News

POST TYPE

PERSPECTIVE

အဆုံးသတ်မလှတဲ့ ခြေ/ဥပြင်ဆင်ရေးခရီး
20-Mar-2020


မတ်လ ၂၀ ရက်မှာတော့ ခြေ/ဥပြင်ဆင်ရေးအတွက် ကျန်တဲ့ ၁၄ ချက်အပေါ်လွှတ်တော်ထဲမှာမဲခွဲမှုကို နောက်ဆုံးဆောင်ရွက်ကြပါတော့မယ်။ ၄၃၆(ခ)အတွက်ပြီးခဲ့တဲ့ မတ် ၁၆ ရက် ကနေ ၁၉ ရက်နေ့တွေအထိ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အတွင်းက ခြေ/ဥပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှုတွေမှာတော့ ပြင်ဆင်ရန်အချက် ၃၆ ထဲက အချက်နှစ်ချက်သာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရှိခဲ့ပြီး အခု နောက်ဆုံးရက်မဲခွဲမယ့် ၁၄ ချက်ထဲမှာတော့ ခေတ်ကာလအရ မလိုတော့တဲ့ ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်တွေနဲ့ နိုင်ငံတော်အလံ ပြင်ဆင်တာတွေ အပေါ်မှာတော့ ဘယ်လိုအဖြေထွက်မလဲဆိုတာ မသိရသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ရှေ့ကဆုံးဖြတ်ချက်တွေအရ ဖြစ်နိုင်တာ ကတော့ ၄၃၆ (ခ) အပိုင်းမှာလည်း အခု ၇၅ ရာခိုင်နှုန်းကျော်ထားတဲ့ နှစ်ချက်သာ ၇၅ ရာခိုင်နှုန်းကျော်ရရှိနိုင်ပြီး ခြေ/ဥပြင်ဆင်ရေးခရီးဟာ အဆုံးသတ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာလည်းနိုင်ငံ့အရေး လေ့လာသူတွေက ပုံစံအမျိုးမျိုးနဲ့သုံးသပ်ကြတာတွေ တွေ့ရပါတယ်။ အခုဒီဆောင်းပါးမှာတော့ စာရေးသူအနေနဲ့ ပြင်ပကသုံးသပ်ချက်တွေနဲ့ လွှတ်တော်အတွင်းခြေ/ဥပြင်ဆင်ရေးခရီးချီတက်ခဲ့မှုနဲ့ နိုင်ငံရေး သဘောတရားတွေအပေါ်အခြေခံပြီး အစကနေဖြစ်တည်လာမှုနဲ့ပြီး ဆုံးသွားတဲ့ အကျိုးရလဒ်တွေအပေါ် သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

ခြေ/ဥ ပြင်ဆင်ရေးခရီးအစ ...

အခုအစိုးရနဲ့ လွှတ်တော်သက်တမ်းရဲ့ သုံးပုံနှစ်ပုံအလိုလောက်ကာလ ၂၀၁၉ရဲ့အစ ဇန်နဝါရီလမှာ NLD ဘက်က ဦးဆောင်ပြီး လွှတ်တော်တွင်းမှာ ခြေ/ဥပြင်ဆင်ဖို့အတွက်အဆိုတင်အစပြုခဲ့ပါတယ်။ ဒါပေမဲ့လည်းသူတို့ အစပြုတဲ့ပုံစံဟာ ယခင်လွှတ်တော် သက်တမ်းတုန်းက ပြည်ခိုင်ဖြိုးပါတီတင်ခဲ့လုပ်ခဲ့တဲ့ လွှတ်တော်အတွင်းက ပါတီတွေ စုဖွဲ့ပြီး ပေါင်းလေ့လာ၊ စိစစ်ကြ၊ နောက်ဆုံးမှခြေ/ဥပြင်တဲ့ ဥပဒေမူကြမ်းတွေ တင်တဲ့လမ်းကြောင်းအတိုင်းစတင်ခင်းကျင်းလာရာကနေ တစ်ဖက်က ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ခြေ/ဥပြင်ဆင်ရေးအတွက် အဓိကအဖွဲ့အစည်းကျတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က ကန့်ကွက်မှုကစတင်လာခဲ့တာလို့ဆိုလို့ရပါတယ်။ အမှန်တော့ NLD အနေနဲ့သူမျှော်မှန်းရေးဆွဲထားတဲ့ခြေ/ဥမူကြမ်းကို လွှတ်တော်အထဲကို တန်းတင်လိုက်လို့ရပေမယ့်လည်း သူ့အနေနဲ့တစ်ဖက်က စဉ်းစားခဲ့တာက ယခင်လွှတ်တော် သက်တမ်းတုန်းက ခြေ/ဥပြင်ဆင်ရေးလမ်းကြောင်းလည်းဖြစ်၊ အခြားတိုင်းရင်းသားပါတီတွေလည်း ပေါင်းစည်းပါဝင်နိုင်တဲ့ လမ်းကြောင်းဖြစ်မယ့်လမ်းကြောင်းကိုရွေးချယ်ခဲ့ပေမယ့်လည်း အခြားတစ်ဖက်မှာတော့ ယခင်လွှတ်တော်သက်တမ်းက အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့သန်းခေါင်ယံကိစ္စတွေနဲ့ တပ်မတော်တို့ရဲ့ ဆက်ဆံရေးကိုထည့်သွင်းမစဉ်းစားခဲ့မိတာပါဘဲ။ ဒီအတွက် ယခင်လွှတ်တော်သက်တမ်းတုန်းက ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာဖြစ်ခဲ့ပေမယ့်လည်း ဒီလမ်းကြောင်းပုံစံကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးတို့က အဓိကမနှစ်သက်ဘဲ ကန့်ကွက်ရာကနေ သူတို့ကိုယ်စီလည်း ပြင်ဆင်တဲ့ဥပဒေမူကြမ်းတွေ အပြိုင် ၅ ခု တင်သွင်း လာရာက နောက်ဆုံးမှာ အခုလို ရလဒ်မျိုးပေါ်ပေါက်လာတာလို့ သုံးသပ်ရမှာဖြစ်ပါတယ်။ အမှန်တော့ ယခုအစိုးရသက်တမ်း ၃ နှစ်ကျော်ကြာလာချိန်မှာခြေ/ဥပြင်ဆင်ရေးလမ်းကို စတင်လျှောက်လှမ်းခဲ့၊ အစပျိုးခဲ့တာ အာဏာရပါတီ NLD သာဖြစ်ပေမယ့်လည်း လမ်းကြောင်း ရွေးချယ်မှုမှာ သူ့ဘက်က ရိုးသားလွန်းခဲ့တာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားပါတီတွေအနေနဲ့လည်း သူတို့ရဲ့ဆန္ဒတွေအတိုင်း ဖြစ်မလာနိုင်သေးတဲ့အချိန်ဖြစ်ပေမယ့်လည်း ပြင်ဆင်မှုမှာတော့ ပါဝင် နိုင်အောင် တွေးခဲ့တာလည်းဖြစ်ပါတယ်။ အမှန်တကယ်သာ သူ့အနေနဲ့ သူ့ဘာသာ ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းကို သူ့ပါတီအရေးပဲ စဉ်းစားပြီး လွှတ်တော်ထဲကို (တစ်ဖက်က တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးတို့ကန့်ကွက်ခဲ့တဲ့) ဥပဒေနဲ့အညီဆိုတဲ့လမ်းကနေ တစ်ခါတည်းသာ တင်သွင်းလိုက်မယ်ဆိုရင် ခြေ/ဥပြင်ဆင်ရေးခရီးဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်မယ့်ပုံစံတွေ ဖြစ်လာနိုင်ပါတယ်။

တိုင်းရင်းသားပါတီတွေ တင်တဲ့အချက်တွေ ဘာ့ကြောင့်မပါဝင်တာလဲ... 

ဒီအချက်ကတော့ ပြင်ပနိုင်ငံ့အရေးလေ့လာသူတွေအကြားနဲ့ တပ်မတော်ဘက်က အချို့ဝေဖန်ပြောကြားနေကြတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒီကိစ္စက အမှန်ဆိုရင် ကနဦးဖွဲ့စည်းတဲ့ ပူးပေါင်းကော်မတီက လွှတ်တော်အထဲကို တင်သွင်းခဲ့တဲ့ ပြင်ဆင်လိုတဲ့အချက် ၃၇၆၅ ချက်ကို အနှစ်သာရရှိရှိ၊ ခြေ/ဥဘာသာနဲ့ ရေးဆွဲပုံဖော်မှုတွေအပေါ် နားလည် တတ်ကျွမ်းမှုရှိရှိ လေ့လာမိကြတယ်ဆိုရင်ပဲ ဘာ့ကြောင့်မပါဝင်၊ မတင်သွင်းသလဲဆိုတဲ့အဖြေကို သိနိုင်ပါတယ်။ တိုင်းရင်းသားတွေ ဆိုတဲ့ နေရာမှာ အဓိကကတော့ လွှတ်တော်အတွင်းကအမတ်ဦးရေ တတိယနဲ့ စတုတ္ထနေရာမှာရှိတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ရှမ်း SNLD၊ ရခိုင် အမျိုးသားပါတီနဲ့မွန်ပါတီတို့ကိုပဲ ဥပမာပေးပြောရရင် (အမှန်တကယ် လည်းသူတို့ပြင်လိုတဲ့အချက်တွေက အများဆုံးဖြစ်ခဲ့တာ အားလုံး လည်းသိပြီးခဲ့ကြတဲ့အခြေအနေတွေမို့ ဒီဆောင်းပါးမှာတော့ ကိန်းဂဏန်းတွေနဲ့မပြောတော့ပါဘူး) သူတို့ရဲ့ ပြင်ဆင်လိုချက်တွေဟာ ၂၀၀၈ ခြေ/ဥရဲ့ မူလကျောရိုးကနေ လုံးဝဆန့်ကျင်ပြောင်းလဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေဖွဲ့စည်းမှုကအစ နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်ခန့်အပ်ရေးကိစ္စ၊ နောက်ဆုံးနိုင်ငံရဲ့ အခေါ်အဝေါ်အဆုံး၊ ကာ/လုံကို ပယ်ဖျက်ပြီး တပ်မတော်သားတွေ လုံးဝပါဝင်ခြင်းမရှိတော့တဲ့အထိ ဖက်ဒရယ်စစ်စစ်ကိုအခြေခံတဲ့ပုံစံတွေ အများဆုံးပါဝင်ခဲ့တာ ၃၇၆၅ ကိုပြန်လေ့လာကြည့်ရင် မြင်မိကြမှာပါ။ ဒီအတွက်ပဲ သူတို့ဖွဲ့စည်းထားတဲ့ ပူးပေါင်းကော်မတီကနေ ၃၇၆၅ ထဲက အချက်တွေကို ပြန်လည်ဆွဲထုတ်ပြီး မဲခွဲခြေ/ဥမူကြမ်းကို ပြုစုကြတဲ့အခါ လားရာမတူတဲ့ ပြင်ဆင်ချက်မျိုးတွေဘက်က သွားမစုတော့ဘဲ အစောပိုင်းကပြောတဲ့ ၂၀၀၈ ခြေ/ဥမူလကျောရိုးကို မပျက်ဘဲ တပ်မတော်ရဲ့ ပါဝင်မှုကို နှစ်အပိုင်း အခြားအလိုက်လျှော့ချသွားတဲ့ဒီခေတ်ဒီကာလနဲ့ ပြင်ဆင်ဖို့ထိုက်တဲ့ ခြေ/ဥပြင်တဲ့ပုံစံဖြစ်တဲ့မူကြမ်းတစ်ခု (NLDရဲ့ပြင်ဆင်လိုချက်) ဖြစ်နိုင်တယ်လို့သုံးသပ်မိပါတယ်။

NLD က ဘာကို အခြေခံပြီး ပြင်ဆင်ချက်တွေ တင်ခဲ့သလဲ ...

ဒါဆိုရင်ပဲ ၃၇၆၅ ထဲကမှ ဘာလို့ NLD တင်တဲ့ ၁၁၄ ချက်သော ပြင်ဆင်ချက်တွေပဲ ဖြစ်လာရတာလဲဆိုတဲ့အဖြေကို ရေးရေးလေးမြင်မိကြမယ်ထင်ပါတယ်။ အမှန်ဆိုရင် ၃၇၆၅ ထဲက ရှမ်း၊ ရခိုင်၊ မွန်နဲ့အခြားတိုင်းရင်းသားပါတီအချို့ပြင်လိုတဲ့ ၈ ပြည်နယ်မူ၊ တပ်ကို ဖယ်ထုတ်တဲ့မူနဲ့ ပြည်နယ်တစ်ခုချင်း ဖွဲ့စည်းပုံမူစတဲ့ အချက်တွေကိုသာ ခြေ/ဥမူကြမ်းထဲ ထည့်ပါဝင်လာခဲ့မယ်ဆိုရင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ရဲ့ ကန့်ကွက်စွာပြောဆိုဆွေးနွေးချက်တွေဟာ အခု NLD က ရွေးချယ်တင်တဲ့ အချက်တွေထက် အဆပေါင်းများစွာ အသံကျယ်လောင်စွာ ထွက်လာလိမ့်မယ်ဆိုတာလည်း သုံးသပ်မိရမှာပဲဖြစ်ပါတယ်။ ဒီအတွက်ပဲလက်ရှိမှာ တိုင်းပြည်ရဲ့အာဏာကို လက်ကိုင်ရထား တဲ့ပါတီလည်းဖြစ်၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ နိုင်ငံ့ရေးရာ ကိစ္စတွေမှာ လက်တွဲဆောင်ရွက်နေရတဲ့ ပါတီလည်းဖြစ်တဲ့ အာဏာရပါတီ NLD အနေနဲ့ ဒီအချိန်ဒီကာလမှာ တပ်မတော်ဘက်က လိုက်လျောတန်ကောင်း၏ ဆိုတဲ့အချက်တွေကိုသာ ရွေးချယ်ပြီးတင်သွင်းတာ၊ အချို့သော ပြင်ဆင်လိုချက်တွေဟာ ခေတ်ကာလနဲ့ မဆီလျော်တော့တာ၊ ရေးထုံးအရပြင်ဆင်လိုတာနဲ့ တပ်မတော်ဘက်က ဖြေလျှော့ချိန်တန်တာတွေကိုသာ မူလ ၂၀၀၈ခြေ/ဥကျောရိုးကနေ မပျက်ဘဲ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံကိုလည်း တဖြည်းဖြည်း ချဉ်းကပ်ပြင်ဆင်သွားလို့ရအောင်ဆိုတာမျိုးဖြစ်တာကိုလည်း သုံးသပ်ရပါတယ်။

၂၆၁ လို ပုဒ်မမျိုးကို ဘာလို့ထည့်မပြင်ခဲ့တာလဲ

အထက်က ဆိုခဲ့သလို အာဏာရပါတီ NLD အနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံကို ဦးတည်ပြင်ဆင်တယ်၊ နောက်ပြင်ဆင်တဲ့မူကြမ်းရေးဆွဲတဲ့ပူးပေါင်းကော်မတီထဲမှာလည်း တိုင်းရင်းသားပါတီတွေပါတယ်ဆိုပြီး ပုဒ်မ၂၆၁ လို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အာဏာခွဲဝေပေးတဲ့ ပြင်ဆင်ချက်မျိုးကိုကျတော့ ဘာလို့မထည့်သွင်းမပြင်ချင်တာလဲ၊ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်တို့ဘက်က ပြင်ဆင်ဖို့တင်တဲ့ ပြင်ဆင်ချက်တွေအပေါ်မှာရော ဘာလို့မထောက်ခံတာလဲဆိုတဲ့ အပေါ် သုံးသပ်ကြည့်ရရင် အချို့ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေများပြီး မဲနည်းသေးချိန်၊ မပေါင်းစည်းချိန်မှာ ပြည်နယ်အတွင်းမှာ မညီမညွတ်ဖြစ်မယ့် အရေးအတွက် နိုင်ငံတော်သမ္မတကသာ ပြည်ထောင်စုကနေပြီး မူလပြဋ္ဌာန်းချက်အတိုင်းအာဏာချိန်ခွင်လျှာကို ထိန်းညှိထားပေးတဲ့အချိန် ဖြစ်သင့်သေးတာကို တွက်ဆပြီး မပြင်ဆင်ခဲ့၊ မထောက်ခံခဲ့ကြတာကိုလည်း သူတို့ရဲ့ဆွေးနွေးချက်တွေအရသိခဲ့ကြပြီး ဖြစ်မှာပါပဲ။

တပ်မတော်ရဲ့ ခြေ/ဥအပေါ် သဘောထားကဘာလဲ ... 

တပ်မတော်ရဲ့ခြေ/ဥအပေါ်ထားတဲ့ သဘောထားကတော့ သူတို့ တစိုက်မတ်မတ်ပြောလာခဲ့တဲ့စကားတွေ၊ ခြေ/ဥထဲမှာပါဝင်ရေးဆွဲ ထားတဲ့လမ်းကြောင်းတွေအရဆိုရင် တပ်မတော်နဲ့ညှိနှိုင်းတဲ့ပါတီ တပ်မတော်နဲ့အပေးအယူမျှမယ့်ပါတီတွေအတွက်ကို လမ်းဖွင့်စောင့်ကြိုထားတဲ့ပုံစံအဖြစ် မြင်တွေ့ရပြီး အခုလို NLD ဘက်က မည်သို့ပင် ပြင်ဆင်ဖို့ကောင်းနေတဲ့ ပြင်ဆင်ချက်မျိုးကိုမျှလည်း သူ့အနေနဲ့ သူနဲ့လာမစေ့စပ်၊ မညှိနှိုင်းဘဲနဲ့တော့ ပြင်ဆင်ဖို့ ခွင့်ပြုပေးလိမ့်မှာ မဟုတ်ဘူး ဆိုတာမျိုးမြင်တွေ့ရပါတယ်။ နောက်ပါတီစုံ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ အပိုင်းဟာ ဒီခြေ/ဥထဲမှာ ခင်းကျင်းထားတာမျိုးမြင်ရနိုင်ပါတယ်။ လက်ရှိအစိုးရနဲ့ယခင်အစိုးရတို့လက်ထက်မှာတော့ တစ်ပါတီတည်းကပဲ မဲအသာစီးနဲ့ တစ်ပါတီအစိုးရပုံစံမျိုးဖြစ်ပေမယ့်လည်း နောင်ကာလတွေမှာ ဆက်လက်ဖြစ်တည်လာနိုင်မယ့် ပါတီစုံနဲ့ဖွဲ့မှ ညွန့်ပေါင်းအစိုးရ ဖြစ်နိုင်မယ့်အနေအထားမျိုးတွေမှာတော့ တပ်မတော်နဲ့ ပလဲနံပ သင့်သူသာ အစိုးရဖွဲ့နိုင်မယ်၊ ခြေ/ဥပြင်နိုင်မယ်ဆိုတာမျိုးလမ်းကြောင်းအဖြစ် ပုံဖော်ထားတာကိုလည်းရေးရေးမျှ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

NLD ဘက်က ဘာလို့မစေ့စပ် မညှိနှိုင်းခဲ့ကြတာလဲ ...

ဒါနဲ့ပတ်သက်လို့လည်း ပြင်ပမှာပေါ်ပေါက်နေတဲ့ ဝေဖန်ချက်တစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ အာဏာရပါတီ NLD အနေနဲ့ အခုလိုခြေ/ဥပြင်ဆင်ရေးမှာ ဘာလို့တပ်မတော်နဲ့ပြေလည်အောင် မညှိနှိုင်းခဲ့တာလဲဆိုတဲ့ကိစ္စပါ။ ဒီအပေါ်သုံးသပ်ကြည့်ရသလောက်တော့ NLD ဆိုတာက ခါတော်မီနိုင်ငံရေးပါတီတစ်ခုမဟုတ်ဘဲ သူဖြစ်တည်လာ တဲ့သမိုင်းကြောင်းနဲ့ သူချမှတ်ကျင့်သုံးလာတဲ့မူဝါဒ၊ နောက်ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရနဲ့ လူ့အခွင့်အရေးဆိုင်ရာစံချိန်စံညွှန်းတွေအရ ဒီလို အာဏာခွဲဝေမှုနဲ့ ဆိုင်တဲ့ကိစ္စဆိုတာ ညှိနှိုင်းယူရမယ့်အရာ မဟုတ်ဘဲခေတ်စနစ်နဲ့အချိန်အခါအပေါ်လိုက်ပြီး ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာ တွေကိုသာ ပြင်ဆင်ခွင့်ရှိသူတွေက ပြင်ပေးနိုင်ဖို့ဆိုတဲ့လမ်းကြောင်းကို သာသွားနေ၊ တောင်းဆိုနေတဲ့သဘောကိုလည်း စောကြောမိနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် အချုပ်အားဖြင့်ဆိုရရင် အခုမကြာမီရက်ပိုင်းဆိုရင် လွှတ်တော်အတွင်းကခြေ/ဥပြင်ဆင်ရေးခရီးဟာလည်းပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒီလိုပြီးဆုံးသွားတော့မယ့် ခြေ/ဥပြင်ဆင်ရေးခရီးစဉ်တစ်လျှောက်ကို ပြန်သုံးသပ်ကြည့်တဲ့အခါ ခေတ်ကာလအခြေအနေနဲ့ အချိန်အခါအရ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာမှန်ပေမယ့်လည်း သူ့ဘက်ကိုယ့်ဘက် ပေါင်းစည်းပြီး ပြင်ဆင်ခွင့်တွေမရခဲ့ကြပါဘူး။ ဒါပေမဲ့ အကျိုးအမြတ်အနေနဲ့ကတော့ ပြည်သူတွေရဲ့ခြေ/ဥအပေါ် မြင်တဲ့နိုင်ငံရေးရေချိန်မြင်ချက်ကတော့ ယခင်ထက်ပိုမိုကျယ်ပြန့်လာပြီး အာဏာခွဲဝေမှု ချိန်ခွင်လျှာတွေအပေါ်ဂရုပြုလာမိခဲ့တာဖြစ့်ပါတယ်။ နောက်ပါတီအသီးသီး၊ တိုင်းရင်းသားပါတီနဲ့ တပ်မတော်တို့ရဲ့ ခြေ/ဥ အပေါ်မြင်တဲ့အမြင်၊ သွားလိုတဲ့လမ်းကြောင်းတွေကိုလည်းပိုမိုလေ့လာခွင့်ရခဲ့ကြပါတယ်။ တစ်ဖက်မှာ လွှတ်တော်အတွင်းကုန်ဆုံးသွားတဲ့ အချိန်တွေ၊ ပြည်သူ့ဘဏ္ဍာတွေနဲ့၊ ခြေ/ဥပြင်ဆင်ရေးခရီးဟာ အဆုံးသတ်မလှခဲ့ဘူးဆိုပေမယ့်လည်း အချည်းအနှီးမဖြစ်ဘဲ နိုင်ငံသားတွေရဲ့နိုင်ငံရေးအသိကိုတော့ ပိုမိုနှိုးဆွစေခဲ့ရာ ရောက်ခဲ့တာမို့ နောင်ကာလ တွေမှာလည်း ခြေ/ဥပြင်ဆင်ရေးခရီးကို ဆက်လက်ဆောင်ရွက်ကြစေချင်ပါကြောင်း တိုက်တွန်းသုံးသပ်ရေးသားလိုက်ရပါတယ်။

သန်းဖြိုးနိုင်