News

POST TYPE

PERSPECTIVE

၁၄ ရက်ခွဲနေမလား ၊ထာဝရ ခွဲသွားမလား
31-Mar-2020


မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၂ ဦးကို စတင်တွေ့ရှိခဲ့ရာ မတ်လ ၂၉ ရက်နေ့တွင် ၁၀ ဦးရှိ သွားပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦးထိရှိလာသောကြောင့် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ လက်ရှိရောဂါဖြစ်ပွားသူများတွင် ၉ ဦးသည် ပြည်ပမှပြန်လာသူများဖြစ်သည်။ လတ်တလောအခြေအနေကို ကောက်ချက်ချရမည် ဆိုလျှင် ပြည်ပမှပြန်လာသူများသည် ရောဂါပိုးကို တစ်ပါတည်း သယ်ဆောင်လာကြသည်ဟု ဆိုချင်ပါသည်။

စနစ်တကျစစ်ဆေးဖို့လို

ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူများသည် လက်ရှိအချိန်တွင် တိုင်းပြည်အတွင်းသို့ လမ်းကြောင်းပေါင်းစုံမှ ဝင်ရောက်လျက်ရှိကြသည်။ တရားဝင်ဂိတ်များမှဝင်လာသူများကို အဖျားတိုင်းနိုင်သော်လည်း ကိုဗစ်-၁၉ ရောဂါလက္ခဏာသည် ချက်ချင်းပြသလေ့မရှိပေ။ ဖြစ်သင့်သည်မှာ ပြည်ပမှပြန်လာကြသူများအနေနှင့် ကိုယ်တိုင်တာဝန်သိစိတ် ရှိစွာဖြင့် (Quarantine) လုပ်ဆောင်သွားသင့်ပေသည်။ သို့သော် တချို့သော ရွှေမြန်မာများသည်မိသားစုနှင့် ၁၄ ရက်လောက်ခွဲနေရမည်ကို စိုးရိမ်သဖြင့် သက်ဆိုင်ရာသို့သတင်းမပို့ဘဲ ခိုးကြောင်ခိုးဝှက်နေလျက် ရှိကြသည်။ ယခုလိုအခြေအနေမျိုးတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်ခေါင်းများသည် မိမိရပ်ကွက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာသူများကို စနစ်တကျစစ်ဆေးသွားဖို့ လိုအပ်ပေသည်။ ထို့သို့  သတင်းပို့ရန်နှင့် စစ်ဆေးရန် ပျက်ကွက်သွားမည်ဆိုလျှင် တစ်ရပ်ကွက်လုံး၊ တစ်ရွာလုံးမှသည် တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရဖို့ အလားအလာများလိမ့်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ တာဝန်မဲ့မှုမှသည် ပြည်သူအားလုံး အတိဒုက္ခရောက်သွားနိုင်ပေသည်။

ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိ

ဆိုရလျှင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မတ်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၃ မိနစ်တွင် သတ်မှတ်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးနီးပါးသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ စပိန်နိုင်ငံတို့၌်ပင်လျှင် ရောဂါကူးစက်ပျံ့နှံ့မှု ကို ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းမရှိတော့ပေ။ အီတလီနိုင်ငံတွင်သေဆုံးမှု နှုန်းမြင့်မားလျက်ရှိသည်။ ထို့ကြောင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ပြည်သူများအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လူတိုင်းလိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားသင့်ပေသည်။

အထူးဂရုစိုက်ရန်လို

မည်သို့ပင်ဆိုစေ မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦးအထိ တွေ့ရှိထားပြီဖြစ်သည်။တစ်ပတ်မပြည့်ခင်မှာပင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦးအထိရှိ လာ ပြီဖြစ်သည့်အတွက် ကူးစက်ပျံ့နှံ့မှုနှုန်း မြန်ဆန်လာနိုင်သောကြောင့် ပြည်သူ များအနေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။ လက်မှန်မှန်ဆေးကြောခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်းများကို လက်ကိုင်ပဝါနှင့် တစ်ရှူးအုပ်ပြီးမှသာ လုပ်ဆောင်ခြင်း၊ အသုံးပြုပြီး တစ်ရှူးများကို အမှိုက်ပုံးထဲစွန့်ပစ်ခြင်း၊ လူစည်ကားရာနေရာများသို့ မလွှဲမရှောင်သာသွားရ မည်ဆိုလျှင် Mask တပ်ထားခြင်း၊ ဖျားနာနေလျှင် အိမ်၌သာအနားယူနေခြင်း၊ ဖျားနာပြီးမောနေလျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့် ချက်ချင်းပြသခြင်း၊ ဖျားနာနေလျှင် ခရီးသွားလာမှုကိုရှောင်ရှားခြင်း၊ ဖျားနာနေသူများထံသို့သွားရာမှ ပြန်လာလျှင် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောခြင်း၊ လုပ်ငန်းခွင်နှင့်နေအိမ်တွင် ပိုးသတ်ဆေးဖျန်းခြင်း စသည်တို့ကို မပျက်မကွက် လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် အပြင်မှပြန်လာ လျှင် လက်ကိုဦးစွာဆေးကြောပြီး အဝတ်အစားများကို ချက်ချင်းလဲကာ လျှော်ဖွပ်သင့်ပေသည်။

တိကျပြတ်သားစွာကိုင်တွယ်သင့်

ခရီးသွားယာဉ်လိုင်းများကိုလည်း အခေါက်ရေလျှော့၍ထွက်ခိုင်းသင့်ပြီဖြစ်သည်။ ပြည်သူများအနေနှင့် ကျန်းမာရေးအရသော်လည်း ကောင်း၊ နာရေးကိစ္စအရသော်လည်း မဖြစ်မနေသွားလာရမည့်အခြေအနေမျိုးတွင်မှသာ ခရီးသွားလာသင့်ပေသည်။ အဝေးပြေးဂိတ်များနှင့် ပြေးဆွဲနေသောယာဉ်များကိုလည်း ပိုးသတ်ဆေးများစနစ်တကျ ဖျန်းသင့်နေပြီဖြစ်သည်။

နိုင်ငံတော်အစိုးရသည် ဖြစ်နိုင်လျှင် ညမထွက်ရအမိန့်ကို အချိန် ကန့်သတ်ချက်ဖြင့် ထုတ်ပြန်သင့်ပြီဖြစ်သည်။ တချို့သောသူများသည် လက်ရှိအချိန်အထိ မကြောက်မလန့် လမ်းသလားလျက်ရှိကြသည်။ တာဝန်မဲ့သွားလာနေသူများကို စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့ လုပ်ဆောင်သင့်နေပြီဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာလမ်း ညွှန်ချက်များဖြစ်သည့် Mask တပ်ဆင်ရန်ပျက်ကွက်သူများကို ပြင်းထန် စွာအရေးယူသင့်ပေသည်။ ဆိုလိုသည်မှာ တိကျပြတ်သားသောအမိန့်များ ထုတ်ပြန်ပြီး ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားသင့်ပြီဖြစ်သည်။ လိုအပ်လျှင် ရောဂါဖြစ်ပွားနေသည့် ရက်ကွက်၊ ကျေးရွာ၊ မြို့ကြီးများကို  Lockdown ပြုလုပ်သွားသင့်ပေသည်။

၁၄ ရက်ခွဲနေမလား၊ ထာဝရခွဲသွားမလား

ဆိုရလျှင် ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။ အရေးပေါ်အခြေအနေရောက် ရှိနေပြီဖြစ်သည်။ ပြည်သူများအနေနှင့် ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိနေရန် လိုအပ်ပေသည်။ အထူးသဖြင့် လက်မှန်မှန်ဆေးကြောခြင်း၊ အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်ခြင်း၊ လူစုလူဝေးရှိရာနေရာများသို့ သွားလာခြင်းတို့ကိုရှောင်ကြဉ်သွားသင့်ပါသည်။ တတ်နိုင်ပါက နေအိမ်အတွင်း၌သာ နေထိုင်သင့်ပေသည်။ စင်စစ်အားဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် တိုင်းပြည်အတွင်း မည်သည့် ဘေးအန္တရာယ်ကျရောက်လာသည်ဖြစ်စေ နိုင်ငံသူနိုင်ငံသားအားလုံး စည်းကမ်း ရှိမည်ဆိုလျှင်၊ ထုတ်ပြန်ထားသည့် တိုက်တွန်းချက်များ၊ အကြံပြုချက်များကိုသာ လိုက်နာဆောင်ရွက်သွားမည်ဆိုလျှင် ကပ်ရောဂါမှန်သမျှကို အဖိတ်အစင်အနည်းဆုံးဖြင့် ကျော်လွှားနိုင်ပါသည်။

မည်သို့ပင်ဆိုစေ မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားသူ ၁၀ ဦးရှိနေပြီဖြစ်သည်။ ၎င်းတို့အနက် ၉ ဦးသည် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြသည်။ လက်ရှိအချိန်တွင် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများသည် သက်ဆိုင်ရာသို့သတင်းပို့ ပြီးနောက် ၁၄ ရက် (Quarantine)ပြုလုပ်ခြင်းကို ကြည်ဖြူစွာ လက်ခံသင့်ပေသည်။ အထူးသဖြင့် ပြည်ပနိုင်ငံများမှ ပြန်လာကြသူများအနေနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ မပျက်မကွက်သတင်းပို့သွားဖို့ လိုအပ်ပါသည်။ ၎င်းတို့အနေနှင့် ဖျားနာပြီးမောနေလျှင်၊ ချောင်းဆိုးလျှင်၊ အသက်ရှူကျပ်လျှင် ဆရာဝန်နှင့်ချက်ချင်းပြသဖို့ လိုအပ် ပါသည်။ ဆိုရလျှင် ပြည်ပနိုင်ငံများမှ ပြန်လာကြသူများအနေနှင့် လက်ရှိအချိန်တွင် မိသားစုနှင့် ၁၄ ရက်လောက်ခွဲနေရမည်ကို စိုးရိမ်နေမည်ဆိုလျှင် ကိုဗစ်-၁၉ ရောဂါကြောင့် မိမိချစ်မြတ်နိုးသော မိသားစုအသိုက်အဝန်းကို ထာဝရခွဲခွာသွားရနိုင်ပါသည်။ ထို့ကြောင့် ပြည်ပနိုင်ငံများမှပြန်လာကြ သူများအပါအဝင် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်ဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်သွားရန် အကြံပြုတိုက်တွန်းသွားလိုပါသည်။
မောင်သောင်းဝင်း(တမန်ဟောင်း)