News

POST TYPE

PERSPECTIVE

ကိုရိုနာ စီးပွားရေးကပ်နှင့် မြန်မာ့ကုထုံး
13-Mar-2020
သောကြာစကားဝိုင်း



ရန်ပိုင် ။ အပတ်စဉ်လို နိုင်ငံရေးအကြောင်းအရာတွေ ပြောကြဆိုကြ ဆွေးနွေးနေကြတာ ဒီအပတ်တော့ စီးပွားရေးအကြောင်းအရာဘက် လှည့်ကြရအောင်လား ကိုရန်နိုင်ရေ။
ရန်နိုင် ။ ဟုတ်တယ် ကိုရန်ပိုင်ရေ၊ ကျွန်တော် မြင်မိတာလေးတစ်ခုရှိ တယ်ဗျ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးလာနေပြီး၊ သက်ဆိုင်ရာနိုင်ငံတွေက ကြိုတင် ပြင်ဆင်နေပေမယ့် ဒီအတွက် မြန်မာနိုင်ငံအနေနဲ့ လတ်တလော စီးပွားရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အရိပ်အယောင် သိပ်မတွေ့ရသေးလို့ ဒီအကြောင်းအရာလေး ဆွေးနွေးရအောင်လား ကိုရန်ပိုင်ရေ။

ရန်ပိုင် ။ ဟုတ်တယ် ကိုရန်နိုင်ရေ၊ ကျန်းမာရေး ကြိုတင်ပြင်ဆင်မှုတွေ စနစ်တကျပြုလုပ်နေပေမယ့် စီးပွားရေးနဲ့ပတ်သက်လိုတော့ မတွေ့သလောက်ပဲဗျ။ တစ်နေ့က လားရှိုးလူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ပြည်ထောင်စုအဆင့် အစိုးရအဆင့်ကနေပြီးတော့ အဖွဲ ့ဖွဲ့လိုက်တယ်။ ကော်မတီထဲမှာ စီးပွားရေး နဲ့ပတ်သက်တဲ့ ဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ အခြားကိုယ်စားလှယ် တွေပါ ပါပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးဘက်ကိုပါ အကျိုး သက်ရောက်မှုတွေ သက်ရောက်လာနိုင်တယ် ဆိုတဲ့စကားက ကိုဗစ် ၁၉ ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုရှိလာပါက ပြင်ဆင်ထားပုံ အရိပ်အမြွက် ပထမဦးဆုံး ကြားမိတာပဲဗျ။ လက်တွေ့တော့ ခုချိန်ထိ ဘာ စီးပွားရေးဆိုင်ရာ ကုထုံးမှ မလုပ်သေးတာ တွေ့ရတယ်ဗျ။
ရန်နိုင် ။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်ဖြစ်လာတဲ့ ဒီရောဂါက ၂၀၁၉ ဒီဇင်ဘာလ ၃၁ ရက်နေ့ကစလို့ လူသိရှင်ကြား ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့ပြီးကတည်က အခုချိန်ထိဆို နောက်ဆုံးနိုင်ငံပေါင်း ၁၁၄ နိုင်ငံ ရှိသွားပြီ။ ရောဂါကူးစက်မှုက လူပေါင်း တစ်သိန်းနှစ်သောင်းကျော်၊ သေဆုံးမှုကလည်း လေးထောင့်ခြောက်ရာကျော်ရှိသွားပြီ ကိုရန်နိုင်ရေ၊ ဒီအပတ်ဆွေးနွေးမှု မစခင် ထူးခြားတာလေးတစ်ခု ပြောပြချင်တယ်ဗျ။

ရန်ပိုင် ။ ဟုတ်လား၊ ဘာများလဲ လုပ်ပါဦး ကိုရန်ပိုင်ရ။
ရန်နိုင် ။ ရိုက်တာသတင်းတစ်ပုဒ်ကတော့ အမေရိကန်စာရေးဆရာ Dean Koontz ဆိုသူက ၁၉၈၁ ခုနှစ်လောက်က ရေးသားထုတ်ဝေခဲ့တဲ့ The Eyes of Darkness ဆိုတဲ့စာအုပ်မှာ ဝူဟန်မြို့ဓာတ်ခွဲခန်းတစ်ခုကနေ အပြင်ရောက်ရှိပြီး Wuhan-400 အမည်နဲ့ ရောဂါပိုးတစ်မျိုးဟာ ၂၀၂၀ ပြည့်ဝန်းကျင်လောက်မှာ ကမ္ဘာကို ပျံ့နှံ့သွားမယ်လို အဲ့ဒီဝတ္ထုမှာ ကြိုတင်ပြီး ခန့်မှန်းရေးသားထားခဲ့တာကတော့ အတော်လေး တိုက်ဆိုင်နေတာက ထူးခြားတယ်ဗျ။ စိတ်ဝင်စားသူတွေ ဆက်လက်လေ့လာဖို့ မျှဝေတာ ကိုရန်ပိုင်ရေ။ ဒီအပတ် ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီး စီးပွားရေး ဆိုင်ရာကုထုံးတွေအကြောင်းလည်း လုပ်ပါဦးဗျ။

ရန်ပိုင် ။ ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားရေးအခြေအနေက နှေးကွေးလာ နေတာက အမှန်ပဲဗျ။ ဒါ့ကြောင့် သက်ဆိုင်ရာနိုင်ငံတွေက စီးပွားရေး လုပ်ငန်းအသီးသီးကို ကုသရေးနည်းလမ်းတွေဖြစ်တဲ့ အတိုးနှုန်းလျှော့ချတာ တို့ လုပ်လာတာတွေ ရှိလာတယ်။ အမေရိကန် ဗဟိုဘဏ်ကတော့ အတိုးနှုန်းကို ပွိုင့်ဖိုက်အထိ လျှော့ချလိုက်တယ်။ ပွိုင့်ဖိုက်အထိ လျှော့ချလိုက်တဲ့ ဘဏ်တွေက ကမ္ဘာ့ဘဏ်၊ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန် စတဲ့ဘဏ်တွေကလည်း စီးပွားရေး ပြန်လည်ထူမတ်ဖို့ ဘဏ်တိုးနှုန်းတွေ လျှော့ချလုပ်ဆောင် လာတာတွေ့နေရတယ်ဗျ။
ရန်နိုင် ။ ဘဏ်တွေ အတိုးနှုန်းတွေအကြောင်းပြောလို့ မြန်မာနိုင်ငံ ဘဏ်တစ်ခုကပြောတဲ့ ဘဏ်အကြောင်းလည်း ပြောရဦးမယ် ကိုရန်ပိုင်ရေ။ မြန်မာနိုင်ငံဗဟိုဘဏ်က အတိုးနှုန်းထားများလျှော့ချဖို့ ညွန်ကြားလာရင် ပြောင်းလဲသတ်မှတ်ပေးမယ်၊ ဒါပေမဲ့ ချေးငွေ ဘဏ်တိုးနှုန်းကို လျှော့ချသလို အပ်ငွေအတိုးနှုန်းကိုလည်း လျှော့ချဖို့ လိုအပ်တယ်လို့ဆိုသဗျ၊ ဒါ့ကြောင့် အရာကြီးနဲ့ ကုလားကြီး အတူတူပါပဲ ဘာမှမထူးပါဘူး လို့ ပြောရမလို ဖြစ်နေပြီ။ အပေါင်ပစ္စည်းပါ ချေးငွေအတိုးက ၁၃ ရာခိုင်နှုန်း၊ မပါတာက ၁၆၊ အပ်ငွေအတိုးက ၈ ရာခိုင်နှုန်းဆိုတော့ ကွာဟချက်က ၅ ရာခိုင်နှုန်းလောက် ပျမ်းမျှထားရင် တကယ်လို့သာ ချေးငွေရော အပ်ငွေရော အတိုးနှုန်းလျှော့ချမယ်ဆိုရင် ဘာမှမထူးဘူးထင်တယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။ ဘဏ်အကြောင်း ငွေအကြောင်းတွေဆိုလို့ ကိုဗစ် ၁၉ အတွက် ကမ္ဘာ့ဘဏ် (World Bank) ကတော့ အဖွဲ့ဝင်နိုင်ငံများကို ကျန်းမာရေးနဲ့ စီးပွားရေးဆိုင်ရာအကူအညီတွေအတွက် ၁၂ ဘီလီယံ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၅၀ ဘီလီယံကို အကူအညီပေးအပ်သွားမယ်ဆိုတယ်။ အဲ့ဒီ ဘီလီယံ ၅၀ အနက်က ၁၀ ဘီလီယံကိုတော့ အတိုးမဲ့ ချေးငွေအဖြစ် အဆင်းရဲဆုံးအဖွဲ့ဝင်နိုင်ငံတွေကို ချေးပေးမယ်ဆိုတယ်ဗျ။ အာရှဖွံ့ဖြိုးရေးဘဏ်ကတော့ သန်း ၁၃၀ ကျော်ကို တရုတ်နိုင်ငံ ပုဂ္ဂလိက ကဏ္ဍကိုချေးပေးသွားမယ်လို့ဆိုသဗျ။
ရန်နိုင် ။ ကမ္ဘာ့နိုင်ငံအသီးသီးကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုက ဘယ်လောက်တောင် စီးပွားရေးအရ သက်ရောက်မှုတွေ ရှိလာသလဲဆို ပြည်တွင်းဝယ်လိုအား၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု အချိတ်အဆက်လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေး၊ ကျန်းမာရေးဆိုင်ရာ စသည့် ကဏ္ဍအစုံ ထိခိုက်မှုတွေ ရှိလာနေပြီ ကိုရန်ပိုင်ရေ။ အာရှဖွံ့ဖြိုးရေးဘဏ် သုံးသပ်မှုက ကမ္ဘာတစ်ဝန်းတွင် ၇၇ ဘီလီယံမှ ၃၄၇ ဘီလီယံအထိ၊ သို့မဟုတ် ကမ္ဘာ့ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ သုည ဒသမ တစ်ရာခိုင်နှုန်းမှ သုည ဒသမ လေးရာခိုင်နှုန်းအထိ ထိခိုက်နိုင်သည်ဟု ခန့်မှန်းထားသည်။ တရုတ်နိုင်ငံအနေနှင့် ဆုံးရှုံးနိုင်မှုတန်ဖိုးက ၁၀၃ ဘီလီယံ သို့မဟုတ် တိုင်းပြည် GDP ၏ သုည ဒသမ ရှစ်ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်ဗျ။ အခြားအာရှဖွံ့ဖြိုးဆဲ တိုင်းပြည်တွေအနေနဲ့ စုစုပေါင်း ဆုံးရှုံးနိုင်မှုက ၂၂ ဘီလီယံ ရှိနိုင်ပြီး ကမ္ဘာ့ GDP ပမာဏ၏ သုည ဒသမ နှစ်ရာခိုင်နှုန်းရှိနိုင်တယ်လို့ ခန့်မှန်းထားတယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။ ဟုတ်တယ်ကိုရန်ပိုင်ရေ၊ အခုအခြေအနေက ကမ္ဘာ့စီးပွားရေး နှေးကွေးလာနေမှု (Recession) ကနေ ကမ္ဘာ့စီးပွားရေး ပျက်ကပ် (Depression) မဖြစ်အောင် နိုင်ငံအသီးသီးက ကျားကန်ပေးနေကြတာ အမှန်ဗျ။ ဥပမာ-ကနေဒါ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း BC Hydro  ဆို မီတာခပေးဆောင်တဲ့စနစ် ပြောင်းလဲကောက်ခံတာမျိုးတွေ၊ အချို့က အိမ်လခ ဆိုင်းငံ့တာ၊ ငွေကြေးထောက်ပံ့တာ၊ အာမခံထောက်ပံ့ကြေး စောင့်ဆိုင်းကာလ လျှော့ချတာ စတာမျိုးတွေကို အရေးပေါ် ရန်ပုံငွေတွေထားလုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်လာတယ်လို့ သိရတယ်ဗျ။
ရန်နိုင် ။ မြန်မာနိုင်ငံမှာ တချို့အထည်အလိပ်စက်ရုံတွေ ကုန်ကြမ်းပြတ် လို့ ပိတ်ထားရတဲ့အခြေအနေတွေဖြစ်လာတဲ့ သတင်းတွေလည်း ကြားနေ ရတယ်ဗျ။ ကုန်သွယ်မှုလုပ်ငန်းတွေ လျော့လာသလို အမေရိကန် ဗဟိုဘဏ် ကလည်း အတိုးနှုန်းတွေ လျှော့လိုက်တာကြောင့် ဒေါ်လာဈေးတွေ ကျလာတာကို ဗဟိုဘဏ်က ပြန်ဝယ်နေတာလည်း ကြားတယ် ကိုရန်ပိုင်ရ။ ကျွန်တော့်မိတ်ဆွေ အသေးစားအထည်ချုပ်အလုပ်ရှင်တစ်ဦးဆို အလုပ် တွေ ရပ်ဆိုင်းထားရပြီး၊ အလုပ်သမားတွေ ထိန်းထားဖို့အတွက် သုံးလစာ လစာပေးဖို့ ရှိတဲ့ပစ္စည်းတွေထုခွဲပြီး ထိန်းထားရတယ်လို့ ဆိုလာတယ်ဗျ။ ဗြိတိန်က အကြီးဆုံးလေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်တဲ့ Flybe လေကြောင်းလိုင်းဆို ပြိုလဲသွားပြီလို့ သတင်းတွေမှာ တက်လာပြီ ကိုရန်ပိုင်ရေ။ အခု ပြောဆိုနေစဉ်မှာပဲ နောက်ဆုံးတက်လာတဲ့ သတင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဥရောပ ၂၆ နိုင်ငံက ခရီးသွားတွေ အမေရိကန်လာရောက်တာ လတ်တလော ရပ်ဆိုင်းလိုက်ပြီလို့ ဆိုတယ် ကိုရန်ပိုင်ရေ။

ရန်ပိုင် ။ အေးဗျာ၊ ကြားသိရသလောက် စိတ်မချမ်းမြေ့စရာတွေက များလို့ သတင်းတွေတောင် မကြားချင်လောက်အောင် ဖြစ်ရတယ်ဗျ။ မြန်မာနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကျန်းမာရေးရှုထောင့်က ခုချိန်ထိ မဖြစ်အောင်ကာကွယ်ထားတာ အခြေအနေကောင်းနေသေးပေမယ့် ကျွန်တော်တို့ အထက်မှာပြောခဲ့သလိုပဲ စီးပွားရေးအရ ကာကွယ် ဆောင်ရွက်တာတွေအတွက် အစိုးရအဖွဲ့လုပ်ဆောင်ချက်တို့၊ လွှတ်တော်မှာဆိုလည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ကမှ လွှတ်တော်မှာ ဆွေးနွေးမေးမြန်းတာတွေ မတွေ့သေးဘူး ကိုရန်နိုင်ရေ။
ရန်နိုင် ။ အေးဗျာ၊ လွှတ်တော်ကလည်း၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပွဲကျပ်ကာလဖြစ်နေတော့ အဲ့ဒီဘက်မလှည့်နိုင်ဘူး ထင်ပါရဲ့ဗျာ၊ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက အမြန်ဆုံး ဝင်ရောက်ထိန်း ညှိပြီး စီးပွားရေးလုပ်ငန်းရပ်အားလုံး တည်ငြိမ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ကြရအောင်လား ကိုရန်ပိုင်ရေ။

ချမ်းမြေ့သာယာရှိကြပါစေ

အဂ္ဂ