News

POST TYPE

PERSPECTIVE

ပါးစပ်ပုပ်ကြီးနဲ့ မပြောချင်ဘူးလို့ ဆိုပါလား
13-Mar-2020


မတ်လ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်ရှိ ၃၁လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်) တွင် ပြုလုပ်သည့် နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်ပွဲတွင် ရန်ကုန် မြို့တော်ဝန်က “အင်းလျားလမ်းမှာ ဆောက်မယ့်မဏ္ဍပ်တွေကိုတော့ အခြေအနေအရ ကြည့်ပြီးတော့ ခွင့်ပြုရမှာပဲ၊ သို့သော်လည်း ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုပြီးတော့ ပါးစပ်ပုပ်ကြီးနဲ့တော့ နေရာတကာ ကျွန်တော်မပြောချင်ဘူး၊ လိုအပ်ရင်တော့မလုပ်ပါဘူး၊ ကိုယ်လည်း ကိုယ့်လူတွေထိမှာကိုတော့ကြောက်တယ်လေ” ဟူ၍ ပြောဆိုခဲ့ကြောင်း ၁၀.၃.၂၀၂၀ ရက်နေ့ထုတ် ပုဂ္ဂလိက သတင်းစာအချို့တွင် ဖတ်ရှုလိုက်ရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ တရုတ် ပြည်သူ့သမ္မတနိုင်ငံပြင်ပတွင် COVID-19 ရောဂါကူးစက်မှုဖြစ်ပွားသောနိုင်ငံများမှာ - အနောက်ပစိဖိတ်ဒေသတွင် ၉ နိုင်ငံ၊ ဥရောပ ဒေသတွင် ၂၉ နိုင်ငံ၊ အရှေ့ တောင်အာရှဒေသတွင် ၅ နိုင်ငံ (ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် နိုင်ငံ တို့ကို အနောက်ပစိဖိတ်ဒေသတွင် ထည့်သွင်းထားပြီး အိန္ဒိယနှင့် မော်လ်ဒိုက်နိုင်ငံတို့ကို အရှေ့တောင်အာရှဒေသတွင် ထည့်ထားသည်)။ အရှေ့အလယ်ပိုင်းဒေသတွင် ၆ နိုင်ငံ၊ အမေရိက ဒေသတွင် ၇ နိုင်ငံ၊ အာဖရိကဒေသတွင် ၂ နိုင်ငံ တို့ ဖြစ်ကြသည်။ သတင်းမီဒီယာများတွင် ၁၁ - ၃ - ၂၀၂၀ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း(၁၀၅) နိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသူ ၁၁၉၅၄၁ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၄၂၉၂ ရှိကြောင်း ဖော်ပြထားပါသည်။ ထိုနေ့အထိ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြင်ပ၌ ရောဂါကူးမှုအများဆုံးဖြစ်ပွားပြီး သေဆုံးမှုရှိသော နိုင်ငံများမှာ -

- ကိုရီးယားသမ္မတနိုင်ငံ၊ ဖြစ်ပွားသူ ရ၇၅၅ ဦး အနက် သေဆုံးသူ ၅၄ ဦး ၊
- အီတလီနိုင်ငံ၊ ဖြစ်ပွားသူ ၁၀၁၄၉ ဦး အနက် သေဆုံးသူ ၆၃၁ ဦး၊
- အီရန်နိုင်ငံ၊ ဖြစ်ပွားသူ ၈၀၄၂ ဦး အနက် သေဆုံးသူ ၂၉၁ ဦး၊
- ဂျပန် နိုင်ငံ၊ ဖြစ်ပွားသူ ၄၀၈ ဦးအနက် သေဆုံးသူ ၆ ဦး၊
- အမေရိကန်နိုင်ငံ၊ ဖြစ်ပွားသူ ၁၀၃၅ ဦး ရှိပြီး သေဆုံးသူ၂၉ ဦး ရှိကြောင်း သိရှိရပါသည်။

ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် COVID-19 ရောဂါဖြစ်ပွားနိုင်မှုအခြေအနေကို အလွန်မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေသဖြင့် အလွန်မြင့်မားသည့်အဆင့် (Very High) အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။

မြန်မာနိုင်ငံအနေနှင့်မူ ဤဆောင်းပါးရေးသားနေချိန်အထိ COVID-19 ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိရသေးသော်လည်း ရောဂါစတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အီတလီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီရန်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့၌ အရှိန်အဟုန် ဖြင့်ရောဂါကူးစက်ဖြစ်ပွားလျက်ရှိပြီး သေဆုံးမှုနှုန်းလည်း မြင့်တက်လျက်ရှိသည်ကို သိရှိရပါသည်။ အဆိုပါနိုင်ငံများမှခရီးသည်များသည် လေကြောင်းခရီးဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ အခြား အခြား နိုင်ငံများတွင် ရပ်နားဖြတ်သန်းပြီးသော်လည်းကောင်း မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သည့်အခြေအနေများစွာရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားပါသည်။ ကြေညာထားသည့်အတိုင်းလည်း အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ရောဂါကာကွယ်ရေး လုပ်ငန်းများ၊ နိုင်ငံတကာခရီးသည်များ တည်းခိုနေထိုင်မည့် ဟိုတယ်၊ တည်းခိုခန်းနှင့်အိမ်များ၌ ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အထူးအားဖြည့်၍ ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအနေနှင့် အခြားနိုင်ငံများကဲ့သို့ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက် တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများနှင့်လူမှုရေးအဖွဲ့အစည်းများအနေနှင့် အောက်ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးနှိုးဆော်တိုက်တွန်းထားပါသည် -

(က) ယခုကာလအတွင်း လူစုလူဝေး များပြားရာနေရာများနှင့် ပွဲလမ်းသဘင်ရှိရာနေရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊

(ခ) အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေ ကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြရန်၊

(ဂ) ပွဲလမ်းသဘင်များမကျင်းပမီ COVID-19 ရောဂါနှင့် ပတ်သည့်သတင်းအချက်အလက်များကို ၅ မိနစ်ခန့် အချိန်ယူပြီး ပြောကြားရန်၊

(ဃ) အကယ်၍ ထိုကဲ့သို့ မလွှဲမရှောင်သာ ကျင်းပရပါက တက်ရောက်သည့်လူအရေအတွက် နည်းနိုင်သမျှနည်းပါးစေရန်နှင့် ဖျားနာသူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ မလာရောက်စေရေး အစီအမံများ တင်းကျပ်စွာ ပြုလုပ်ရမည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးနှိုးဆော်ချက်များကိုလည်း တိကျစွာ စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန်နှင့် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုသည် ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုနှုန်းများ လျှော့ချနိုင်မည်ဖြစ်သည်။

ဘာကြောင့်မလိုက်နာကြတာလဲ 

အထက်ဖော်ပြပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်သည် အများပြည်သူတို့၏ အကျိုးအတွက် သက်သက်သာဖြစ်သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့နှင့် တက္ကသိုလ်/ကောလိပ်များနှင့် ဘုရားဂေါပက အဖွဲ့များက လိုက်နာခဲ့ကြပြီး ကျင်းပရန်ရှိသော သင်္ကြန်ပွဲအပါအဝင် ပွဲလမ်းသဘင်အချို့ကို ဖျက်သိမ်းခြင်း၊ ရက်ရွှေ့ဆိုင်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြပါသည်။

သို့ရာတွင် အချို့ အချို့သော နေရာဒေသ၊ အဖွဲ့အစည်းများသည် အထက်ဖော်ပြပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကြေညာချက်ကို သတိမမူ၍လား၊ အလေးမထား၍လားမသိပါ။ လိုက်နာဆောင်ရွက် ခြင်းမပြုကြဘဲ မိမိတို့ လုပ်ကိုင်ဆောင်ရွက်ရန်စီစဉ်ထားသည့် ပွဲလမ်းသဘင်များကို လုပ်ဆောင်မြဲလုပ်ဆောင်နေကြသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိနေရပါသည်။ မဖြစ်သေးသော်လည်း အကယ်၍ ဖြစ်လာပြီဆိုပါက လူစုလူဝေးများသော ပွဲလမ်းသဘင်ဆိုသည်မှာ လျင်မြန်စွာနှင့် လူအများအပြားကို တစ်ပြိုင်နက်ကူးစက်စေနိုင်သည်ဖြစ်ရာ လက်ရှိအနေအထားမှာ စိုးရိမ်ဖွယ်ရာအခြေအနေပင် ရှိနေပါသည်။

ပါးစပ်ပုပ်ကြီးနဲ့ မပြောချင်ဘူးလို့ ဆိုပါလား 

ဤသို့သောအခြေအနေမျိုးတွင် သင်္ကြန်ပွဲအပါအဝင် လူစုလူဝေးများသော ပွဲလမ်းသဘင်များကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းစသည် မပြုလုပ်ကြသည့်အပြင် ထိုသို့ကြိုတင်သတိပေးပြောကြားရမည်ကိုပင် “ပါးစပ်ပုပ်ကြီးနဲ့ မပြောချင်ဘူး” ဆိုသည်မှာ မဖြစ်သင့်သောကိစ္စပင် ဖြစ်ပါသည်။ တာဝန်ရှိသောပုဂ္ဂိုလ်တို့သည် ပြည်သူတို့၏ အသက်ရှည် ရှင်သန်ရေးအတွက် ပြောသင့်သောစကားကို ပြောရမည်ဖြစ်သလို လုပ်သင့်သောအလုပ်ကိုလည်း လုပ်ရမည်သာဖြစ်ပေသည်။ ထိုကဲ့သို့ ပြောခြင်း သည် ပါးစပ်ပုပ်ကြီးဖြင့်ပြောခြင်းမဟုတ်ပါ။ ပြည်သူတွေအတွက် စေတနာ အပြည့်ပါသော သတိပေးပြောဆိုခြင်းသာဖြစ်သည့်အတွက် အသိတရားရှိသော ပြည်သူတို့က ကြိုဆိုကြမည်သာဖြစ်ပါသည်။ ထို့ကြောင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်ကို အဘယ်ကြောင့် မလိုက်နာနိုင်ကြပါသနည်း။ ကျွန်တော့်အနေနှင့်တော့ စဉ်းစား၍မရပါ။

ဤဆောင်းပါးရေးနေစဉ်မှာပင် COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာတွင်လုပ်ဆောင်နေသည့် သတင်းများကို ၁၁ - ၃ -၂၀၂၀ ရက် နေ့ထုတ် သတင်းစာများတွင်ဖတ်ရှုရပါသည်။ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအားထိန်းချုပ်ရန်အတွက် နိုင်ငံ၏လူဦးရေသန်း ၆၀ အပေါ်တွင် ကန့်သတ်မှုများချမှတ်ခဲ့သည်။ အီတလီတစ်နိုင်ငံလုံးတွင် အရေးတကြီးလိုအပ်သောကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များမှအပ ခရီးသွားလာမှုများကို ပိတ်ပင်ထားရန် ကြေညာခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံတွင်လည်း COVID-19 ဗိုင်းရပ်စ်ရှိသူတစ်ဦး ပထမဆုံးတွေ့ရပြီးနောက် မတ်လ ၁၀ ရက်နေ့မှစတင်၍ မြို့အများအပြားကို လူဝင်လူထွက် ပိတ်ဆို့ထားလိုက်သည်။ တရုတ်နှင့်လည်း နယ်စပ်များကို ပိတ်ထားသလို တောင်ကိုရီးယားနှင့်လည်း လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းထားသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် သေဆုံးသူ တစ်ဦးမျှမရှိသေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ၊် မိုရေး မြို့နှင့် ဆက်စပ်လျက်ရှိသည့် နယ်စပ်များကို စတင်၍ ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

အလားတူပင် နိုင်ငံအများအပြားသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကြိုတင်ကာကွယ်မှုများအတွက် ကန့်သတ်မှုများစွာကို လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ကား ယနေ့ယခုအချိန်အထိ ပျော်လို့ကောင်းတုန်း၊ ပါးလို့ကောင်းတုန်း၊ လူစုလူဝေးများပြားသည့်ပွဲတော်များကို ကျင်းပလို့ကောင်းတုန်းပင်ဖြစ်သည်။

ကုန်ကုန်ပြောရလျှင် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်သည့်အနေနှင့် ပွဲတော်များ ပိတ်သိမ်းမည့်ကိစ္စကို ပြောမှာကိုပင် “ပါးစပ် ပုပ်ကြီးနဲ့မပြောချင်ဘူး” ဟူ၍ ပြောလို့ ကောင်းတုန်းပါတကား။

 သိန်းထက်အောင်