News

POST TYPE

PERSPECTIVE

အသက် တစ်နှစ်ကြီးသွားပေမယ့် ကုသိုလ်တွေ မပျက်စီးသွားဖို့လိုပါတယ်
24-Mar-2020


ဪ...ဒါနဲ့စကားမစပ်။ 

ကျုပ်အသက်က ၆၀ သာကျော်လာတယ်။ မွေးနေ့ဆိုတာကို အခုခေတ်လို ငွေကုန်ကြေးကျခံကာ မည်မည်ရရလုပ်ခဲ့ရတာမျိုး မရှိ။ ကျုပ်တင်လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျုပ်တို့ မောင်နှမရှစ်ယောက်စလုံး ဘယ်သူမှမွေးနေ့ပွဲဆိုတာကို အိပ်မက်တောင် မက်ခဲ့ရတာမဟုတ်။ မွေးနေ့ပွဲဆိုတာ မရှိခဲ့ပေမယ့် မွေးနေ့ကိုတော့ ကျုပ်တို့အမေက တခုတ်တရလုပ်ပေးခဲ့တယ်။ 

အမေက သေစာ၊ ရှင်စာလောက်သာတတ်တာ။ ဒါပေသိ ကျုပ်အဖေနဲ့ ကျုပ်တို့ မောင်နှမ ရှစ်ယောက်စလုံးရဲ့မွေးနေ့တွေကိုတော့ အရည် ကျိုပြီးသောက်ထားတဲ့အတိုင်းပဲ။ ဘယ်အချိန် မေးမေးအကုန်အလွတ်ရနေတယ်။ ကျုပ်တို့ မိသားစုထဲက ဘယ်သူ့မွေးနေ့ ရောက်ရောက်။ အဲဒီနေ့ဆို အမေက အရင်နေ့တွေကထက် အလုပ်များတော့တာပဲ။ 

အမေက အရုဏ်မတက်ခင်ကတည်းက အိပ်ရာကထပြီး ဆွမ်းချက်တယ်။ ဆွမ်းဟင်းကိုတော့ မနေ့ကတည်းက ချက်ထားတယ်။ မွေးနေ့ကျရောက်တဲ့ သား၊ သမီးကို မနက်စောစောအိပ်ရာကနေ ထခိုင်းတယ်။ မျက်နှာသစ် သန့်စင်စေကာ အိမ်ကဘုရားစင်မှာ ဆွမ်းတော်တင်ခိုင်းတယ်။ ဘုရားရှိခိုးစေတယ်။ 

အဲဒါတွေ ပြီးရင်တော့ ဘုရားစင်ကိုကျောပေးပြီး အဖေကညာဘက်ကထိုင်တယ်။ အမေက ဘယ်ဘက်က ထိုင်တယ်။ မွေးနေ့ကျရောက်တဲ့ သား၊ သမီးက အဖေနဲ့ အမေကို ကန်တော့ရတယ်။ ကျန်တဲ့ မောင်နှမတွေလည်း ကန်တော့ရတယ်။ ဒီအချိန်မှာ အဖေနဲ့ အမေက ပြုံးပြုံးကြီးလုပ်ပြီး မျက်နှာပေါ်မှာ ပီတိအရိပ်တွေ ဖြာနေတာကို တွေ့ရတယ်။ နောက်တော့ အမေက ဆုံးမစကားတွေကို တရစပ်ပြောတော့တာပဲ။

မွေးနေ့ဆိုတာ အမေနဲ့ အဖေ့ကို ကျေးဇူးဆပ်တဲ့နေ့ပဲဖြစ်တယ်။ အမေက မင်းတို့ကို လူ့လောကထဲကို ချောချောမောမောရောက်လာ အောင် ကြမ်းခုနစ်ချောင်း ခြေကန်ပြီးသေလုမြောပါးမွေးခဲ့ရတာ။ မင်းတို့ အဖေဆိုရင်လည်း မင်းတို့ အရွယ်ရောက်လာအောင် ရှာကျွေးခဲ့ရတာ။ ဒါကြောင့်မို့ မင်းတို့မွေးနေ့ရောက်တိုင်း မိဘတွေရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ကြနဲ့။ ပြီးတော့ မွေးနေ့ရောက်တိုင်း အသက်တစ်နှစ်ကြီးလာပြီး သေဖို့တစ်နှစ်နီးလာပြီဆိုတာ မမေ့ကြနဲ့တဲ့။

ပြီးတော့ အိမ်ကို ဆွမ်းခြွံကလာတဲ့ သံဃာကို မွေးနေ့ရှင် ကိုယ်တိုင်ဆွမ်းလောင်းရတယ်။ ဒါတင်ကရိုးလား။ ညနေဘက်ရောက်တော့ မွေးနေ့ရှင်အတွက် ချက်ထားတဲ့ အသားဟင်းနဲ့ မိသားစု ထမင်းဝိုင်းလေးစိုပြည်လို့ နေတော့တာပေါ့။ ကျန်တဲ့နေ့တွေမှာတော့ ကျုပ်တို့ မိသားစုက ဖြစ်သလိုစားရတာ။ အဲဒါကြောင့် မိသားစုထဲက တစ်ယောက်ယောက်ရဲ့ မွေးနေ့ရောက်ရင် ကျုပ်တို့ မောင်နှမတစ်တွေ လွှတ်ပျော်ကြတာပေါ့။ 

မွေးနေ့ရောက်တိုင်း အမေ့ဆုံးမစကားတွေကို အမြဲလိုလို နာရတယ်။ အခုအချိန်ထိ နားထဲကမထွက်ဘူး။ ကျုပ်မွေးနေ့ရောက်တိုင်း အမေ ပြောတဲ့အတိုင်းပဲ လိုက်နာခဲ့တယ်။ အလုပ်အကိုင်ရလို့ ငွေကြေးတတ်နိုင်တော့လည်း ကျုပ်မွေးနေ့ကို အမေ့လက်ထက်က အတိုင်းပဲ လုပ်ဖြစ်ခဲ့တယ်။ ကျုပ်အိမ်ထောင်ကျပြီး မွေးနေ့ရောက်တိုင်းလည်း သား၊ သမီးတွေနဲ့အတူ အဖေနဲ့ အမေ့ကို မိသားစုလိုက် သွားကန်တော့ဖြစ်တယ်။ကျုပ်က အလုပ်အကိုင်နဲ့ တစ်နယ်တစ်ကျေးကို ပြောင်းရတော့လည်း မွေးနေ့ရောက်တိုင်း ဖုန်းဆက်ပြီး အဖေနဲ့ အမေကို ကန်တော့ခဲ့တယ်။ 

အမေ့အမွေကို ကျုပ်ကရထားတော့ ကျုပ်မွေးထားတဲ့ သမီးနှစ်ယောက်ကိုလည်း သူတို့ မွေးနေ့ရောက်တိုင်း ကျုပ်တို့လင်မယား နှစ်ယောက်ကို ကန်တော့ခိုင်းတယ်။ ဆွမ်းတော်တင်ခိုင်းတယ်။ ကုသိုလ်ပြုခိုင်းတယ်။ ပြီးတော့ အိမ်မှာပဲအကျဉ်းရုံးပြီး မိသားစု ထမင်းဝိုင်းလေး ကျင်းပခဲ့တယ်။ 

အခုတော့ သမီးနှစ်ယောက်လည်း အရွယ်ရောက်ကုန်ပြီ။ အိမ်ထောင်တွေလည်း ကျကုန်ပြီ။ သူတို့ အလုပ်အကိုင်တွေနဲ့ တစ်နယ်တစ်ကျေးကို ရောက်နေကြပေမယ့် သူတို့မွေးနေ့ရောက်တိုင်း ကျုပ်တို့ လင်မယားကို ဖုန်းဆက်ပြီး အဝေးကနေလှမ်းပြီး ကန်တော့လေ့ရှိတယ်။ ဘုရားဆွမ်းတော်တင်တယ်။ သံဃာတော်တွေကို ဆွမ်းလောင်းတယ်။ နီးစပ်ရာ စေတီတော်ဆီကိုသွားပြီး ဘုရားရှိခိုး မေတ္တာပို့ ကုသိုလ်ပြုကြတယ်။ တချို့ဆို ကိုယ့်မွေးနေ့မှာ မိဘမဲ့ဂေဟာတို့၊ ဘိုးဘွားရိပ်သာတို့၊ ပညာဒါနကျောင်းတို့ကို သွားပြီး အာဟာရကုသိုလ်လုပ်ကြတယ်။ ဒါတွေက မွေးနေ့ကုသိုလ်။

သောကြာတစ်ရက်။ ညနေ ၄ နာရီခန့်။ ကျုပ်ထိုင်နေတဲ့ ရုံးခန်း အပေါက်ဝမှာ စာရင်းကိုင်ကလေးမလေး မချယ်ရီ လာရပ်တာကို တွေ့လိုက်ရတယ်။

"မန်နေဂျာကြီး ... ဝင်ခွင့်ပြုပါရှင့်"
"အေး ... ဝင်ခဲ့ပါကွယ်၊ ဘာကိစ္စရှိလို့လဲ"
"ကျွန်မ နာရီဝက်လောက်စောပြီး ရုံးဆင်းချင်လို့ပါ။ တနင်္ဂနွေနေ့မှာ ကျရောက်မယ့် ကျွန်မသူငယ်ချင်းမွေးနေ့အတွက် မွေးနေ့ကိတ်နဲ့ လက်ဆောင်ပေးမယ့်ပန်းစည်း ကြိုပြီးမှာထားချင်လို့ပါ"
"ဒါနဲ့ ... မသိလို့ မေးရဦးမယ်။ မွေးနေ့ကိတ်က ဘယ်လောက်တောင် ပေးရသလဲ။ လက်ဆောင်ပေးမယ့် ပန်းစည်းကရော ဘယ်လောက် တန်သလဲ"
"ဟုတ်ကဲ့ ... မွေးနေ့ကိတ်ကတော့ အစားစားရှိပါတယ်။ ကျွန်မတို့ ဆပ်ပရိုက် (surprise) လုပ်မယ့် ကိတ်ကတော့ ကျပ်သုံးသောင်းခွဲ လောက်ပဲတန်ပါတယ်။ လက်ဆောင်ပေးမယ့် ပန်းစည်းကတော့ နှစ်သောင်းခွဲလောက်ပါပဲ"
"မွေးနေ့က ဘယ်နေရာမှာ ကျင်းပမှာလဲ"
"ကေတီဗီဆိုင်မှာ အခန်းတစ်ခန်းကို ကြိုတင်မှာထားပြီးသားပါ"
"သြော် ... အေးကွယ် သူငယ်ချင်းအပေါ် သိတတ်တာကောင်းပါတယ်"

မချယ်ရီက ပြောပြောဆိုဆိုနဲ့ ပြန်လှည့်ထွက်သွားပါတော့တယ်။ ကျုပ်လည်း မချယ်ရီရဲ့ နောက်ကျောပြင်ကို ကြည့်ရင်းကနေ ကျုပ်လည် ချောင်းထဲမှာတစ်ဆို့နေတဲ့ သက်ပြင်းအလုံးကြီးတွေ အကြိမ်ကြိမ် ချလိုက်မိတယ်။ မွေးနေ့ကိတ်ကတော့ စားလို့ရသေးတယ်။ ပန်းစည်းကတော့ လက်ထဲမှာ နာရီပိုင်းလောက်သာခံပြီး အမှိုက်ပုံးထဲ ရောက်သွားမှာမို့ အရည်မရအဖတ်မရ။ မချယ်ရီရတဲ့ လစာက ၃သိန်းတောင်မပြည့်။ အခုခေတ်လူငယ်တွေများ ငွေရှာရတာ ခက်တယ်လို့သာပြောနေကြတာ။ သုံးနေလိုက်ကြတာများ ရေတွင်းထဲက ခပ်သုံးနေတဲ့အတိုင်းပဲ။

တနင်္လာနေ့ ရုံးချိန်ရောက်တော့ မချယ်ရီ ရုံးလာတက်တာကို မတွေ့ရ။ ခွင့်တိုင်တယ်လို့သိရတယ်။ သူ့စားပွဲနဲ့ ကပ်ရက်က မနီလာကို မချယ်ရီ ဘာဖြစ်လို့ ရုံးမလာသလဲလို့ မေးကြည့်လိုက်တယ်။

"မချယ်ရီက နေမကောင်းလို့မဟုတ်ဘူး အန်ကယ်။ သူ့သူငယ်ချင်း မွေးနေ့မှာ အပျော်လွန်သွားလို့ပါ"
"ဘယ်လို ... မွေးနေ့မှာ အပျော်လွန်သွားလို့ ဟုတ်လား"
"ဟုတ်တယ် အန်ကယ်။ သူ့သူငယ်ချင်း မွေးနေ့ကို ကေတီဗီမှာ အခန်းတစ်ခန်းငှားပြီး လုပ်ကြတယ်။ မိန်းကလေးတွေချည်းပဲ ဆိုပေမယ့် ဝိုင်သောက်တယ်၊ ဘီယာသောက်တယ်၊ မူးလာတော့ သီချင်းဆိုတယ်။ ကကြခုန်ကြရင်းနဲ့ ကိုယ့်အိမ်ကို ကိုယ်မပြန်နိုင်ကြတော့ပဲ သူငယ်ချင်း အိမ်မှာလိုက်အိပ်ကြတယ်။ မနက်ရောက်တော့ ဝိုင်(Wine)နာ၊ ဘီယာ(Beer)နာကျပြီး ခေါင်းမထောင်နိုင်လို့ ခွင့်တိုင်ရတော့တာပဲ"

ကျုပ်လည်း မနီလာပြောတာကို နားထောင်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြန်လှည့်ထွက်ခဲ့လိုက်တယ်။ အခုလို မူးရူးနေပုံမျိုးနဲ့ မွေးနေ့ပွဲမှာ ယောကျာ်းလေးသူငယ်ချင်းတွေမပါလို့ တော်သေးတာပေါ့။ ပါများပါရင် မတွေးဝံ့စရာ။ အခုခေတ် လူငယ်တချို့က မွေးနေ့ကို အပျော်သက်သက် ကျင်းပရမယ့်နေ့ရယ်လို့ သတ်မှတ်ထားပုံ ထင်ပါရဲ့။ ငွေကုန် သံပြာလုပ်ကာ အပျော်ကျူးပြီး မူးရူးနေကြတယ်။ တချို့ဆိုမွေးနေ့ပွဲမှာ ရေတိမ်နစ်ကုန်ကြတာ ကြားဖူးတယ်။ ဒါကတော့ မွေးနေ့မှာ ငွေကုန်ကြေးကျခံပြီး အကုသိုလ်တွေ ဝယ်တဲ့နေ့ရယ်ပေါ့။ 

တကယ်တော့ မွေးနေ့ဆိုတာ ကိုယ့်ကိုမွေးခဲ့တဲ့ အမေနဲ့ကျွေးခဲ့တဲ့ အဖေကို ကျေးဇူးဆပ်ရမယ့်နေ့။ ကန်တော့ရမယ့်နေ့။ မရဏခရီးဆုံးကို ရောက်ဖို့ တစ်နှစ်နီးလာမယ့်နေ့ဆိုတာ အသိနဲ့ ဆင်ခြင်ရမယ့်နေ့ ဆိုတာကို သိစေချင်တာပါ။  

ဒါဖြင့် ... စာဖတ်သူတို့ အနေနဲ့လည်း အသက်တစ်နှစ် ကြီးသွားပေမယ့် ကုသိုလ်တွေ မပျက်စီးသွားအောင် လုပ်တတ်ဖို့လိုပါတယ်။ ဆိုရရင် ... မွေးနေ့မှာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို တွေးဆချင့်ချိန်နိုင်ရင် စာရေးသူအနေနဲ့ ဒီဆောင်းပါးရေးသားရကျိုး နပ်တယ်လို့ တွေးဆမိပါကြောင်း။ 

ကိုသောင်း (ပညာရေး)