News

POST TYPE

PERSPECTIVE

ကိုရိုနာဗိုင်းရပ်စ် လှိုင်းလုံးကြီးတွေ ကြားက သင်္ဘောသား
27-Mar-2020


သင်္ဘောလို့ ဆိုလိုက်သည်နှင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတန်းစားတစ်ရပ်အဖြစ် ပြည်သူအများစုက သုံးသပ်ရှုမြင်ကြတယ်။ ဒေါ်လာစားတွေ ငွေကြေးအဆင်ပြေကြသူတွေလို့ သတ်မှတ်ကောင်းသတ်မှတ်ကြလိမ့်ပါမယ်။ သို့သော် အနှီသင်္ဘောသား တို့ရဲ့ ဘဝဖြတ်သန်းမှု၊ ပေးဆပ်မှုတွေက အလွန်များပြားလှပါပေတယ်။ 

ပင်လယ်ပြင် မုန်တိုင်းအန္တရာယ်ကတော့ ယနေ့ခေတ်မှာ ဂြိုဟ်တု စတယ်လိုက်များနဲ့ချိတ်ဆက်ပြီးတော့ ကြိုတင်သတင်းရနေပေမယ့်လည်း မိမိတို့သင်္ဘောသွားလိုသည့်ဆိပ်ကမ်း အလျင်လိုနေသောအခါ မုန်တိုင်းကို မိုင်သုံးလေးရာကနေ ကွေ့ဝိုက်မောင်းနှင်လာပေမယ့် အဖျားခတ်မှုက အတော်လေးလူးလိမ့်ခံစားရပါတယ်။ နောက်ပြီး ရှေးယခင်ထဲက မလက္ကာ ရေလက်ကြားသင်္ဘောပေါ် ဓားပြဝင်တိုက်မှုများကနေ ယနေ့ ဆိုမာလီပင်လယ် ဓားပြရန်ကလည်း ပြန်ပေးဆွဲမှုအထိ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတယ်။

ဒါ့အပြင် ကမ္ဘာ့သင်္ဘောများနှင့် သင်္ဘောသားများက ကမ္ဘာ့အရေး လှုပ်ခတ်မှုအပြောင်းအလဲများမှာ အနှေးနဲ့အမြန်ထက် အမြန်တိုက်ရိုက် ပတ်သက်ထိတွေ့ခံရပါတယ်။ အာရပ်၊ အစ္စရေး ၁၉၆၇ ကမ္ဘာကျော် ၆ ရက်ကြာ စစ်ပွဲအတွင်းမှာ ဆူးအက်တူးမြောင်းထဲ တစ်လနီးပါး ပိတ်မိနေသော ကမ္ဘာ့ကုန်စည်ပစ္စည်းမျိုးစုံတင်ပို့ သွားလာလှုပ်ရှားနေတဲ့ သင်္ဘောများစွာ ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေ ရှိခဲ့ပါတယ်။ 

အနီးစပ်ဆုံး ကျွန်တော့်အတွေ့အကြုံကိုပြောရရင် ၂၀ဝ၈ ခုနှစ်၊ စက်တင်ဘာလကစတဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်မှာ တောင်ကိုရီးယားအပိုင် ကျွန်တော်သင်္ဘောလေးက ဘူဆန်း (busan)ကျောက်ကွင်းမှာ ကုန်တင်စရာမရှိလို့ သုံးလလောက် ကျောက်ချစောင့်ခဲ့ရဖူးပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း မှာ အိုမန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘော ဗုံးကပ်ခွဲခံရတာ အားလုံး သိပြီး ဖြစ်ကြမှာပါ။ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှုများနဲ့ ဆိုမာလီနိုင်ငံတို့လို ပြည်တွင်းစစ်ပွဲ လက်နက်တိုက်ပွဲသံများကြားမှာ အသက်စွန့် ကုန်သွားချခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ 

ယနေ့လည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ရောဂါဖြစ်ပွားမှုကလည်း သင်္ဘောသားများကို တိုက်ရိုက် အမြန်ထိတွေ့မှု အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြန်ပါတယ်။

လက်ရှိ ကျွန်တော်က တောင်ကိုရီးယားနိုင်ငံသားအပိုင် klc ကုမ္ပဏီက Global hope ဆိုတဲ့ သင်္ဘောမှာ AB (Able Seaman) ရာထူး နဲ့ လုပ်ကိုင်နေပါတယ်။၂၀၂၀ ဇန်နဝါရီ ဒုတိယအပတ်ထဲမှာ သြစတြေးလျ မှာကုန်တင်ပြီး အင်ဒိုနီးရှားနိုင်ငံ ကန်ဒါရီ (Kendari)ဆိပ်ကမ်းမှာ ကုန်လာချရပါတယ်။ ဖေဖော်ဝါရီလဆန်းမှာ ကျွန်တော်နှင့် ရာထူးတူ သင်္ဘောသားနှစ်ဦးက စာချုပ်ပြည့်လို့ အိမ်ပြန်သွားကြပါတယ်။ ကျွန်တော်တို့ သင်္ဘောကုမ္ပဏီက ၈ လစာချုပ်ပါ။ ဒီအချိန် တရုတ်ပြည်ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် က စတင်ပြန့်ပွားနေပါပြီ။ ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာ ကန်ဒါရီ (Kendari) မှာ ကုန်ချပြီးတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နောက်ဆိပ်ကမ်း ဘူနတီ (Bunati) မှာ ရေအလယ်ကျောက်ချပြီး ကုန်ပြန်တင်ရပြန်ပါတယ်။ ကျွန်တော်လည်း မတ်လဆန်းမှာ စာချုပ်ပြည့်ပြီမို့ ပြန်ဖို့စာတင်လိုက်ပါတယ်။ သင်္ဘောကပ္ပတိန် (Captain) က အိန္ဒိယမှာ ကုန်သွားချမှာမို့ လမ်းခုလတ် စင်ကာပူမှာ လောင်စာဆီဝင်ယူရင်း ပြန်ရမယ်ပြောပါတယ်။ ဘူနတီ (Bunati) ဆိပ်ကမ်းနဲ့ စင်ကာပူက သုံးရက်ကျော်ပဲ မောင်းနှင်လာရပါတယ်။ ဒီအချိန် တောင်ကိုရီးယားမှာ ကိုဗစ်စတင်ကူးစက် သေဆုံးသူတွေရှိလာတာကြောင့် စင်ကာပူက တောင်ကိုရီးယားကလာတဲ့ သင်္ဘောက သင်္ဘောသားတွေကို ဆိပ်ကမ်းအတက်အဆင်းနဲ့ သင်္ဘောသားလူလဲ (Crew Change) မလုပ်ဖို့ ကြေညာချက်ထွက်လာပါတယ်။ ကျွန်တော့်သင်္ဘောက တောင်ကိုရီးယားအပိုင်ဆိုပေမယ့် အင်ဒိုနီးရှားနိုင်ငံက နောက်ဆုံးထွက်လာသော်လည်း သင်္ဘောအပိုင်ကုမ္ပဏီက အိန္ဒိယ နိုင်ငံရောက်မှပြန်ဖို့ ကပ္ပတိန်က ပြောလာတာကြောင့် စင်ကာပူမှာ မဆင်းရဘဲ ပါလာခဲ့ပြန်ပါတယ်။

မတ်လ ၁၂ ရက်နေ့ အိန္ဒိယနိုင်ငံ ဗီစကာပတ်နန် (Visakhapatnam) ဆိပ်ကမ်းကို ရောက်ပါတယ်။ အိန္ဒိယမှာလည်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) စတင်ကူးစက်နေပြီမို့ အစိုးရက မတ်လ ၁၃ ရက်နေ့ကစ မိမိတို့နိုင်ငံသင်္ဘောသား ဆိုက်ရောက်ထွက်ခွာများကို ၁၄ ရက် အသွားအလာ ကန့်သတ်တားမြစ်ခြင်း (Quarantine) လုပ်မယ် ကြေညာပါတယ်။ မြန်မာပြည်က လူလာလဲမယ့် သင်္ဘောသားကလည်း ဗီဇာ (Visa) လျှောက်ရမှာနဲ့ အိန္ဒိယကို ရောက်ရင်လည်း ၁၄ ရက် အသွားအလာကန့်သတ်တားမြစ်ခြင်း (Quarantine) ခံရမှာဆိုတော့ ကျွန်တော့်မှာ လူမလဲဖြစ်ပြန်ပါဘူး။ ဆိပ်ကမ်းမှာ ကုန်ချနေရင်းနဲ့ပဲ မတ်လ ၁၆ ရက်မှစပြီး စင်ကာပူ၊  ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ အာရှနှင့် အာဆီယံနိုင်ငံများ ကမ္ဘာ့နိုင်ငံအနှံ့အပြားကပါ ၁၄ ရက် အသွားအလာ ကန့်သတ်တားမြစ်ခြင်း (Quarantine) များ ကြေညာခြင်း၊ နိုင်ငံအတွင်း လေယာဉ်အပြောင်းအလဲ (Transit) ပိတ်လိုက်ခြင်းတွေကြောင့် ကျွန်တော်အပါအဝင် သင်္ဘောသားများ အိမ်ပြန်ဖို့ အခက်ကြုံခဲ့ရပါတယ်။ ကျွန်တော်ရဲ့အပေါင်းအသင်း သင်္ဘောသားများဆို အထုပ်အပိုးပြင် သင်္ဘောပေါ်ကဆင်းပြီး လေဆိပ်အရောက်နဲ့ လမ်းခုလတ်တွေမှာ နိုင်ငံအလိုက် ထုတ်ပြန်ကြသော အရေးပေါ်ဥပဒေတွေကြောင့် လေယာဉ်အခက်အခဲ၊ ဗီဇာ (Visa) အခက်အခဲများဖြစ်ကာ ပြန်လှည့်လာကြရပြီး သင်္ဘောပေါ်ပြန်ရောက်ခဲ့ကြရပါတယ်။

အဲသည်တော့ မြန်မာပြည်က ကျွန်တော်တို့ကို သင်္ဘောတင်ပေးလိုက်တဲ့ မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာန လက်အောက်က အသိအမှတ်ပြု လိုင်စင်ရသင်္ဘောကုမ္ပဏီကိုယ်စားလှယ် SRPS (Seafarer Recruitment and Placement Services)များက မကူညီပေးဘူးလား မေးစရာရှိပါတယ်။ ယခုလို အခက်အခဲများကြားက လဲလှယ်ပေးနေတဲ့ သင်္ဘောကုမ္ပဏီ (SRPS) အနည်းငယ်ရှိပါတယ်။ သူတို့မှာလည်း ပြည်ပနိုင်ငံက သင်္ဘောကုမ္ပဏီများနဲ့ ချိတ်ဆက်တဲ့အခါ သင်္ဘောပေါ်တွင် ဖြစ်ပွားသော သင်္ဘောသားများအရေးကို ကူညီပေးနိုင်ဖို့ အားနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က တောင်းဆိုမှုတွေ (Complain) တွေများရင် တစ်ဖက်နိုင်ငံက သင်္ဘောကုမ္ပဏီများက အခြားလိုင်စင် သင်္ဘောကုမ္ပဏီ(Arps) များကို သင်္ဘောပြောင်းပေးလိုက် ကြပါတယ်။ သူ့ဆန်စားရဲနေရတဲ့ဘဝကိုး။

ကျွန်တော်တို့ သင်္ဘောသားတွေရဲ့ အခက်အခဲ အခွင့်အရေးများစွာကို အကူအညီပေးနေတဲ့ ကမ္ဘာ့ရေကြောင်းသွားလာရေး အလုပ်သမား များအဖွဲ့ ITF (International Transport Woker's Federation) ကလည်း မတ်လ ၁၆ မှ ဧပြီ ၁၆ အထိ သင်္ဘောသားများကို စာချုပ်သက်တမ်း တစ်လတိုးမြှင့်ပေးလိုက်တယ်လို့ တရားဝင်စာများထွက်လာတော့ မင်းတို့မပြန်ရလို့ ငါတို့ကို မတိုင်ကြားနဲ့ဦး ကိုရိုနာဗိုင်းရပ်စ် (Covid-19)ကြောင့် တစ်လဆက်နေပေးပါဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ 

ဒီလိုနဲ့ စာချုပ်ပြည့်လို့ နှစ်လနီးပါး သက်တမ်းကျော်လာတဲ့ ကျွန်တော်အိန္ဒိယမှာ ကုန်ပြန်တင်ပြီး နောက်ကုန်သွားချမယ့် နောက်ဆိပ်ကမ်း သိလိုက်ရတဲ့အခါမှာ သြော် သင်္ဘောသားဆိုတာ ငွေတော့ရနေပေမယ့် ငွေနဲ့ဝယ်ကုလို့မရ လုပ်ယူလို့မရတဲ့ အလုပ်များစွာကို မိသားစုအရေးအတွက် ပင်လယ်ရပ်ခြားမှာ လုပ်ကိုင်နေကြရပါလားဆိုတာ တွေးမိလိမ့်မယ် ထင်ပါတယ်။ 

ကျွန်တော် သင်္ဘောက အိန္ဒိယနိုင်ငံ ဂျန်ဂါဘာရန် (Gangavaram) ဆိပ်ကမ်းမှာ ကုန်ပြန်တင်ကာ စင်ကာပူမှာ အစားအသောက်များ၊ လောင်စာဆီများထပ်ဖြည့်ပြီး တရုတ်နိုင်ငံ ချင်တောင်း (Qingdao) ဆိပ်ကမ်းသို့ သွားရောက် ကုန်ချမှာ ဖြစ်ပါတယ်။

ယင်းတရုတ်ဆိပ်ကမ်းကို ဧပြီလလယ်မှာ ရောက်မှာဖြစ်ပြီး အကယ်၍  ပြန်ရမယ်ဆိုရင် မြန်မာပြည်ကနေ ကျွန်တော်အစားလာလဲမယ့် သင်္ဘောသားက ဧပြီလဆန်းမှာ ထွက်လာရမှာဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၄ ရက် အသွားအလာကန့်သတ်တားမြစ်ခြင်း (Quarantine) ခံရမှာ ဖြစ်ပါတယ်။ ပြန်ရမယ့် ကျွန်တော်ကလည်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဖြစ်နေသော ဆိပ်ကမ်းများကလာတဲ့အတွက် တရုတ်နိုင်ငံမှာ ၁၄ ရက် (Quarantine) ခံရမယ့်အပြင် မြန်မာပြည် ပြန်ရောက်ရင်လည်း နှစ်နိုင်ငံ စုစုပေါင်း ၂၈ ရက်တိတိ  အသွားအလာ ကန့်သတ်တားမြစ် (Quarantine) ခံရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း မိမိသင်္ဘောဆိုက်ရောက်သော နိုင်ငံရဲ့ဥပဒေ ကိုလိုက်နာရမှာက သင်္ဘောသားများရဲ့ တာဝန်ဝတ္တရား မဟုတ်ပေဘူးလား။ ကမ္ဘာ့အရေးဟာလည်း နိုင်ငံအနှံ့ ကုန်စည်ပို့ဆောင်နေကြရသော သင်္ဘောသားအရေးနဲ့ ထပ်တူတွဲလျက်ပါပဲ။

ကမ္ဘာသူ ကမ္ဘာသားများအားလုံး မိမိအသိ သတိကနေ ကိုယ့်ကမ္ဘာ ကိုယ့်နိုင်ငံ ကိုယ့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။

ဗိုလ်သူရိန်
(ခေတ္တ အိန္ဒိယ)