၉၁၈-၂၀) အတွင်း ဖြစ်ပွားခဲ့သည့် စပိန်တုပ်ကွေးဖြစ်ပြီး ပထမကမ္ဘာစစ် (၁၉၁၄-၁၈) အတွင်း သေဆုံးခဲ့သည့် အရေအတွက်ထက်ပိုခဲ့သည်။ ပထမကမ္ဘာစစ်တုန်းက လူပေါင်း (၁၅-၁၉)သန်း သေဆုံးခဲ့သော်လည်း စပိန်တုပ်ကွေးကပ်ဘေးအတွင်း  သေဆုံးခဲ့သူပေါင်းမှာ သန်း ၅၀ အထိရှိခဲ့သည်။ စစ်ဘေးထက်ရောဂါဘေးကြောင့် သေဆုံးရသည့် လူသားအရေအတွက် ပိုမိုခဲ့သည်။ သို့သော် လူသားတို့၏ မှတ်ဉာဏ်ထဲတွင် တစိုက်မတ်မတ် စွဲထင်နေသည်မှာ လူသားအချင်းချင်း တိုက်ခိုက်ရသော 'စစ်ပွဲ' ဖြစ်ပြီး ရောဂါကပ်ဘေး မဟုတ်ခဲ့ပါ။ 

ယခုလည်း အမေရိကန်တစ်နိုင်ငံလုံး၌ ပြီးခဲ့သည့်ရက်များအတွင်း ကိုဗစ် - ၁၉ ကြောင့် သေဆုံးခဲ့သည့် လူဦးရေပမာဏမှာ ၅၈,ဝ၀ဝ ကျော်လွန်သွားခဲ့သည်။ ထိုအရေအတွက်မှာ ဗီယက်နမ်စစ်ပွဲကာလအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် အမေရိကန်နိုင်ငံသား အရေအတွက်ထက် ပိုသွားပြီဖြစ်သည်။ 

လူတို့သည် လူသားအချင်းချင်း ရင်ဆိုင်ဆင်နွှဲရနိုင်သည့် စစ်ပွဲအမျိုးမျိုးအတွက် အမျိုးသားဘတ်ဂျက်များကို ပုံအောသုံးစွဲလျက် လက်နက်ကြီး၊ လက်နက်ငယ်၊ ယာဉ်ယန္တရား၊ အဖျက်စွမ်းအားကြီးမားသော နျူကလီးယားလက်နက်များကို စုပြုံပုံအောသိမ်းဆည်း သိုလှောင်ထား ခဲ့ကြသည်။ သို့သော်ထိုထက်မက လူ့အသက်စည်းစိမ်တို့ကို အသာတကြည် ကိုယ်ယောင်ဖျောက်၍ ဝင်ရောက်တိုက်ခိုက်လာနိုင်သည့် ရောဂါဘယစစ်ဘေးအတွက်မူ ဂရုတစိုက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့။ 

ယခု ကိုဗစ် - ၁၉ ကပ်ဘေးကြီးမတိုင်မီလွန်ခဲ့သည့် ၅ နှစ်၊ (၂၀၁၅ ခုနှစ်) ကတည်းက မိုက်ခရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်က လာမည့် နှစ်များအတွင်းတုပ်ကွေးနှင့် အလားသဏ္ဌာန်တူ ကူးစက်ရောဂါတစ်မျိုးပေါ်ပေါက်လာနိုင်သည်ဟု ဟောကိန်းထုတ်ခဲ့ဖူးသည်။ နောက်ထပ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါတစ်မျိုးအတွက် ဘီလ်ဂိတ်က ကြိုတင်အသိပေးလှုံ့ဆော်ခဲ့သော်လည်း ကမ္ဘာကြီးက ဂရုတစိုက်နားထောင်ခြင်းမပြုခဲ့ပါ။ ထိုစဉ်က ဘီလ်ဂိတ်သည် အနောက်အာဖရိကတွင် ပေါ်ပေါက်ခဲ့သည့် အီဘိုလာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၀,ဝ၀ဝ ကျော်သေဆုံးခဲ့ပြီး အဆိုပါကူးစက်ရောဂါနှင့်ပတ်သက်ပြီး သုတေသနပြုလေ့လာနေချိန်ဖြစ်သည်။ အတ္တလန္တာရှိ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေး (Center for Disease Control and Prevention) စင်တာမှ တွန်ဖရိုက်ဒင်း အဖွဲ့နှင့် အသေးစိတ်ဆွေးနွေးကြည့်ပြီးနောက် 'နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် ဗိုင်းရပ်စ်ရောဂါပိုး' သည် အလွန်ကြောက်စရာကောင်းပြီး အလျင်အမြန်ကူးစက်ပြန့်ပွားကာ လူ့အသက်ပေါင်း ၁၀ သန်းအထက် ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း၊ ထိုဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အသင့်ပြင်ဆင်ထားမှု ဘာမျှမရှိသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ဘီလ်ဂိတ်က ပေါ်ပေါက်လာနိုင်သည့် ကပ်ရောဂါဘေးအတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုတင်သတိပေးရေးနှင့် တုံ့ပြန်ရေးအစီအစဉ်တစ်ရပ် အကောင်အထည်ဖော်ဖို့လိုကြောင်း၊ အမျိုးသားကာကွယ်ရေးအသွင်ဖြင့် ရောဂါပိုးရုတ်တရက် ပြန့်ပွားမှု ဖြစ်ပေါ်မလာအောင် ကျန်းမာရေးဝန်ထမ်းများ မွေးထုတ်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း လုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေကြောင်း ပြောဆိုခဲ့သည်။ 

သို့သော်ဂိတ်၏ ပြောဆိုသတိပေးမှုကို မည်သူမျှ အရေးတယူ မပြုခဲ့ကြပါ။ သမ္မတဒေါ်နယ်ထရမ့်တက်လာသောအခါ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်ကို တိုးမပေးသည့်အပြင် သိသိသာသာဖြတ်တောက်ပစ်ခဲ့ သည်။ ယခုတော့ ထရမ့်ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့နေရသော ရောဂါဘေးစစ်မျက်နှာမှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရပြီ။ 

ကိုဗစ် - ၁၉ က မမျှော်လင့်ဘဲ ရောက်လာသည်မဟုတ်။ ရောက်လာနိုင်သည်ဟု အစောကြီးကတည်းက ကြိုတင်ဟောကိန်း ထုတ်ထားခဲ့ သည်။ သို့သော် ကမ္ဘာကြီး ကြိုတင်ပြင်ဆင်မှု မရှိခဲ့။ကျန်းမာရေးထက် ကာကွယ်ရေးမှာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးထက် စစ်လက်နက် ဖြည့်တင်းရေးမှာ အားသန်နေခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအားလုံးထိုအတိုင်းပဲ ဖြစ်သည်။ ယခုလို အဆိုးရွားဆုံး ကိုယ်ပျောက်ရန်သူနှင့် ရင်ဆိုင်ပက်ပင်း တိုးရချိန်မှာတော့ စစ်လက်နက်ကြီးတွေက၊ စစ်ယန္တရားကြီးတွေက အားကိုးမရတော့။ ယခု ကိုဗစ်စစ်ပွဲမှာ ကမ္ဘာ့နိုင်ငံအားလုံး လက်မြှောက်အရှုံးပေးလိုက်ရသည်ကို အနာဂတ်အတွက် သင်ခန်းစာယူသင့်သည်။ 

ချစ်ဝင်းမောင်( ၃ - ၅ -၂၀၂၀ )