News

POST TYPE

PERSPECTIVE

ကိုဗစ် 19 နှင့် နောက်ဆက်တွဲ စီးပွားရေးရှော့စ် ၊ လူမှုမငြိမ်သက်မှု နဲ့ နိုင်ငံရေးပေါ် သက်ရောက်နိုင်မှုများ
20-Mar-2020


ရန်ပိုင် ။  ။ ကမ္ဘာတစ်ဝန်း ကိုဗစ် ၁၉ သတင်းတွေအောက်မှာ ကျွန်တော်တို့ အခြေခံဥပဒေပြင်ဆင်ရေး သတင်းတွေ အများပြည်သူ စိတ်ဝင်စားမှု လျော့နည်းသွားသလားလို့ ကိုရန်နိုင်ရေ။

ရန်နိုင် ။  ။ အဲ့ဒီလိုတော့မဟုတ်ဘူး ကိုရန်ပိုင်ရေ။ အခြေခံဥပဒေ ပြင်ဆင်ရေး စတင်မဲခွဲတဲ့ မတ်လ ၁၀ ရက်နေ့ကဆို သာမန်ပြည်သူတွေတောင် တီဗီရှေ့ထိုင်ပြီး စောင့်ကြည့်ခဲ့ကြတာ ကိုရန်နိုင်ရေ။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ တစ်ရက်ကြည့်လိုက်တာနဲ့ နောက်ရက်တွေ ဘာဖြစ်နိုင်တယ် ဆိုတာ၊ မြန်မာရုပ်ရှင်တွေလိုပေါ့၊ ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာ ကြိုတင်သိနေတော့ စိတ်ဝင်စားမှု လျော့သွားတဲ့သဘောပါ။ ပြည်သူတွေနိုင်ငံရေး ရေချိန်ကမနိမ့်ဘူး ကိုရန်ပိုင်ရေ။နောက် ... ကိုဗစ် ၁၉ ဗဟိုချက် တရုတ်ကနေ အနောက်နိုင်ငံတွေကို ရွေ့သွားပြီး စီးပွားရေး ကသောင်းကနင်းဖြစ်မှုနဲ့အတူ ကိုဗစ် ၁၉ စီးပွား ပျက်ကပ်ဖြစ်ပေါ်နေတဲ့ အခြေအနေထက် တကယ်တမ်း ကပ်ရောဂါဖြစ်ပွားမှု ပြီးဆုံးသွားတဲ့နောက်ပိုင်း ရိုက်ခတ်လာမယ့် စီးပွားရေးရှော့ခ် (After Shock)က ပိုမိုစိုးရိမ်စရာလို့ ကမ္ဘာစီးပွားရေးပညာရှင်တွေက ပြင်ဆင်ဖို့ ပြောဆိုတိုက်တွန်းနေတာတွေ၊ နိုင်ငံအလိုက် အဝင်အထွက်တွေ ပိတ်လိုက်ခြင်း (Lock Down) ၊ လူစုလူဝေးမဖြစ်အောင်နေထိုင်စေခြင်း (Social) Distancing တွေကြောင့် နောက်ဆက်တွဲ လူမှုမငြိမ်သက်မှု (Social Unrest)  အခြေအနေတွေ၊ ဒါနဲ့တစ်ဆက်တစ်စပ်တည်း (Political Impact)သက်ဆိုင်ရာနိုင်ငံများအပေါ် ရိုက်ခတ်နိုင်တဲ့ အခြေအနေတွေက စိတ်ဝင်စားစရာကောင်းလာတယ် ကိုရန်ပိုင်ရေ။ ဒီ အကြောင်းမပြောခင် လက်ရှိအခြေအနေလေးကို အကြမ်းဖျင်းလေး လုပ်ပါဦးခင်ဗျ။

ရန်ပိုင် ။  ။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ သတင်းအင်ဖော်မေးရှင်းခေတ်ကြီးထဲမှာ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ အတားအဆီးမရှိ စီးမြောနေတဲ့အချိန်မှာ တိုင်းပြည်တွေ၊ မြို့ရွာတွေ၊ အဝင်အထွက်တွေကို ပိတ်ဆို့ပြီး သီးသန့်နေထိုင်ဖို့ အားထုတ်လာတာ ကမ္ဘာကြီးက နောက်ပြန်လည်ပတ်နေသလားလို့တောင်ထင်ရတယ် ကိုရန်နိုင်ရေ။

ရန်နိုင် ။  ။ ဟုတ်တယ် ကိုရန်ပိုင်ရေ၊ ဟောလိဝုဒ်ရုပ်ရှင်တွေထဲကလို ကပ်ရောဂါကျရောက်ပြီး မြို့တွေ၊ ရွာတွေ ခြောက်ကပ်ပြီး လူတွေ ကျီးလန့်စာစား ဗရုတ်ဗရက်ဖြစ်နေတဲ့ ရုပ်ရှင်ကားတစ်ကားကြည့်နေရသလို မြင်တွေ့ကြားသိနေရတာ စိတ်ချမ်းသာစရာ တစ်ကွက်မှမရှိတာတော့ အမှန်ပဲ ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ ကံကောင်းနေတယ်လို့ပဲ ပြောရမလား။ မြန်မာပြည်မှာ ခုချိန်ထိရောဂါပိုးရှိသူ မတွေ့ရှိရသေးဘူးလို့ ထုတ်ပြန်ချက်တွေက ဆိုသဗျ။ ကျွန်တော့်တစ်ဦးတည်အမြင်အရ လူ့အဖွဲ့အစည်းတွေရဲ့ နေထိုင်စားသောက် ပုံချင်းမတူညီမှုတွေကြောင့် မြန်မာလူမျိုးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကများ ဆေးပညာအဆိုအရ၊ လူထုခံနိုင်ရည်အားက (Herd Immunity) အားကောင်းနေသလားလို့တောင် ဆိုရမယ်ထင်တယ်။ နောက်ဆုံးရ ကမ္ဘာ့စီးပွားရေး ကျားကန်မှုအကြောင်းလေးတွေ လုပ်ပါဦးဗျ။

ရန်နိုင် ။  ။ လက်ရှိ ကိုဗစ် ၁၉ စီးပွားကပ်ကို ကုစားဖို့ အမေရိကန်ကတော့ ဘိုးရင်းလိုကုမ္ပဏီကြီးတွေကစလို့ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ ငွေကြေးဈေးကွက် စတော့ခ်အိတ်ချိန်းတွေအတွက် ၁ ထရီလီယံ အသုံးပြုပြီး (Injection) ကျားကန်ပေးဖို့ ပြင်ဆင်နေသလို အမေရိကန်နိုင်ငံသားတွေအတွက် ငွေသားအထောက်အပံ့အစီအစဉ်တွေ ပြုလုပ်ဖို့လည်း စဉ်းစားနေတယ်ဗျ။ ဂျာမနီနိုင်ငံလည်း စီးပွားရေးလုပ်ငန်းများ အကူအညီပေးရေးအတွက် အသုံးပြုဖို့ရာ ယူရို ၅၅၀ ဘီလီယံလောက်ထည့်သွင်း အသုံးပြုမယ်လို့ ဆိုလာတယ်ဗျ။ အလားတူသက်ဆိုင်ရာ ကမ္ဘာ့ထိပ်သီး နိုင်ငံအသီးသီးကလည်း ကုစားရေးနည်းလမ်းအစုံ အသုံးပြုလာတာတွေ့မြင်နေရတယ် ကိုရန်ပိုင်ရေ၊ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စီးပွားရေးပညာရှင်တစ်ဦးရဲ့ အဆိုကတော့ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးရင် ငလျင်လှုပ်ခတ်ခြင်းထက် ပျက်စီးဆုံးရှုံးမှု ပိုမိုကြီးမားတဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းကြီးတွေနဲ့ ဥပမာပေးထားတယ်ဗျ။ ဆိုလိုချင်တာက အခုဖြစ်နေတဲ့ စီးပွားရေး ကသောင်းကနင်းက၊ ကိုဗစ် ၁၉ ကပ်အလွန်ဖြစ်ပေါ်လာမယ့် စီးပွားရေး ကသောင်းကနင်းဖြစ်မှု (After Shock) က စီးပွားရေးလုပ်ငန်းတွေအပေါ် ပိုမိုထိခိုက်လွယ်ပြီး ပိုမိုကုစားရခက်စေမယ်လို့ ဆိုတယ် ကိုရန်ပိုင်ရေ။ ဒါ့ကြောင့်လည်း ကမ္ဘာ့ နိုင်ငံကြီးတွေက ငွေကြေးအလုံးအရင်းထည့်သွင်းပြီး ကုစားဖို့ အသည်းအသန်ကြိုးပမ်းနေတယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ မြန်မာနိုင်ငံက စီးပွားရေးနဲ့ပတ်သက်ပြီး လက်ရှိဆောင်ရွက်နေတာလေးလည်း လုပ်ပါဦး ကိုရန်နိုင်ရ။ ကျွန်တော်ကြားရတဲ့ သတင်းတစ်ခုဆို ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် အများပိုင်ကုမ္ပဏီကြီး တစ်ခုဆို Work From Home အစီအစဉ်တောင် လုပ်ဆောင်နေပြီဗျ၊ ဘာပြောပြော လတ်တလောကောင်းမွန်တဲ့အစီအစဉ်ပါ ကိုရန်နိုင်ရေ။

ရန်နိုင် ။  ။ မတ်လ ၁၈ ရက် သတင်းကြေညာချက်ကိုချုပ်ရရင် မြန်မာအစိုးရက ရန်ပုံငွေနှစ်ရပ်က စုစုပေါင်း ကျပ် ၁ဝ၀ ဘီလီယံ ကိုဗစ် ၁၉ ရန်ပုံငွေထူထောင်မယ်၊ နိုင်ငံသားပိုင် အသေးစားအလတ်စားလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းတွေကို အတိုးနှုန် ၁ ရာခိုင်နှုန်းနဲ့ တစ်နှစ်ချေးငွေကို အခြေအနေလိုက်ပြီး အတိုးနှုန်းနဲ့ ချေးငွေကာလကို ပြင်ဆင်မယ်၊ အခွန်ထမ်းဆောင်ရမယ့်ကာလကို သတ်မှတ်ကာလထက် ပိုတိုးပေးမယ်၊ ကြိုတင်လုပ်ငန်းခွန် ၂ ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ မကောက်ခံတော့မယ့် အစီအစဉ်စတဲ့စီးပွားရေး ကျားကန်ရေ အစီအစဉ်တွေတော့ ထွက်လာပြီ ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ အေးဗျာ စီးပွားရေးကျားကန်မှု အစီအစဉ်ဆိုလို့ တစ်နေ့ကကြားလိုက်ရတဲ့သတင်းက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက သူတို့ခရီးသွားကဏ္ဍအတွက် ကျပ်ဘီလီယံ ၅၀ လောက် ကူညီပေးဖို့ တောင်းဆိုတယ်ဆိုလို့ လေရူးသုန်သုန်ဝတ္ထုထဲက ဇာတ်ကောင်ရော့တ် ဘတ်တလာကိုတောင် သတိရမိသေးတယ်ဗျ။ ချင့်ချင့်ချိန်ချိန်လေး လုပ်ဖို့ တော့လိုတာပေါ့ဗျာ။ တိုင်းပြည်သိပ်ချမ်းသာနေရင်တော့ တစ်မျိုးပေါ့ကိုရန်နိုင်ရေ။ ကျွန်တော့်အမြင်ဆို မရှိမဖြစ် အခြေခံစားကုန်တို့၊ ဆေးဝါး၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းသုံး စက်သုံးဆီလုပ်ငန်းမျိုးတွေကို လတ်တလောအခြေအနေမှာ အခွန်ကင်းလွတ်ခွင့် ပေးတာမျိုးတွေ လုပ်ဖို့ကောင်းတယ်ဗျ။

ရန်နိုင် ။  ။ အေးဗျာ ပြောမယ်ဆို ပြောစရာအကြောင်းအရာတွေ၊ အချက်အလက်တွေကများတော့ ပြောမယ်ဆို ကုန်နိုင်ဖွယ်တောင်မရှိဘူးဗျ။ ဒါကြောင့် အဓိကကျမယ်ထင်တဲ့အကြောင်းကိုပဲ အကျဉ်းချုပ်ဆိုရမယ်ဆို နိုင်ငံအလိုက်၊ မြို့တွေအလိုက် အဝင်အထွက်တွေပိတ်ဆို့ခြင်း (Lock Down) တွေ၊ လူစုလူဝေးမဖြစ်စေရန် မလိုအပ်ရင် အပြင်ထွက်သွားလာ ခွင့်တွေ ကန့်သတ်လာတာ (Social Distancing) တွေက ရောဂါထိန်းချုပ်ရေးအတွက် ထိရောက်တဲ့ကာကွယ်မှုဆိုပေမယ့် သူ့ရဲ့ဘေးထွက် ဆိုးကျိုးတွေကိုလည်း သတိထားသင့်တယ်လို ပညာရှင်တွေက ထောက်ပြတာတွေလည်းရှိလာတယ် ကိုရန်ပိုင်ရေ၊ အခုလိုပိတ်ဆို့မှုတွေကို လက်တွေ့ခံစားရမယ့်သူတွေက အခြေခံလူတန်းစားတွေပဲဗျ။ စီးပွားရေးလုပ်ငန်းတွေကရပ်၊ အလုပ်ကမရှိ၊ သွားလာခွင့်တွေအကန့်အသတ် ဖြစ်လာရင် သေချာတာက လူမှုမငြိမ်သက်မှုတွေ (Social Unrest) ဖြစ်လာ၊ နောက်ဆက်တွဲ ကသောင်းကနင်းအခြေအနေက နိုင်ငံရေးအပေါ်သက်ရောက်မှု (Political Impact) အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထောက်ပြပြောဆိုကြလာတယ် ကိုရန်ပိုင်ရေ။ အသေအချာ ကိုင်တွယ်ဖို့ လိုအပ်တာတော့ အမှန်ဗျ။ အမေရိကန်ရွေးကောက်ပွဲတောင် လာမယ့်နိုဝင်ဘာလမှာ ကျင်းပဖို့အတွက် မရေမရာမှု အရိပ်အယောင်တွေတောင် ပြောဆိုလာတာ ကြားလာရတယ် ကိုရန်ပိုင်ရေ။ တစ်ခုချီးကျူးမိတာက ရီဘာဘလီကန်နဲ့ ဒီမိုကရက်တွေ၊ ကိုဗစ်စီးပွားကပ်ကြောင့် စီးပွားရေး ပြန်လည်ဦးမော့ဖို့ လိုအပ်တဲ့ငွေကြေးပမာဏ ၁ ထရီလီယံကိုတော့ လွှတ်တော်နှစ်ရပ်လုံးက ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြုခဲ့တဲ့အပေါ် ပြောချင်တာက တိုင်းပြည်အတွက်လိုအပ်လာချိန် ပါတီစွဲမရှိ တိုင်းပြည်ကောင်းစားရေးအတွက်ပဲ ကြည့်တတ်တာ ကျွန်တော်တို့ အတုယူသင့်တယ်ထင်တယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။  ။ အခြေအနေအားလုံးအတွက် အခြေခံအကျဆုံးအချက်က ကိုဗစ် ၁၉ ရောဂါ မဖြစ်ပွားအောင် ကျွန်တော်တို့အားလုံး ဘယ်လိုညီညီညွတ်ညွတ် ဆောင်ရွက်ကြမလဲဆိုတာက အဓိကကျမယ် ကိုရန်နိုင်ရေ၊  အားလုံးမှာ တာဝန်ရှိတယ်ဗျ၊ အနိမ့်ဆုံး ကိုယ့်ဘာသာ ကြိုတင်ကာကွယ်မှု (Self Quarantine) နဲ့ ပူးပေါင်းကာကွယ်မှ တော်ကာကျမယ် ကိုရန်နိုင်။ အချိန်မရွေး ကိုယ့်အိမ်တံခါးခေါက် ရောက်လာနိုင်တာ သတိမပြတ်ဖို့ ပြောကြားရင်း ဒီတစ်ပတ်တော့ ဒီမျှပေါ့ ကိုရန်နိုင်ရေ။

အနာရောဂါ ကင်းရှင်းခြင်းသည် လာဘ်တစ်ပါးမည်၏။

အဂ္ဂ