News

POST TYPE

PERSPECTIVE

လောကဓံကျောင်းမှာ သမိုင်းကြောင်းကောင်းအောင်သင်ကြစို့
23-Mar-2020


လွယ်အိတ်လွယ်ပြီး ပြေးခဲ့ရသည့် ကျောင်းဝင်းများမှသည် ဝမ်းစာရှာရန်ပြေးနေရသည့် ဘဝတိုက်ပွဲများ အကြား၌အဆိပ်ကို အဆိပ်ဟုမြင်နိုင်ဖို့ရန် ခဲယဉ်းလှပါသည်။ အဆိပ်ကို အဆိပ်မှန်းမသိရှိနိုင်ဘဲ ရှင်သန်နေရခြင်းများကြောင့် အ‌ကြွေးဟောင်းဆပ်ခွင့်များ ဆုံးရှုံးနေရသလို၊ အကြွေးသစ်ချမှုများနှင့်လည်း ဝေးကွာရပေသည်။ ဘဝဟူသောတိုက်ပွဲ၌ အခက်အခဲများနှင့် ရင်ဆိုင်ရသည့် အချိန်တိုင်း၌ ရင်ထဲကထာဝရသူရဲကောင်းဖြစ်သည့် မွေးဖခင်ကို တမ်းတမိပါသည်။

ကျွန်တော်၏ဖခင်က ကျွန်တော့်အားဆုံးမဖူးသည့် စကားတစ်ခွန်းရှိခဲ့ပါသည်။ ဆုံးမခဲ့သည့်အကြောင်းရင်းထက် အကြွေးဟူသော ဝေါဟာရကို ရှင်းပြသွားသည်ဟုဆိုလျှင် ပို၍မှန်ပေမည်။ ကျွန်တော်ငယ်ငယ်က ကြားသိရခဲ့သော စကားများပင်ဖြစ်သော်လည်းပဲ မှတ်မှတ်ရရရှိနေသည့် ဆုံးမစကားပင်ဖြစ်ပါသည်။ ကျွန်တော့်အား ဆိုဆုံးမခဲ့သောစကားမှာ 'အသွေးအသားနဲ့ အရင်းအနှီး ထုတ်ထားကြတဲ့လူတိုင်း အမြတ်မလိုချင်ကြဘူး ငါ့သား' ဟူသည်ပင်ဖြစ်သည်။ တိုတောင်းလှသော စကားပင်ဖြစ်သော်လည်း ကျယ်ပြန့်လှသည့် အနက်အဓိပ္ပာယ်များစွာ ပါရှိလို့နေပေသည်။

သို့သော် ကျွန်တော့်ဖခင်၏ဆုံးမစကားကို ယခုအချိန်ထိပင် ကျွန်တော့်အနေနှင့် နားလည်နိုင်ဖို့ရန် ခက်ခဲလို့နေပေသည်။ လိုက်နာဖို့ရန် ခဲယဉ်းလို့နေပါသေးသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်တော်သည် အရင်းအနှီးတစ်ခုစီတိုင်းအတွက် အမြတ်များများလိုချင်မိပါသည်။လုပ်ရန်ခဲယဉ်းသော လုပ်ငန်းတိုင်းသည် အမြတ်များများကျန်နိုင်သော်လည်းပဲ ခက်ခဲသည့်ဒဏ်ကို ကျွန်တော့်အနေနှင့် ခံနိုင်ရည်ရှိဖို့ရန် အရည်အချင်းလိုအပ်သည်လည်း ဖြစ်ပေသည်။ ကျွန်တော်တို့တစ်တွေသည် တစ်ခုပေးထားကြလျှင် တစ်ခုပြန်လိုချင်ကြပေသည်။ နှစ်ခုရရှိနိုင်ကြလျှင် နှစ်ခုကိုပင်ယူချင်ကြသေးသည်။ ကျွန်တော်တို့တစ်တွေသည် ရောင့်ရဲမှုများနှင့် ဝေးကွာနေဆဲဟုပင် ဆိုရပေမည်။ နည်းနည်းပေး၍ များများလိုချင်ကြသည့်စိတ်များကို ဖျောက်ဖျက်ပစ်လို့ မရနိုင်သေးပေ။

လူလူချင်း ယှဉ်ပြိုင်လျှောက်လှမ်းရသော ခရီးတိုင်းသည် ကွေ့ပတ်မှုများနှင့် အတက်အဆင်းများသာ များလွန်းနေမည်ဖြစ်သည်။ အကောင်းဆုံးဟူသော ပစ္စုပ္ပန်အချိန်များထက် ကုန်လွန်ခဲ့ကြသည့် အတိတ်ကာလများကိုသာလျှင် တမ်းတတတ်ကြသည်က များပါသည်။ ပစ္စုပ္ပန်ကာလ၏ တန်ဖိုးရှိမှုများကို အသုံးမချပါဘဲ အနာဂတ်များကိုသာလျှင် စိတ်ကူးများဖြင့် ပုံဖော်တတ်ကြပါသည်။ ဤကဲ့သို့ ပစ္စုပ္ပန်ကာလ၏တန်ဖိုးကြီးမားမှုများကို မသိနိုင်သရွေ့ ကျွန်တော်တို့တစ်တွေ၏ ရင်ထဲ၌ရောင့်ရဲမှုများသည် ရောက်ရှိလာမည်မဟုတ်ပေ။

ကျွန်တော်တို့တစ်တွေ၏ ပတ်ဝန်းကျင်တွင် ပြောဆိုတတ်ကြသည့် စကားတစ်ခွန်းလည်း ရှိပါသေးသည်။ 'ပိုကောင်းလာအောင် ကြိုးစားလိုက်တာ၊ ပေါင်းကောင်းတဲ့ လူတွေမရှိတော့ဘူး' ဟူသော စကားပင်ဖြစ်သည်။ကျွန်တော်တို့တစ်တွေသည် ပိုမိုကောင်းမွန်သောဘဝဆီသို့ လျှောက်လှမ်းနေကြခြင်းများဖြင့် ရှင်သန်နေကြခြင်းမျိုး ဖြစ်ပါသည်။ ပိုတော်လာအောင် ကြိုးစားကြရင်းဖြင့် ရှေ့ဆက်နေကြခြင်းများ ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့တစ်တွေသည် ဘဝကိုဘဝနှင့် အရင်းအနှီးလုပ်မိကြသော အချိန်အခါ၌ ပိုကောင်းလာကြသည် မှန်ကြသော်လည်းပဲ သတိတရားများ လွတ်သွားသည့်အခါ၌ ပေါင်းကောင်းသောလူဟူ၍ မမြင်မိကြတော့ပေ။

ဖြစ်တည်မှုနယ်ပယ်တိုင်း၌ အမှန်တရားများသည်အရောက် နောက်ကျတတ်သည်ဆိုကြသလိုပင် အသိတရားများသည်လည်းအရောက် နောက်ကျလို့ နေတတ်ကြပါသည်။ ကျွန်တော်တို့တစ်တွေ ဖြတ်သန်းနေကြသော လူ့လောကတွင် အမှန်တရားသည်လည်း စောစောရောက်ရှိနေဖို့ လိုအပ်ပါသည်။ အသိတရားများသည်လည်း စောစောရောက်ရှိနေစေဖို့ ကျွန်တော်တို့တစ်တွေအနေနှင့် ကြိုးစားရပေမည်။

ရောင့်ရဲမှုမရှိဘဲ ရှာဖွေနေရသည့်အချိန်မျိုးများ၌ ကျွန်တော်တို့တစ်တွေ ထိန်းသိမ်းထားမိသောနေရာများဆိုသည်မှာ ပျောက်ဆုံးမှု၏ အစဟုပင် ဆိုသင့်လှပေသည်။ ရောက်ရှိလာသော အရာများသည်လည်း လောကဓံတရား၏ ထိန်းချုပ်မှုများအောက်၌ ပျောက်ကွယ်လို့ သွားတတ်ပေသည်။ ကျွန်တော်တို့တစ်တွေ၏ ဘဝများသည်ကား တစ်ခါတစ်ရံ၌ ရရှိခြင်းနှင့် ပျောက်ဆုံးခြင်းများဆိုသည် တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ကြုံရတတ်ပါသည်။ ဤသည်ကပင် ကျွန်တော်တို့တစ်တွေသည် လောကဓံတရားနှင့် စစ်ခင်းနေရခြင်းဟု ဆိုရပေမည်။

ကျွန်တော်တို့တစ်တွေအနေနှင့် တစ်ခုသတိထားရမည်မှာ မည်သည့်နေရာ၌ဖြစ်ပါစေ အသေခံ အရှုံးပေးခြင်းမျိုးများကို ရှောင်ရှားနိုင်ရပေမည်။ ရောင့်ရဲမှုများနှင့် အရှုံးပေးခြင်းများ၏ ကွဲပြားခြားနားမှုများကိုလည်း သိမြင်နိုင်ရပေမည်။ အနိုင်မခံ အရှုံးမပေးဘဲ ဘဝကိုတိုက်ခိုက်ရင်း ရှင်သန်ရသည့်ဘဝများသည်သာ အောင်မြင်ဦးမော့ခြင်းများကို ရရှိနိုင်ကြပေမည်။ တစ်နည်းအားဖြင့် တိုက်ခိုက်ရင်း ယှဉ်ပြိုင်သူများသာလျှင် ဦးမော့အနိုင်ယူလို့ ဖြစ်နိုင်ပေသည်။ ကျွန်တော်တို့တစ်တွေ၏ တွေ့ကြုံမှုများနှင့် ဆည်းပူးခဲ့ရသည်များကို အသုံးချ၍သာ ကျွန်တော်တို့တစ်တွေ ရှင်သန်နေရသည့် ပတ်ဝန်းကျင်ကို ဦးစွာအနိုင်ယူသင့်ပေသည်။ ကျွန်တော်တို့တစ်တွေ၏ အနိုင်ယူမှုများ၌လည်း ရောင့်ရဲမှုများ ထားရှိကြဖို့ရန် မမေ့သင့်လှပါပေ။

ကျွန်တော်တို့တစ်တွေ၏ ပတ်ဝန်းကျင်၌ နှုတ်ဆက်ထွက်ခွာသွားသူများနှင့် ရပ်တည်ကျန်ရှိသူများကိုလည်း သတိတရထားရှိနိုင်ဖို့ရန် လိုအပ်ပေသည်။ အကြောင်းရင်းမှာ ကျွန်တော်တို့တစ်တွေ၏ ပတ်ဝန်းကျင်၌ ကျွန်တော်တို့တစ်တွေအား အစီအစဉ်တကျပမာမျိုး ပညာပေးသူများရှိကြသောကြောင့် ဖြစ်သည်။

ကျွန်တော်တို့တစ်တွေ သိရှိထားရမည်မှာ ကျက်သည့်နေရာများကို ဖဲ့စားရင်း ဖဲ့စားရင်းဖြင့် လုပ်ဇာတ်များနှင့် ခုံမင်မှုများကို သက်တမ်း တိုးတတ်ကြသော အချိန်အခါမျိုးများတွင် လူသားတစ်ဦးစီ၌ မိုးကောင်းချိန်များ ရှိတတ်ကြပေသည်။ လူသားတစ်ဦးစီ၌ မိုးကောင်းချိန်၊ စန်းကောင်းချိန်ဟု ဆိုအပ်ပါသော လုပ်သမျှတင့်တယ်လှပသည့် အချိန်အခါမျိုးများကို ရရှိတတ်ပေသည်။ အပူသောက်ချင်လျှင် အပူရောက်ရှိနေတတ်သလို၊ အအေးသောက်ချင်လျှင် အအေးရောက်ရှိတတ်ကြပါသည်။ လိုတရ ပြည့်စုံ နေတတ်သည့် အချိန်မျိုးများတွင် လက်မထောင်၍ ခေါင်းမော့နိုင်ကြပေသည်။

ကျွန်တော်တို့တစ်တွေသည် အသက်ရှင်နေသမျှကာလပတ်လုံး၌ အဆင်ပြေခြင်းများနှင့် ကြုံဆုံရနိုင်သလိုပင်၊ အဆင်မပြေမှုများနှင့်လည်း ကြုံတွေ့ရပေမည်။ ဤသည်ကပင် လောကဓံတရားများ၏ အရိုက်အပုတ်များဟု ဆိုရပေမည်။ တစ်နည်းအားဖြင့် ထပ်ဆင့်ဆိုရလျှင် လောကဓံတရားက ပညာသင်ပေးနေသလိုပင် ဖြစ်သည်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ပြည့်စုံခြင်း၊ လိုအပ်ခြင်း စသည်များကြားတွင် ကြံ့ကြံ့ခံနေနိုင်မှသာလျှင် လောကဓံတရားများအောက် ရှင်သန်နိုင်ပေမည်။

ကျွန်တော်တို့တစ်တွေသည် ရယူလိုခြင်းများဖြင့်သာ လောကကြီးထဲ၌ ကျင်လည်ရှင်သန်လိုကြပေသည်။ ရသမျှသည်လည်း မပြည့်စုံ ခြင်းများဖြင့်သာ အဆုံးသတ်နေမည်ဖြစ်သည်။ ကျွန်တော်တို့တစ်တွေသည် ရှာဖွေရရှိထားသောအရာများကို ရောင့်ရဲခြင်းများဖြင့် အဆုံး မသတ်နိုင်ပါက လောဘတရား၏ စေခိုင်းမှုများအတိုင်းသာ ရှင်သန်နေရမည်ဖြစ်သည်။ ရောင့်ရဲမှုမထားရှိနိုင်သောဘဝများ၌ ရှာဖွေရရှိထားသမျှသည်လည်း အသေးအမွှားပင်ဖြစ်နေပေမည်။ ကြီးမားသောအရာများကို ဆက်လက်ရှာဖွေနေမည်ဖြစ်သည်။ လောဘတရားများ၏ စေ့စော်စုံစမ်းမှုများအောက်၌ ဘဝကို စိတ်မောစွာရှင်သန်ကြရပေမည်။

နိဂုံးချုပ်ရလျှင်ဖြင့် လုပ်ဇာတ်များဖြင့် အပုပ်အနံ့ထွက်ခြင်းများ မြန်ဆန်လှသောခေတ်၌ အဆိပ်ကို အဆိပ်ဟုသိနိုင်ရန် ခဲယဉ်းလှပါသည်။ကျွန်တော်တို့တစ်တွေ ရှာဖွေထားရှိသော ကောင်းသည့်အရာများကို ကြံ့ကြံ့ခံ၍ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသင့်ပေသည်။ လောကဓံတရားများကို ထိန်းချုပ်အနိုင်ယူကြရင်းဖြင့် ရှင်သန်နိုင်ရပေမည်။

ဘဝ၏ရှင်သန်မှုများဟူသည်မှာလည်း ကျွန်တော်တို့တစ်တွေက အနာဂတ်ကို အစီရင်ခံနေရသည့် သမိုင်းကြောင်းပင် ဖြစ်ပါကြောင်းနှင့် လောကဓံကျောင်းမှာ သမိုင်းကောင်းအောင်သင်ကြပါစို့ဟူ၍ တိုက်တွန်း ရေးသားလိုက်ပါသည်။

ခိုင်မြင့်ဝေ