News

POST TYPE

PERSPECTIVE

ကိုယ့်လုံခြုံရေး အလေးပေးပါ
25-Mar-2020


တရုတ်နိုင်ငံ ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှစတင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် ယခုအခါ အရှေ့တောင်အာရှအပါအဝင်အာရှဒေသ၊ အရှေ့အလယ်ပိုင်း၊ ဥရောပ နှင့် အမေရိကနိုင်ငံများအထိ ခရီးမိုင်ပေါင်းများစွာ ပေါက်မြောက်ခဲ့ပြီဖြစ်သည်။ ၁၉ - ၃ - ၂၀၂၀ ရက်နေ့အထိ ရောဂါကူးစက်ခံရသော နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ဓာတ်ခွဲအတည်ပြုသူလူနာပေါင်း နှစ်သိန်းကျော်နှင့် သေဆုံးသူပေါင်း ကိုးထောင်ခန့်အထိရှိပြီဖြစ်သည်။မကြာခင်ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေးကို အမေရိကန်နိုင်ငံက စမ်းသပ်ရှာဖွေလျက်ရှိရာ လူတို့တွင် စမ်းသပ်သည်အထိ အောင်မြင်လျက် ရှိကြောင်း သတင်းတစ်ခုကိုကြားသိရသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် ကာကွယ်ဆေးအဆင့်ရောက်ရန် တစ်နှစ်မှ တစ်နှစ်ခွဲအထိ အချိန်ယူရဖွယ်ရှိကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံကလည်း မကြာမီပင် လူနှင့်စမ်းသပ်တော့မည်ဟု သိရှိရပါသည်။

မည်သို့ပင်ဖြစ်စေ ကိုရိုနာဗိုင်းရပ်စ်မကူးစက်၊ မဖြစ်ပွားရအောင် လုပ်ဆောင်ရမည့် အကောင်းဆုံးနုည်းလမ်းမှာ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းပင် ဖြစ်ပါသည်။ ကြိုတင်ကာကွယ်သည့် နည်းလမ်းများအဖြစ် လက်ဆေးခြင်းအပါအဝင် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးလျက်ရှိပါသည်။ ယင်းဝန်ကြီးဌာနကထုတ်ပြန်သော ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့်ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခြင်းကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ တားဆီးကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဤဆောင်းပါးတွင် ကိုရိုနာဗိုင်းရပ်စ်အကြောင်း အဓိကရေးသားရန်မရည်ရွယ်ပါ။ ဤရောဂါကိုအကြောင်းပြု၍  ဖြစ်ပွားလာနိုင်သည့် လုံခြုံရေးဆိုင်ရာကိစ္စများကို ရေးသားလိုရင်းဖြစ်ပါသည်။ COVID-19 ကို အကြောင်းပြု၍ ကုန်သွယ်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများအပါအဝင် အခြားသောလူမှုစီးပွားလုပ်ငန်းများထိခိုက်နစ်နာမှုများကို သက်ဆိုင်ရာနယ်ပယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များက အစည်းအဝေးများပြုလုပ်ခြင်း၊ ဟောပြောပို့ချခြင်းနှင့် ရေးသားခြင်းတို့ကို မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်လျက်ရှိကြပါသည်။ သို့ရာတွင် လူနည်းစုကသာသတိထားမိပြီး အများစုက အမှတ်တမဲ့ဖြစ်နေသော ကိစ္စတစ်ခုကိုမီးမောင်းထိုးပြလိုပါသည်။

အလုပ်လက်မဲ့ ဖြစ်ခြင်းမှသည်

ယခုအခါ မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံအချို့အပါအဝင် စက်ရုံအချို့သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းမရရှိမှုအပါအဝင် အခြားအကြောင်းမျာကြောင့် ပိတ်သိမ်းလိုက်ရကြောင်း သိရှိရပါသည်။ (မတ်လ ၇ ရက်နေ့ထုတ် သတင်းစာများတွင် အထည်ချုပ်စက်ရုံများအတွက်ကုန်ကြမ်းအချို့ တရုတ်နိုင်ငံမှ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြောင်း ဖတ်ရှုလိုက်ရပါသည်)။ ထိုကဲ့သို့ စက်ရုံများပိတ်သိမ်းလိုက်ရသည့်အတွက်ကြောင့် ထောင်နှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကြရပါသည်။

အချို့သော အလုပ်သမားများမှာ မိမိတို့ဒေသရပ်ထံသို့ပြန်၍ ယခင်လုပ်လက်စ ရိုးရာလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြဖွယ်ရှိ သည်။ အချို့မှာမူ ရန်ကုန်တွင်ပင်နေထိုင်၍ ရရာအလုပ်များကို လုပ်ဆောင်ကြမည်ဟု ယူဆမိပါသည်။ သို့ရာတွင် အချို့သောအလုပ်သမားများမှာမူ မိမိတို့နေရပ်သို့လည်းမပြန်၊ ရန်ကုန်တွင်လည်း အလုပ်အကိုင် မည်မည်ရရ မရရှိပါက အလုပ်လက်မဲ့ဘဝ၊ ဝင်ငွေမရှိသော အခြေအနေမျိုးကို ရပ်တည်ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ကျွန်တော့်အနေနှင့် အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့ရမည့် အလုပ်လက်မဲ့ဘဝနှင့် ဝင်ငွေမရှိသော ဘဝတို့ကို တွေးတော၍ စိတ်ပူမိပါသည်။

ထိုကဲ့သို့ တွေးတောပူပင်မိသည်မှာ အခြားမဟုတ်ပါ။ ၎င်းတို့အနေနှင့်တရားဝင်လုပ်ကိုင်ဆောင်ရွက်ရမည့် အလုပ်အကိုင်မျိုးကို မရရှိဘဲ တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်မိမည်ကို စိုးရိမ်ပူပန်မိခြင်းဖြစ်ပါသည်။ ယခုအခါ မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်းအပါအဝင် ဥပဒေနှင့်မညီညွတ်သောလုပ်ငန်းများမှာ မြန်မာနိုင်ငံအနှံ့တွင် ပေါများလျက်ရှိရာ အလုပ်အကိုင်မရှိသူများကို လက်ယပ်ခေါ်သကဲ့သို့ ဖြစ်နေပါသည်။ ထိုကဲ့သို့ အခြားသူများခိုင်းစေသည့် အလုပ်ကိုလုပ်ကိုင်ခြင်းမပြုဘဲ ကိုယ့်အားကိုယ်ကိုး အလုပ်များကို လုပ်ကိုင်လာမည်ကို စိုးရိမ်မိခြင်းဖြစ်ပါသည်။ ပညာအခြေခံနည်းပါးပြီး အရင်းအနှီး မရှိသောသူများအဖို့ အချိန်တိုကာလအတွင်း ကောင်းရောင်းကောင်းဝယ်၊ ကုန်ထုတ်လုပ်ငန်းစသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ရန် မည်သို့မျှ လွယ်ကူမည် မဟုတ်ပါ။ ထိုအခါ လုပ်ကိုင်ရလွယ်ကူသည့် ရာဇဝတ်မကင်းသောလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လာမည်ကို စိုးရိမ်မိခြင်း ဖြစ်ပါသည်။

ပေါများလာသည့် ရာဇဝတ်မှုများ 

မြန်မာနိုင်ငံတွင် ယခုဆယ်စုနှစ်ကာလများအတွင်း ရာဇဝတ်မှုများထူပြောလာသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ ရာဇဝတ်မှု        ထူပြောရခြင်း အကြောင်းအရင်းများတွင် မူးယစ်ဆေးဝါးသုံးစွဲမှု အပါအဝင် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းနည်းပါးမှုသည်လည်း အကြောင်းအရင်း တစ်ရပ်ဖြစ်သည်။ အလုပ်အကိုင်ရှိလျှင် ဝင်ငွေမရှိ၊ သည်တော့ဝင်ငွေကို ရသည့်နည်းလမ်းဖြင့်ရှာသည်။ တရားဥပဒေဘောင်အတွင်းမှ ဝင်ငွေရှာရသည်မှာ မလွယ်ကူ။ သည်တော့ အလွယ်လမ်းကို လိုက်ကြသည်။

ပထမတော့ ခိုးမည်၊ ဝှက်မည်။ သို့သော် ခိုး၍ရသည့် ပစ္စည်း/ ငွေတန်ဖိုးက လောက်လောက်လားလားမရှိ။ သည်တော့ လုယက်မည်၊ ဓားပြတိုက်မည်၊ အဆင်မပြေလျှင် သို့မဟုတ် ခုခံလျှင် လူသတ်သည်အထိ ကျူးလွန်မိတော့သည်။ လုယက်၍ လွယ်ကူသော လူတန်းစားက သက်ကြီးရွယ်အိုများ၊ ထို့နောက် အမျိုးသမီးများဖြစ်သည်။ မြန်မာလူမျိုးတို့သည် မည်သည့်နေရာတွင်မဆို အမှုမဲ့အမှတ်မဲ့ နေကြသည်ကများသည်။ လမ်းသွားလျှင်လည်း နမော်နမဲ့။ လမ်းသွားရင်းတယ်လီဖုန်းပြောသည်။ ပြီးတော့ ဖုန်းကိုသည်အတိုင်း လက်ကကိုင်သွားသည်။ ထိုအခါ လုယက်သူတို့၏အကြိုက်ဖြစ်သည်။

အမျိုးသမီးအများစုမှာ ဈေးဝယ်လျှင် ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်၍ သွားသည်ကများသည်။ မကြာမီက ကရင်ပြည်နယ်၊ ဘားအံမြို့ ၌ ထိုကဲ့သို့ ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်၍သွားသည့် အမျိုးသမီးများကို ဆိုင်ကယ်စီးလာသူတစ်ဦးက နောက်မှဆောင့်တွန်း၍ ပိုက်ဆံအိတ်ကို လုယူသောဖြစ်စဉ် တစ်ရက်တည်း သုံးခုဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အမျိုးသမီးတစ်ဦးဆိုလျှင် မှောက်လျက်လဲကျ၍ ဒဏ်ရာရသွားသည်ဟုဆိုသည်။

ရာဇဝတ်မှုကျူးလွန်သူတို့သည် ထိုကဲ့သို့ တစ်ဦးတည်းလမ်းလျှောက်နေသူများ၊ ဘဏ်မှ ငွေထုတ်ပြီးထွက်လာသူများကို လုယက်ကြ ရာမှသည် သက်ကြီးရွယ်အိုတစ်ဦးတည်း ရှိနေသောအိမ်များ၊ လူမရှိသောအိမ်များကိုလည်း ပစ်မှတ်ထားကာ ဖောက်ထွင်းလုယက်၊ ဓားပြတိုက်လာကြသည်။ မကြာမီက ဖြစ်ပွားခဲ့သော မြောက်ဒဂုံမြို့နယ်ရှိ၊ သမဝါယမဘဏ်ဓားပြတိုက်မှုသည်ကား နိုင်ငံခြားရုပ်ရှင်ဆန်ဆန် ကျူးလွန်လာကြခြင်းဖြစ်သည်။

ယခုအခါ ကမ္ဘာတစ်ဝန်းလှည့်ပတ်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (COVID-19)ကူးစက်ရောဂါ၏ အကျိုးဆက်ကြောင့် နိုင်ငံအတော် များများတွင် စီးပွားရေးလုပ်ငန်းများထိခိုက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အထည်ချုပ်စက်ရုံများ တရုတ်နိုင်ငံမှ ကုန်ကြမ်း မရရှိမှုနှင့် အခြားအကြောင်းများကြောင့် ပိတ်သိမ်းနေရခြင်းများရှိသည်။ ထိုအခါ အလုပ်လက်မဲ့များ ပေါများလာလျက်ရှိသည်။ ဘူးလေးရာဖရုံဆင့်ဆိုသလို နဂိုက အလုပ်အကိုင်ရှားပါးရသည့်အထဲ ယခုတစ်ဖန်အလုပ်မှ ရပ်နားရသူများကြောင့် စားဝတ်နေရေးကျပ်တည်းမှုများ ပိုမိုဖြစ်ပေါ်လာသည်။

ထိုအခါ ဤဆောင်းပါးအစတွင်ဖော်ပြခဲ့သလို ပေါများလာသောအလုပ်လက်မဲ့များအနေနှင့် လမ်းကြောင်းလွဲကာ ငွေရှာရလွယ်သော ဥပဒေပြင်ပရာဇဝတ်မှုကျူးလွန်ခြင်းများ ပြုလုပ်လာကြမည်ကို စိုးရိမ်မိခြင်းဖြစ်ပါသည်။

ဘယ်သူ့ကို အားကိုးရမလဲ

သာမန်အားဖြင့်တော့ နိုင်ငံတစ်ခု၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ သက်ဆိုင်ရာအစိုးရတို့၏တာဝန်သာ ဖြစ်ပါသည်။ ထို့ထက်ပို၍ဆိုရလျှင် ထိုနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူထားသည့် အဖွဲ့အစည်းများ၏ တာဝန်သာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြစ်မှုများကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားလာသော ပြစ်မှုများကို စုံစမ်းဖော်ထုတ်ရေးနှင့် ဥပဒေနှင့်အညီ တရားရုံးသို့တရားစွဲဆို တင်ပို့နိုင်ရေးစသည့်တာဝန်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူထားရသည်။ ကျူးလွန်သောပြစ်မှုနှင့် လိုက်လျောညီထွေသည့် ပြစ်ဒဏ်ချမှတ်ရေးအတွက် တရားရုံးများနှင့် ဥပဒေရုံးများတွင်လည်း တာဝန်ရှိသည်။ ပြစ်မှုကြိုတင်ကာကွယ်ရေးအတွက် အုပ်ချုပ်ရေး ဌာန/အဖွဲ့အစည်း များရှိသည်။

သို့ရာတွင် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏အင်အားမှာ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်လောက်အောင် လွှမ်းခြုံ နိုင်သော အနေအထားမရှိ။ တရားစီရင်ရေးစနစ်မှာလည်း အများကဝေဖန်ပြောဆိုနေကြသည့်အတိုင်း ခပ်ယိုင်ယိုင်ဖြစ်သည်။ ရာဇဝတ်မှု ကြိုတင်ကာကွယ်ရေးအတွက် တစ်စိတ်တစ်ပိုင်းတာဝန်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း အားနည်းလျက်ရှိသည်။ (ရပ်/ ကျေး ဖွဲ့စည်းပုံသည် ယခင်ကသုံးယောက်ထားရှိရာမှ ယခုအခါ အုပ်ချုပ်ရေးမှူး တစ်ယောက်တည်း မနိုင်မနင်း လုပ်နေရသည်)။

ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ 

ဒီတော့ ပြည်သူတွေအနေနှင့် မိမိ၏တစ်ကိုယ်ရေလုံခြုံရေး၊ မိသားစုလုံခြုံရေးနှင့် ဌာန/အဖွဲ့အစည်းတို့၏ လုံခြုံရေးအတွက် မိမိတို့ကိုယ်တိုင် အားကိုးရမည်သာဖြစ်သည်။ မိမိတို့ကိုယ်တိုင် ဝါယမစိုက်ထုတ်ရမည်ဖြစ်သည်။ သို့ရာတွင် ဝါယမစိုက်ထုတ်သည်ဆိုရာ၌ စနစ်တကျရှိဖို့လိုပါသည်။ အကြောက်လွန်ပြီး ပြူးတူးပြဲတဲ လုပ်၍မရပါ။ ဥပမာ-ဘဏ်မှငွေထုတ်ပြီးထွက်လာသည့်အခါ ဣန္ဒြေမပျက် ဘေးဝဲယာ ကို ကြည့်ရှုပြီးမှသာ သတိထား၍ ထွက်ခွာသင့်ပါသည်။ ငွေပမာဏများ သည့်အခါတွင် မည်သည့်အခါမျှ တစ်ယောက်တည်း မထုတ်သင့်ပါ။ ကားပါလျှင်/ကားငှားစီးရလျှင် လုံခြုံရေးဝန်ထမ်းကို ကားပေါ်အထိ တင်ခိုင်းပါ။ ဘဏ်ကိစ္စနှင့်ပတ်သက်၍ တစ်ဆက်တည်း ပြောရလျှင် ဘဏ်များတွင် လုံခြုံရေးဝန်ထမ်းနည်းပါသည်။ လုံခြုံရေးဝန်ထမ်းများက အခြားဝန်ဆောင်မှုပေးနေရသဖြင့် လုံခြုံရေးတွင်အားနည်းပါသည်။

လုံခြုံရေးအတွက် သီးသန့်တာဝန်ပေးအပ်ထားရန်လိုအပ်ပါသည်။ ဘဏ်ရှေ့တွင်ရပ်ထားသော မသင်္ကာဖွယ်ရာကားများ (ဥပမာ စက်နှိုး ထားပြီး ထွက်ရန်အသင့်အနေအထားရှိနေသော အငှားကားများကို စောင့်ကြည့်ထားရပါမည်။ ဘဏ်ထဲတွင် Alarm Bell ထားရှိ၍ အသံကြားသည်နှင့် အပြင်စည်းလုံခြုံရေးသည် အသင့်အနေအထားရှိနေရပါမည်။ စကားဆက်ပြတ်သွား၍ တစ်ကိုယ်ရေလုံခြုံရေးကို ဆက်ပြောလိုပါသည်။

ပထမဦးဆုံး စတင်ပြုပြင်ပြောင်းလဲရမည်မှာ လမ်းသွားလျှင် အမှုမဲ့၊ အမှတ်မဲ့၊ ငေးတိငေးမောသွားလာခြင်းကို ရှောင်ရှားပါ။ ဘေးဘီကို အကဲခတ်၍သွားလာပါ။ တယ်လီဖုန်းကို မလွှဲမရှောင်သာမှ ပြောပါ။ ပြောရလျှင်လည်း လမ်းသွားရင်းပြောသည့်အကျင့်ကို ရှောင်ရှား၍ လမ်းဘေးတွင် ခေတ္တရပ်ကာ မိမိဘေးဝဲယာကို အကဲခတ်၍ တိုတိုနှင့် လိုရင်းကိုပြောပါ။ ဖုန်းနှင့်ပိုက်ဆံအိတ်တို့ကို ခန္ဓာကိုယ်ပြင်ပတွင် အလွယ်တကူမထားဘဲ ယင်းတို့ထည့်ထားသည့် အိတ်ကိုလည်း တင်းကျပ်စွာကိုင်ထားပါ။ ဆိုရလျှင်တော့ မိမိ၏တစ်ကိုယ်ရေ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မည်သူ့ကိုမှအားမကိုးဘဲ မိမိကိုယ်မိမိအားကိုးသော အလေ့အကျင့်ကို ပျိုးထောင်ပါဟူ၍သာ ဆိုချင်ပါသည်။ မိမိနေအိမ်ကိုလည်း လူမရှိသည့်အခါဖြစ်စေ၊ လူရှိသော်လည်း မိမိတစ်ဦးတည်းရှိ သည့်အခါဖြစ်စေ (အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ)အိမ်တံခါးကို လုံခြုံစွာပိတ်ထားပါ။ တံခါးနှစ်ထပ်ရှိလျှင် နှစ်ထပ်လုံး ပိတ်ထားပါ။ ချောင်းကြည့်ပေါက်ထားရန် အဆင်ပြေသူများ ချောင်းကြည့်ပေါက်ထားပါ ဟူ၍ အကြံပြုလိုပါသည်။

ဤကဲ့သို့ မိမိတစ်ကိုယ်ရေလုံခြုံရေးနှင့် အဖွဲ့အစည်း၏လုံခြုံရေးကို အထူးအလေးအနက်ထား၍ လုံခြုံရေးသတိဖြင့် နေထိုင်ကြမည်ဆိုပါက အမှုအခင်းများလည်း လျော့ကျသွားမည်ဖြစ်သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း ကူညီရာရောက်ပါသည်။ မြတ်စွာဘုရားကလည်း ဟောကြားထားခဲ့သည်လေ။ အတ္တာဟိ အတ္တနော နာထော တဲ့ . . . ။

သိန်းထက်အောင်