News

POST TYPE

PERSPECTIVE

ယောက်ျားမှာလည်း အသည်းနဲ့ပါ
19-Mar-2020


ဪ...ဒါနဲ့စကားမစပ်။

ကျုပ်က အသက် ၃၂ နှစ်ကျော်ခါမှ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျနောက်ကျရတာကလည်း နှစ်ချက်ရှိတယ်။ တစ်ချက်က ကျုပ်မိဘတွေကို တတ်နိုင်တာလေးနဲ့ လုပ်ကျွေးနေရတာရယ်။ နောက်တစ်ချက်ကတော့ ကျုပ်ကိုကြိုက်မယ့်သူ မရှိတာရယ်ပေါ့။ ကျုပ်ကို ကြိုက်မယ့်သူကလည်းရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်ကရုပ်ထွက်ဆိုးတာကိုး။

အိမ်ထောင်လည်းကျရော ကျုပ်ရတဲ့မိန်းမကအချော။ ဘုရားပေးတဲ့ အိမ်ထောင်ဖက်လို့ ပြောရတော့မှာပေါ့။ အညာသူ ညိုညိုစိမ့်စိမ့်။ လုံးကြီးပေါက်လှ။ ကျုပ်တို့ နှစ်ယောက်စလုံးက ကျောင်းဆရာနဲ့ ဆရာမ ဆိုတော့ ဘဝသမားတွေ ဖြစ်ကြတာပေါ့။ နှစ်ဖက်မိဘတွေကလည်း ဘာမှအထောက်အပံ့ပေးနိုင်တာ မဟုတ်လေတော့ အိမ်ထောင်သည်ဘဝကိုကိုယ်တိုင်ပဲ အလွန်အမင်း ရုန်းကြရတယ်။

အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်တော့ သမီးတစ်ယောက်ရပြီပေါ့။ သမီးကြီးရတော့ စမွေးတဲ့ရက်မှာပဲ ကျုပ်က ကလေးအနှီးတွေ လျှော်ရတယ်။ မိန်းမကလည်း သွေးနုသားနု။ ကူဖော်လောင်ဘက်ကလည်း ရှိတာမဟုတ်လေတော့ တစ်အိမ်လုံးအဝတ်တွေကို ကျုပ်ပဲ လျှော်ရတာပေါ့။ မိန်းမရဲ့ထဘီနဲ့အတွင်းခံတွေကိုတော့ အလျှော်သည်ပေးရတယ်။ ပြောရမယ်ဆိုရင် သမီးကြီးကနားအေးတယ်။ လိမ္မာတယ်။ ပြောရဆိုရလွယ်တယ်။ 

အကြီးမ ၃ နှစ်ရောက်တော့ စက်ဘီးကယ်ရီယာပေါ်တင်ပြီး မူကြိုကို ကျုပ်ပဲပို့ရတော့တာပေါ့။ သမီးကို ချစ်တာကိုး။ တစ်ခါတလေမှာတော့ မိသားစုအလိုက် အမေ့အိမ်ကို သွားလည်ဖြစ်တယ်။ သမီးနဲ့ဇနီးကို စက်ဘီးပေါ်တင်ပြီး နင်းရလို့ကတော့ မောတော့မောတာပေါ့။ ဒါပေမဲ့ မမောဘူးလို့ ပြောရတော့မှာပဲ။

သမီးကြီး ၅ နှစ်အရွယ်ရောက်တော့ အငယ်မကိုထပ်မွေးတယ်။ အငယ်မက အကြီးမလို နားမအေးဘူး။ ဂျီကျချင်တယ်။ စိတ်ကောက် လွယ်တယ်။ ညဘက်ဆို တစ်ရေးနိုးရင် ထထငိုတတ်တယ်။ သူ့အမေက စိတ်မရှည်ဘူး။ ကျုပ်ကပဲ ထမ်းပိုးပြီး ချော့သိပ်ရတယ်။ တစ်ခါတလေ အငယ်မကို ကျုပ်ပေါင်ပေါ်တင်ပြီး ပုခက်လိုလှုပ်ကာ ချော့သိပ်ရတာကရှိသေး။ ကလေးကတော့ တရှူးရှူးနဲ့ အိပ်မောကျနေပေမယ့် ကျုပ်ကတော့ ညလုံးပေါက် အိပ်ရေးပျက်တော့တာပေါ့။ ပျက်တော့ဘာဖြစ်လဲ။ သမီးလေးကို ချစ်တာကိုး။ 

အငယ်မ နှစ်နှစ်သမီး အရွယ်လောက်ရောက်တော့ ကုလားထိုင်ပေါ်ကနေလိမ့်ကျတယ်။ ဘယ်ဘက်ပခုံးနားက ညှပ်ရိုးကျိုးသွားတယ်။ အိမ်နဲ့ဆေးခန်းက ၅ မိုင်လောက်ဝေးတယ်။ စက်ဘီးဘားတန်းပေါ်က သစ်သားခုံလေးမှာ သမီးငယ်ကိုတင်၊ သူ့အမေကို နောက်က ကယ်ရီယာပေါ်မှာတင်လို့ ချွေးဒီးဒီးကျအောင် အသားကုန်နင်းရတော့တာပေါ့။ အိမ်သူက မောသလားလို့မေးတော့ မောတော့မောတာပေါ့၊ ဒါပေမဲ့ မမောပါဘူးလို့ပဲ ပြန်ဖြေလိုက်တယ်။ ပြောမယ့်သာပြောရတာ လူကဟပ်ထိုးဆွဲနေပြီ။ မောချင်သလောက် မောစမ်းပါစေ။ ကျုပ်က သမီးတွေကို ချစ်တာကိုး။ 

ဒါတင်ကရိုးလား။ သူ့ကိုမူကြိုပို့တော့ စိတ်အညစ်ကြီးညစ်ရတယ်။ ကျောင်းသွားရမှာလွှတ်ပျင်းတယ်။ မူကြိုကိုရောက်ရင် ကျုပ်ပုဆိုးကို ဆွဲထားကာ အာခေါင်ခြောက်တဲ့အထိ ငိုတတ်တယ်။ ဒီအခါမှာတော့ ချော့မော့ထမ်းပိုးပြီးထားခဲ့ရတယ်။ အကြီးမ ၅တန်းရောက်တဲ့အထိ မိန်းမက ကြော်လှော်ချက်ပြုတ်။ကျုပ်က လျှော်ဖွပ်နဲ့။ မောင်ကလျှော် မယ်ကချက်ပြုတ်လို့ စာဖွဲ့ရမလားပဲ။ 

ကျောင်းဆရာနဲ့ ဆရာမတို့တည်ဆောက်ထားတဲ့ တူနှစ်ကိုယ်တိုင်းပြည်ကို ထုဆစ်ရတာ လွယ်တာမှတ်လို့။ ကျူရှင်ပြရင် အရေးယူခံရ မယ်လို့ ဥပဒေထုတ်ထားပေမယ့် ဖမ်းခါမှဖမ်းရောပဲ။ ကျောင်းဆရာ လင်မယားနှစ်ယောက်ရဲ့ဝင်ငွေက မိသားစုစားလောက်ရုံသာ ရတာမို့ အပိုဝင်ငွေလေးရအောင် ခိုးကြောင်ခိုးဝှက်နဲ့ ကျူရှင်ပြေးပြရသေးတယ်။ နားရတယ်လို့ကို မရှိဘူး။ ဒါတောင် မိသားစု လည်ပတ်နိုင်ရုံလောက်သာ အဆင်ပြေတာ။

ကျောင်းဆရာမိသားစုဆိုတော့ကာ ထည်ထည်ဝါဝါလည်း ရှိတာမဟုတ်။ ကျောင်းအုပ်ကြီးကောင်းလို့ ကျောင်းဝင်းထဲမှာရှိတဲ့ အိမ်ခန်း ကျဉ်းကျဉ်းလေးထဲမှာ ကပ်ရပ်ပြီးနေရတယ်။ ကုန်းရုန်းနေရပါတယ်ဆိုမှ သမီးနှစ်ယောက်စလုံးက ဆယ်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်ခဲ့ကြတယ်။  ကဲ ... လာစမ်းဟဲ့လို့ လောကဓံကို စိန်ခေါ်ပြီး ရင်ဆိုင်လိုက်တာ အသက် ၅၀ လည်းကျော်ရော လူလည်းယဲ့ယဲ့ပဲ ကျန်တော့တယ်။ 

သမီးကြီးက မန္တလေးမှာ ဆေးကျောင်းတက်ရတယ်။ ကျုပ်ကလည်း မန္တလေးကို ပြောင်းရတာနဲ့အကိုက်ပဲ။ သူ့အမေနဲ့ စားအိုးခွဲပေမယ့် ကျုပ်နဲ့အတူ နေရတော့တယ်။ သမီးကြီးက လိမ္မာပါတယ်။ ဒါပေသိ ဘာ့ကြောင့်ရယ်မသိ တတိယနှစ်လည်းရောက်ရော ဆပ်ပလီ(Supply) ထိပါလေရော။ သမီးကြီးကတော့ ဘယ်လိုနေမယ်မသိ။ ကျုပ်ကတော့ ဟတ်ထိတော့တာပဲ။ 

ဆေးကျောင်းသူ တစ်ယောက်ရဲ့ တစ်နှစ်စာကျောင်းစရိတ်က နည်းတာမှမဟုတ်တာ။ ဆိုတော့ကာ ... အကြီးမစာကျက်နေရင် အနား ကနေမအိပ်ဘဲ ကျုပ်ကထိုင်နေရတယ်။ သူ့ကို အားပေးတဲ့သဘောပေါ့။ တစ်ခါတလေများ ငါ့သမီးလေး ဆရာဝန်မှ ဖြစ်ပါ့မလားလို့ တွေးပြီးဝမ်းနည်းလာရင် လူမသိ၊ သူမသိအောင် ခြင်ထောင်ထဲဝင်ပြီး ကျိတ်ကာငိုရတာက အမော။

အကြီးမပြီးတော့ အငယ်မအလှည့်။ သူကလည်း မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်ကိုတက်ရတော့ ကျုပ်နဲ့အတူနေပေါ့။ သူက အိမ်မှု ကိစ္စဆို ဘာကိုမှ စိတ်ဝင်စားတာမဟုတ်။ ကျုပ်ကပဲ မချက်တတ်၊ ချက်တတ်နဲ့ချက်ပြုတ်ကျွေးပေါ့။ သူ့အမေကလည်း မိတ္ထီလာမှာ ကျောင်းကတစ်ဖက်နဲ့ ဆိုတော့ ကျုပ်တို့သားအဖနေတဲ့ မန္တလေးကို လတိုင်းလိုလို ဘယ်လာနိုင်ပါ့မလဲ။  

ပြီးတော့ အငယ်မကို မော်တော်ဆိုင်ကယ်နဲ့ကျောင်းကို လွှတ်ထားရတာ။ ဆိုတော့ကာ ...အချိန်တန်လို့ ကျောင်းကနေအိမ်ကို အငယ်မ ပြန်မရောက်သေးရင် ဖအေဖြစ်တဲ့ ကျုပ်မှာမျှော်ရတာအမောနဲ့ နေမထိ ထိုင်မသာဖြစ်ရပြန်တာပေါ့။ သူတို့တစ်တွေ ကျောင်းပြီးလို့ ဘွဲ့တွေရမှပဲ ကျုပ်လည်း နားတစ်ဖက်အေးတော့တယ်။ 

အခုနေခါမှာတော့ သူတို့လည်း အိမ်ထောင်တွေ အသီးသီးကျကုန်ပါပြီ။ ကျတဲ့ အိမ်ထောင်ဖက်တွေကလည်း သူ့အိုးနဲ့သူ့ဆန်တန်ရုံ ဆိုတော့ သူတို့အတွက် ပူပင်ရတာတစ်ဝက်လောက် သက်သာသွားတာပေါ့။ ဒါတောင် ဖအေလုပ်သူကျုပ်က သူတို့အကြောင်း တွေးမိတိုင်း နေပူကျဲကျဲထဲမှာ ထီးမပါဘဲ လမ်းလျှောက်နေရသလို ကျောကော့အောင် ခံစားနေရသေးတယ်။ သူတို့ အိမ်ထောင်ရေးမှ အဆင်ပြေရဲ့လား၊ စီးပွားရေးမှ အဆင်ပြေရဲ့လား၊ နေမှကောင်းရဲ့လား စသဖြင့်ပေါ့။

ကျုပ်ပြောချင်တာက ကမ္ဘာပေါ်မှာရှိတဲ့ ဖခင်တိုင်းကျုပ်လိုပဲ သူတို့ သား၊ သမီးတွေအပေါ်မှာ ချစ်ကြမှာ။ မေတ္တာထားကြမှာ။ ပူပင်ကြမှာ။ သောကတွေဝေကြရမှာပါ။ အထုပ်အထည်နဲ့ ဖော်မပြနိုင်ပေမယ့် သူတို့ရင်ဘတ်ထဲမှာ နည်းရောင်းများရောင်းတော့ ရှိမှာ အသေအချာပေါ့။

သို့ဖြင့် ... သား၊ သမီးတွေအပေါ် ကျရောက်လာမယ့် ဒုက္ခအသွယ်သွယ်ကို ဖအေတွေက ကျောက်စိုင်ကျောက်သားလို မာကျောတဲ့ နှလုံးသားသတ္တိနဲ့ အကာအကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဖအေတွေဖြစ်တဲ့ ယောကျာ်းတွေမှာလည်း ချစ်တတ်တဲ့၊ ငိုတတ်တဲ့၊ နူးညံ့တဲ့ အသည်းရှိနေတယ် ဆိုတာကိုတော့ ပြောမယုံကြုံဖူးမှ သိကြမှာပါခင်ဗျာ။ 

ကိုသောင်း(ပညာရေး)