News

POST TYPE

PERSPECTIVE

ကိုဗစ်-၁၉ နဲ့ သတင်းလက်ဦးမှု ရယူခြင်း
16-Mar-2020


ကမ္ဘာကြီးရဲ့အခြေအနေက အရေးပေါ်အခြေအနေပါ။ မတ်လ-၁၃ ရက်မှာ သမ္မတဒေါ်နယ်ထရန့်က အမေရိကန်တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကူးစက်မှုအရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ တစ်ဆက်တည်း ဒီရောဂါတိုက်ဖျက်ဖို့နဲ့ ကာကွယ်တားဆီးဖို့ ဒေါ်လာဘီလျံ ၅၀ သုံးစွဲဖို့လည်း ခွင့်ပြုလိုက်တယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းအထိ ဒီရောဂါနဲ့ပတ်သက်လို့ တုန်လှုပ်မှုသိပ်မပြခဲ့တဲ့ ထရန့်ဟာ ဒီရက်ထဲမှာတော့ နည်းနည်း မျက်စိပျက် မျက်နှာပျက် ဖြစ်လာပါပြီ။ မဖြစ်လို့လည်း မရတော့ဘူး။ စတော့ဈေးကွက်တွေ တစ်ရှိန်ထိုးကျဆင်းနေပြီး စီးပွားရေးအကြီးအကျယ်ထိခိုက်လာတော့ အနေအထားက မြင်သာလာလို့ပါ။ ပြီးခဲ့တဲ့တစ်ရက်ကပဲ ဥရောပ(၂၆)နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်လိုက်ပြီး နောက်တစ်ရက်မှာ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာလိုက်ရတာပါ။ ခုဆို တစ်နိုင်ငံလုံး ကူးစက်ခံရသူ ၂၂၆၉ ဦး နဲ့ သေဆုံးသူ ၄၀ ကျော်သွားပါပြီ။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကလည်း အခု ရောဂါကူးစက်မှု ဗဟိုချက်ဟာ ဥရောပဖြစ်သွားပါပြီလို့ ကြေညာသွားပါပြီ။ စတင် ဖြစ်ပွားချိန် ရောဂါကူးစက်မှု ဗဟိုချက်က 'တရုတ်' ဖြစ်ပေမယ့် အခုတရုတ်မှာ ကူးစက်မှုကျဆင်းသွားပြီး ဥရောပကို ရောက်ရှိသွားတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံပေါင်း ၁၅၀ကျော်၊ ကူးစက်ခံရသူပေါင်း ၁၅၆၀ဝ၀ ကျော်၊ သေဆုံးသူ ၅၈၀ဝ ကျော် ရှိပါပြီ။ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုက မမျှော်မှန်းနိုင်အောင် ပြင်းထန်ပါတယ်။ ကမ္ဘာ့လေကြောင်းခရီးစဉ်တွေ ရပ်နားကုန်လို့ လေကြောင်းလိုင်းတချို့ဒေဝါလီခံရသလို ဟိုတယ်လုပ်ငန်းတွေလည်း အကြီးအကျယ်ထိခိုက်နေပါပြီ။ 

ဥရောပဗဟိုချက်ဖြစ်တဲ့ အီတလီမှာတော့ ဗင်းနစ်၊ မီလန် အစရှိတဲ့မြို့ကြီးများအားလုံး လမ်းမကြီးတွေပေါ်မှာ လူသူအသွားအလာကင်းရှင်းပြီး ခြောက်သွေ့နေတာတွေ့ရတယ်။ တစ်နိုင်ငံလုံး lockdown လုပ်ထားလို့ အီတလီနိုင်ငံသားအားလုံး အိမ်ထဲမှာ ခိုအောင်းနေကြရတယ်။ စီးရီးအေ ဘောလုံးပွဲတွေ ပြီးခဲ့တဲ့အပတ်ကတည်းက ရပ်နားထားလိုက်ပါပြီ။ အီတလီစီးရီအေပွဲတွေ ရပ်နားလိုက်သလိုပဲ ဥရောပချန်ပီယံလိဂ်ပွဲတွေ၊ ယူအီးအက်ဖ်အေပွဲတွေ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ၊ ပြင်သစ်လီဂူး၊ အင်္ဂလိပ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအားလုံးလည်း ရပ်နားထားလိုက်ပါပြီ။ ဟိုတစ်ရက်ကပဲ အာဆင်နယ်နည်းပြ အာတီတာမှာ ကိုရိုနာဗိုင်းရပ်စ် positive တွေ့ရှိခဲသလို ချယ်ဆီးကစားသမားတစ်ဦးမှာလည်း ရောဂါပိုးတွေ့ရတယ်။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နာ်ဒိုတောင် self quarantine အနေနဲ့ အိမ်ထဲက အိမ်ပြင်မထွက်ဘဲ နေနေရတယ်လို့ ကြားရတယ်။ ဥရောပဘောလုံးပွဲတွေ ရပ်နားထားလိုက်တော့ ဒီရက်ထဲ ဘောလုံးပွဲကြည့်စရာလည်းမရှိတော့ဘူး။

ရောဂါပိုးကူးစက်ခံရသူတွေထဲမှာ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆယ်လီတွေပါလာတော့ စိုးရိမ်မှုက မြင့်တက်လာတယ်။ ဟိုရက်က မင်းသားကြီး တွမ်ဟန့်တို့ ဇနီးမောင်နှံမှာ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ကိုယ်တိုင် ဝန်ခံသလို သြစတြေးလျ ပြည်ထဲရေးဝန်ကြီး၊ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးရဲ့ ဇနီးအပါအဝင် ထင်ရှားတဲ့ပုဂ္ဂိုလ်တချို့ ကူးစက်ခံရမှုတွေ ရှိနေတယ်။ သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံညစာ စားခဲ့တဲ့ ဘရာဇီးအစိုးရ ဝန်ကြီးတစ်ဦးမှာ ကိုဗစ်-၁၉ positive ဖြစ်လို့ ထရန့်လည်း ရောဂါပိုး ရှိ မရှိ အစစ်ခံရပါတယ်။ ကံအားလျော်စွာ ထရန့်မှာ ကိုဗစ် ပေါ့စတစ် မတွေ့ရဘူး။

ကိုဗစ်-၁၉ တစ်နေ့တခြား ဆိုးလာတဲ့သတင်းတွေပြောရင်တော့ အရှည်ကြီးပဲ။ အခု ဥရောပမှာ အီတလီပြီးတော့ စပိန်လည်း lockdown လုပ်ရပြီ။ အိမ်ထဲကအိမ်ပြင် အကြောင်းမရှိဘဲ မထွက်ရ။ နောက်းဆုံးသတင်းအရ စပိန်မှာ သေသူ ၁၈၀ ကျော်။ စပိန်ပြီးတော့ ပြင်သစ်။ ပြင်သစ်လည်း ဈေးဆိုင်တွေ၊ ရှော့ပင်းမောလ်တွေ၊ လူစည်ကားတဲ့နေရာတွေကို ကန့်သတ်လိုက်ပါပြီ။ 

အာရှမှာတော့ ဖိလစ်ပိုင်က ကိုဗစ်တားဆီးရေးကို အပြင်းထန်ဆုံး လုပ်တယ်။ သေသူ (၈)ဦး နဲ့ ကူးစက်သူ ၁၀ဝကျော်သာ ရှိသေးပေမယ့် သမ္မတ ဒူတာတေးက လူဦးရေ ၁၂ သန်းရှိတဲ့ မနီလာမြို့ကြီးကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဈေးဝယ်စင်တာနဲ့ လူစည်ကားရာနေရာတချို့ကိုလည်း ပိတ်လိုက်တယ်။ အဓိက စဖြစ်တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ကူးစက်မှုရော သေဆုံးမှုပါ ကျဆင်းသွားပါပြီ။ 

ဒီအခြေအနေမျိုးမှာ မြန်မာတွေလည်း စိုးရိမ်မှုမြင့်တက်လာပါတယ်။ တရုတ်ပြည်မှာ ရောဂါဖြစ်ပွားလို့ ၂ လ ကြာတဲ့အထိ ကူးစက်မှုလည်း မရှိ။ ကြိုတင်တားဆီးကာကွယ်မှုလည်း ပီပီပြင်ပြင် မရှိသေးတဲ့ မြန်မာမှာတော့ ပြီးခဲ့တဲ့ မတ်လ(၁၂)ရက်ကစပြီး နိုင်ငံတော်အဆင့် ကိုဗစ်တားဆီး ကာကွယ် ထိန်းချုပ်ရေးကော်မတီတွေဖွဲ့၊ စီးပွားရေးရိုက်ခတ်မှုကို ကာကွယ်ဖို့ ကော်မတီတွေဖွဲ့၊ နိုင်ငံတော်၏ အတိုင်ပင်ခံကိုယ်တိုင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးကိစ္စကို ဦးဆောင်လမ်းညွှန်မှုတွေ ရှိလာပါတယ်။ လူစုလူဝေး ဖြစ်စေတဲ့ပွဲလမ်းသဘင်တွေ ပိတ်သိမ်းဖို့၊ လာမယ့် သင်္ကြန်ပွဲတော်ကိုလည်း မကျင်းပတော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်မှုဟာ လာမယ့် ဧပြီလ(၃၀)ရက်နေ့အထိဖြစ်ပြီး အခြေအနေအရ ဆက်တိုးသင့်ရင်တိုးမယ်လို့ သိရတယ်။ 

ဒီမှာ ထူးခြားဖြစ်စဉ်တစ်ခုက 'မမှန်သတင်းထုတ်လွှင့်ပြီး လူထုရဲ့ စိုးရိမ်ထိတ်လန့်မှုကို ခြောက်ခြားအောင်ပြုလုပ်ခြင်း' ပဲ ဖြစ်တယ်။ ဒီ ခြောက်လှန့်မှုဟာ လူအများသုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်က စတင်ပါတယ်။ ဒီအကွက်ကို ချောင်းနေကြတဲ့ ခါတော်မီ မီဒီယာအမည်ခံ အွန်လိုင်းမုဆိုးမီဒီယာသမားတချို့ပဲ ဖြစ်တယ်။ သတင်းမှားတစ်ခုကို တစ်နေရာကစပြီး လွှင့်ထုတ်လိုက်ပြီး လူတွေကြားထဲ ဖြန့်ဝေလိုက်တာဖြစ်တယ်။ ဒီဖြစ်ရပ်မျိုးဟာ လူထုကြားတိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချိန်နဲ့တပြေးညီ ထုတ်မပေးနိုင်ခဲ့ရင် ပေါ်ပေါက်လာတတ်ပါတယ်။ ဒီအခါမျိုးဟာ လုပ်ကြံသတင်းမီဒီယာမုဆိုးတွေရဲ့ အကြိုက်ကာလဖြစ်တယ်။ လူတွေက သတင်းအမှန်ကို မျှော်လင့် နားစွင့်နေကြချိန်မှာ အမှန်တစ်ဝက် အမှားတစ်ဝက် ဇဝေဇဝါဖြစ်စေမယ့် သတင်းကို ဖောက်ခွဲထုတ်လွှင့်လိုက်တာမျိုးဖြစ်တယ်။ 

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးမှမရှိသေး၊ မတွေ့သေးတဲ့အခြေအနေမျိုးမှာ ရန်ကုန်ဆေးရုံကြီးမှာ လူနာတစ်ဦးတွေ့ရှိပါပြီ ဆိုတဲ့ အသံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းပေါ် ရောက်ရှိခဲ့တယ်။ ဖြစ်ချင်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေ့လည်ပိုင်းအစည်းအဝေးတစ်ခုမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်မယ်ဆိုထားတော့ လူထုကြားမှာ ဘာသတင်းကြားရမလဲ ဆိုတဲ့ ငံ့လင့်မှုတွေ အပြည့်ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ချိန်ကိုက်လက်ဦးမှု ရယူဖို့၊ မိမိတို့ မီဒီယာ၊ မိမိတို့ page ကို လူကြည့်များလာအောင်၊ စိတ်ဝင်စားမှုမြင့်တက်လာအောင် ဖြတ်လမ်းနည်းနဲ့ လုပ်ဆောင်လိုတဲ့ သတင်းမီဒီယာအချို့က သက်ဆိုင်ရာက တရားဝင်သတင်းမထုတ်ပြန်မီ ဟိုက ဒီက ရတဲ့သတင်းတွေ ပေါင်းစပ်ပြီး မတိကျ မရေရာ ( ဥပမာ- ရုပ်ရှင်ရုံများ၊ ၆ ပတ် ပိတ်မည်) တဲ့ သတင်းတွေ ကြိုတင်ထုတ်ပြန်လိုက်တဲ့အခါ အစိုးရိမ်လွန်နေတဲ့ ပြည်သူတချို့ ကြောက်လန့်တကြား ဈေးဝယ်(panic buying) တာတွေ လုပ်ကြလို့ city mart တွေမှာ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်တဲ့အထိပါပဲ။ 

တကယ်တော့ ဒီဖြစ်စဉ်မှာ အဓိကလိုအပ်ချပ်ဟာ အစိုးရရဲ့ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်မှုပါပဲ။ တာဝန်ရှိ အစိုးရဘက်က ပြည်သူတွေသိချင်နေတဲ့ သတင်းမှန်ကို အချိန်မီထုတ်ပြန်ပေးနိုင်ခြင်းမရှိတဲ့အခါ မမှန်သတင်း နဲ့ ကောလဟာလသတင်းတွေဟာ လူထုကြားမှာ နေရာယူသွားတာဖြစ်တယ်။ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်မှုဟာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာ ရှိသလား။ နိုင်ငံတော်သမ္မတရုံးအောက်မှာ ရှိသလားမရှင်းလင်းပါဘူး။ တကယ်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အလုပ်က ပြည်သူလူထုသိချင်နေတဲ့ သတင်းမှန်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ ဖြစ်တယ်။ ဒါပေမယ့် ရှေးရိုးစဉ်လာပုံစံဟောင်းအတိုင်း သတင်းထုတ်ပြန်နေတဲ့ ပြန်ကြားရေးဟာ တခြားတစ်နေရာက ပြန်ကြားရပြီးမှ သတင်းထုတ်ပြန်လေ့ရှိနေတာတွေ့ရတယ်။ အဲဒီနေ့ည (8:00) နာရီသတင်းမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လူအများသိချင်နေတဲ့ သတင်းထုတ်ပြန်ချက် တစ်ခုခုပါလေမလားလို့ စောင့်ကြည့်နေခဲ့ကြပေမယ့် လုပ်ရိုးလုပ်စဉ် (formal) သတင်းဖတ်ကြားမှုနဲ့ပဲ ပြီးသွားတယ်။ 

အမှန်တော့ ဒီနေရာမှာပြည်သူကို သတင်းပေးပုံ အားနည်းခဲ့တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့အစည်းအဝေးရဲ့ အဓိကအရေးကြီးအချက်တွေကို ကောက်နှုတ်ပြီး လိုတိုရှင်း အသိပေးဖို့ လိုအပ်တယ်။ ခေါက်ရိုးကျိုးသတင်းရေးသား ဖတ်ကြားပြမှုက ပြည်သူတွေလိုချင်တဲ့ သတင်းစကား မရရှိခဲ့ဘူး။ တော်ပါသေးတယ်။ ပြန်ကြားရေး ဒု-ဝန်ကြီးခမျာ မနေသာတော့လို့ မိတ်ဆွေတွေကို အသိပေးတဲ့ပုံစံနဲ့ ဖေ့စ်ဘွတ်ပေါ် သတင်းတင်ပေးလို့ အဲဒီသတင်းကို အခြေခံပြီးတော့မှ အဓိကသတင်းမီဒီယာတွေက သတင်းထုတ်ပြန်နိုင်ကြတော့တယ်။ အစိုးရသက်တမ်း လေးနှစ် ရှိလာပါပြီ။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ရှေးဟောင်းအစဉ်အလာ သတင်းထုတ်ပြန်မှုပုံစံထဲမှာပဲ ရှိနေသေးသလို ပြည်သူလူထု လက်ငင်း သိလိုတဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်မီ ထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတော်သမ္မတရုံးက ဦးဇော်ဌေးရဲ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွေသာ မရှိခဲ့ရင် ပြည်သူတွေဟာ မမှန်သတင်းတွေ၊ သတင်းတု သတင်းယောင်တွေ၊ အမုန်းစကားတွေရောပြွမ်းနေတဲ့ ဆိုရှယ်မီဒီယာ အွန်လိုင်းသတင်းတွေကြားမှာ (ကိုဗစ်-၁၉ မမှန်သတင်းကြောင့် panic buying ဖြစ်ကြသလို) မကြာခဏ ဂယောင်ခြောက်ခြား ဖြစ်နေရမှာ အသေအချာပါပဲ..။ 

ချစ်ဝင်းမောင်