News

POST TYPE

PERSPECTIVE

နွေလယ် ခြောက်အိမ်မက် တစ်ခု မဖြစ်စေလို
26-Mar-2020


                                                                                                                                                                                       ၁။
သူ့ ကိုယ်မယုံ၊ ကိုယ့် သူမယုံ သံသယအကြည့်တွေ ကိုယ်စီနဲ့။ ဟိုနိုင်ငံကြောင့်၊ ဒီနိုင်ငံကြောင့် လက်ညှိုးထိုး စွတ်စွဲကြ။ အထိအခိုက်များတဲ့ နိုင်ငံတွေကို ကရုဏာသက်ကြ။ ၂၀၁၉ ဒီဇင်ဘာနှောင်းပိုင်းဆီက တရုတ်နိုင်ငံတွင်း ပြည်နယ်တစ်ခုဆီက အစပြုခဲ့တဲ့ဗိုင်းရပ်စ်သစ်ဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေ တစ်နံတစ်လျားကို ခပ်သွက်သွက်ခြေဆန့်ခဲ့ပြီးဖြစ်တာ အားလုံးအသိပါ။

ကူးစက်မြန်ရောဂါအသစ်ဟာ ကူးစက်ပြီးပတ်ဝန်းကျင်တွေရော ကင်းလွတ်ဆဲပတ်ဝန်းကျင်တွေကိုပါ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လျက် ရှိပါတယ်။ အပူပိုင်း၊ အအေးပိုင်း၊ ဖွံ့ဖြိုးပြီး/ဖွံဖြိုးဆဲ၊ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာမရွေးဆီကို အရှိန်အဟုန်နဲ့ ရွေ့လျားနေဆဲ။ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ပညာရှင်တွေက မပြတ်လမ်းညွှန် ဆောင်ရွက်နေကြသလို ထပ်ပြီးလိုအပ်လာမယ့် အခြေအနေတွေအတွက်လည်း သင့်တော်မယ့်အစီအမံတွေနဲ့ ဆက်လက်ဖြတ်ကျော် သွားပါလိမ့်မယ်။

                                                                                                                                                                                      ၂။
အသက်အရွယ်ကြီးရင့်သူတွေ၊ အခြားရောဂါအခံရှိသူတွေအတွက် အသက်အန္တရာယ်အထိ စိုးရိမ်ဖွယ်ဖြစ်နေတဲ့ ဒီရောဂါဆိုးကြီးကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာတစ်ဝန်းလုံး ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO)က စတင် သတ်မှတ်လိုက်ကြချိန်မှာတော့ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကျင်းပအံ့ဆဲဆဲ ပွဲလမ်းသဘင်တွေ၊ ခရီးသွားအစီအစဉ်တွေ အားလုံးဟာ တုံ့ဆိုင်းသွားပါတော့တယ်။ တိုးတက်လာတဲ့ခေတ်စနစ်နဲ့အညီ ကမ္ဘာ့ရွာကြီးဟာလည်း အခုမှာတော့ တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် အချိတ်အဆက်တွေလုပ်ရမလိုလို၊ ဖြတ်ရမလိုလို ရပ်သွားတာကတော့ စီးပွားရေးလည်ပတ်မှု။

ဘယ်လောက်ကြာမယ် ခန့်မှန်းမရတဲ့ အခုအခြေအနေအတွက် မိမိတို့ လက်ရှိလုပ်ငန်းတွေကို ဘယ်လိုအခြေအနေနဲ့ အသက်ဆက်ကြမယ်ဆိုတဲ့ အစီအစဉ်တချို့ကို နည်းလမ်းရှာကြရပါတော့တယ်။ နိုင်ငံတော် အဆင့်ချမှတ်လာတဲ့ ညွှန်ကြားချက်တွေအရ လူစုလူဝေးမဖြစ်စေဖို့၊ ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးအသိတွေကို မိမိပတ်ဝန်းကျင်ကို လက်လှမ်းမီသည်လောက် ဖြန့်ဝေလိုက်နာစေမှု၊ လိုအပ်လာနိုင်မယ့် အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားမှုတွေ စီစဉ်ရင်းလည်ပတ်နေသေးတဲ့ လုပ်ငန်းခွင်တချို့မှာတော့ တလှုပ်လှုပ်ရွေ့ဆဲ။

အကြောက်တရားဟာ လူတွေကို ပိုမိုတွေဝေစေပါတယ်။ သွေးပျက်စေပါတယ်။ လမ်းလွဲစေပါတယ်။ မိမိကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု လျော့ပါးစေတယ်။ ယခုကပ်ရောဂါမှာ သေဆုံးသူတွေရှိသလို ပျောက်ကင်းသွားသူတွေလည်း ရှိပါတယ်။ မြင့်မားနေတဲ့ ကူးစက်နှုန်းကိုထိန်းသိမ်းဖို့ ကာကွယ် ဆေးလက်ဝယ်မပို့နိုင်သေးတဲ့အချက်အတွက် လူတွေရဲ့အကြောက်တရားကို ပိုမိုစေတာလည်း ပါပါလိမ့်မယ်။ ကိုယ်တိုင်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ်နိုင်ငံ၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အားလုံးက ကြိုတွေးရင်း သောကတွေများနေကြရတာပါ။ ယခင်ကတည်းကလည်း သေမျိုးဖြစ်တဲ့လူတွေဟာ ကမ္ဘာအရပ်ရပ်မှာ အချိန်နှင့်အမျှ အကြောင်းအမျိုးမျိုး၊ ဝေဒနာအမျိုးမျိုးကြောင့်လည်း နှုတ်ဆက်ထွက်ခွာနေကြတာပါပဲ။ အကောင်းနဲ့အဆိုးဆို အကောင်းကိုသာ မိမိနဲ့ပတ်သက်ချင်ပေမယ့် တွေးမိတွေးရာတွေးတိုင်း စပ်မိစပ်ရာ ပြောတဲ့အခါတိုင်းတော့ သတင်းဆိုးတွေကိုသာ အသားပေးတတ်ကြတဲ့ လူ့သဘာဝကြောင့် ပိုမိုချောက်ချားစရာပုံစံအဖြစ် တစ်နေ့တခြား ရုပ်လုံးပေါ်လာပါတယ်။ မပူမပင် ပေါ့ပေါ့နေရမယ်လို့ မဆိုလိုပေမယ့် အလွန်အမင်း စိုးရိမ်လွန်ခြင်း၊ အကြောက်လွန်ခြင်းဟာလည်း ပြဿနာရဲ့အဖြေတော့ မဟုတ်ပြန်ပါဘူး။

                                                                                                                                                                               ၃။
နောက်တစ်ခုက လုပ်ငန်းခွင်တွေထဲက Work from Home ကိစ္စ။ အစကတည်းကလည်း Work from Home သွားလို့ရတဲ့အလုပ်တွေက ရှိနေတာပါပဲ။ အခုလို အရေးပေါ်အခြေအနေမှာတော့ ဒါကပေါ်ပင်တစ်ခုလိုဖြစ်ပြီး ခေတ်စားလာတယ်ပေါ့။ ပြောရရင် အချို့လည်း အခုမှကြားဖူးတာ။ သူများလုပ်ရင် လိုက်လုပ်ချင်၊ သူများရရင် လိုက်လိုချင်တဲ့သဘာဝကြောင့် Work from Home တောင်းဆိုမှုကလည်း လုပ်ငန်းတော်တော်များမှာ ရှိလာကြပါသတဲ့။ အလုပ်သဘာဝအပေါ် မူတည်နေတဲ့အတွက် အလုပ်တိုင်းက Work from Home လုပ်လို့မရပါဘူး။ မဖြစ်မနေမို့ လုပ်ခွင့်ပြုထားရတဲ့နေရာတွေတောင် လုံလောက်တဲ့အထောက်အပံ့ မဖြစ်တာလည်း တွေ့ရပါတယ်။ လူ့စိတ်သဘောအရကို အိမ်မှာဆိုတဲ့အသိကြောင့် အပြည့်အဝအားစိုက်ဖို့ လျော့နည်းနိုင်သလို မိသားစုအရ၊ ကိုယ်ရေးကိုယ်တာအရ ကိစ္စတွေကလည်း မိမိကိုအာရုံပျံ့နှံ့စေတတ်ပြန်ပါတယ်။ အများစုအတွက် အလုပ်မှာပဲဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ လတ်တလောကတော့ အထိုက်အလျောက် ဝန်ပေါ့နေမယ်ထင်ပါတယ်။ ဒါဟာ ပျော်ရွှင် ကျေနပ်ဖွယ်ကိစ္စတော့ မဟုတ်ပါဘူး။

လက်ရှိအခြေအနေကို လုပ်ငန်းရှင်များဘက်ကရော ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်ပါမလဲဆိုတာ စဉ်းစားစရာပါ။ အသေးစား၊ အလတ်စားလုပ်ငန်းအများစုဟာ ချေးငွေနဲ့လည်ပတ်နေမှုများတာလည်း အားလုံးအသိပါ။ ဝင်ငွေပုံမှန်မရှိတော့တဲ့ လုပ်ငန်းတွေအတွက် ချေးငွေဟာ လုပ်ငန်းအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်လာမှာ မလွဲပါဘူး။ သည့်အပြင် ထမ်းပိုးထားရမယ့် ဝန်ထမ်းစရိတ်ဟာလည်း ဖိစီးလာမှာဖြစ်ပါတယ်။ ကတ်ရောဂါကနေ ကျော်လွှားနိုင်ပြီဆိုရင်တောင် မိတ်ဖက်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ တညီတညွတ်တည်း ခေါင်းထောင်လာဖို့ဆိုတာ အချိန်တစ်ခု ထပ်စောင့်ရဦးမှာပါ။ ပုံမှန်အားဖြင့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ယခုနွေလယ်ကာလတွေဟာ သင်္ကြန်ပွဲတော်ရက်ရှည်ပိတ်ရက်တွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေ ခေတ္တရပ်နားတတ်ကြတာပါပဲ။ လူစုလူဝေးကြောင့် သင်္ကြန်ပွဲတော်ကို ယခင်လို တစ်ပြည်လုံးအတိုင်းအတာနဲ့ စည်စည်ကားကားလုပ်ခွင့် မပေးတော့ပေမယ့် အလုပ်နားချိန် ကိုယ့်ဇာတိပြန်လိုသူ၊ တစ်နေရာရာမှာ အနားယူလိုသူတွေကတော့ ယခုလက်ရှိအထိ စီစဉ်နေဆဲဆိုတာ တွေ့နေ ကြားနေရပါတယ်။ တချို့ဆို နိုင်ငံတော်အဆင့်က လူစုလူဝေးမပြုဖို့ တားမြစ်ထားတဲ့ ဧပြီလကုန်အထိ ခွင့်ရက်ရှည်ပေး လိုက်တာမျိုးလည်း ရှိပါတယ်။

အားလုံးရဲ့ အနာဂတ်ကိုယ်စီကို ပုံဖော်ဖို့အတွက် လုပ်ငန်းခွင်တွေကို ယခုသတ်မှတ်ရက်ထက် နောက်မကျဘဲ စိုးရိမ်ရတဲ့အခြေအနေကို 
ရက်ထပ်မတိုးဘဲ ပြန်လည်အသက်ဝင်အောင် ကြိုးစားပေးဖို့က အကုန်လုံးမှာ တာဝန်ရှိပါတယ်။ မိမိကို မကူးစက်အောင်၊ မိမိကနေ မကူးစက်အောင်၊ ဒီအခြေအနေဆိုးကြီး မြန်မြန်ကျော်နိုင်အောင်ဆိုတာ ကျွန်တော်တို့တစ်ဦးချင်းစီက တာဝန်ယူရပါလိမ့်မယ်။ ပုံမှန်မဟုတ်တဲ့အခြေအနေအတွက် ဘယ်သူကမှ ဘယ်သူ့ကို အာမခံချက်ပေးနိုင်လိမ့်မှာ မဟုတ်ပါ။

                                                                                                                                                                              ၄။
ဆိုးပြီးရင် ကောင်းလာမယ်ဆိုတာ နိယာမပါပဲ။ ကောင်းချင်တဲ့စိတ်လေး ကိုယ်စီမှာရှိဖို့တော့ လိုပါရဲ့။ ဆိုခဲ့သလို အကြောက်မလွန်ဖို့လိုသလို ကိုယ်တိုင်မှာ သံသယတစ်စုံတစ်ရာရှိလာရင်လည်း ရှက်စရာ၊ အားငယ်စရာမလိုပါဘူး။ သက်ဆိုင်သလို အသိပေး၊ ညွှန်ကြားချက်အတိုင်းလိုက်နာခြင်းဖြင့် ကိုယ်တိုင်ပြန်လည်ကောင်းမွန်မှုဆီ ဦးတည်စေသလို ကိုယ်က တစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်ကိုကူးစက်မှု တားဆီးနိုင်ပါလိမ့်မယ်။ အခုကာလအတွင်း အများနဲ့ထိတွေ့နေရဆဲ လုပ်ငန်းခွင်တိုင်းက ဦးဆောင်သူ များအနေနဲ့လည်း ကောင်းလာမယ့်အခြေအနေကို အမြန်ဆုံးကူးပြောင်းနိုင်ဖို့ တိကျတဲ့လမ်းညွှန်မှု၊ စစ်ဆေးမှုတွေ မပြတ်လုပ်ဆောင်နေသင့်သလို တစ်ချိန်တည်းမှာပဲ ပိုမိုဆိုးရွားခဲ့ရင် ရင်ဆိုင်ကျော်လွှားဖို့ အစီအစဉ် တွေလည်း ချမှတ်ထားသင့်ပါတယ်။

ကျန်းမာနေတဲ့သင်ဟာ ကျန်းမာနေတဲ့ပတ်ဝန်းကျင်ရှိမှသာ စိတ်သွားသလောက် ကိုယ်ကခရီးရောက်နိုင်မှာဖြစ်တာ မမေ့ပါနဲ့။ လက်ရှိ အခြေအနေဟာ ရပ်တန့်နေရမယ့်၊ မသိချင်ယောင်ဆောင်ပြီး မှေးနေရမယ့် အခြေအနေမဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံး လက်ခံထားရင်  ဒီအခြေအနေကနေ ရုန်းထွက်ဖို့ အပြောင်းအလဲကို ကိုယ်တိုင်ကစ သတိရှိရှိ ဖော်ဆောင်ကြဖို့လိုပါတယ်။ ကမ္ဘာကြီးပုံမှန်ပြန်လည်ပတ်ပြီး  ကျွန်တော်တို့ကိုယ်စီရဲ့ အိပ်မက်တွေကို အရှိန်မြှင့်အကောင်အထည်ဖော်နိုင်ဖို့ အဆက်အသွယ်ပြတ်နေသူတချို့နဲ့လည်း မကြာခင်ကျွန်တော်တို့  ပြန်တွေ့ချင်ပါတယ်။ COVID-19 သည် ကျွန်တော်တို့နွေလယ်အတွက် ခြောက်အိပ်မက်တစ်ခုမဖြစ်စေလိုပါ။ မိတ်ဆွေကို ကျွန်တော်အပါအဝင် ကမ္ဘာကြီး လိုအပ်နေပါသေးတယ်ဆိုတာ မပြတ်သတိရနေပေးပါ။ 

Z မောင်