News

POST TYPE

PERSPECTIVE

လောကအတွက် ဘာတွေချန်ထားခဲ့ကြမလဲ
25-Mar-2020


အဟောင်းတို့နေရာတွင် အသစ်တို့ဝင်ရောက်နေရာယူသည့်နိယာမ သဘောတရားသည်ဘယ်တော့မှ ပြောင်းလဲနိုင်မည်မဟုတ်ပါ။ ဒီလိုဝင်ရောက်နေရာယူမှလည်း လတ်ဆတ်ခြင်း၊ ဆန်းသစ်ခြင်းဟူသော သဘာဝနရီစည်းချက်ကိုက်မည်မဟုတ်ပါလား။ ကျွန်မတို့မရှိတဲ့နောက်ပိုင်း ကျွန်မတို့ထက်အဆပေါင်းများစွာတတ်သိသော၊ တော်သောလူငယ်တွေကျန်ခဲ့စေချင်ပါတယ်။ ယနေ့ ခေတ်လူငယ်လေးတွေက ပင်ကိုကိုက တီထွင်နိုင်မှု၊ နည်းပညာ ဆန်းသစ်မှု၊ ကိုယ်ပိုင် ဉာဏ်စွမ်းဉာဏ်စတွေရှိပြီးသားပါ။ 

ဒါပေမဲ့ နုနယ်သေးတဲ့အရွယ်၊ စိတ်ခံစားချက်ကို မခွဲခြားနိုင်သေးတဲ့အရွယ်မှာ အတိမ်းအစောင်း၊ အမှားအယွင်း အများကြီး ဖြစ်နိုင်ပါတယ်။ သူတို့လေးစားတဲ့သူ၊ အားကျတဲ့သူဟာ ကောင်းတာပဲ လုပ်လုပ်၊ ဆိုးတာပဲလုပ်လုပ် အဲဒီလူရဲ့ လောင်းရိပ်သြဇာသက်ရောက်မှုကြောင့် ကိုယ်ပိုင်အသိအမြင်တွေ၊ ဉာဏ်စွမ်းတွေပျောက်ကွယ်တတ်ပါတယ်။

ဖတ်ဖူးတဲ့ မင်းတုန်းမင်းလက်ထက်က အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။ မင်းတုန်းမင်းလက်ထက် သံတော်ဆင့် ဦးရွှေမြတ်၏  အလှူမင်္ဂလာပွဲတွင် ကမ္ဘာကြီးကလုံးတယ်၊ ပြားတယ်ဆိုပြီး အငြင်းပွားကြပါတယ်။ ကမ္ဘာကြီးပြားတဲ့ဘက်က ထောင်စာချီ အုတ်ဝန် ဦးသဲနဲ့တကွ လူအင်အား အလုံးအရင်းနဲ့ပါ။ ကမ္ဘာကြီးလုံးတဲ့ ကျောက်မြောင်း အတွင်းဝန်ဘက်ကတော့ ပညာရှိနှစ်ယောက် လောက်ပဲပါဝင်ပါတယ်။အုတ်ဝန်ဦးသဲက 'အဋ္ဌကထာ၊ ဋီကာ' တွေကိုးကားပြီး ကမ္ဘာကြီးပြား ကြောင်းပြောပြတာ အလှူပွဲလာလူ အားလုံးရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ဟိန်းနေပါတယ်။

အဲဒီအကြောင်းအရာကို ဆုံးဖြတ်ပေးမယ့် ခုံသမာဓိနန်းရင်းဝန် ကင်းဝန်မင်းကြီးဦးကောင်းကလည်း ကမ္ဘာကြီးပြားတဲ့ အုတ်ဝန်ဦးသဲ ကိုအနိုင်ပေးပြီး ကမ္ဘာကြီးလုံးတဲ့ ကျောက်မြောင်းအတွင်းဝန်ကိုရှုံးစေလို့ ဆုံးဖြတ်လိုက်ပါတယ်။ အလှူရှင်သံတော်ဆင့် ဦးရွှေမြတ်ကလည်း အဆုံးအဖြတ်ပေးတဲ့ခုံသမာဓိ ဦးကောင်းကိုမျက်နှာလိုအားရဖားပြီး စာတစ်တန်၊ ပေတစ်ဖွဲ့နဲ့ ဂုဏ်လုပ်ပြီး ချီးကျူးခဲ့ပါတယ်။

ကျန်လူတွေက အသိအမြင်မရှိတာထားပါတော့။ အင်္ဂလန်၊ ပြင်သစ်ကိုရောက်ဖူးပြီး နိုင်ငံတကာအတွေ့အကြုံရှိတဲ့တိုင်းပြည်ရဲ့ နန်းရင်းဝန်ကြီး ကိုယ်တိုင်က ညံ့တော့၊ ဗဟုသုတမပြည့်စုံတော့ လုံးနေတဲ့ ကမ္ဘာကြီးတောင်ပြားခဲ့ရပါတယ်။ ဒီသာဓကကိုကြည့်ရင် ဒီလိုအသိပညာ မှောက်မှားနေသူတွေရဲ့ လောင်းရိပ်၊ သြဇာသက်ရောက်နေတဲ့လူငယ်တွေဟာ အမှန်တရားကင်းကွာတတ်တယ်ဆိုတာ သိသာနေပါတယ်။

သို့သော်လည်း လူငယ်တွေရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့အထိတော့လုပ်လို့မရပါဘူး။ ယနေ့မျက်မှောက်ကာလကလည်း နည်းပညာ ခေတ်ဖြစ်သလို အသိပညာကို ဦးစားပေးရမယ့် ခေတ်ကာလလည်းဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေ ဘယ်လောက်ပင် ပေါကြွယ်ဝပါစေ နည်းပညာ၊ အသိပညာ၊ အတတ်ပညာမရှိပါက နိမ့်ကျနေရဦးမှာပါ။

ဒီလိုပညာတွေတိုးတက်စေဖို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးက အဓိကဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖို့ ဆိုတာကလည်း လူငယ်များကအဓိကကျတဲ့ အခန်းကဏ္ဍမှပါဝင်နေပါတယ်။ လူငယ်၊ လူရွယ်တွေရဲ့ ကိုယ်ပိုင်အစွမ်းအစ၊ ကိုယ်ပိုင်အားထုတ်မှု၊ ပင်ကိုဦးနှောက်စွမ်းရည်ဖွံ့ဖြိုးမှုအပေါ် အများကြီးမူတည်နေပါတယ်။

လူငယ်၊ လူရွယ်တွေရဲ့လူ့စွမ်းအားအရင်းအမြစ်တွေတိုးတက်ဖို့အတွက် လမ်းကြောင်းမှန်စွာရှိစေဖို့ ကျွန်မတို့ရှေ့လူတွေမှာ အသိပညာ ဗဟုသုတ၊ ကိုယ်ကျင့်တရားကောင်းမွန်ဖို့ အလွန်အရေးကြီးနေပါတယ်။မိသားစုတစ်စုအတွင်း မိဘက သား၊ သမီးကိုပညာအမွေမပေးဘဲ ငါ့မှာငွေကြေးဥစ္စာဓနပြည့်စုံနေတာပဲ၊ ငါရှာထားသမျှ ငါ့သား၊ သမီးအတွက်ပဲ၊ သူတို့လေးတွေအတွက် ဥစ္စာဓနပြည့်စုံအောင်ထားခဲ့နိုင်ရင် တာဝန်ကျေပြီပဲဟု အတွေးအခေါ်မှားစွာနဲ့ အသိပညာ၊ အတတ်ပညာအမွေမပေးနိုင်ခဲ့ပါရင် ပုံပြင်ထဲက ကုဋေရှစ်ဆယ်သူဌေးသားလို နောက်မျိုးဆက်လက်ထက်မှာ ခွက်လက်ဆွဲပြီးတောင်းရမ်းရတဲ့ဘဝကို ရောက်ရမှာမလွဲပါဘူး။

ယနေ့လိုပညာခေတ်မှာ လူငယ်တွေ စာတတ်မြောက်မှုက အရေးပါတာမှန်ပေမယ့် လူကြီးမိဘ၊ ဆရာသမားတွေက စာသင်သား  လူငယ်တွေကို ကျောင်းစာပြီးကျောင်းစာ တစာစာနဲ့တုပ်နှောင်ပြီး ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ရမယ်လို့ ရည်မှန်းချက်ကို အသေချမှတ်ထားလို့လည်းမရပြန်ပါဘူး။ ဒီလိုသာ ကျောင်းသင်ခန်းစာတစ်ခုထဲကိုအားစိုက်တဲ့ လူငယ်တွေများလာရင်လည်း ဘွဲ့ရပညာတတ်ဆိုသော ပညတ်ချက်နဲ့အရေအတွက်တွေသာများလာပြီး အရည်အချင်းပြည့်ဝတဲ့လူသားတွေ လျော့နည်းလာမှာ သေချာနေပါတယ်။ ဒါကြောင့် အထွေထွေ ဗဟုသုတတွေ၊ အသိပညာတွေရရှိဖို့အတွက် အကျိုးကျေးဇူးရရှိစေမယ့် ကောင်းမွန် သောစာပေများဖတ်ရှုနိုင်ရန် လေ့ကျင့်ပေးသင့်ပါတယ်။

အိမ်တစ်အိမ်ရဲ့အိမ်တွင်းရေးငြိမ်းချမ်းသာယာမှုသည် အသိဉာဏ် ပညာရှိတဲ့ မိဘနှစ်ပါးရဲ့အသိဉာဏ်ပညာအပေါ်မူတည်ပြီး ပေါ်ထွန်းလာတဲ့ အသိအလိမ္မာရှိတဲ့ သား၊ သမီးများရှိခြင်းပင်ဖြစ်ပါတယ်။ ထို့အတူ ရပ်ကွက်တစ်ခုအတွင်းမှ မြို့နယ်တစ်ခုအတွင်း၊ နိုင်ငံတစ်ခုအတွင်းသို့တိုင် မှီတင်းနေထိုင်ကြသော လူအများစုအသိဉာဏ်ပညာရှိမှ၊ ကိုယ်ကျင့်တရားကောင်းမှ ကောင်းမွန်တိုးတက်ငြိမ်းချမ်းသောအနာဂတ်ကို ထုဆစ်ပုံဖော်နိုင်မယ့် နိုင်ငံ့သားကောင်းလူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက် လာမည်ဖြစ်ပါတယ်။

သစ်ပင်ကြီးတစ်ပင်က အသက်ရှင်နေစဉ်အတွင်း လူသားတို့အတွက် အေးမြသောအရိပ်အာဝါသပေးစွမ်းခြင်း၊ လူသားတို့လိုအပ်တဲ့ တခြားလုပ်ဆောင်ချက်များပေးစွမ်းခြင်းသည် သူ၏ အသက်ရှင်စဉ်ကာလများကို အဓိပ္ပာယ်ရှိစေရုံသာမက နီးစပ်ရာလူသားများ၊ တိရစ္ဆာန်များကို တတ်စွမ်းသမျှလောက် ကောင်းကျိုးပေးနေခြင်းဖြစ်ပါတယ်။သစ်ရွက်လေးတွေရင့်ရော်ပြီး မြေသို့ကြွေကျ သက်ဆင်းခဲ့ရပေမယ့် သူ့နေရာမှာရွက်နုလေးတွေဝင်ရောက်နေရာယူစမြဲပါ။ မြေပြင်မှာသက် ဆင်းခဲ့ရတဲ့ရွက်ဟောင်းလေးတွေကတော့ နောက်ဆုံးထွက်သက်အထိ်မြေပြင်ပေါ်မှာ ကောင်းမွန်တဲ့မြေဆီလွှာအဖြစ်ပင် သူ့တာဝန်ကိုကျေပွန်စွာတာဝန်ယူသွားခဲ့တာပါ။

ဒီလိုပါပဲ နောက်ဆုံးမှာ ကျွန်မတို့တစ်တွေလည်း ရွက်ဟောင်းလေးတွေကြွေသလို မလွန်ဆန်နိုင်တဲ့သေခြင်းတရား ခေါ်ဆောင်ရာ နောက်ကိုလိုက်ပါသွားခဲ့ရရင်တောင် ကိုယ့်တာဝန်ကို ကျေပွန်စွာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူတွေအဖြစ်နဲ့ သေဆုံးခြင်းဆိုတဲ့ လဲလျောင်းရာမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေမှာ သေချာနေပါတယ်။ လက်ဆင့်ကမ်းယူခဲ့ကြတဲ့ လူငယ်လေးတွေက ရွက်သစ်လေးတွေအပင် မှာဝေဆာပြီးလူသားများကို ကောင်းကျိုးပြုနေသလိုကျရာ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရင်း နောက်မျိုးဆက်အတွက် ကောင်းမွေများလက်ဆင့်ကမ်းဖို့အသင့်ရှိနေမှာမလွဲပါဘူး။ ဒါကြောင့် လူ့စွမ်းအား အရင်းအမြစ်များတိုးတက်ဖို့ ရှေ့လူရော နောက်မျိုးဆက်ပါ ကြိုးစားသွားကြပါရန် ဆန္ဒပြုတိုက်တွန်းရင်း ကောင်းမွန်တိုးတက်ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ ကောင်းမွေများအဆင့်ဆင့်လက်ဆင့် ကမ်းသွားကြပါစို့။                           

ခိုင်ခိုင်