News

POST TYPE

PERSPECTIVE

ငြိမ်းချမ်းရေးဖတ်စာ
12-Mar-2020


ငြိမ်းချမ်းရေးဟု ကြားရလျှင်၊ ဖတ်ရလျှင်၊ သိရလျှင် အဆိုတော်စိုင်းတီးဆိုင်(ခေါ်)ဦးထီး၏ သီချင်းတစ်ပုဒ်ကို သာ ပထမဆုံးကြားယောင်မိသည်၊ မြင်မိသည်၊ သတိရမိသည်။ ထိုအဆင့်ကိုကျော်လွန်၍ မည်သည့်အခါမျှ ငြိမ်းချမ်းရေးကို ခံစားမထိတွေ့နိုင်ခဲ့ပေ။

၎င်းသီချင်း၏ အဓိကစာသားလေးမှာ အလွန်ပင်အဓိပ္ပာယ် တာသွားပြီး လူ့ဘောင်လောကကို လှစ်ဟပြထားနိုင်သည်။ ထိုစာသားသည်ကား "လွယ်နေတာကို ခက်အောင်လုပ်တတ်ကြတယ် လောကကြီးရဲ့သဘာဝပဲ" တဲ့။

မှန်သည်။ အလွန်မှန်သည်။ သွေးထွက်အောင်မှန်သည်။ သေအောင်မှန်သည်ဟုပင် ထောက်ခံရမလိုပင်ဖြစ်သည်။ လောကကြီး၏ သဘာဝနိယာမကိုကပင် အလွန်လွယ်ကူရိုးရှင်းလေသည်။ လူလောက၏ ပုံမှန်သဘောသဘာဝမှာ လွယ်ကူရိုးရှင်းခြင်းဖြစ်ပြီး သဘာဝကို လွန်ဆန်ကာ အရာရာကိုခက်ခဲအောင် လူသားများကသာ ပြုမှု ပြောဆို တွေးတော ကြံစည် လုပ်ကိုင်နေထိုင်ကြခြင်းပင်ဖြစ်သည်။

လူတို့သည် အလွန်ပင် လွယ်ကူရိုးရှင်းသော ငြိမ်းချမ်းရေးကို ခက်ခဲသယောင်၊ ဆိုးဝါးသယောင်၊ ကြမ်းတမ်း သယောင်၊ ဝေးကွာလွန်း သယောင်ယောင်ဖြင့် ဟန်ဆောင် ပန်ဆောင် ယောင်ခြောက်ဆယ် ပြုလုပ်နေကြခြင်းသာ ဖြစ်သည်။

အမှန်တကယ်တွင်ကား ငြိမ်းချမ်းရေးသည် ယခင်ကတည်းကပင် ငြိမ်းချမ်းပြီးသားပင်ဖြစ်သည်။ မူလပထမက ပင် ငြိမ်းချမ်းပြီးဖြစ်သည်။ အစကတည်းကပင် ငြိမ်းချမ်းခဲ့ပြီးဖြစ်သည်။ ငြိမ်းချမ်းအောင် ဘာမျှလုပ်စရာမလိုပေ။ ငြိမ်းချမ်းရေးအတွက်ဟုဆိုကာ ပြောကာ၊ အကြောင်းပြကာ ဘာဆိုဘာမျှ တကူးတက ဟန်ရေးပြနေကြစရာ မလိုအပ် ပေ။ ငြိမ်းချမ်းရေးသည်ကား ငြိမ်းချမ်းပြီးသားပင်ဖြစ်သည်။ 

ထိုသို့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ပြုလုပ် ပြောဆို ငြင်းခုန် ဆွေးနွေးကြပါမှသာ မူလပထမအစကတည်းက ငြိမ်းချမ်းပြီးသား ငြိမ်းချမ်းရေးသည် ပျက်စီးယိုယွင်းကာ မငြိမ်းမချမ်း ဖြစ်ခဲ့ကြရခြင်းသာပင်တည်း။ အဖြေက အလွန်ပင်ရိုးရှင်းသည်။ ဘာမှမလုပ်၊ ဘာမှမပြော၊ ဘာမှမကွဲပြား၊ ဘာမှမတူညီ၊ ဘာမှငြင်းခုန် ဆွေးနွေးမနေကြလျှင် ဘာအတွက်မှ ရည်ရွယ်ကာ အတိုက်အခံပြုခြင်း၊ အုပ်စုဖွဲ့ခြင်း၊ ဆူညံပွက်လောရိုက်ခြင်း၊ ဂိုဏ်းဂဏများကွဲပြားခြင်း၊ အသင်းအဖွဲ့များကွဲပြားခြင်း၊ လူမျိုးများကွဲပြားခြင်း၊ ဘာသာစကားများကွဲပြားခြင်း၊ ခံယူချက်များကွဲပြားခြင်းများ မရှိခဲ့လျှင် ရန်မစောင်ကြလျှင်၊ အကျိုးစီးပွားများ မလုကြလျှင်၊ အယူဝါဒများခြင်း မပွတ်တိုက်ကြလျှင်၊ မတိုက်ခိုက်ကြလျှင်၊ စစ်ပွဲများစွာတို့ကိုမဖန်တီးကြလျှင်၊ လူသတ်လက်နက်များကို မဖန်တီးကြလျှင် ငြိမ်းချမ်းရေးသည်ကား အပျိုရည်ပျက်စရာအကြောင်း တဆံချည်တပါဒမျှ မရှိပါဟုဆိုရမည်သာဖြစ်လေသည်။ လူသားများ ဘာဆိုဘာမျှမပြုခင်က ထိုငြိမ်းချမ်းရေးသည် ငြိမ်းချမ်းပြီးသား၊ ပြည့်စုံပြီးသားအဖြစ်မှသည် လူတို့၏ ငြိမ်းချမ်းလိုသော ပယောဂကြောင့်ပင် ငြိမ်းချမ်းသည်ကား ပြိုကျပျက်စီးကာ မငြိမ်းမချမ်းဖြစ်ခဲ့ရရှာလေသည်။ ယင်းကဲ့သို့သော သဘောမျိုးကို စာရေးဆရာ၊ ကဗျာဆရာ တာရာမင်းဝေကလည်း အဓိပ္ပာယ်ဖွင့်ဆိုဖူးသည်။ ယင်းမှာ "ငြိမ်းချမ်းချင်သည်။ ထို့ကြောင့် မငြိမ်းချမ်းတော့" ဟု ဆိုခဲ့သည်။ 

ဆိုလျှင် ငြိမ်းချမ်းပြီးသားကိစ္စတစ်ခုကို မငြိမ်းချမ်းအောင် လူတွေဘာကြောင့် ပြုလုပ်ကြသလဲဆိုတဲ့အခါ ထုံးတမ်းစဉ်လာတွေ၊ ဓလေ့စရိုက်တွေ၊ လူမျိုးနွယ်ဂုဏ်ဒြပ်တွေ၊ လူမျိုးကြီးဝါဒ၊ ဘာသာစကားတွေ၊ စာပေတွေ၊ ယဉ်ကျေးမှုတွေ၊ သယံဇာတတွေ၊ အယူဝါဒတွေ၊ ကိုးကွယ်ရာဘာသာစကားတွေ၊ မတူကွဲပြားမှုတွေ၊ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟနဲ့ အကျိုးစီးပွားတွေကြောင့် မိသားစုတွေကြား၊ မိတ်ဆွေတွေကြား၊ ဆွေမျိုးတွေကြား၊ လူမျိုးနွယ်စုတွေကြား၊ တိုင်းနိုင်ငံတွေကြားမှာ အချင်းများတာတွေ၊ အတိုက်အခံပြုတာတွေ၊ အငြင်းအခုန်ပြုတာတွေ သဘောထား မတိုက်ဆိုင်တာတွေကနေတစ်ဆင့် အငြင်းပွားမှုတွေ၊ အာဂါတတွေ၊ အမုန်းမီးတွေ၊ ရန်ပွဲတွေ၊ အိမ်အတွင်းအကြမ်းဖက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ စော်ကားလိုမှုတွေ၊ နှိပ်ချနိုပ်ကွပ်လိုမှုတွေ၊ အဆင့်အတန်း ခွဲခြားလိုစိတ်တွေ၊ ပြဿနာတွေ၊ ပြိုင်ဆိုင်မှုတွေ၊ စစ်ပွဲတွေ၊ နယ်မြေချဲ့ထွင်းမှုတွေဖြစ်ပွားလာပြီး ငြိမ်းချမ်းပြီးသား ကိစ္စတစ်ခုဟာ မငြိမ်းချမ်းတဲ့ပြဿနာဖြစ်လာပြီး ငြိမ်းချမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ငြိမ်းချမ်းရေးအတွက်လို့ ပြောဆိုပြီး ငြိမ်းချမ်းရေးတွေ ပြုလုပ်ကြပြန်တယ်။ 

အမှန်တကယ်တော့ လူတွေ ပြုလုပ်၊ ကြံစည်၊ တွေးခေါ်၊ ပြောဆို၊ လုပ်ကြံ၊ ဖန်တီးနေတာတွေကိုရပ်လိုက်တာနဲ့ ငြိမ်းချမ်းရေးဟာအနားမှာပဲ ကပ်လျက်တည်ရှိနေတာဖြစ်ပါ တယ်။ လူတွေဘာမှမလုပ်ဘဲ ငြိမ်နေရင် ငြိမ်းချမ်းတာပါပဲ၊ ဘာမှမပြောဘဲနေချိန်မှာ ငြိမ်းချမ်းတာပါပဲ၊ အိပ်စက် အနားယူနေတဲ့အချိန်ဟာ ငြိမ်းချမ်းတာပါပဲ။ ငြိမ်းချမ်းရေးဟာ ပြဿနာတစ်ခု မဟုတ်လောက်အောင်၊ ကိစ္စရင်းမြစ် တစ်ခု မဟုတ်လောက်အောင်၊ ဝေးဝေးလံလံမှာ ရှာဖွေနေစရာ မလိုလောက်အောင်၊ တောင်းဆို ဆန္ဒပြုနေရလောက် အောင် စကားဝိုင်းတစ်ခုအဖြစ်နဲ့ ဆွေးနွေးဝိုင်းဖွဲ့ တိုင်ပင်နေရလောက်အောင်ကို အကြောင်းအရာ မရှိလှပါဘူး။ လူတစ်ဦးရဲ့ အသိ၊ အမြင်၊ အကြား၊ အတွေးအခေါ်၊ အယူအဆတွေကို သင်ကြားနားလည်ထားသမျှ ဘောင်ထဲက ထွက်ပြီး ရပ်နားလိုက်တာနဲ့ ငြိမ်းချမ်းရေးဟာ လက်တကမ်းမှာ ရှိနေတာပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဟာ မမြင်ရပေမယ့်၊ မကိုင်တွယ်နိုင်ပေမယ့်၊ လက်ဆုပ် လက်ကိုင် မပြနိုင်ပေမယ့် လေထုတစ်ခုလိုပဲ လူတွေရဲ့ပတ်လည်မှာ ဝန်းရံနေတာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ ပြဿနာတစ်ခုမဟုတ်ပါဘူး။ မငြိမ်းချမ်းအောင် ပြုလုပ် ပြောဆို တွေးခေါ် ယူဆနေသူများကသာ ပြဿနာဖြစ်ပါတယ်။

ထို့ကြောင့် အမှန်တကယ် ငြိမ်းချမ်းချင်ရင် စစ်ပွဲတွေ ရပ်တန့်ရပါမယ်။ အခွင့်ထူးခံယူလိုမှုတွေ ပယ်သတ် နိုင်ရပါမယ်။ အကျိုးစီးပွားတွေ ဘေးချိတ်နိုင်ရပါမယ်။ လူမျိုးကြီးအယူဝါဒတွေ ဖယ်ထုတ်နိုင်ရပါမယ်။ စိတ်ရှည် သည်းခံနိုင်ရပါမယ်။ ကိုယ်ချင်းစာတရားရှိရပါမယ်။ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖယ်ခွာနိုင်ရပါမယ်။ မနာလို ဝန်တိုမှုတွေ လျော့ချနိုင်ရပါမယ်။ တစ်ဘက်နဲ့တစ်ဘက် လေးစားမှုရှိရပါမယ်။ မုဒိတာတရား စွဲကိုင်ကျင့်သုံး နိုင်ရပါမယ်။ စည်းကမ်းရှိရပါမယ်။ ဥပဒေများကို ချစ်မြတ်နိုးပြီး လိုက်နာနိုင်ရပါမယ်။ ဥပဒေများဟာ တရားရပါမယ်။ မျှတရပါမယ်။ တရားဥပဒေစိုးမိုးရပါမယ်။ ပူးပေါင်းဆောင်ရွက်လိုစိတ် ပြင်းထန်ရပါမယ်။ မတူကွဲပြားမှုတွေကို လက်ခံနိုင်ရပါမယ်။ အများအကျိုး၊ ပြည်သူလူထုအကျိုး၊ နိုင်ငံအကျိုးကို လိုလားရပါမယ်။ လွတ်လပ်ပွင့်လင်းရပါမယ်။ လုံခြုံတဲ့ အာမခံချက်တွေ ရှိရပါမယ်။ နောက်ကြောင်း မပြန်ချင်တဲ့ဆန္ဒရှိရပါမယ်။ 

ရှေ့သို့မျှော်လွန်းတဲ့ စိတ်လည်း လျှော့ရပါမယ်။ သူတစ်ပါးကို အားကိုးလိုတဲ့စိတ်ထားလည်း ရှင်းလင်းနိုင်ရပါမယ်။ အကြောက်တရားလည်း ကင်းရှင်းရပါမယ်။ ယုတ်မာတဲ့စိတ်များ၊ ရိုင်းစိုင်းခက်ထန်ကြမ်းကြုတ်ခြင်းများ ကင်းရပါမယ်။ နိုင်လိုမင်းထက် ပြုကျင့်လိုခြင်း ကင်းမဲ့ရပါမယ်။ အငြိုးအတေး အာဃာတကင်းစင်ရပါမယ်။ သဲကန္တာရထဲမှ ခရီးသွားတစ်ဦး ရေငတ်သလို ရေနစ်မြုပ်သူတစ်ဦး အောက်စီဂျင်ငတ်သလို ငြိမ်းချမ်းရေးကို ငတ်မွတ်သူဖြစ်ရပါမယ်။ ယင်းသို့ဆိုလျှင် ငြိမ်းချမ်းပြီးသားဖြစ်သော ငြိမ်းချမ်းရေးကို ခုလျှင်ခု ချက်ချင်းပင် လက်ဝယ်ပိုင်ပိုင် ရရှိနိုင်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။ 

ထို့ကြောင့် ငြိမ်းချမ်းခြင်းသည် ပုံမှန်သဘာဝဖြစ်ပြီး မငြိမ်းချမ်းခြင်းသည် သဘာဝလွန်ကိစ္စ၊ အထူးပြုလုပ်ချက်ကိစ္စ၊ မူမမှန်သောပြဿနာဖြစ်ကြောင်း ထင်ရှားစွာ ပေါ်ပေါက်ပြီးဖြစ်ကြောင်း ထပ်လောင်း အတည်ပြုစရာ မလိုအပ်သောကိစ္စဖြစ်ကြောင်း သိရှိနိုင်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ မငြိမ်းချမ်းရေးကြားမှာ ဖောက်ထွင်းမြင်နေရသော အလွှာပါးကလေးသာ ခြားနေတာဖြစ်ပါကြောင်း ထပ်လောင်းပြောပြနေစရာ လိုမည်မထင် ပေ။

ယင်းကြောင့် ငြိမ်းချမ်းလိုသူသည် ငြိမ်သက်နေရုံမျှ၊ အိပ်စက်နေရုံမျှသာ လိုအပ်ပြီး တိတ်တိတ်နေကာ ထောင်တန်နိုင်စေမှာဖြစ်ပြီး မငြိမ်းချမ်းလိုသူသည် ဆက်လက်ငြင်းခုန်ရင်း ငြိမ်းချမ်းနေခြင်းကို မငြိမ်းချမ်းအောင် ငြင်းခုန်နေရုံသာဖြစ်သည်။ ငြိမ်းချမ်းခြင်း၏ အသီးအပွင့်များနှင့် မငြိမ်းချမ်းခြင်း၏ အကျိုးစီးပွားများ အားပြိုင်ကြ ရာတွင် ခေါင်းတစ်လှည့် ပန်းတစ်လှည့် ရှိနေမည်သာဖြစ်ပြီး အကျိုးစီးပွားများသူဘက်က အနိုင်ရစတမ်းဆိုလျှင် ငြိမ်းချမ်းလိုသူတို့သည်ကား မငြိမ်းချမ်းလိုသူတို့၏ စိတ်ဆန္ဒလိုအင်ရှိသမျှ နိုင်လိုမင်းထက်ပြုကျင့်တတ်မှုများကို တိတ်ဆိတ်အံကြိတ်ခံကြရုံမှတစ်ပါး၊ အခြားမရှိသည်ဖြစ်ရာ ထိုသို့မခံနိုင်ကြသူများနှင့် မငြိမ်းချမ်းခြင်း၏ အကျိုးစီးပွား ကို စားသုံးသူများကြားတွင် အငြင်းပွားနေကြသမျှ ယင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဦးမည်သာဖြစ်သည်။

ဤ "လူတွေ ငြိမ်းချမ်းချင်ကြသည်။ ထို့ကြောင့်ပင် မငြိမ်းချမ်းတော့ပေ။" "လွယ်နေတာကို ခက်အောင်လုပ် တတ်ကြသည်။ ယင်းမှာလောကကြီး၏ လူတို့၏သဘာဝဖြစ်သည်။" အမှန်မှာကား ငြိမ်းချမ်းရေးလောက် လွယ်ကူ သောအရာ ကမ္ဘာမှာမရှိတော့ပေ။ အနည်းငယ်မျှ အလျှော့ပေးကြရုံဖြင့် ငြိမ်းချမ်းရေးကိုရနိုင်ပေသည်။ အထူးပြုလုပ်စရာ မလိုအပ်ပေ။

ဇန်