News

POST TYPE

PERSPECTIVE

ပြောင်းလဲကြရပါမည်
18-Mar-2020


                                                                                                                                                                                         (၁)
ကျွန်တော်တို့၏ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲလာနေပါသည်။ ထိုကမ္ဘာကြီးပေါ်တွင် ရှင်သန်နေထိုင် ရပ်တည်နေကြကုန်သော သက်ရှိ သက်မဲ့တို့သည်လည်း ကမ္ဘာကြီးနှင့်အတူ သင့်သလို လိုက်ပါပြောင်းလဲနေကြရလေသည်။ ကမ္ဘာကြီးဟာ သူ၏ ကိုယ်ပိုင်ဝင်ရိုးပေါ်တွင် နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်း၍ လည်ပတ်နေခဲ့ပါသည်။ ကျွန်တော်တို့ အားလုံးဟာ နေအဖွဲ့အစည်းထဲက ဂြိုဟ်လေးတစ်လုံးပေါ်တွင် ရှင်သန်နေထိုင် ကျက်စားလာခဲ့ကြရင်း လည်နေသည့်ကမ္ဘာပေါ်၌ ရက်၊ လ၊ နှစ်၊ ရာစုနှစ်များကို ဖြတ်သန်းလာခဲ့ကြသည်မှာ ယနေ့အချိန်ထိပင် ဖြစ်လေသည်။

ထိုလည်ပတ်နေသည့်ကမ္ဘာပေါ်တွင် ကျွန်တော်တို့ဟာစီးနင်းလိုက်ပါ လာခဲ့ကြရင်း အိုမင်းရင့်ရော်ခြင်းတွေကို ရင်ဆိုင်လာခဲ့ကြရသည်။ မိမိ၏ အသက်နှင့်ခန္ဓာ၊ ဂုဏ်သိက္ခာတို့တည်တံ့ရေးအတွက် ရှုပ်ထွေးပွေလီလှသော လူနေမှုစနစ်ကြီးထဲ တိုးဝင်နေခဲ့ကြရသည်။ မျှော်လင့်ချက်ကိုယ်စီ၊ အိပ်မက်ကိုယ်စီကိုပွေ့ပိုက်ရင်း မနက်ဖြန်တွေကို ကျယ်လောင်စွာအော်ခေါ်နေခဲ့ကြရပါသည်။ သမိုင်းတစ်လျှောက် ဖိနှိပ်မှုအမျိုးမျိုး၊ ရက်စက်မှု အဖုံဖုံ၊ အနိဋ္ဌာရုံအသင်္ချေကို ရင်ဆိုင်အန်တုရင်း အကောင်းမွန်ဆုံး လူနေမှုစနစ်ကြီးကို တောင်းတလာခဲ့ကြပါသည်။

လူတို့သည် လွတ်လပ်မှုကို လိုလားတောင့်တလာခဲ့ကြပါသည်။ ထို့နောက် တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကိုပါ တောင့်တလာခဲ့ကြပါ သည်။ ဖိနှိပ်မှု၊ ရက်စက်မှု၊ မတရား မမျှတမှုတို့၏အောက်မှ ရုန်းထွက်လိုလာခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ဟာ အပြောင်းအလဲများကို စက္ကန့်နှင့်အမျှ ဆာလောင်မွတ်သိပ်နေသောသူများ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြပါသည်။ ဒီကနေ့ထက် ပိုကောင်းသည့် အပြောင်းအလဲများကို မနက်ဖြန်များစွာထဲ၌ မြင်လိုတွေ့လိုလာကြပါသည်။ ထို့ကြောင့်ပင် ကမ္ဘာပေါ်ရှိ နိုင်ငံရေးသမားများစွာက ထိုအပြောင်းအလဲ (Change) ဟူသည့် ဝေါဟာရကို တွင်တွင်အသုံးပြု မဲဆွယ်ခဲ့ကြခြင်းပင် ဖြစ်ပါလိမ့်မည်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးမှ အနားယူသွားခဲ့ပြီဖြစ်သော ဘားရက်အိုဘားမားဆိုလျှင် ထိုအပြောင်းအလဲ 'Change' ဟူသော စကား၊ ဝေါဟာရလေးကို တွင်တွင်သုံးစွဲခဲ့ပါသည်။

                                                                                                                                                                                            (၂)
ဒီမိုကရေစီစနစ်သည် လူသားများက လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို လိုလားသည့်အတွက်ကြောင့် ပေါ်ပေါက်လာခဲ့ရခြင်းပဲ ဖြစ်ပါသည်။ ထို့ကြောင့်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါသည်ဆိုသည့်  နိုင်ငံတစ်နိုင်ငံအနေနှင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှခြင်း တို့ ရှိကိုရှိရမည်ပဲ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်သည် ရှေးဂရိခေတ် ဘီစီ ၄၊ ၅ ရာစုနှစ်လောက်ကတည်းက ဂရိဒေသတွင် အသုံးပြုကျင့်သုံးခဲ့သည့်စနစ်ပဲ ဖြစ်ပါသည်။ ထိုခေတ်ကတော့ နိုင်ငံသားများ နည်းပါးသေးသည့်အတွက်ကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ်ကို အသုံးပြုခဲ့ကြပါသည်။ တစ်စတစ်စဖြင့် လူဦးရေများတိုးပွားလာသည့် ယနေ့ခေတ်တွင်တော့ သွယ်ဝိုက်ဒီမိုကရေစီ၊ တစ်နည်းအားဖြင့် ကိုယ်စားပြုဒီမိုကရေစီစနစ်ကို အသုံးပြုလာခဲ့ကြခြင်းပဲ ဖြစ်သည်။ ဒီမိုကရေစီဆိုတာ လူထုကအာဏာကိုပိုင်စိုးသည့်စနစ်ဟု အဓိပ္ပာယ်သက်ရောက်ပါသည်။ ထို့ကြောင့် လူထုကိုယ်စားပြုသူများအနေ နှင့်လည်း လူထုကို အမှန်တကယ် ကိုယ်စားပြုမှသာလျှင် ဒီမိုကရေစီ၏အဓိပ္ပာယ် တိမ်းစောင်းခြင်းမရှိမည်ပဲ ဖြစ်ပါသည်။

ယနေ့ခေတ်ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည့် နိုင်ငံအများအပြားရှိပါသည်။ ကျွန်တော်တို့၏ အရှေ့တောင်အာရှတွင် ဆိုပါလျှင်လည်း ထိုင်းနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့သည့်နိုင်ငံ ဖြစ်ပါသည်။ ကမ္ဘောဒီးယားက ၁၉၉၁ ခုနှစ်၊ အင်ဒိုနီးရှားက ၁၉၉၉ ခုနစ်၊ တောင်ကိုရီးယားက ၁၉၈၇ ခုနှစ်၊ ဖိလစ်ပိုင် က ၁၉၈၆ ခုနှစ်၊ မွန်ဂိုလီးယားက ၁၉၉၀ ခုနစ် စသဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ စတင်ကာ အသီးသီးရောက်ရှိခဲ့ကြလေသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံကိုတော့ ယေဘုယျအားဖြင့် ၂၀၁၀ ပြည့်နှစ်ဟု သတ်မှတ်ရမည်ပဲဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အရွယ်ရောက်ပြီးသော အမျိုးသမီးများအားလုံး မဲမေးခွင့်ရသည့် ပထမဆုံးသောနိုင်ငံမှာ နယူးဇီလန်ဖြစ်ပါသည်။ ၁၈၉၃ ခုနှစ်တွင်ဖြစ်ပါသည်။ ပြီးနောက် ၁၉၀၇ ခုနှစ်၌ ဖင်လန်နိုင်ငံတွင် အမျိုးသမီးများမှာ မဲပေးရုံမက ရွေးကောက်ပွဲ၌ပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ကြပါသည်။ ကမ္ဘာ့ပထမဆုံး အမျိုးသမီးလွှတ်တော်အမတ်များ ထွက်ပေါ်လာခဲ့ကြပါသည်။ ဗြိတိန်တွင် ၁၉၁၈ ခုနှစ်မှစတင်ကာ အမျိုးသမီးများ မဲပေးခွင့်ရခဲ့ကြသည်။ ကျွန်တော်တို့၏ မြန်မာနိုင်ငံသည်တော့ ၁၉၂၂ မှစကာ အသက် ၁၈ ပြည့်ပြီးသော အမျိုးသမီးတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ကို ရရှိခဲ့ကြပါသည်။

ဒီမိုကရေစီနှင့်အတူ ယှဉ်တွဲပါလာသည်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ပဲ ဖြစ်ပါသည်။ ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေထဲတွင် လွတ်လပ်ခြင်း၊ တန်းတူညီမျှ ခြင်းနှင့် တရားမျှတခြင်းတို့ကို သင့်လျော်သလို ပြဋ္ဌာန်းသတ်မှတ်ကြရမည်ပဲ ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာများကို တစ်ဖက်စောင်းနင်း မဖြစ်စေရန် ချိန်ခွင်လျှာများကို ထိန်းညှိကြရမည်ပဲ ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ လူ့အခွင့်အရေးစာတမ်း  ဆရာတောမတ်(စ) ပိန်းက ခုလိုဖွင့်ဆိုခဲ့ဖူးပါသည်။ "ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဟူသည် အစိုးရတစ်ရပ်၏ အရင်ရှိနှင့်သောအရာဖြစ်၍၊ အစိုးရဟူသည်ကား ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဆက်လက်ဖြစ်ပေါ်လာသော အရာသာဖြစ်သည်။ နိုင်ငံတစ်ခု၏ အခြေခံဥပဒေဟူသည် အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်မဟုတ်၊ အစိုးရတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်သည့် (မည့်) နိုင်ငံသားတို့၏ လုပ်ဆောင်ချက်သာဖြစ်သည်" ဟု ဖွင့်ဆိုခဲ့ပါသည်။ ပြောရလျှင် အစိုးရ၏အထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိ၍ ထိုအခြေခံဥပဒေ၏အထက်တွင် ထိုဥပဒေများကို ပြဋ္ဌာန်းနိုင်၊ ပြင်ဆင်နိုင်၊ ပယ်ဖျက်နိုင်သည့် နိုင်ငံသားလူထုများရှိသည်ဟူသော သဘောပဲဖြစ်ပါသည်။ တောမတ်(စ)ပိန်း၏ ဖွင့်ဆိုချ
က်ကို ကျွန်တော် နှစ်သက်သဘောတူလက်ခံပါသည်။

                                                                                                                                                                                              (၃)
ကမ္ဘာကြီးသည် လျင်မြန်စွာပြောင်းလဲလာနေပါသည်။ကျွန်တော် တို့အားလုံးဟာ Globalization ကမ္ဘာကြီးထဲကို ရောက်ရှိနေခဲ့ကြရပြီပဲ ဖြစ်ပါသည်။ ရှေးကိုပြေးနေတဲ့ ခေတ်ကြီးရဲ့နောက်ကိုလိုက်ကြရင်း ကျွန်တော်တို့ဟာ ကျန်ခဲ့သူများလည်း ကျန်ခဲ့ကြရပါမည်၊ ချန်ခဲ့သင့်သူများကိုလည်း ချန်ရစ်ခဲ့ကြရပါမည်၊ ခေတ်ရဲ့ရှေ့ကိုရောက်ရှိနေသူများလည်း ရောက်ရှိနေခဲ့ကြပါလိမ့်မည်။ ယနေ့ခေတ် ကမ္ဘာ့လူ့အဖွဲ့အစည်းဟာ ပညာလူ့အဖွဲ့အစည်း (Knowledge Society) ဆီ အရောက်သွားနေကြသည့်ခေတ်ပဲ ဖြစ်ပါသည်။ ယူနက်စကိုက ကြေညာထားသော ပညာလူ့အဖွဲ့အစည်းတစ်ခု လိုက်နာရမည့် အင်္ဂါရပ် ၄ ခုရှိပါသည်။

(၁) မတူကွဲပြားခြားနားသော ယဉ်ကျေးမှုကို လက်ခံနိုင်ရမည်။(Culture Diversity)
(၂) ပညာသင်ကြားမှု အခွင့်အလမ်းမှာ တန်းတူညီမျှ ရှိရမည်။(Equal Access to Education)
(၃) တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် လက်ခံမှု၊ မျှဝေမှုများတွင်လည်း အခွင့်အလမ်းတူညီရမည်။
(၄) လူတိုင်းလွတ်လပ်စွာ မိမိသဘောဆန္ဒကို ဖော်ထုတ်ခွင့်ရှိရမည်။ (Freedom Of Expression)

ထိုလေးချက်ကိုကြည့်လိုက်လျှင် ကျွန်တော်တို့၏နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုံလင်စွာဖွဲ့စည်းထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖြစ်သည့်အတွက်ကြောင့် နံပါတ် (၁) အချက်နှင့် မပြည့်စုံ၊ မကိုက်ညီသေးသည်ကို တွေ့ရပါလိမ့်မည်။ ပြည်တွင်းစစ်ရှိနေသေးသည်က ငြင်းမရသည့် သက်သေဖြစ်ပါသည်။

နံပါတ် (၂)အချက်ဖြစ်သော 'ပညာသင်ကြားမှုအခွင့်အလမ်းမှာ တန်းတူညီမျှရှိရမည်' ဆိုသည့်အချက်နှင့် ကိုက်ညီပြည့်စုံရန်ကိုလည်း စလုံးရေစ ကြိုးစားနေဆဲပဲ ဖြစ်ပါသည်။ အလယ်တန်း၊ အထက်တန်း အဆင့်များ၌ ကျောင်းထွက်နှုန်း မြင့်မားလျက်ရှိနေသေးသည်ကို ကြည့်လျှင် သိနိုင်ပါသည်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ အရက် ဆိုင်များတွင် ကလေးလုပ်သားများ ပေါများနေသေးသည်ကိုကြည့်လျှင် သိနိုင်ပါသည်။

နံပါတ် (၃) အချက်နှင့် ကိုက်ညီပြည့်စုံရန်ကိုလည်း ကြိုးစားနေရဆဲ ဖြစ်နေသေးကို တွေ့ရပါလိမ့်မည်။

နံပါတ် (၄) အချက်ဖြစ်သည့် 'Freedom Of Expression' ကတော့ လူ့အခွင့်အရေး၏ အခြေခံကျဆုံးသောအချက်ပဲ ဖြစ်ပါသည်။လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ် နေရပါမည်။ အကြောက်တရားများဖြင့် တုပ်နှောင်ထားခြင်းမပြုရပါပေ။ မေးခွန်းများကို လွတ်လပ်စွာမေးခွင့်ပြုရပါမည်။ ပြုရဲရပါမည်။လူတစ်ဦး တစ်ယောက်ချင်းစီ၏ ထင်မြင်ယူချက်များကို အလေးထားကြရပါမည်။ Close Society မဖြစ်သင့်ပါပေ။ ထိုအချက်နှင့် မကိုက်ညီမပြည့်စုံသေး ကြောင်းကိုလည်း ထင်ရှားစွာ တွေ့ရပါလိမ့်မည်။

                                                                                                                                                                                                         (၄)
ကျွန်တော်တို့ဟာ ပညာလူ့အဖွဲ့အစည်းကို ပိုင်ဆိုင်နိုင်ကြဖို့၊ ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးနောက်ကို လိုက်ပါနိုင်ကြဖို့ အစွမ်းကုန်ကြိုးစားအားထုတ်ကြရတော့မည်ပဲ ဖြစ်ပါသည်။ ထို့ကြောင့် တာဝန်ရှိသူများအနေနှင့် လုပ်သင့်လုပ်ထိုက်သော ကောင်းမွန်သည့်အပြောင်းအလဲများကို တုံ့ဆိုင်းမနေကြပါဘဲ အဆောတလျင် ပြုပြင်ပြောင်းလဲဖို့ အထူးလိုအပ်လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

အေးစက်နွေ