News

POST TYPE

PERSPECTIVE

ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေ ၊ ပြစ်မှု ပြစ်ဒဏ်များ
27-Mar-2020


ရန်နိုင် ။ ။ မကြားချင်ဆုံးသောသတင်းစကား၊ မပြောချင်ဆုံးအကြောင်းအရာတွေကြောင့် ကျွန်တော်က ဒီတစ်ပတ်သောကြာကို (Black Friday) လို့တောင် သတ်မှတ်လိုက်ချင်တယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။    ။ ဟုတ်တယ် ကိုရန်နိုင်ရေ၊ ထင်မှတ်ထားသလိုပဲ နောက်ဆုံး တတိယလှိုင်းရိုက်ခတ်မှုနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါကတော့ ကျွန်တော်တို့ နိုင်ငံကိုရောက်ရှိလာခဲ့ပြီ ကိုရန်နိုင်ရေ။ ကျွန်တော်တို့ ပြီးခဲ့တဲ့အပတ်တွေက ပြောဆိုဆွေးနွေးခဲ့ကြသလိုပါပဲ။ ကျွန်တော်တို့ ဘယ်လောက်စည်းလုံး ညီညွတ်တယ်၊ တစ်ဦးချင်း တာဝန်ယူမှု ဘယ်လောက်ရှိတယ်၊ ဘယ်လောက်စည်းစနစ်တကျ ရှိတယ်ဆိုတာတွေက ကျွန်တော်တို့နိုင်ငံအတွက် မှတ်ကျောက်တင်မယ့်အကြောင်းအရာတွေ ဖြစ်လာမယ်ထင်တယ် ကိုရန်နိုင်ရေ။

ရန်နိုင် ။ ။ အခု ပိုးတွေ့ရှိသူ သုံးဦးက အမေရိကန်နိုင်ငံက ပြန်လာသူတစ်ယောက်နဲ့ အင်္ဂလန်ကပြန်လာသူ နှစ်ယောက်ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့စောင့်ကြည့်ထိန်းချုပ်မှု (Facility Quarantine) အစီအစဉ် ရက်ပိုင်လေးနောက်ကျသွားတဲ့အပေါ် တစ်ယောက်ကလွတ်သွားပြီး ကျန်တဲ့တစ်ယောက်က အဲ့ဒီအစီအစဉ်စတင်ပြီးခါမှ လွတ်ထွက်သွားတယ်လို့လည်း ပြောဆိုနေကြတယ် ကိုရန်ပိုင်ရေ။ တကယ်တမ်း စိုးရိမ်စရာက ထိုင်းနယ်စပ်ကနေ သိန်းချီဝင်ရောက်လာမယ့် ပြည်တော်ပြန် မြန်မာအလုပ်သမား အရေးက ပိုလို့စိုးရိမ်စရာအခြေအနေပဲ ကိုရန်ပိုင်ရေ။

ရန်ပိုင် ။    ။ ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်အဖြစ် မြဝတီချစ်ကြည်ရေး တံတားဝင်ပေါက်ကနေ တရားဝင် ဝင်ရောက်ခွင့်ပြုထားပေမယ့် တရားမဝင် ဝင်ရောက်နေတာတွေကလည်း ရှိနေတယ်လို့ကြားနေရတဲ့ အရေးကလည်း စိတ်မအေးစရာ ကိုရန်နိုင်ရေ။ တစ်ရက်ကပဲ ရုပ်သံဖိုင်တစ်ခုမှာ ရောဂါထိန်းချုပ်ရေး ၁၄ ရက်စောင့်ကြည့် ထိ်န်းချုပ်မှုလုပ်ငန်း အစီအစဉ်ပေါ် မကျေနပ်လို အချင်းများနေတဲ့ ရုပ်သံဖိုင်တစ်ခုနဲ့၊ ရောဂါပိုးတွေ့ရှိသူနဲ့ လေယာဉ်အတူစီးလာတဲ့ တောင်ဥက္ကလာပကလူတစ်ဦးကလည်း စစ်ဆေးဖို့ခေါ်ဆောင်တာ ငြင်းဆန်လို့ ရဲနဲ့သွားခေါ်ရတာ၊ ဘန်ကောက်က ပြန်ဝင်လာမယ့်လူငယ်တစ်ဦးက သူ့အကောင့်မှာဆောရီးပဲ ၁၄ရက် သေတောင်မနေဘူး ဆိုတဲ့အပြောအဆိုနဲ့ လူမျိုးတွေကြောင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်စေတဲ့အပေါ် ဥပဒေရှုထောင့်ကနေ ကိုရန်နိုင်မြင်တဲ့ အမြင်လေး လုပ်ပါဦးဗျ။

ရန်နိုင် ။ ။ အေးဗျာ ကမ္ဘာလုံးချီ ဖြစ်နေတဲ့အခြေအနေမှာ စုန်းပြူးတွေရှိနေတာက ဖြစ်တတ်တဲ့သဘောပါ။ သူတို့မသိတာက နိုင်ငံတိုင်းမှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ထိန်းချုပ်နှိမ်နင်းရေး ဥပဒေဆိုတာ ရှိပြီးသားဗျ။ မြန်မာနိုင်ငံမှာလည်း ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဆိုတာရှိတယ်ဗျ။ ဗဟုသုတအနေနဲ့ပြောရရင် အင်္ဂလိပ်ကိုလိုနီလက်ထက် ၁၈၉၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ကူးစက်ရောဂါဥပဒေ The Epidemic Disease Act ဆိုတာရှိခဲ့ပြီး ၊ ၁၉၀၉ ခုနှစ်မှာတော့ ကာကွယ်ဆေးထိုးနှံမှု ဥပဒေ The Vaccination Act လို့ ပြောင်းလဲပြဋ္ဌာန်းခဲ့တယ် ကိုရန်ပိုင်ရေ။ ၁၉၉၅ စစ်တပ်အုပ်စိုးတဲ့ခေတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအသစ်ရေးဆွဲ ပြီး အရင်ကပြဋ္ဌာန်ထားတဲ့ ဥပဒေနှစ်ခုကို ပယ်ဖျက်ခဲ့တယ်ခင်ဗျ။ ၂၀၁၁ မှာ အနည်းငယ်ပြင်ဆင်ခဲ့ပြီး လက်ရှိက အသက်ဝင်နေတယ်လို့ ဆိုရမယ်ဗျ။

ရန်ပိုင် ။    ။ အသေးစိတ်ကျကျလည်း လုပ်ပါဦး ကိုရန်နိုင်ရ။

ရန်နိုင် ။ ။ အသေးစိတ်ဆို နဝတခေတ် ၁၉၉၅ မှာပြဋ္ဌာန်းခဲ့တဲ့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေမှာ အခန်း ၉ ခန်းပါရှိတယ်ဗျ။ အခန်း(၁)ကအမည်နဲ့ အဓိပ္ပာယ်ဖေါ်ပြချက်၊ အခန်း(၂) ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ အခန်း (၃) ကျန်းမာရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ အခန်း (၄) ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အခန်း (၅) ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် တိုင်ကြားခြင်း၊ အခန်း (၆) အဓိက ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုနှင့်စပ်လျင်း၍ ဆောင်ရွက်ခြင်း၊ အခန်း (၇) အသွားအလာတားမြစ်ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ အခန်း (၈) ပြစ်ဒဏ်များ၊ အခန် (၉) အထွေထွေလို့ပါရှိတယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။ ။ ဒါဆို လူတွေမသိကျလို့ပေါ့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို လူတွေလိုက်နာဖို့လိုအပ်သလို၊ လက်ရှိဆောင်ရွက်နေတာက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေ ဥပဒေပါအတိုင်းပေါ့ ကိုရန်နိုင်ရေ။

ရန်နိုင် ။ ။ ဟုတ်တယ် ကိုရန်ပိုင်ရေ၊ လူတွေလိုက်နာသင့်ပြီ၊ ကနေ့အခြေအနေမှာ အဓိကကျမယ်ထင်တဲ့ ဥပဒေပါအချက်တွေကို ကောက်နုတ် ပြရရင် အခန်း (၅) ပါ အချက်တွေက အိမ်ထောင်ဦးစီး၊ အိမ်ထောင်စုဝင် တစ်ဦးဦး သို့မဟုတ် လုပ်ငန်းရှင်တစ်ဦးဦးဟာ ကူးစက်မြန်ရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက သို့မဟုတ် ဖြစ်ပွားပါက သိသိချင်း ကျန်းမာရေးဌာနကို သတင်းပို့ရမယ်လို့ ပါရှိတယ်ဗျ။ ဆိုလိုချက်က ကျန်းမာရေးဌာနက ဆက်သွယ်လာတာကိုမစောင့်ဆိုင်းရဘဲ ကိုယ့်ဘာသာ ချက်ချင်းသတင်း ပို့ရမယ်လို့ ပါရှိတယ် ကိုရန်ပိုင်။

အခန်း (၆) ကတော့ ကျန်းမာရေးအရာရှိဟာ သူလိုအပ်တယ်လို့ ယူဆရင် မည်သူ့ကိုမဆို စုံစမ်းမေးမြန်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း (မစင်၊ ဆီး၊ သလိပ်၊ သွေး၊ အစားအသောက်၊ ရေ)၊ ဆေးထိုးစမ်းသပ်ခြင်း စသည်တို့ပြုလုပ်နိုင်တယ်လို့ ပါရှိတယ်ဗျ။

အခန်း (၇) အသွားအလာ တားမြစ်ပိတ်ပင် ကန့်သတ်ခြင်းမှာ ကူးစက်မြန်ရောဂါဖြစ်ပွားနေသူကို နေအိမ်မှ ထွက်ခွာသွားလာခွင့်၊ ရောဂါ ဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အတွင်းရှိလူများကို ပြင်ပသွားလာခွင့်၊ ပြင်ပလူများ ကူးစက်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များကို ဝင်ရောက်ခွင့်၊ ပွဲလမ်းသဘင်များပိတ်သိမ်းခြင်း စတာတွေပါတယ် ကိုရန်ပိုင်၊ လူတွင်မက တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေပါ ကန့်သတ်တားစီးခွင့်ပါရှိတယ်ဗျ။ စောင့်ကြည့်ထိန်းချုပ်ခြင်း Quarantine အပြင် မြို့နယ်အဆင့်ထိပါ Lock Down လုပ်လို့ရတယ်လို ဆိုလိုတယ်ဗျ။

အခန်း (၈) ပြစ်ဒဏ်ချမှတ်နိုင်မှုကတော့ ဘယ်သူမဆို ကျန်းမာရေးဌာနက ညွန်ကြားချက်တွေကို လိုက်နာဖို့ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အဆိုပါပုဂ္ဂိုလ်ကို ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေ ဒဏ် ၅သောင်းထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်လို့ရတယ်လို့ ပါရှိတယ် ကိုရန်ပိုင်။ အထက်မှာပြောခဲ့သလို ကူးစက်မြန်ရောဂါဖြစ်ပွားတယ်လို့ သံသယရှိရင် အကြောင်းကြားဖို့လိုအပ်ပြီး ပျက်ကွက်တယ်ယူဆရင်လည်း ထောင်ဒဏ် ၁ လနဲ့ ငွေဒဏ် ၃၀ဝ၀ဝ ကျပ်ထိ ချမှတ်လို့ရတယ်ဗျ။ အသေးစိတ်သိချင်ရင် ဒီလင့်ခ်မှာ ဝင်ကြည့်လို့ရတယ် ကိုရန်ပိုင်ရေ။ (https://bit.ly/2WDaFFF)

ရန်ပိုင် ။   ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ် စကားလိုပေါ့ ကိုရန်နိုင်ရေ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို လိုက်နာခြင်းက အခုချိန်မှာအရေးကြီးတယ်ဗျ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ ညွန်ကြားချက်တွေအတိုင်း ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေဖြစ်လို့ အထူးလိုက်နာဖို့ လိုအပ်သလို၊ ဥပဒေဆိုတာကလည်း ပြီးမှ ကျွန်တော်မသိလိုပါ၊ ကျွန်မ မသိလိုပါလို့ ြွခင်းချက်ထားလို့ရတဲ့အရာ မဟုတ်လို့ သေချာလိုက်နာကြပါလို့ တိုက်တွန်းရင်း မြန်မာပြည်သူပြည်သား အပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။

မြန်မာပြည်သူပြည်သားအပေါင်း ကပ်ရောဂါဘေးမှကင်းဝေးကြပါစေ

အဂ္ဂ