News

POST TYPE

PERSPECTIVE

သူတို့တစ်တွေရဲ့ ဣ​န္ဒြေ
11-Mar-2020


'မိန်းမတို့ ဣ​န္ဒြေရွှေပေးလို့မရ' ဟူသောစကားအရ  မိန်းကလေးတစ်ဦး၏ဣ​န္ဒြေသည် မည်မျှအဖိုးတန်ကြောင်း မှန်းဆသိမြင်နိုင်ပါသည်။ မိန်းမဟူသောလူသားသည် တည်ငြိမ်မှု၊ ယဉ်ကျေးမှု၊ သိမ်မွေ့မှု၊ နူးညံ့မှု၊ပျော့ပျောင်းမှု၊ ညင်သာမှု စသောအရာများနှင့်တွဲဖက်၍ တည်ရှိနေသူများဖြစ်ကြသည်။ ထိုသို့သောအရာများနှင့်တွဲဖက်၍တည်ရှိနေခြင်းကြောင့်လည်း မိန်းမဟူသောလူသားကို လူ့ဘောင်အဖွဲ့အစည်းက တန်ဖိုးထားမြတ်နိုးပြီးဂုဏ်တင်တတ်ကြသည်။ ထိုအရာများအားလုံး ကိုခြုံ၍ဆိုရလျှင် ဣန္ဒြေ ဟုဆိုရမည်ဖြစ်သည်။ ထိုဣ​န္ဒြေဆိုသောအရာများကို စောင့်ထိန်းတတ်ကြခြင်းသည် မိန်းမကောင်း၊ မိန်းမမြတ်များ၏ လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

မိန်းကလေးတစ်ဦး၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကိုကြည့်ပြီး ထိုမိန်းကလေး၏ဣ​န္ဒြေကို အကဲခတ်နိုင်သည်။တစ်နည်းဆိုရလျှင် မိန်းကလေးများ၏ ကိုယ်၊ နှုတ်၊ နှလုံး (စိတ်) သုံးပါးလုံး၏ တည်ကြည်မှုကို ဣ​န္ဒြေဟုဆိုနိုင်ပါသည်။ယောကျာ်းလေးများထက် စာလျှင်မိန်းကလေးများသည် ဣ​န္ဒြေသိက္ခာကြီးမားမှုကို တန်ဖိုးထားထိန်းသိမ်းကြရမည်ဖြစ်သည်။ အသွားအလာ၊ အနေအထိုင်၊ အပြောအဆိုများကို ယောကျာ်းလေးများထက်ပို၍ ဂရုပြုကြရမည်ဖြစ်သည်။ခေတ်ကာလသည် တည်ငြိမ်နေသည်မဟုတ်။ အမြဲပြောင်းလဲခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ပြောင်းလဲခြင်းများတွင် တိုးတက်မှုများလည်းရှိသကဲ့သို့ ဆုတ်ယုတ်မှုများလည်းရှိသည်။ ဤတွင်ခေတ်ကာလ သမီးပျိုတို့၏ ဣ​န္ဒြေသိက္ခာစောင့်စည်းမှုအားနည်းလာသည့် အခြေအနေ  ပါဝင်သည်။

မျက်မှောက်ခေတ်သည် နည်းပညာများဖွံ့ဖြိုးတိုးတက်လာသည်။အရာရာသည်ပွင့်လင်းမြင်သာလာ၏။ ထိုသို့တိုးတက်ပွင့်လင်းလာသည့်
နောက်ကွယ်တွင် မိန်းကလေးများ၏ ကိုယ်အမူအရာစောင့်ထိန်းမှုအားနည်းလာခြင်း၊ နှုတ်အမူအရာစောင့်ထိန်းမှုပျက်ယွင်းလာခြင်း၊ စိတ် အမူအရာများထိန်းသိမ်းမှုနည်းပါးလာခြင်းများတွေ့ရသည်။ နည်းပညာ၏ နယ်ချဲ့ မှု၊ ခေတ်ကာလရေစီးကြောင်း၏တိုက်စားမှုဒဏ်ကို မခံနိုင်ဘဲ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အဝတ်အစားများရဲတင်းလာခဲ့သည်။

အဝတ်အစားရဲတင်းလာမှုကိုတော့ အထူးပြောစရာလိုမည်မထင်ပါ။ လူမှုနယ်ပယ်အတွင်းက မိန်းကလေးများ၏ သရုပ်ပျက်ဝတ်စားမှုသည်​ တစ်နေ့ထက်တစ်နေ့ပိုဆိုးလာသည်။ ဤအရာသည် အိမ်နီးချင်းတိုင်းတစ်ပါး၏ ဝတ်စားဆင်ယင်မှုများ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့်လည်းဖြစ်သည်။ ဘောင်းဘီဆိုလျှင်လည်း ဇီးရိုးကွာတားအထိဝတ်ဆင် လာကြပြီးသွားလာလှုပ်ရှားကြသည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း ပို၍သိသာပေါ်လွင်အောင် ဖော်ပြဝတ်ဆင်လာကြသည်။ ပြည်သူ၏စံပြဟုဆိုရသော အနုပညာအသိုက်အဝန်းအတွင်း၌ပင် အလွန်သရုပ်ပျက်သော ဝတ်စားဆင်ယင်မှုများဝတ်ဆင်ပြကြသည်။ ဤသို့ဝတ်စား ဆင်ယင်မှုရဲတင်းလာခြင်းသည်လည်း ဣန္ဒြေမဲ့မှုတစ်ခုဖြစ်သည်။

ထို့ပြင် မိန်းကလေးများ၏ အပြုအမူရဲတင်းလာခြင်းကိုလည်း မကြာခဏဆိုသလိုတွေ့ရသည်။ အထူးသဖြင့် ၎င်းတို့အားပေးသည့် အနု
ပညာရှင်တစ်ဦးနှင့်တွေ့လျှင်ပို၍ရဲတင်းရသည်။ ၎င်းတို့၏ ကြိုက်နှစ်သက်မှုကို မပြောလိုပါ။ သို့သော် ထိုအနုပညာရှင်အားတွေ့လျှင် လွန်ကဲသောအပြုအမူများနှင့်ရဲတင်းကြခြင်းကိုပြောချင်ပါသည်။ ၎င်းတို့အားပေးသည့် အနုပညာရှင် (အမျိုးသား)နှင့်တွေ့လျှင် မိန်းကလေးဟူ သောအသိကိုမေ့ပစ်ကြပြီး လူ့ရှေ့တွင်ထိုအနုပညာရှင်(အမျိုးသား)၏ ပါးကိုနမ်း​ကြသော အပြုအမူကို လုပ်တတ်ကြသည်။ စိတ်တွင်းက ရိုးသားချစ်ခင်မှုနှင့်နမ်းခြင်းမှန်သော်လည်း မြန်မာလူမျိုးမိန်းကလေးတစ်ဦး အနေနှင့်မသင့်တော်သော အပြုအမူမျိုးဖြစ်သည်။

ထိုသို့လွန်ကဲသော အပြုအမူများ၊ ဣန္ဒြေမဲ့သောအပြုအမူများကိုတွေ့လျှင် ကုန်းဘောင်ခေတ်စာဆိုဦးတိုး၏ရာမရကန်အဖွဲ့များကို
သတိရမိသည်။ ထိုရာမရကန်အဖွဲ့ထဲက ဣန္ဒြေမဲ့ကြသော မိန်းမသားတို့၏အပြုအမူကို ပြေးမြင်မိသည်။ စာဆိုရှင်ဦးတိုးသည် ဣန္ဒြေမဲ့သော အပြုအမူရှိတတ်သည့် မိန်းကလေးတို့၏သဘာဝကို ဖွဲ့ပြရာတွင် အလွန် သရုပ်ပေါ်လှပါသည်။ ဣတ္ထိယဟူသောမိန်းကလေးများသည် ရုပ်ရည်ချောမောလှပသည့် ယောကျာ်းသားများကိုတွေ့လျှင် ဣန္ဒြေမဲ့ဖြစ်တတ်ကြပုံကို "မျက်စိပျက်၊ မျက်နှာပျက်၊ ပက်လက်ကြီးများလန်၊ နောက်ပြန်ကြီးများလဲ၊ အလွဲလွဲမှား၊ ပုစွန်ခရုဆံစုကို မြှောက်လိုက်၊ ကွမ်းအစ်ကို     ဖောက်လိုက်၊ တိုက်မှန်းမသိ၊ ခိုက်မှန်းမသိ" ဟူ၍ရာမလက္ခဏညီနောင်နှစ်ဦး လေးတင်ပွဲလာချိန်တွင် မိတ္ထီလာသူမိန်းမပျိုများ ဣန္ဒြေမဲ့ အဖြစ်အပျက်ကိုသရုပ်ဖော်ရေးဖွဲ့ ပြထားသည်။ ယခုခေတ်တွင် ဣန္ဒြေမဲ့အပြုအမူနှင့် ဖြစ်ပျက်နေသော မိန်းကလေးများတွေ့လျှင် ထိုအဖွဲ့များကို မြင်ယောင်သတိရမိသည်။

ထို့အပြင် အပြုအမူရဲတင်းခြင်းသာမက အပြောအဆိုရဲတင်းလာခြင်းများကိုလည်းတွေ့ရပါသည်။ အထူးသဖြင့် အွန်လိုင်းလူမှုကွန်ရက်
ပေါ်တွင်အများဆုံးတွေ့ရသည်။ အနုပညာရှင် (အမျိုးသား)တစ်ဦးပုံကို​သော်လည်းကောင်း၊ ရုပ်ရည်သန့်ရှင်းသည့်အမျိုးသားတစ်ဦး၏ ပုံကိုသော်လည်းကောင်း မြင်လျှင် မိန်းကလေးတစ်ယောက်မဆိုသင့်သည့် စကားအသုံးအနှုန်းမျိုးရေးကာ မျှဝေခြင်း(Share)၊ မှတ်ချက်ပေးခြင်း(Comment) များပြုလုပ်တတ်ကြပြန်သည်။ ထိုအခြင်းအရာများကို တွေ့လျှင်လည်း ရာမရကန်ကိုပဲသတိရမိသည်။ ထိုထဲတွင် ရာမနှင့်လက္ခဏကိုမြင်ပြီး မိန်းကလေးအချို့က 'တို့ရှာသည့် တို့လူ၊ တို့ယူမည့် တို့လင်'စသည်ဖြင့် မရှက်မကြောက် အပြောအဆို ရဲတင်းကြပုံကိုတွေ့ရသည်။ ယနေ့ခေတ်ကိုပင် လှမ်းမြင်၍ရေးခဲ့လေသလားဟုပင် ထင်ရသည်။

ယနေ့ခေတ်မိန်းကလေးအချို့၏ အပြုအမူရဲတင်းမှု၊ အပြောအဆို ပွင့်လင်းရဲတင်းလာမှုများကိုတွေ့ရသည့်အခါ 'သမီးတစ်ကောင်၊နွားတစ်ထောင်' ၊ 'သမီးမိန်းမ မွေးပြန်ရ၊ မိဘမောင်များအရှက်ရ' ဟူသော ဆိုရိုးစကားကိုလည်း သတိထားမိသည်။ ထို့ပြင် မိမိနှစ်သက်အားပေးသည့်အနုပညာရှင် (အမျိုးသား)အပေါ်၌ လွန်ကဲသောစွဲလမ်းမှုမျိုးကိုလည်းတွေ့နေရခြင်းကြောင့် 'မိန်းမကြိုက်တော့ စိုက်စိုက်လာ' ဘဝများဖြစ်နေကြပြီလားဟုတွေးမိသည်။ မှတ်မိသေးသည်။ လွန်ခဲ့သောနှစ်များက လေဆိပ်တွင် နိုင်ငံခြားအနုပညာရှင်များကို ကြိုဆိုရင်းငိုနေကြသော မြန်မာမိန်းကလေးပရိသတ်များ၏ ပုံကိုတွေ့ရသည်။ မည်သည့် အတွက်ကြောင့်ငိုနေသည်ကိုတော့ အကျယ်တဝင့်မရှင်းလိုပါ။ ထိုသို့ ရုပ်ရည်အပေါ် စွဲလမ်းတွယ်တာမက်မောပြီး ခံစားမှုပြင်းထန်​ခြင်းကြောင့် အသက်ပင်ဆုံးရှုံးတတ်ကြောင်းကို ဇာတ်ဝတ္ထုတစ်ပုဒ်တွင်မှတ်သားဖူးသည်။ ကဿပဘုရားရှင်လက်ထက်ကဖြစ်သည်။ ဘိက္ခုနီမတစ်ဦးသည် တောကျောင်းတစ်ကျောင်းတွင် ဥပုသ်သီတင်းစောင့်တည်နေသည်။ ထိုသို့ စောင့်တည်ရင်း ဥပုသ်ဇရပ်၏ တံခါးစောင့်လုလင်ပျိုပန်းပုရုပ်ကို တပ်မက်ပြီး ငေးမောကြည့်ရှုလျက် လဲကျသေဆုံးခဲ့ရသည်။ ဤဇာတ်ဝတ္ထုထဲက ဘိက္ခုနီမသည်သက်ရှိအပေါ်စွဲလမ်းခြင်း မဟုတ်သော်လည်းရုပ်တု၏အဆင်းသဏ္ဌာန်အပေါ်တပ်မက်၍အသက်ဆုံးရှုံးရခြင်းဖြစ်သည်။ ထိုသို့ရုပ်ရည်အပေါ် တပ်မက်စွဲလမ်းခြင်းကြောင့် မိန်းကလေးများသာမဟုတ် ယောကျာ်းလေးများပါဒုက္ခရောက်ရသည့်အကြောင်း များရှိပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် မိန်းကလေးဆိုသည်မှာလည်း ပုထုဇဉ်ဖြစ်သည့်အတွက် စွဲလမ်းမှုများရှိကြသည်။ သို့သော် စွဲလမ်းခြင်းကြောင့်
ဖြစ်လာနိုင်သည့် အပြုအမူရဲတင်းခြင်း၊ အပြောအဆိုရဲတင်းများကို ထိန်းသိမ်းနိုင်ရန်လိုသည်။အကြောင်းကား မိန်းကလေး ဖြစ်သောကြောင့်ဖြစ်သည်။ သိမ်မွေ့ ခြင်း၊ တည်ငြိမ်ခြင်း၊ သိက္ခာရှိခြင်း၊ ပျော့ပျောင်းခြင်း၊ ယဉ်ကျေးခြင်းစသော ဂုဏ်ပုဒ်များကြားတွင် ရှင်သန်နေထိုင်ရသူများဖြစ်၍ ယောကျာ်းလေးထက်ပို၍ အရာရာကိုဂရုစိုက်ရမည်ဖြစ်သည်။ ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိသြတ္တပ္ပတရားကို ကျင့်သုံးနိုင်ရမည်။ အရှက်အကြောက်မဲ့ပြီး ဣန္ဒြေမဲ့သောမိန်းကလေးမျိုးကိုလည်း မည်သူမျှ တန်ဖိုးထားမည်မဟုတ်။ ထို့ကြောင့် 'မိန်းမတို့ဣန္ဒြေ ရွှေပေးလို့မရ' ဟု ဆိုကြသည့်အတိုင်း ဣန္ဒြေကိုတန်ဖိုးထား ထိန်းသိမ်းရင်း မိမိ၏ ဂုဏ်သိက္ခာကို အမြဲမြှင့်တင်နိုင်ကြပါစေလို့ဆန္ဒပြုလျက်။  ။

ရွှေလတ်ကိုကို (မဟာဝိဇ္ဇာ)