News

POST TYPE

PERSPECTIVE

ရာဟုလာသံကိစ္စည်း၊ နှစ်ဆယ့်နှစ်ရာစုနှင့် ယခုလက်ရှိကာလတရား
12-Mar-2020


စာရေးဆရာတစ်ယောက်သည် အနာဂတ်ကို မည်မျှအထိမျှော်မှန်းရေးသားနိုင်သလဲဆိုသည် ကို ကျွန်တော် စဉ်းစားကြည့်နေမိပါသည်။ ဂျော့အော်လ်ဝဲသည် ၁၉၈၄ ဟူသော စာအုပ်ကိုရေးခဲ့ပါသည်။ မရောက်သေးသောကာလတရားကို သူသည် မျှော်တွေးမှန်းဆရေးသားခဲ့ပါသည်။ တချို့ကိစ္စများသည် အနာ ဂတ်တွင် အမှန်တကယ်ပင်ဖြစ်ပွားလာကြပါသည်။ ၁၉၈၄ ခုနှစ်သည် ကုန်လွန်ခဲ့ပြီဖြစ်သည်။ ကျွန်တော်ပင် မမွေးသေးသောအချိန်ကာလတစ်ခုဖြစ်ခဲ့ပါသည်။

သို့သော် ယခုတလော ကျွန်တော်ဖတ်မိလိုက်သော စာအုပ်တစ်အုပ်သည် ကျွန်တော့်အတွေး ရေလျဉ်ကြောကို စီးဆင်းနေစေလေသည်။ ထိုစာအုပ်မှာ အိန္ဒိယစာရေးဆရာကြီးဖြစ်သော ရာဟုလာသံကိစ္စည်း ၏ နှစ်ဆယ့်နှစ်ရာစုဟူသော စာအုပ်ဖြစ်ပါသည်။ ဘာသာပြန်ဆိုသူကတော့ ဆရာပါရဂူဖြစ်ပါသည်။ နှစ်ဆယ့် နှစ်ရာစုစာအုပ်ကို ရာဟုလာသံကိစ္စည်းက ပထမကမ္ဘာစစ်အတွင်း ရေးသားခဲ့သည်ဟုသိရသည်။ ယုတောပိယာ ဟူသည့် စိတ်ကူးယဉ်တိုင်းပြည်အဓိပ္ပါယ်ကနေအစပြု အခြေခံကာ နှစ်ဆယ့်နှစ်ရာစုစာအုပ်ရေးသားခဲ့ခြင်းကို စတင်ခဲ့သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ကျွန်တော်သည် ဖတ်ကြည့်ပါသည်။ ရာဟုလာသံကိစ္စည်း၏ အနာဂတ်ဟောစာတမ်းတစ်ပုဒ်များလားဟူ၍ ဖတ်ကြည့်ပါသည်။ ရာဟုလာသံကိစ္စည်း ဘာတွေများ မျှော်မှန်းခဲ့ သလဲဟူ၍ ဖတ်ကြည့်ပါသည်။ သူ၏စိတ်ကူးယဉ်ဆန်သော အရေးအသားများထဲတွင် မည်သည့်အရာများကို ထည့်သွင်းရေးဖွဲ့နေသလဲဟူသည်ကို ကျွန်တော် သိချင်စိတ်များဖြင့် ဖတ်ရှုကြည့်ပါသည်။

အိန္ဒိယနိုင်ငံ၏ နာမည်ကျော်ကျောင်းဖြစ်သည့် နာလန္ဒာကျောင်းက ဆရာဝိသွဗန္ဓုသည် နှစ်ကာ လများစွာအိပ်ပျော်နေရာမှ နိုးလာခဲ့သည်။ မည်ရွေ့မည်မျှ ကြာသွားပြီလည်းဟူ၍ သူစဉ်းစားပါသည်။ (ဇာတ်လမ်း ၏ အစတွင် သူ၏နာမည်ကိုတော့မသိရပါ) လမ်းများ၊သဘာဝတရာများ၊ရေစီးသံများကအစ ပြောင်းလဲနေသည်ကိုသူတွေ့လိုက်ရပါသည်။ လမ်းအတော်လျှောက်လာခဲ့သည်။ လူတချို့ကိုတွေ့တော့ သူ စိတ်ဝင်စားသည်။သူတို့ခေတ်တုန်းကလိုမဟုတ်တော့။ အဝတ်အစားများက မတူတော့။ ဘောင်းဘီနှင့်၊ ခြေအိတ်နှင့်၊ဖိနပ်ကိုယ်စီနှင့်။ အလုပ်ကိုအာရုံစူးစိုက်နေကြသောလူများ။ သူ့ကို ထိုလူများက လှမ်းကြည့်ကြပါ သည်။လူလား၊ သတ္တဝါတစ်ကောင်လား။ သူ့ထံလူပုဂ္ဂိုလ်တစ်ဦးရောက်ရှိလာပါသည်။

လူတို့၏ သဘာဝတရားအရ နှုတ်ဆက်ဦးကြိုပြုပါသည်။ ဘယ်ကလာသလဲ၊ဘယ်ကိုသွားမလဲ။ ဤတွင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးသွားပြီးနောက် အဘိုးအိုကို နာလန္ဒာကျောင်းက ဆရာဝိသွဗန္ဓုမှန်းသိသွားသည် ။ သူတို့အတွက်၊ကံကောင်းခြင်းကြီးပေစွ။ အဘိုးအိုက ခု၊သက္ကရာဇ်ဘယ်လောက်ရှိပြီလဲဟု မေးသည်။ သူမေး သည်ကခရစ်သက္ကရာဇ်။ တစ်ဖက်ကဖြေလိုက်ပါသည်။ ၂၁၂၄ ခုနှစ်။ အဘိုးအိုက သူ့ကိုယ်သူပြန်ပြောသည်။ ကျုပ်လှိုဏ်ဂူထဲမှာ ရှိနေခဲ့သည်မှာ နှစ်နှစ်ရာပင် ကြာခဲ့ပြီကောတဲ့။ အပြင်ကဘဒ္ဒကမ္ဘာတွင် ပြောင်းလဲခြင်းက အုပ်မိုးနေလေပြီ။ 

ကာလတရားသည်ပြောင်းလဲလေ့ရှိသည်ကို ကျွန်တော်တို့ လက်ခံကြရစမြဲဖြစ်ပါသည်။ မနေ့က နှင့်ဒီကနေ့သည် မတူတော့ပါ။ ဒီကနေ့သည် မနက်ဖြန်နှင့်တူမှတူပါတော့မည်လားဆိုသည်မှာလည်း သံသယ ဖြစ်စရာမရှိပါ။ အရာအာလုံးသည် ပြောင်းလဲခြင်းတရားဖြင့်ကြီးစိုးနေပါသည်။ ထို့ကြောင့်ပင် တချို့က အပြောင်း လဲဆုံးက ပြောင်းလဲခြင်းဟုဆိုနေကြပါသည်။ ရာဟုလာသံကိစ္စည်း၏ နှစ်ဆယ့်နှစ်ရာစု ဝတ္ထုထဲတွင် အဘိုးအို ဝိသွဗန္ဓုသည် နှစ်နှစ်ရာကျော်မှ လူ့လောကနှင့်ပြန်လည်ထိတွေ့ပါသည်။ တယ်လီဖုန်းကအစတစ်ဦးနှင့်တစ်ဦး ကြည့်၍ပြောနိုင်ဆိုနိုင်ပြီကော။ တော်သောစာရေးဆရာများသည် ဤသို့ပါလားဟုပင် တွေးလာမိပါသည်။ ထို ဝတ္ထုထဲမှ ကျွန်တော်ကြိုက်နှစ်သက်သွားသောစာရေးဆရာ၏ အယူအဆ၊အတွေးအခေါ်ကို ထုတ်နုတ်တင်ပြ လိုသောကြောင့် စကားနိဒါန်းပျိုးနေရခြင်းဖြစ်ပါသည်။

အဘိုးအို ဝိသွဗန္ဓုသည် သူငယ်တစ်ယောက်နှင့်တွေ့ပြီး စကားစမြည်ပြောရာ ယခုလက်ရှိတွင် ဘုရင်အုပ်ချုပ်ရေးမရှိတော့။ စကြဝဠာနိုင်ငံသာရှိတော့သည်ကိုသိရသည်။ စကြဝဠာတစ်ခုလုံး တစ်နိုင်ငံတည်း ဖြစ်သွားပြီတဲ့။ ထို့နောက်၊လူငယ်က အလုပ်မအား၍ အဘိုးအိုကိုခေတ္တနားနေစေသည်။ အဘိုးအိုက လှဲအိပ်ရန် စိတ်ကူးသော်လည်း တခြားတစ်ဖက်၌ စာအုပ်များကို မြင်သွားသည်။ သူ၊စိတ်ဝင်စားသည်။ သွားကြည့်သည်။ ဗီရိုထဲမှာစာအုပ်များ။ သေသေသပ်သပ်ဖြင့်၊ ကတ်ထူများဖြင့်တန်ဆာဆင်ထားသော စာအုပ်များစွာ။ စာအုပ်တွေက နာလန္ဒာပုံနှိပ်တိုက်တွင် ၂၀၂၄ ခုနှစ်ကပုံနှိပ်သည်။ အဘိုးအိုရောက်နေသည်မှာ ၂၁၂၄ ခု။ဒီလို ဆို နှစ်တစ်ရာကျော်ခဲ့ပြီပေါ့။ ထို့နောက် ဘာစာအုပ်ကိုဖတ်ရှုရမလဲဟုအဘိုးအိုစဉ်းစားသည်။ သမိုင်း၊ရုက္ခဗေဒ၊ စာပေ၊ပထဝီ အစရှိသည်များထဲက ဘာစာအုပ်ကိုဖတ်ရမည်နည်း။

သူရွေးချယ်လိုက်ပါသည်။ ထိုအချိန်တွင် သူနှင့်အသင့်လျော်ဆုံးက ဓစကြဝဠာနိုင်ငံ တည်ထောင်ခြင်း၏ သမိုင်း”ဟူ၍ သူယူဆပါသည်။ ကျမ်းပြုဆရာက နာလန္ဒာကျောင်းတော်က ရာဇဝင်ပညာရှိ ပါမောက္ခဝိသွာမိတ္တ။ စာမျက်နှာက နှစ်ထောင့်ငါးရာမျှရှိ။ တစ်ထိုင်တည်းဖတ်ဖို့ရန်မလွယ်သောကြောင့် အဘိုးအို သည် မာတိကာအစဉ်ကိုလှန်လောကြည့်သည်။ အရေးကြီးသည့်အကြောင်းအရာများကို ရှာသည်။ ကျွန်တော် ကလည်း ဘာများတွေ့မလဲဟုဖတ်ပါသည်။ စကြဝဠာနိုင်ငံ၏ လက်ရှိသမ္မတ၊ ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး အစရှိသည်တို့ကိုအဘိုးအိုတွေ့သည်။ အဘိုးအိုသည် ဝန်ကြီးတစ်ဦးကို ထပ်မံ၍ရှာပါသည်။ ထို၊အနှီဝန်ကြီးကို တွေ့ရလိမ့်မည်ဟု အဘိုးအိုသည်ယူဆထားဟန်တူပါသည်။ သို့သော်၊ အဘိုးအိုသည် မတွေ့။ သူ၏မျက်စိနှစ်ကွင်းကို အသေအချာပွတ်သပ်၍ ကြည့်ရှုသော်လည်း သူကရှိမည်ထင်ထားသော ဝန်ကြီးသည် မရှိ။ အရိုက်မှားသောကြောင့်များ ထိုဝန်ကြီးများ ကျကျန်ခဲ့သလားဟူ၍ တွေးမိလာသည်။ လုံးဝ(လုံးဝ)ကို မတွေ့။ ဤမျှ အရေးကြီးသောဝန်ကြီးရာထူးသည် အဘယ့်ကြောင့်လစ်ဟင်းရနေသနည်း။ အဘိုးအိုသည် သူ့ မျက်စိကို သူ၊ မယုံနိုင်သေး။ထပ်မံရှာဖွေသည်။ စာအုပ်ထဲမှ တိုင်းပြည်အသီးသီး၏ပြည်သူ့အစိုးရအဖွဲ့များကို ထပ်မံကြည့်ရှုရှာဖွေသည်။ အဖွဲ့တိုင်းမှာပင် သူ၊ရှိမည်ထင်သောဝန်ကြီးကမရှိ။ ခေတ်ကာလသည် ရွေ့လျောလာ ပြီမဟုတ်လား။ အဘိုးအိုသည် ထပ်မံထပ်မံ၍ ရှာဖွေတွေ့ရှိရန် စာအုပ်၏နောက်ပိုင်းမှ အက္ခရာစဉ်ကိုလှန်၍ ရှာဖွေလိုက်သည်။ သူရှာဖွေသော ဝေါဟာရစကားလုံးများမှာ ၂၀၂၄ ခုနှစ်ကပင် စတင်၍ ပျောက်ကွယ်သွားပြီ ကို သူသိလိုက်ရသည်။ ရှေးဟောင်းကမ္ဘာ၏ အရေးကြီးသည်ဟု ယူဆခဲ့ကြသောရာထူးများသည် ပျောက်ကွယ် သွားကြပြီဖြစ်သည်ကို အဘိုးအိုတွေ့လိုက်ရသည်။ 

အဘိုးအိုသည် ဝန်ကြီးဌာနတော်တော်များများ၏ ဝန်ကြီးနာမည်များကိုတွေ့ပါသည်။ သူ၊ရှာဖွေ သောဝန်ကြီးမှာ စစ်ဝန်ကြီးဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဖြစ်သည်။ ထပ်မံထပ်မံ၍ရှာသောအခါ စစ်တပ်၊ စစ်သေနာပတိ၊စစ်ဝန်ကြီးဟူသော စကားလုံးများမှာ၊ရာထူးများမှာ ၂၀၂၄ ခုနှစ်ကပင် ပျောက်ကွယ်ဆိတ်သုဉ်း သွားခဲ့ပြီဖြစ်ကြောင်း အဘိုးအိုသိလိုက်ရပါသည်။ ရာဟုလာသံကိစ္စည်းက ဤသို့ဆက်ရေးပါသည်။ ဓ ယခုအခါ တွင်ကား ဘယ်နေမှာမျှ စစ်တပ်လည်းမရှိတော့ပေ။ စစ်သေနာပတိလည်း မရှိတောပေ”တဲ့။ ဤသည်မှာ ရာဟု လာသံကိစ္စည်း၏ အနာဂတ်ဟောကြားချက်ဖြစ်နိုင်ပါသည်။ သူ၏စာအုပ်ထဲတွင် အနာဂတ်မျှော်၍ထည့်ရေးခဲ့ သော၊သူ၏အမြင်ဖြစ်နိုင်ပါသည်။ သို့သော်၊ကျွန်တော်သည် ရာဟုလာသံကိစ္စည်းကို ကြိုက်နှစ်သက်သွားရပါ၏။ အနာဂတ်သည် စစ်မရှိ၊ စစ်တိုက်ချင်းမရှိဟု ရာဟုလာသံကိစ္စည်းက မျှော်မှန်းခဲ့ပုံရပါသည်။ မည်သည့်နိုင်ငံမျှ၊ မည်သည့်ဒေသမှာမျှ စစ်ဆိုတာမရှိဟု တွေးခဲ့ပုံရပါသည်။ အဘိုးအိုရောက်နေသည်မှာ ၂၁၂၄ ခုနှစ်။ သူဖတ်မိ လိုက်သောဓစကြဝဠာ နိုင်ငံ တည်ဆောက်ခြင်း သမိုင်း” စာအုပ်ထဲတွင်ရေးထားသည်က ထိုဝေါဟာရစကားလုံး များ၊မရှိတော့သည်မှာ ၂၀၂၄ခုနှစ်ကတည်းကတဲ့။

ကျွန်တော်သည် တစ်ဆက်တည်းမှာပဲ ကြေကွဲဆွေးမြေ့သွားလိုက် ရာဟုလာသံကိစ္စည်းကို ချီးကျူးလိုက်နှင့်ဖြစ်နေပါသည်။ ကျွန်တော်တို့၏ ယခုလက်ရှိကာလတရားသည် ၂၀၂၀ပြည့်နှစ်ဖြစ်ပါသည်။ ရာဟုလာသံကိစ္စည်း၏နှစ်ဆယ့်နှစ်ရာစုဟူသော စာအုပ်ထဲတွင် ထိုအရေးကြီးသောဝေါဟာရများ အဘယ့်ကြောင့်လစ်ဟင်းနေရသလဲဆိုသော သရော်သံပါသည့်အကြောင်းအရာထဲ၌ ထိုဝေါဟာရများမရှိတော့ သည်မှာ ၂၀၂၄ဖြစ်ပါသည်။ ယခုလက်ရှိ၊ကျွန်တော်တို့ရောက်နေသည့်ကာလတရားနှင့်ဆိုလျှင် လေးနှစ်မျှသာ ကွာဝေးပါတော့သည်။ စာရေးဆရာသည် စိတ်ကူးယဉ်၍ အနာဂတ်အတွက်စာရေးနိုင်ပါသည်။ သူ၏ခံယူချက်၊ သူ၏အမြင်တို့ကို ကျွမ်းကျင်လိမ္မာရာအတတ်ပညာဖြင့် ရသမြောက်အောင်ရေးဖွဲ့နိုင်စွမ်းရှိကြပါသည်။ ရာဟုလာ သံကိစ္စည်းသည် အနာဂတ်ကိုစိတ်ကူးယဉ်၌ နှစ်ဆယ့်နှစ်ရာစုစာအုပ်ကို ရေးခဲ့ခြင်းဖြစ်နိုင်ပါသည်။ လာမည့် နှစ်ပေါင်းနှစ်ရာလောက်တွင် ငြိမ်းအေးနေမည်ဟု သူယူဆခဲ့ပါသည်။ ကျွန်တော်သည် စစ်မက်ကို မနှစ်သက် သောရာဟုလာသံကိစ္စည်းကို လေးစားနေမိပါသည်။ ဘာသာပြန်သော၊ဆရာပါရဂူကို ဂါရဝပြုမိနေပါသည်။

သို့သော်၊ အခြားတစ်ဖက်၌ဆင်ခြင်ကြည့်သောအခါ ကျွန်တော့်၏ရင်သည် လေးလံတင်းကျပ် သွားရပါသည်။ စာအုပ်ထဲ၌ ကျွန်တော်တို့သည် ကမ္ဘာလုံးအကြောင်းလည်းရေးနိုင်သလို၊ လောက်စာလုံး၏ အကြောင်းလည်းရေးနိုင်ပါသည်။ ကျွန်တော်တို့၏ ယခုလက်ရှိကာလတရားသည် ၂၀၂၀ပြည့်နှစ်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ရာဟုလာသံကိစ္စည်း၏စာအုပ်ထဲမှ ၂၀၂၄ ခုနှစ်ကပျောက်ကွယ်သွားသော အရေးကြီးသည့် ရာထူးများဟုယူဆသော သရော်သံများကို နားဝယ်ကြားမိနေပါသည်။ 

သေချာသည်ကတော့ ၂၀၂၄ဟူသော ခရစ်သက္ကရာဇ်မှာ များမကြာမီတွင်ပဲ ကျွန်တော်တို့ထံ ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ ရာဟုလာသံကိစ္စည်းလောက် ကျွန်တော် မမျှော်မှန်းပါ။ သို့သော် ကျွန်တော်သည် ထိုအရေးကြီးသည်ဟုယူဆရသော စကားလုံးများ၊ရာထူးများကို သူ၏စာအုပ်ထဲ၌ပျောက်ကွယ် စေခဲ့သောရာဟုလာသံကိစ္စည်းနှင့် ယခုလက်ရှိကာလတရားကို တွေးတောနေမိပါတော့သည်။ 

သစ်ဝေခ